Pages

Monday, August 20, 2007

အသုံးမကျတဲ့ ကောင်းကင်

အသုံးမကျတဲ့ ကောင်းကင်



အဲဒါပါပဲ …

တလက်လက်ထနေတဲ့ အတ္တတွေ

စိတ်ဓါတ်အောက်တန်းကျမှုတွေနဲ့

ထုဆစ်ထားတဲ့ ကောင်းကင်ဆီက …

အနိဌာရုံတွေပဲ ပြုတ်ပြုတ်ကျတတ်တယ်ဆိုတာ … ။

စိတ်တွေကိုဒုံးဒုံးချထားတဲ့ ဘ၀အပိုင်းအစတွေ

လမ်းမတွေပေါ် တဘုံးဘုံးလဲကြ …

အဲဒီ့ညနေမှာ

သက်ပြင်းတွေက ဂီတဖြစ်သွားတယ် …။

ရိုက်ချိုးခံလိုက်ရတဲ့မျှော်လင့်ခြင်းတွေကို

မရှိမဲ့ရှိမဲ့ အားအင်နဲ့ကျားကန်

အဲဒီ့ မျက်လုံးတွေက

မသေချာမှုတစ်ခုနဲ့ လေးလံနေကြတယ် …။

ဘာလဲဟဲ့ မနက်ဖြန်

ဘာလဲဟဲ့ အနာဂတ် …

တစ်နေ့တာကိုပဲ အနိုင်နိုင်ကျော်ဖြတ်ရင်း

နံနက်ခင်းတစ်ခုထဲက ယုံကြည်ချက်တွေကို

ညနေတစ်ခုနဲ့အတူ ကွပ်မျက်

အိမ်ပြန်ချိန်မှာ အိပ်မက်တွေတောင်ပါမလာခဲ့ … ။

ခေါင်းငုံ့ ဒူးထောက်

စိတ်ဓါတ်တွေကို ကုန်းကုန်းကောက်နေတုန်း

လူက လူကိုနင်းတဲ့ခေတ်က

တံခါးပေါက်တွေကို လိုက်လိုက်ခေါက်

ကျောကုန်းပေါ်ဖိနပ်ရာတွေရောက်ရောက်လာတယ် …။

ပါးစပ်တစ်ပေါက်အလှုပ်မှာ

ဘ၀ပေါင်းများစွာရဲ့ နှုတ်တွေဆွံ့အသွား …

မတတ်နိုင်ခြင်းတွေကပဲ

လက်ကျန် စာရိတ္တတွေကို တိုက်စားသွားတယ် …။

အဲဒါပါပဲ …

တလက်လက်ထနေတဲ့ အတ္တတွေ

စိတ်ဓါတ်အောက်တန်းကျမှုတွေနဲ့

ထုဆစ်ထားတဲ့ ကောင်းကင်ဆီက …

သန့်စင်မှုတစ်ခုကို

ဘယ်လိုမှမျှော်လို့မရဘူးဆိုတာ …။

ဘုန်းမင်းဇွန်

4 comments:

hnin said...

လူက လူကိုနင်းတဲ့ခေတ်က တံခါးပေါက်တွေကို လိုက်လိုက်ခေါက် ကျောကုန်းပေါ်ဖိနပ်ရာတွေရောက်ရောက်လာတယ် …။ ပါးစပ်တစ်ပေါက်အလှုပ်မှာ ဘ၀ပေါင်းများစွာရဲ့ နှုတ်တွေဆွံ့အသွား … မတတ်နိုင်ခြင်းတွေကပဲ လက်ကျန် စာရိတ္တတွေကို တိုက်စားသွားတယ် …။
ဒီလိုအရေးအသားတွေကြောင့်ပဲ ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်ထဲကို တစ်နေ့တစ်ခေါက် မပြတ်ရောက်နေရတာ။ ၀င်ကြေးသာကောက်ရင် မလွယ်ဘူး။ ခေတ်ကို သရော်ထားတယ်လို့ ယူဆမိတယ်။ သဘောကျတယ်။ စိတ်ဓါတ်အောက်တန်းကျမှုတွေနဲ့ ထုဆစ်ထားတဲ့ ကောင်းကင်ဆီက … သန့်စင်မှုတစ်ခုကို ဘယ်လိုမှမျှော်လို့မရဘူးဆိုတာ တကယ်ပါပဲ။ ဘယ်လိုမှ မျှော်လင့်လို့မရနိုင်ဘူးလို့ ထင်ပါတယ်။

Anonymous said...

If can save, want to share this poem to others. May be I dnt know how to save.

NayPhoneLatt said...

Hello Khayayphyu,u can share to anybody . This is written by PhoneMinnZune.

Seafood Recipes said...

Hi thanks for poosting this