Pages

Tuesday, January 15, 2008

ကျွန်တော် မသိခဲ့သော နေ့ ...

ကျွန်တော် မသိခဲ့သော နေ့ ...

ဒီနေ့ ဆေးစစ်ထားတာ အဖြေသွားယူရမယ့်နေ့ပဲ ... ။ အလုပ်ရှင်ဆီက ခွင့်တောင်းပြီး အလုပ်ကနေ စောစောထွက်လာခဲ့လိုက်တယ် ...။ မနေ့က ညနေက မိုးနဲနဲမိသွားလို့ ... ဖျားချင်သလိုလိုဖြစ်နေပြီး ... လူက နဲနဲနုံးနေတယ် ...။ အခုတလော နဲနဲလေး အအေးမမိလိုက်နဲ့ အဖျားက၀င်ဝင်လာပြီး ခေါင်းတွေကိုက်ကိုက်လာ တာ ဒါပါနဲ့ဆို လေး၊ ငါးခါလောက်ရှိနေပြီ ...။ ဘယ်လိုဖြစ်တယ် မသိပါဘူး ...။ ရထားတစ်တန်၊ ကားတစ်တန် စီးအပြီး မှာ ဆေးစစ်ထားတဲ့ ဆေးခန်းကိုရောက်သွားတယ် ...။ ဒီနေ့က ဆေးစစ်ချက် အဖြေ Result ယူရုံပဲဆိုတော့ စောင့်စရာ မလိုတော့ဘူးလို့ တွေးမိပြီး ကောင်တာက ကောင်မလေးကို ဘောင်ချာလေးလှမ်းပေးလိုက်တယ် ...။ ကောင်မလေးက ဘောင်ချာကနံပါတ်နဲ့တိုက်ပြီး ကျွန်တော့်အတွက် Result တွေကိုလိုက်ရှာပေးနေတယ် ...။ ဟော ... သူတွေ့သွားပြီထင်တယ် ... ။ ကောင်မလေးက အဖြေစာရွက်ထုတ်လေးကိုကိုင်ပြီး စာအိတ်ပေါ်က မှတ်ချက်လေးတွေကို ဖတ်နေတယ် ...။ ပြီးတော့ ကျွန်တော့်ကိုလှမ်းပြောတယ် ...။

“ အခန်း (၁၁) က ဒေါက်တာ့ဆီမှာ သွားယူလိုက်နော် ... ကျွန်မ အဲဒီ့ကိုပို့ပေးထားလိုက်မယ် ”

အာ ... တခါတည်းပေးလိုက်လဲ ရတဲ့ဟာကို ဘာလို့ ဒေါက်တာဆီကိုထက်သွားရဦးမှာလဲ ...။ စိတ်ထဲက မသွားချင်ပေမယ့် သူက ကျွန်တော့်ကိုပြောပြီး ပြီးချင်းပဲ ... လှည့်ထွက်သွားတာကြောင့် မလိုက်ချင်လိုက်ချင်နဲ့ပဲ အခန်း (၁၁) ထဲကို လိုက်သွားလိုက်ရတယ် ...။

“ ထိုင်ပါ ... ခင်ဗျာ ...”

ဆရာဝန်က အသက်သိပ်မကြီးသေးဘူး ... အလွန်ဆုံးရှိမှ ၃၀ပေါ့ ...။ သူက ကျွန်တော့်ကို သူ့ရှေ့မှာထိုင်ခိုင်းပြီး ... ကျွန်တော့်ရဲ့ ဆေးစစ်ချက်တွေကို ကြည့်နေတယ် ...။ ဒီဆရာဝန် ဒီအချိန်မှာ ငါ့ကို ပြန်စမ်းသပ်ရင်တော့ ... ဖျားနေတာသိသွားပြီး ပြဿနာရှာဦးမလားမသိဘူးလို့ ကျွန်တော်တွေးနေမိတယ် ...။ သူက ကျွန်တော့်ကို တစ်ခုခုပြောချင်နေပေမယ့် ... ဘယ်က ဘယ်လိုစပြောရမလဲဆိုတာကို စဉ်းစားနေပုံပေါက်တာနဲ့ ကျွန်တော်ကပဲ လမ်းကြောင်းစခင်းပေးလိုက်တယ် ...။

“ဆရာ ... ကျွန်တော့်ဆေးစစ်ချက်မှာ ဘာများလိုအပ်တာရှိလို့လဲ ... ဆရာ ... တစ်ခုခုများ ထပ်စစ်ဖို့ လိုအပ်လို့လား ...”

