Pages

Tuesday, November 20, 2007

ကျွန်တော်လွတ်ကျမှာမဟုတ်တဲ့ Danger Zone

သူငယ်ချင်း စည်သူအောင် (ခေါ်) ဇင်ကိုလတ် (ခေါ်) အလင်းဖြူ (ခေါ်) စစ်နိုင်သူ (ခေါ်) ဟိုလိုလူ (ခေါ်) C2 ရဲ့ ၂၈နှစ်ပြည့်မွေးနေ့ အမှတ်တရ

ကျွန်တော်လွတ်ကျမှာမဟုတ်တဲ့
Danger Zone

ကျွန်တော်မှတ်တာမမှားဘူးဆိုရင် ဒီကောင်နဲ့ ကျွန်တော် စသိတာ ၆တန်းကျောင်းသားဘ၀တုန်းကဖြစ်မယ် ထင်တယ်။ ကျွန်တော်က စိန်ပေါလ်(အထက ၆ ဗိုလ်တထောင်)ကို ၅တန်းမှစရောက်တဲ့သူ၊ ဒီကောင်က စိန်ပေါလ်မှာ ငယ်ငယ်လေးတည်းက တက်လာတဲ့သူ ...။ ကျွန်တော်တို့နှစ်ယောက် ဘယ်ကဘယ်လို စခင်သွားတယ်ဆိုတာကို ကျွန်တော်မမှတ်မိတော့ပေမယ့် ခင်ပြီးတဲ့နောက်မှာတော့ အမြဲတတွဲတွဲဖြစ်ခဲ့တာ သေချာတယ် ...။ ဘာလို့ အဲဒီ့လိုဖြစ်တာလဲလို့ သေချာစဉ်းစားကြည့်တော့ တစ်ယောက်ကဗူးဆို တစ်ယောက်က ဘယ်တော့မှ ဖရုံမသီးတာပဲ ...။ ဒီကောင်နဲ့ ကျွန်တော်က စိတ်အခြေခံခြင်းတူကြလို့လားတော့ မသိဘူး နေရာတော်တော်များများမှာ တစ်ယောက်နဲ့ တစ်ယောက် တွေးပုံတွေးနည်းခြင်းကွာချင်ကွာမယ် ဒါပေမယ့် နောက်ဆုံး Decision မှာတော့ ညှိရတယ်ဆိုတာရှားတယ်။ ဒါကြောင့်လဲ ကျွန်တော်တို့နှစ်ယောက် စတွဲကြတဲ့ အချိန်ကစပြီး အခုအချိန်အထိ အတူတူတွဲလုပ်ခဲ့ကြတဲ့ အလုပ်တွေလဲ မနည်းဘူး ...။ ပြောပြလို့ရတာတွေရှိသလို ပြောပြလို့မရတာတွေလဲ ရှိတယ် ...။ ၇တန်းမတက်ခင် ကျောင်းတွေ ပိတ်ထားတုန်းက ဂုဏ်ထူးဦးသိန်းနိုင်ဆီမှာ ကျွန်တော်နဲ့ ဒီကောင်နွေရာသီသင်တန်းသွားတက်တယ် ...။ အဲဒီ့တုန်းက ကျွန်တော်တို့ နှစ်ယောက် ၁၀တန်းမအောင်မချင်း ရည်းစားမထားရဘူးလို့ အချင်းချင်း ကတိထားထားတာရှိတယ် ...။ ဒီကောင့်ဖာသာ ဒီကောင်ခိုးထားတဲ့ ရည်းစားတွေတော့ရှိချင်ရှိမှာပေါ့ ...။ အဲဒီ့ ဂုဏ်ထူးဦးသိန်းနိုင်အတန်းမှာ ကျွန်တော်တို့နှစ်ယောက်က အမြဲတမ်းလိုလို နောက်ဆုံးမှရောက်တယ် ...။ တစ်ယောက်ကစောသွားမယ် တစ်ယောက်က နောက်ကျမှသွားမယ်ဆိုတာမျိုးမရှိဘူး ...။ ထိုင်တော့လဲ နောက်ဆုံးတန်းမှာပဲထိုင်ကြတယ် ...။ တစ်ယောက်က ရှေ့မှာထိုင်မယ် တစ်ယောက်က နောက်မှာထိုင်မယ် ဆိုတာမျိုးမရှိဘူး ...။ အဲဒါတွေ တူနေတာက ကိစ္စမရှိဘူး ...။ ကျွန်တော်က အဲဒီ့ကောင်မလေး မိုက်တယ်ဆို ... ဒီကောင်ကလဲ အဲဒီ့ကောင်မလေးပဲ ...။ အဲဒါကလည်း ကျွန်တော်တို့နှစ်ယောက် အတွက်တော့ ကိစ္စမရှိပါဘူး ...။ ဒါပေမယ့် အဲဒီ့ကောင်မလေးတွေအတွက်တော့ တော်တော် စိတ်ကသိကအောင့်ဖြစ်မှာပဲလို့ တွေးမိတယ် ...။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ နှစ်ယောက်က ရည်းစားမထားရဘူးဆိုတဲ့ ကတိကလည်းရှိထားတော့ ကောင်မလေးတစ်ယောက်မိုက်တယ်ဆို နှစ်ယောက်လုံးနောက်ကနေလိုက်ကြတယ် ...။ မိန်းကလေး အိနြေ္ဒပျက်အောင် လိုက်နှောက်ယှက်တာမျိုးတော့မဟုတ်ဘူး ...။ ဒီလိုပဲ အဲဒီ့ကောင်မလေးဘယ်သွားလဲ ဆိုတာ လိုက်ကြည့်တာ ...။ အဲဒီ့တုန်းကဆို ကောင်မလေးတွေခမျာ ကျွန်တော်တို့နှစ်ယောက်ထဲက ဘယ်သူက သူ့ကို စိတ်ဝင်စားလို့ ဘယ်သူက သူ့နောက်ကို ဘာ့ကြောင့်လျှောက်လိုက်နေတာလဲဆိုတာကို ဝေခွဲရခက်နေကြတဲ့ မျက်နှာလေးတွေနဲ့ ... ကျွန်တော်လဲ အခုအချိန်မှပြန်မြင်ယောင်မိပြီး အားနာနေမိတယ် ...။ လူငယ်ဘာဝ မရည်ရွယ်ပါပဲ မှားမိတဲ့ အမှားတစ်ခုလို့ပဲဆိုရမှာပေါ့ဗျာ ...။

