Pages

Sunday, January 20, 2008

ကျွန်တော်နှင့် အိပ်မက်များ (၄)

ကျွန်တော်နှင့် အိပ်မက်များ (၄)

အိပ်မက် (၇)

ဒီအိပ်မက်ထဲမှာ ကျွန်တော် လူတွေအများကြီးနဲ့တွေ့တယ် …။ ဘယ်လိုလူတွေ ၊ ဘယ်လို ပုံစံတွေဆိုတာကို ကျွန်တော် သေချာမမှတ်မိပေမယ့် … သူတို့တွေအားလုံးမှာရှိတဲ့ ကွဲပြားခြားနားတဲ့ ထူးခြားမှုတွေ ကိုတော့ ကျွန်တော်သေသေချာချာကို မှတ်မိနေတယ် …။ ပထမလူက … ထိုင်ခုံအကြီးကြီးတစ်ခုကို ထမ်းပြီး လျှောက်သွားနေတုန်း ကျွန်တော်နဲ့ လမ်းမှာတွေ့တယ် …။ သူက ထိုင်ခုံကြီးကို ထမ်းသွားလိုက် … တစ်နေရာရာရောက်ရင် အဲဒီ့ထိုင်ခုံပေါ်မှာထိုင်ပြီး ခဏနားလိုက် … အမောပြေလို့ … ရှေ့ဆက်ချင်ပြီဆိုရင် အဲဒီ့ထိုင်ခုံကြီးကို ထမ်းပြီးဆက်သွားလိုက် … နားချင်ရင်ခဏချပြီး … ထိုင်ခုံပေါ်မှာထိုင်နားလိုက်နဲ့ … လုပ်နေတာ … ကျွန်တော်လဲ နဲနဲထူးဆန်းနေတာနဲ့ သူ့ကိုမေးကြည့်လိုက်တယ် …။

“ဘာလို့ ဒီထိုင်ခုံကြီးကို တစ်လမ်းလုံးလျှောက်သယ်နေရတာလဲဗျာ … ရောက်ရာနေရာမှာ ဖြစ်သလို နားလိုက်လဲ ရတာပဲလေ … ။”

ကျွန်တော်က အဲဒီ့လိုပြောတော့ သူက ကျွန်တော့်ကိုပြုံးပြပြီးငြင်းတယ် …

“ ငါလိုချင်တာ ဒီထိုင်ခုံကနေရတဲ့ သက်တောင့်သက်သာဖြစ်မှုပဲ … နောက်ထပ်တွေ့နိုင်တဲ့ ထိုင်ခုံတွေက ဒီထိုင်ခုံလောက် … သက်တောင့်သက်သာဖြစ်ပြီး ငါ့ကို ကျေနပ်မှုပေးနိုင်မလား မပေးနိုင်ဘူးလားဆိုတာ မသေချာဘူး … ငါ အသေအချာကိုရမှာဖြစ်တဲ့ ဒီစိတ်ကျေနပ်မှုအတွက် ငါ ဒီထိုင်ခုံကြီးကို အလေးခံပြီး သယ်နေရတယ်ဆိုတဲ့ စိတ်ပင်ပန်းမှုတွေဟာ ထိုက်တန်တယ်လို့ ငါ မြင်နေသရွေ့ ငါကတော့ ဒီအတိုင်းပဲ ဆက်သွားနေမှာပဲကွ …”

ကျွန်တော့်ကို အဲဒီ့လိုရှင်းပြပြီး … သူဆက်ထွက်သွားတယ် …။ အဲဒီ့အချိန်မှာပဲ နောက်ထပ်လူတစ်ယောက်ကို ထပ်တွေ့လိုက်ရတယ် …။ သူကလဲ အရင်လူလိုပဲ … ခုံကြီးတစ်ခုံကို သွားလေရာကို သယ်သွားနေတယ် …။ ဒါပေမယ့် တစ်ခုပိုထူးခြားတာက သူက သူ့ရဲ့ခုံကြီးမှာ ဘီးလုံးတွေတပ်ထားပြီး … ဟိုဟိုဒီဒီကို တွန်းသွားတယ် …။ အရင်လူလောက်လဲ မပင်ပန်းဘူး … သူလိုချင်တဲ့အရာကိုလဲ … သူဆောင်ယူသွားနေနိုင်တယ် …။ ကျွန်တော်လဲ သူရဲ့အိုင်ဒီယာကို သဘောကျလို့ … သူ့ကိုစကားတစ်ခွန်းပြောလိုက်တယ် …။

“ ခင်ဗျားရဲ့ အိုင်ဒီယာမဆိုးဘူးနော် … နဲနဲပိုပြီး သက်သာသွားတာပေါ့ …”