“သြော် ... မဟုတ်ပါဘူး ... ခင်ဗျားဆေးစစ်ချက်တွေက အကုန်လုံးပြည့်စုံသွားပါပြီ ... ထပ်စစ်စရာမလိုပါဘူး ... ဒါပေမယ့် ခင်ဗျားကို ... ကျန်းမာရေးအသိပညာလေးနဲနဲပေးချင်လို့ပါ ...”

ဟာ ... ဘာလို့လဲကွာ ...။ ကျွန်တော် ခေါင်းထဲမှာ ငြီးစီစီကြီး ဖြစ်နေပါတယ်ဆိုမှာ ... ဆရာဝန်က ကျွန်တော့်ကို စကားတွေပြောဦးမယ်ဆိုတော့ ကျွန်တော်နဲနဲစိတ်ညစ်သွားတယ် ...။ နောက်မှ ပေးလို့ မရဘူးလားဆရာရယ် လို့ ပြောလိုက်ချင်ပေမယ့် ... အားနာတဲ့ စိတ်တစ်ခုကြောင့်ပြောမထွက်ခဲ့ဘူး ...။

“ ကျွန်တော်က ခင်ဗျားကို HIV ရောဂါပိုးအကြောင်းလေး နဲနဲရှင်းပြမလို့ပါ ... ”

“ ဗျာ ... ဘာလုပ်ဖို့လဲဗျ ...”

ဒီလောက်နာမည်ကြီးတဲ့ ရောဂါအကြောင်းကို ကျွန်တော်သိတာပဲ ... အဲဒါကို သူလဲရိပ်မိမှာပဲ ...။ ဒါပေမယ့် အဲဒါကို သူက ကျွန်တော့်ကို အထူးအထွေလုပ်ပြီးရှင်းပြချင်တယ်ဆိုတာက ဘာသဘောလဲ ...။ ကျွန်တော့်ကို အခြားသူတွေဆီသွားပြီး ဆင့်ပွားပညာပေးစေချင်လို့လား ...။ ဒါလဲ မဖြစ်နိုင်ပါဘူး ... ။ ဒါဆို ဘာဖြစ်လို့လဲ ...။

“ HIV ရောပါပိုးဆိုတာက လူတွေရဲ့ ကိုယ်ထဲမှာရှိတဲ့ ခုခံစွမ်းအားတွေကို လျှော့ကျစေတဲ့ ရောဂါပိုးမျိုးလေ ... သူ့ချည်းပဲက လူတွေကို ဒုက္ခမပေးပေမယ့် ... အခြားရောဂါတွေ ၀င်လာတဲ့အခါ ... ကိုယ့်ရဲ့ ခန္ဓာကိုယ်က ဘယ်လိုမှ ပြန်ပြီးခုခံနိုင်စွမ်းမရှိတော့ပဲ ... အဲဒီ့ရောဂါတွေရဲ့ နှိပ်စက်မှုဒဏ်ကို အလူးအလဲခံရတာမျိုးလေ ...
အဲဒီ့တော့ ကိုယ်ကသာ အခြားရောဂါတွေ မ၀င်အောင် ကြံဆောင်နေထိုင်နိုင်မယ်ဆိုရင် အခြားသူတွေလိုပဲ ကောင်းကောင်းမွန်မွန်နေနိုင်ပါတယ် ...”