နောက်ပြီး ဒီကောင်နဲ့ ကျွန်တော်နဲ့ ပိုပြီးရင်းနှီးသွားစေတဲ့အဖြစ်အပျက်လေးတွေလည်း ရှိသေးတယ်ဗျ ...။ ၁၀တန်းတုန်းက အီကိုကျူရှင်တက်ကြတော့ ကျွန်တော့်ကို ဆရာက လူမှားပြီး ကျောင်းသားတွေအားလုံးကြားထဲမှာ မတ်တပ်ရပ်ခိုင်းပြီး ဆူတယ် ။ လူပုံအလယ်မှာဆိုတော့ ကျွန်တော်တော်တော်ရှက်သွားပြီး အဲဒီ့ကျူရှင်ကို မတက်တော့ဘူးဆိုတော့ ဒီကောင်ပါလိုက်မတက်တော့ဘူး ...။ အဲဒီ့လိုအဖြစ်မျိုးက တစ်ခုတည်းမဟုတ်ဘူး ... ၇တန်းကျောင်းသားဘ၀တုန်းကလည်း ဖြစ်ခဲ့ဖူးတယ် ...။ ကျွန်တော်တို့ကို အိမ်ရှင်က ဆဲလို့ ဆိုပြီး အဲဒီ့ကျူရှင်ကို ဆက်မတက်တော့တာ ...။ ကျွန်တော်တို့ နှစ်ယောက် ၁၀တန်း နှစ် ၁၉၉၆ လှည်းတန်းမှာ တကသိုလ်ကျောင်းသားတွေဦးဆောင်ပြီး ဆန္ဒပြကြတော့ ကျွန်တော်တို့ နှစ်ယောက် အဲဒီ့ကိုရောက်သွားပြီး ၀င်နွှဲခဲ့ကြသေးတယ် ...။ ကံကောင်းလို့ ဒီကောင့် ဦးလေးကားနဲ့တိုးလို့ လွတ်လာတာ ...။ အဲဒီ့တုန်းကလဲ ... ရူပဗေဒ၀ိုင်းမှာ ဆရာကရော အခြားအတူတူတက်ကြတဲ့ ကောင်မလေးတွေကရော ကျောင်းသားတွေ ဆန္ဒပြကြတာကို ကိုယ့်ဖာသာကိုယ်အေးအေးဆေးဆေးမနေဘူး သူတို့ကြောင့် ငါတို့မှာ ဒုက္ခရောက်တယ် ဘာညာ ပြောနေလို့ အဲဒီ့ ကျူရှင်ကိုလည်း နောက်နေ့ သွားမတက်တော့ဘူး ...။