“ ဒီလိုပါပဲကွာ … လူတိုင်းဟာ ကိုယ်လိုချင်တဲ့အရာတစ်ခုကို အမြဲတမ်းပိုင်ဆိုင်နိုင်ဖို့ အတွက် နည်းမျိုးစုံနဲ့ကြိုးစားနေကြတာပဲလေ …။ ဘာပဲဖြစ်ဖြစ် ကိုယ့်လုပ်ရပ်အတွက် ကိုယ့်ဖာသာကိုယ် ကျေနပ်နေရင် ပြီးတာပါပဲ …”

အဲဒီ့သူနဲ့ စကားစဖြတ်အပြီးမှာ နောက်ထပ်လူတစ်ယောက်နဲ့ ထပ်တွေ့တယ် …။ သူကတော့ ကျောပိုးအိတ်လေးတစ်လုံးကိုလွယ်ပြီး အရမ်းကိုပေါ့ပါးလန်းဆန်းနေတယ် … ။ တစ်ခုခုကို ထမ်းပိုးထားရလို့ ပင်ပမ်းနွမ်းနယ်နေတဲ့ အရိပ်အယောင်တွေ သူ့မှာမတွေ့ရဘူး …။ ဒီလူဟာ သူ့ဘ၀တစ်လျှောက်လုံးအတွက် ဘာကိုမှ သယ်ဆောင်မလာဘူးလားလို့ ကျွန်တော်တွေးမိတယ် …။ အဲဒါနဲ့ပဲ သူ့ကို သွားမေးလိုက်တယ် …။

“ ခင်ဗျားက ဘာကိုမှ သယ်ဆောင်မလာဘူးလား … ခင်ဗျားကို ကြည့်ရတာ တကယ့်ကို ပေါ့ပေါ့ပါးပါးပဲ ”

ကျွန်တော်က အဲဒီ့လိုမေးလိုက်တော့ သူက ကျောပိုးအိတ်ထဲကနေ တစ်စုံတစ်ခုကို ဆွဲထုတ်ပြီး တဆင့်ခြင်း ဖြေချလိုက်တာ လှပသေသပ်တဲ့ ထိုင်ခုံလေးတစ်ခုဖြစ်သွားပြီး … အဲဒီ့အပေါ်မှာ အေးအေးလူလူပဲ ထိုင်လိုက်တယ် …။

“ ကျုပ်သယ်လာတာတွေ အများကြီးပဲဗျ … ဒါပေမယ့် ကျုပ်က အဲဒါတွေအားလုံးကို ကျုပ်နဲ့ တသားတည်းအဖြစ် ပေါင်းစပ်ပစ်လိုက်နိုင်အောင် ကြိုးစားထားလို့ … လူတွေအမြင်မှာ ဘာမှသယ်ဆောင်မထားဘူးလို့ မြင်နေကြတာပါဗျာ ”

ကျွန်တော် နောက်ထပ် ထပ်တွေ့တဲ့လူတွေဟာလည်း … တစုံတရာကို သယ်ဆောင်ယူလာကြသူတွေပါပဲ … အချို့တွေက လေးလေးပင်ပင်ထမ်းပိုး၊ အချို့တွေက ပေါ့ပေါ့ပါးပါး ဆောင်ယူ၊ အချို့ကျတော့လဲ …ကိုယ်နဲ့ တသားတည်းဖြစ်သွားအောင် ပေါင်းစပ်သယ်ဆောင်ကြ … အမျိုးမျိုးပါပဲ …။ ကျွန်တော့်ရဲ့ ဘ၀တစ်လျှောက်လုံး ကျွန်တော်ယူဆောင်သွားချင်တဲ့ အချို့အရာတွေကို ဘယ်လိုပုံစံနဲ့ သယ်ဆောင်သွားရင် ကောင်းမလဲလို့ စဉ်းစားနေတုန်းမှာပဲ ကျွန်တော် အိပ်မက်ကနေလန့်နိုးသွားတယ် …။

8 comments:

Alexoftheworld said...

Freedom!!!

Anonymous said...

It is really really good. Good job...

Anonymous said...

what a great idea!

Ko Paw said...

သြော်…ကိုယ့်ဗိုက်ကို ကိုယ်သယ်ရတာကဘဲ ပင်ပန်းလှပါပြီကွယ်။

ငယ်လေး said...

ဒီ post လေးကြိုက်လိုက်တာ
ကျေးဇူး

nawaung said...

For the moment,
My body is my chair that cannot let go...
My desires are my chairs..
My attachments are my chairs...
sometimes, we carry others' chairs also..
Some chairs are with thorns and I cannot sit for relieve...
so uncomfortable... but still need to carry...
..
..
..
I like this post ...

And I want to say you ,Great!!
Looking forwards to seeing your quality posts ...

little brook said...

အင်း သမိုင်းမရှိဘဲလည်း ထိုင်ခုံပေါ်ထိုင်နေတာဗျ ဟီးဟီး ..အဖေနာမည်တောင်မကြားခဲ့ဖူးဘူး..

စိတ်ကူးချိုချိုများ said...

အရမ်းအဓိပ္ပာယ်ရှိတယ်.တန်ဖိုးရှိတဲ့စာကောင်းလေးတစ်ခုပါ