သူ ဘာတွေ ပြောနေတယ်ဆိုတာ ကျွန်တော် ကြားတစ်ချက်မကြားတစ်ချက်ပါပဲ ... ။ သူပြောနေတာတွေကို စိတ်မ၀င်စားနိုင်အားအောင်ကို ကျွန်တော်ရဲ့အာရုံထဲမှာ ... ငါ့မှာ HIV ရောဂါပိုးတွေ့လို့များ သူ ဒါတွေလာပြောပြနေတာလား မသိဘူးဆိုတဲ့ မေးခွန်းတစ်ခုက နေရာယူထားလိုက်ပြီလေ ...။ အဲဒါကြောင့်ပဲ သူ စကားစ နဲနဲ ပြတ်သွားတာကို အခွင့်ကောင်းယူပြီး ကျွန်တော် အမြန်အမြန်ပဲ မေးလိုက်တယ် ...

“ ဆရာ ... ကျွန်တော့်သွေးထဲမှာ ... HIV ရောဂါပိုးတွေ့လို့လား ... ဆရာ ...။ အဲဒါကြောင့် ဆရာ ... ကျွန်တော့် ကို ဒီစကားတွေ လာပြောနေတာလား ... ဆရာ ...”

“HIV ရောဂါပိုးရှိလို့ ဆိုပြီး ဘာမှ စိတ်ပျက်အားလျှော့သွားစရာမရှိပါဘူး ...။ ဖြစ်လာတဲ့ အခြေအနေတစ်ခုကို လက်ခံလိုက်ပြီး ကျွန်တော်တို့တွေ အကောင်းဆုံးရှေ့ဆက်နိုင်အောင် ကြိုးစားရမှာပဲလေ ...”

အာ ... စိတ်တိုလိုက်တာ ...။ ကျွန်တော်မေးတာကို မဖြေဘူး ... သူပြောချင်တာတွေပဲ လျှောက်ပြောနေတယ် ...။

“ကျေးဇူးတင်ပါတယ် ... ဆရာ ...။ ကျွန်တော် ဒါလေးကိုယူသွားလို့ရပြီလား ... ဆရာ ...”

ကျွန်တော်လဲ စိတ်မရှည်တော့တာနဲ့ ဆေးစစ်လွှာကို ကောက်ကိုင်ပြီးမေးလိုက်တော့ သူက ခေါင်းညိတ်ပြတယ်။
အဲဒါနဲ့ ကျွန်တော်လဲ ... ဆေးစစ်လွှာလေးကို လှမ်းယူလိုက်ပြီး သူ့ရှေ့ကနေ အမြန်ဆုံးထွက်လာခဲ့လိုက်တယ် ...။

“ခင်ဗျား ... ဆွေးနွေးချင်စရာရှိရင် အချိန်မရွေး ကျွန်တော်နဲ့ လာဆွေးနွေးနိုင်ပါတယ် ...”

သူလှမ်းပြောတဲ့ စကားကိုတောင် ကျွန်တော်ဘာမှ ပြန်မပြောနိုင်တော့ပဲ ... အဲဒီ့ဆေးခန်းလေးထဲ ကနေ ကျွန်တော် လှမ်းထွက်လာခဲ့လိုက်တယ် ...။ ကားပေါ်ကို ဘယ်ကနေ ဘယ်လို ရောက်သွားတယ် မသိပါဘူး ... ကျွန်တော့်စိတ်ကို ကျွန်တော်ပြန်သိလိုက်ချိန်မှာ ကျွန်တော်နေတဲ့ တိုက်ခန်းလေးနားကိုတောင် ကားကရောက်နေပြီ ...။ ကျွန်တော် ... ကားပေါ်ကဆင်းပြီး တိုက်ခန်းလေးကို မသွားခင်မှာပဲ ကားမှတ်တိုင်မှာ ထိုင်နေရင်း လက်ထဲက ဆေးစစ်လွှာစာရွက်လေးကို ဖွင့်ကြည့်ဖို့ ကျွန်တော် အားတွေကို မရမက မွေးယူ နေရတယ် ။ ဆေးခန်းလေးမှာ ဖြစ်သွားတဲ့ အနေအထားနဲ့ ဆရာဝန်ပြောလိုက်တဲ့ စကားတွေရဲ့ အသွားအလာကို ထောက်ရှုရင် ကျွန်တော့်မှာ အဲဒီ့ရောဂါရှိနေပြီဆိုတာ သေချာသလောက်ရှိနေပြီပဲ ... ။
ကျွန်တော့်ရဲ့ စိတ်ဓါတ်တွေ ဟိုးအောက်ဆုံးအထိထိုးကျသွားတယ် ...။ ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲ ...။
ကျွန်တော် မူးယစ်ဆေးသုံးတဲ့ကောင်လဲ မဟုတ်ပါဘူး၊ မိန်းမလိုက်စားနေတဲ့သူလဲ မဟုတ်ဘူး ...။ ဒါပေမယ့် ... ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲ ...။ အခြားဖြစ်နိုင်ခြေတွေ အများကြီးရှိတာပဲလေ ... ဆိုတဲ့အသိက ကျွန်တော့်ရဲ့ သံသယတွေကို လက်ခံလိုက်ဖို့ ဆွဲညှိယူသွားတယ် ...။

