Pages

Sunday, March 4, 2012

ဒီလမ်းမကြီးမှာ ...


ဒီလမ်းမကြီးမှာ…
ဖြူးနေလိုက်ပုံက… တစ်နံတစ်လျား
ထ,နေတဲ့ တံလျှပ်တွေကြားမှာ
မာယာတွေက ပုန်းလျှိုးကွယ်ဝှက်
ကက်ဆက်ထဲက အဆိုတော်ကလည်း
အပြင်ကို ခုန်ပေါက်ထွက်လုမတတ်အော်လို့
အရှိန်ဘယ်လောက် ရှိပြီလဲ
တစ်နာရီ ဘယ်နှစ်မိုင်နှုန်းလဲ
ဘယ်သူမှ လာမေးမနေတဲ့အကြောင်းအရာတွေ
ဘာဖြစ်လို့ တွေးနေမလဲ
ဘရိတ်ဆိုတာကို ခဏမေ့ထား
ကလပ်ဆိုတာကိုလဲ ခေါင်းထဲက ထုတ်ထား
အမြင့်ဆုံးဂီယာကို ထိုး
လီဗာကို တိုး တိုးနင်းရင်း ဒိုးနေရုံ…
ဒီလမ်းမကြီးရဲ့အဆုံးမှာ မြို့တစ်မြို့ရှိတယ်
ဒီလမ်းဆုံးရင် ဒီမြို့ကိုရောက်မယ်
ဒါက… လူတိုင်းသိတဲ့ မလွဲနိုင်သော သေချာမှု
လမ်းတွေတိုင်းဟာ…
ဦးတည်ရာမြို့တွေဆီကိုပဲ ရောက်ခဲ့ကြသလား
မလိုအပ်တဲ့ မေးခွန်းအတွက်
ဦးနှောက်စားမခံနဲ့
ဘီးတွေ တစ်မိနစ်ကို ဘယ်နှစ်ပတ်လည်နေပြီလဲ
စပီဒိုမီတာက နံပါတ်ဘယ်လောက်ကို ပြနေပြီလဲ
ကားက… ဘယ်ခရီးကို ဦးတည်ပြီး
ဆိုက်ရောက်ရာအရပ်ဆီ ဘယ်လောက်နီးလာနေပြီလဲ
ဒါတွေလဲ ခေါက်ထားလိုက်
နင်းသလောက် ပြေးပြီး
ပြေးသလောက် ငြိမ့်နေရင်ပြီးတာပဲ
. . .
. . . .
. . . . .
“ဖောင်း”
အဲဒီအသံကို ကြားပြီးပြီးချင်းပဲ
ဝုန်းဒိုင်းကြဲသွားတဲ့ ဖြစ်စဉ်တွေထဲမှာ
သီချင်းသံ တိတ်သွားတယ်
ကားက လမ်းမပေါ် ကန့်လန့်ကြီး လိမ့်တယ်
အော်သံ… မြည်သံ… လမ်းခြောက်သံ
တိတ်ဆိတ်မှုထဲ သောသောညံသွားတယ်
ဝါးပြီး ထွေးထုတ်ခံလိုက်ရတဲ့ ပီကေလို
လုံးချေပြီး လွှင့်ပစ်ခံလိုက်ရတဲ့ စာရွက်လို
တုံးလုံးလဲနေတဲ့ ကားရဲ့ဘီးတွေက
ဘယ်ဆီကို ဆက်မောင်းနေမှန်းမသိ
တ၀ှီးဝှီး လည်မြဲလည်လို့
ယဲ့ယဲ့လေး ကျန်တော့တဲ့ ၀င်သက်ထွက်သက်ကို
ခဲခဲယဉ်းယဉ်း
အလုအယက် ရှိုက်သွင်းနေတုန်း
ဝိုင်းပြောနေကြတဲ့ အသံသဲ့သဲ့ကို ကြားလိုက်တယ်
“ဒီလမ်းမကြီးကို
ငါတို့ရဲ့ သွေး၊ ချွေး၊ အသက်တွေနဲ့
ရင်းပြီး ခင်းခဲ့ကြတယ်ဆိုတာ
မင်းကို သိစေချင်လို့ပါ…” တဲ့
နောက်ဆုံးထွက်သက်နဲ့တပြိုင်နက်
လည်နေတဲ့ ကားဘီးတွေ
တုံ့ကနဲ ရပ်သွားတယ်…။
07.09.2011 (Wednesday)

အထဲမှာနေတုန်း ... နေပြည်တော်သွားလမ်းမကြီးမှာ 

ကားတွေမှောက်ကြ၊ သေကြတဲ့အကြောင်းတွေဖတ်အပြီး ရေးဖြစ်ခဲ့တဲ့ ကဗျာလေးပါ ...။

1 comment:

htawoo said...

ကျွန်တော် အလည်ရောက်လာပါတယ်။
မတ်လထုတ်teen maazine မှာ
"ဘားကမ့်" နဲ့  "လူငယ်နဲ့ အပြောင်းအလဲ" အဖြေလေးတွေကို ဖတ်ဖြစ်ပါတယ်။
အထဲမှာ နေတဲ့ အကြောင်းအရာ အဖြစ်အပျက်လေးတွေကိုလည်း
စိတ်ဝင်တစားနဲ့  ဖတ်ချင်ပါသေးတယ်လို့ 
တောင်းဆိုရင်း......
ထော်ဦး