“ ဟေ့ကောင် ... မင်း ပြန်မလာသေးဘူးလား ... ငါ ထမင်းစားဖို့စောင့်နေတယ်”

အိမ်မှာအတူနေတဲ့ သူငယ်ချင်းဆီက မက်ဆေ့ခ်ျဝင်လာတယ် ...။

“ ငါ ပြန်မလာသေးဘူး ... စားနှင့်လိုက် ” လို့ ကျွန်တော် ပြန်ပို့လိုက်တယ် ...။ ကျွန်တော့်မှာသာ ဒီရောဂါရှိတယ်ဆိုတာ သိရင် သူငယ်ချင်းက ကျွန်တော်နဲ့အတူတူ ထမင်းကို တစ်ဝိုင်းတည်းစားဦးမှာလား ...။
ဘာမှတော့ မဆိုင်ပေမယ့် မသေချာဘူး ...။ ကျွန်တော် အိမ်မပြန်သေးဘူးလို့ ဆုံးဖြတ်ပြီး အနီးဆုံး ကမ်းနားတစ်နေရာကို သွားဖို့ စဉ်းစားလိုက်တယ် ...။ ကျွန်တော့်ရဲ့ အာရုံထဲမှာ ကျွန်တော် ပြန်အလာကို စောင့်မျှော်နေမယ့် ... ချစ်သူရဲ့ မျက်နှာလေးကို မြင်ယောင်လာတယ် ...။ သေချာတယ် ... ကျွန်တော် သူနဲ့ဝေးရတော့မယ် ...။ ဘယ်တော့မှ မခွဲပါဘူးဆိုတဲ့ သစ္စာစကားတွေနဲ့ ... ပြန်လည်ဆုံတွေ့မယ့် အချိန်တစ်ခု ကို အလွမ်းတွေထွေးပွေ့ပြီး မျှော်နေကြတဲ့ ကျွန်တော်တို့နှစ်ယောက် အခု ဝေးရတော့မယ် ...။ သူလက်ခံနိုင်ပါ့ မလားဆိုတဲ့ အတွေးကို ကျွန်တော် မတွေးဖြစ်ပါဘူး ...။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ခံရမယ့် အပြစ်တစ်ခုကို သူ့အတွက်လဲ မျှဝေမပေးချင်တော့ဘူး ...။ ကျွန်တော် ဘယ်လိုလုပ်ရမလဲ ...။ အမှန်အတိုင်းဖွင့်ပြောပြီး ... သူမနဲ့ ဝေးရာကိုထွက်ပြေးသွားရမလား ...။ အဲဒီ့လိုဆိုရင် သူမက ကျွန်တော့်ကိုသွားခွင့်ပြုမှာလား ...။ ဒါဆိုလဲ ... ဘာမှမပြောပဲ ဒီအတိုင်းကြီးပဲ အဆက်အသွယ်ဖြတ်လိုက်ရမလား ...။ အဲဒီ့လိုဆိုရင်ရော ကျွန်တော်က ကိုယ်သိပ်ချစ်ရတဲ့ ချစ်သူခံစားနေရတာတွေကို လျှစ်လျှူရှုပြီး အချိန်အကြာကြီး နေနိုင်လို့လား ...။ ကျွန်တော် ဟိုဟိုဒီဒီတွေ စဉ်းစားနေတုန်း ကျွန်တော်တို့ နှစ်ယောက်ထားခဲ့ဖူးတဲ့ ကတိတစ်ခုကိုသွားသတိရလိုက်တယ် ...။

“ တစ်ခုခုကို ဆုံးဖြတ်မယ်ကြံတိုင်း ... နှစ်ယောက်စလုံးစာအတွက် စဉ်းစားရမယ် ... ဟုတ်ပြီနော် ...”

ကျွန်တော်ဘာလုပ်ရမလဲ ... ။ ထွက်ပေါက်မရှိတဲ့ စိတ်ကူးတွေထဲမှာ ရုန်းထွက်မရပဲပိတ်မိနေတဲ့ ကျွန်တော် ... အေးမြတဲ့ လေပြေညင်းရဲ့ အထိအတွေ့ကိုရမှ ... ကမ်းနားကိုရောက်နေပြီပဲဆိုတာကို သတိရလိုက်တယ် ...။ တသွင်သွင်စီးနေတဲ့ မြစ်ရေပြင်ကို ကြည့်ရင်း ... “ မြစ်တစ်မြစ်ထဲမှာ ရေနှစ်ခါချိုးလို့ မရဘူး” ဆိုတဲ့စကားကို သတိရသွားတယ် ...။ ဟုတ်တယ် ...။ လောကကြီးက အပြောင်းအလဲ မြန်တယ် ။ အဲဒါထက် အဲဒီ့လောကြီးထဲမှာနေနေကြတဲ့ လူတွေက ပိုပြီး အပြောင်းအလဲ မြန်တယ် ...။ တခါတခါ ဘ၀ရဲ့ အချိုးအကွေ့ဆိုတာတွေက ... ဘယ်ကိုရောက်သွားမှန်းမသိအောင်ကို အပြောင်းအလဲမြန်လွန်းတယ် ...။ အခုပဲ ကြည့်လေ ...။ မနေ့က ကျွန်တော်ကို ဒီနေ့ထဲကနေ ဘယ်လိုမှပြန်ခေါ်လို့မရတော့ဘူး ...။ မနေ့က ချစ်သူနဲ့ ဖုန်းထဲကနေ စကားတွေဖောင်ဖွဲ့ပြီး ... ပြန်လာတော့မယ်ဆိုတဲ့ စကားကို အခါခါပြောခဲ့တဲ့ကျွန်တော် ... မနေ့က သူငယ်ချင်းတွေနဲ့ အွန်လိုင်းအစည်းအဝေးလေးလုပ်ပြီး ... တိုင်းရေးပြည်ရေးတွေ တွေးနေမိတဲ့ ကျွန်တော် ... မနေ့က ... ရှင်းသန့်နေတဲ့စိတ်တစ်ခုနဲ့ အနုပညာတွေဖန်တီးထုတ်လုပ်နေမိတဲ့ ကျွန်တော် ... အဲဒီ့ ကျွန်တော်တွေကို အခု ဘယ်လိုမှ ပြန်ခေါ်လို့မရတော့ဘူး ...။

“ အား .......................................................................................”

စိတ်ရှိသလောက် အော်ဟစ်ဖောက်ခွဲပစ်လိုက်ချင်ပေမယ့် ... ကိုယ့်အတွေးနဲ့ကိုယ် ဟိုငေးဒီငေးလုပ်နေကြတဲ့ သူတွေ၊ ကိုယ့်ခံစားချက်နဲ့ကိုယ် ... အချိန်ကာလတွေကိုပွေ့ဖက်နေကြတဲ့သူတွေ၊ ကိုယ့်စိတ်ကူးနဲ့ကိုယ် ... ညနေဆည်းဆာထဲ လက်ပစ်ကူးနေကြတဲ့သူတွေကို အားနာတာနဲ့ ကျွန်တော်တိတ်တိတ်လေးပဲ ကြေကွဲနေရတယ် ...။ ရင်ထဲမှာ ခံစားနေရတဲ့ ဝေဒနာတွေက အပြင်ကို ပွင့်အံဖွင့်ချခွင့်မရတာကြောင့် ... အတွင်းထဲမှာပဲ လှိုက်လောင်ပြီး ... ခေါင်းပေါ်ကိုတက်စောင့်တယ် ...။ ကျွန်တော့်ရဲ့ ပါးပြင်ပေါ်ကနေ ပူကနဲခံစား လိုက်ရလို့ လက်နဲ့စမ်းကြည့်တော့ ... မျက်ရည်ပူတွေကိုစမ်းမိတယ် ...။ ကျွန်တော် ငိုနေမိပြီလား ...။ ဘာဖြစ်လို့ ငိုရတာလဲ ... လူတိုင်းတစ်နေ့သေကြရမှာပဲလေ ...။ ဟုတ်တော့ ... ဟုတ်တယ်။ လူတိုင်းတစ်နေ့သေကြရမှာပဲ ... ။“သေနေ့စေ့လို့ သေတာ” တဲ့၊ “သေကံမရောက် သက်မပျောက်” တဲ့ ...။ ဒီစကားတွေက သေခြင်းတရားဆိုတာ ကံတရားနဲ့အများကြီးပတ်သက်တယ်ဆိုတာကို ညွှန်းဆိုနေကြတာပဲ ...။ နောက်ပြီး ... သန်သန်မာမာကြီးက ခေါက်ကနဲသေသွားတာမျိုးတွေ၊ ရောဂါတွေဗလပွနဲ့ အချိန်တော်တော်ကြာ အသက်ရှင်နေကြသေးတဲ့လူမမာတွေကိုလဲ ကျွန်တော်တွေ့နေရတာပဲ ... ။ သေခြင်းတရားနဲ့ ပတ်သက်ပြီး ကျွန်တော်နားလည်သင့်သလောက်နားလည်ပေမယ့် ... ဒီရောဂါကြီးနဲ့တော့ မသေချင်တာအမှန်ပါ ...။
ကိုယ်က ဘယ်လိုကြောင့်ပဲ ဒီရောဂါကို ရရ လူတွေရဲ့အမြင်မှာတော့ ကိုယ်ကို နဲနဲလေးစိတ်မသန့်တာမျိုးတွေ ဖြစ်လာနိုင်တယ်လေ ...။ နောက်ပြီး ... ကျွန်တော့်ရဲ့ Work Permit ကိုသက်တမ်းတိုးဖို့အတွက် ဆေးစစ်စရာလိုတယ်ဆိုလို့ ... စစ်ခဲ့တာဆိုတော့ ... ဒီရောဂါရှိနေတယ်ဆို ကျွန်တော်ဒီမှာ ဆက်ပြီး အလုပ်လုပ်လို့မရတော့ဘူးပေါ့ ...။ ဒါဆို အလုပ်လဲ ပြုတ်ပြီပေါ့ ...။

“ အား .................................................................”

ဒီတခါတော့ ဘယ်လိုမှထိမ်းချုပ် မရတော့လို့ ရင်ခေါင်းသံကြီးတစ်ခု ကျွန်တော့်ပါးစပ်ကနေထွက်သွားတယ် ...။ အနီးအနားကနေ ဖြတ်သွားကြတဲ့သူတွေက ကျွန်တော့်ကို ကွက်ကြည့်ကွက်ကြည့်နဲ့ကြည့်သွားကြတယ် ...။
လူတိုင်းလူတိုင်းမှာ ဘ၀တစ်ဆစ်ချိုးဆိုတာတွေရှိကြတယ်တဲ့ ... ဒါဆို အခုအခြေအနေကလဲ ကျွန်တော့်ရဲ့ ဘ၀တစ်ဆစ်ချိုးပဲပေါ့ ...။ ကောင်းသော ပြောင်းလဲမှုတစ်ခုကို စက္ကန့်ပိုင်းအတွင်း ပြောင်းလဲသွားတဲ့အခါ ... အဲဒီ့ပြောင်းလဲသွားတဲ့ စက္ကန့်ပိုင်းလေးကို Golden Second လို့ ခေါ်တယ်တဲ့ ...။ ဒါဆို အခုလို တမဟုတ်ခြင်း ... စိတ်ဓါတ်တွေကို ဟိုးအောက်ဆုံးအထိထိုးဆင်းသွားစေတဲ့ စက္ကန့်ပိုင်းလေးတစ်ခုကိုရော ... ဘယ်လိုခေါ်မလဲ ... Evil Second လို့ခေါ်ရမှာလား ...။ ထားလိုက်ပါ ... ။ လက်ခံလိုက်ဖို့ ခက်တဲ့ သေချာနေပြီးသားအရာတွေကို
... ဘာမှ ရေရေရာရာမသိတဲ့ဘ၀မျိုး ကျွန်တော်လိုချင်လိုက်တာ ...။

တီ .... တီ .... တီ .... တီ .... တီ

တတီတီမြည်လာတဲ့ဖုန်းကို ကောက်ကိုင်မလို့ကြည့်လိုက်တော့ ရန်ကုန်က ခေါ်တဲ့ဖုန်းဖြစ်နေတယ် ...။ ချစ်သူလား ...၊ အမေလား ...၊ ဒါမှမဟုတ် ... သူငယ်ချင်းတစ်ယောက်ယောက်လား ... ၊ ဘယ်သူပဲဖြစ်ဖြစ်ပါ ... ကျွန်တော်သူတို့ကိုပြောရမယ့် စကားက ... ပြန်လာတော့မယ်ဆိုတဲ့ စကားတစ်ခွန်းတည်းပေါ့ ...။ ဒါပေမယ့် ... ပျော်ရွှင်မှုတွေစိမ့်ဝင်နေတဲ့ နှလုံးသားနဲ့ပြောမယ့် စကားဟုတ်မနေဘူးဆိုတာကိုတော့ သူတို့တွေကို မသိစေချင်ပါဘူး ...။ ကျွန်တော် ဖုန်းကို ကောက်ကိုင်လိုက်တယ် ...။

“ဟယ်လို ... ဘယ်သူလဲ ...”

“ဟယ်လို ... သားလား ... အမေပါ၊ Work Permit သက်တမ်းတိုးတာ အဆင်ပြေလား ... ၊ သားပြန်လာဖြစ်ဦးမှာ လား ...”

“ ဟုတ်ကဲ့ အမေ ... သားပြန်လာမယ် အမေ ၊ သား ပြန်လာမှာ လုံးဝသေချာတယ် အမေ ၊ ကျန်တာတွေကိုတော့ သားပြန်လာမှပဲ ... အမေတို့ကိုပြောပြတော့မယ်နော် ... အမေတို့အားလုံးနေကောင်းကြတယ် မဟုတ်လား ...”

“ ကောင်းပါတယ် ... သားရဲ့ ... သားသာ အဲဒီ့မှာ နေကောင်းအောင်နေဦးနော် ...”

“ဟုတ်ကဲ့ ... အမေ ... ဟုတ်ကဲ့၊ ဒါပဲနော် ... သားဖုန်းချလိုက်တော့မယ် ”

ကျွန်တော့်ရဲ့စိတ်တွေလုံးဝပြောင်းလဲသွားပြီ ... မနေ့ကနဲ့ ဒီနေ့နဲ့ ကွာသွားတာတစ်ခုက ကျွန်တော် တစ်ခုတည်းပိုသိလိုက်တာပါ ...။ ဒါပေမယ့် အဲဒီ့အသိတစ်ခုတည်းက ကျွန်တော့်ရဲ့စိတ်တစ်ခုလုံးကို ပြောင်းလဲ ပစ်လိုက်တယ် ...။ ဘာတွေ ဆက်ဖြစ်ဦးမှာလဲ ... ကျွန်တော်မသိတော့ဘူး ... ကျွန်တော် တကယ်ကို မသိတော့ပါဘူး ...။

16 comments:

Angel said...

စိတ်ဝင်စားစရာပဲ။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး Social research တွေကလုပ်လို့ မကုန်နိုင်ဘူး။
ပညာပေးပိုင်းမှာ အခုလိုဗဟုသုတရှိတဲ့စာပေ၀ါသနာရှင်တွေပါလာတာကြိုဆိုရမယ်။

MELODYMAUNG said...

အနုပညာမြောက် သရုပ်ဖေါ် ပညာပေး အရေးအသားမျိုးတွေနဲ့ ဒီပို့စ်လေးဖတ်ရတာ ရင်ထဲထိသွားတယ်။ လေးစားပါတယ် သူငယ်ချင်း ဒါနဲ့ နင်ရော ဒီနေ့ ပြန်လာဖြစ်လားကွ

ကောင်းကင်ကို said...

ဝတ္ထုတိုလေး ခံစားသွားပါတယ်။

su wai said...

ံHIV ပညာပေး ၀တ္ထုတိုလေး ဖတ်သွားပါတယ်။ ဘယ်လိုပုံစံကူးစက်မှုမျိုးနဲ့ပဲ ဒီရောဂါ ကူးစက်ခံရပါစေ...အများစုရဲ့ အမြင်ကတော့ မကောင်းတဲ့ ရှုထောင့်ကပဲ မြင်ကြတာပါပဲ။ ဒီအတွက် ဘက်ပေါင်းစုံကနေ တတ်နိုင်သမျှ ပညာပေးဖို့ လိုမယ်ထင်ပါတယ်။

Yan said...

ဇာတ်လမ်းထဲမှာ မျောသွားတယ်ဗျာ. ကိုနေဘုန်းလတ်ရဲ့ အရေးအသားတွေကတော့ ကောင်းပြီးရင်း ကောင်းနေတာပဲဗျို့...

မေပျို said...

တော်သေးတာပေါ့။ တကယ်မဟုတ်လို့။ သဲက စစဖတ်ချင်း စိတ်ပူသွားတာ ကိုကျော်နေကောင်းရဲ့လားလို့ ပျော်ရွှင်ပါစေ။

ချစ်တဲ့
သဲ

Myo Kyaw Htun said...
This comment has been removed by the author.
Min Min said...

ဇာတ်လမ်းထဲမှာ မျော်ပါသွားတာ၊ ကျွန်တော် ရေတောင် နစ်သွားလို့ .. ၉၉၉ က လာကယ်သွားလို့၊ ..အရမ်းကောင်းပါတယ်။ အားပေးနေပါတယ်

Anonymous said...

very nice. Hope we ll see ur writing again in very soon.

Anonymous said...

Excellent!

KO zay and Nyi Ma Lay said...

KO nay myo,
I read your blog even though I know you can't write new post now. Praying for you to get freedom as soon as possible. I do believe you!
You are doing in a good way......Be patient! Bad time will be gone later.......

ဂျဲဂျယ် said...

ကိုနေဘုန်းလတ်ရဲ. အရေးအသားက အရမ်းကောင်းတယ်ဗျာ။ ကိုယ်ကိုတိုင်ခံစားရသလိုကို ဖြစ်သွားတယ်။

saya said...

Hi brother...Although u r away from us, we would be waiting for the date u come bk...
See U brother..Cheers!!!!

simple views said...

It's the first time to your blog.I am so stupid that I don't realise that it's just a story until I see comments.Quite good.I really enjoy your blog...Keep it up..As we know, they can cage our bodies but not mind..Keep on doing what you believe in.I stand by you.

နေ့စွဲများ said...

This is also a first time for me to come to your blog. I like your posts. Wish you all the best and see you back soon.

ထရီဆာ said...

ဒီနေ့မှ ပထမဦးဆုံးအကြိမ် ရောက်ရှိခဲ့ပြီး ကျနော်လွတ်ကျခဲ့တဲ့မြို့တော် လေးကို ဖတ်ရှု့သွားခဲ့ပါတယ်ရှင့် ..