ဒီကောင်နဲ့ ကျွန်တော်နဲ့ တူတဲ့အချက်ထဲမှာ အဲဒါလဲပါတယ် ။ ယုံကြည်ချက်မတူရင် ဟန်ဆောင်ပြီးတော့ကို ဆက်လက်တွဲလို့မရတာ ...။ ဒီကောင်ရော ကျွန်တော်ရော ရည်းစားတွေသာ တစ်ယောက်ပြီး တစ်ယောက် ကွဲကွဲသွားတယ် ... ဒီကောင်နဲ့ ကျွန်တော်နဲ့ကတော့ အခုအချိန်အထိ တတွဲတွဲ ... အဲဒါဘာဖြစ်လို့လဲဆိုတော့ ယုံကြည်ချက်တူလို့ပဲလို့ ဖြေရမှာပဲ ...။ စာပေအနုပညာနဲ့ပတ်သက်လာရင်လဲ ဒီကောင်နဲ့ကျွန်တော် စိတ်ချင်းတူခဲ့တာပဲ ...။ ဒြပ်မဲ့ကမ္ဘာဆိုတဲ့ ကဗျာစာအုပ်လေးထဲမှာလဲ ဒီကောင်က အလင်းဖြူ၊ ကျွန်တော်က နွေလေ ...။ နောက်ပြီး ... သံလွင်အိပ်မက်ဆိုတဲ့ အွန်လိုင်းမဂ္ဂဇင်းလေး လုပ်ဖြစ်တော့လဲ ဒီကောင် က စည်သူ(သံလွင်)၊ ကျွန်တော်က နေမျိုး(သံလွင်) ...။ အွန်လိုင်းပေါ်မှာ ဘာဘာညာညာလေးတွေရေးကြတော့ ဒီကောင်က ဇင်ကိုလတ်၊ ကျွန်တော်က နေဘုန်းလတ် ...။

ကျွန်တော် နိုင်ငံခြားကို အလုပ်သွားလုပ်မယ် စဉ်းစားတော့ အပေါင်းအသင်းမင်တဲ့သူပီပီ ဒီကောင်ရှိတဲ့ စင်ကာပူကိုပဲရွေးလိုက်တယ် ...။ နောက်ပြီး စင်ကာပူမှာ အလုပ်ရတော့လဲ ဒီကောင့်အိမ်မှာပဲနေဖြစ်တယ် ... ။ ဒီကောင်နေတဲ့ နေရာနဲ့ ဒီကောင့်အလုပ်နဲ့က နီးပေမယ့် ... ကျွန်တော်လဲ အလုပ်ရရော ကျွန်တော့်အလုပ်နဲ့ အဲဒီ့နေရာက အရှေ့နဲ့ အနောက်လိုဖြစ်နေတာကြောင့် နှစ်ယောက်လုံးနဲ့နီးမယ့် နေရာကိုပြောင်းကြတယ် ...။ ဒီကောင့်အလုပ်နဲ့တော့ နဲနဲလှမ်းသွားတယ် ...။ ဒါပေမယ့် အဆင်ပြေပါတယ် ... ။ ဒီကောင်နဲ့ ကျွန်တော် စင်ကာပူမှာနေတုန်း မလေးရှားဘက်တောင် အလည်ရောက်ဖြစ်ကြသေးတယ် ...။ အဲဒီ့တုန်းကလည်း နှစ်ယောက်တည်းပေမယ့် ပျော်စရာကြီးဗျ ... မလေးရှားက Dunga Bay မှာ ကျွန်တော်တို့နှစ်ယောက် စွန်တစ်ကောင်ကို ကောင်းကင်ပေါ်ရောက်အောင် အောင်မြင်စွာတင်နိုင်ခဲ့ကြတယ် ...။ နှစ်ယောက်လုံးလဲ ဖက်ဖက်ကိုမောလို့ ...။

ဒီကောင်နဲ့ ကျွန်တော်ရဲ့ သူငယ်ချင်းသက်တမ်းက ၁၄ နှစ်ကျော်လာခဲ့ပြီး အခု အချိန်အထိတော့ ဒီကောင့်ကို ကျွန်တော်လွတ်မကျသေးတာသေချာတယ် ...။ ကျွန်တော်လဲ မိန်းမရ ဒီကောင်လဲ လူပျိုကြီးဖြစ်တော့ မှ ကျွန်တော်တို့ရဲ့ခင်မင်မှုတွေ တစ်ခန်းရပ်သွားမလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမယ် ...။ ကျွန်တော်ကတော့ ညီအစ်ကိုတွေထက်တောင် ပိုပြီးရင်းနှီးတဲ့ ဒီလိုသူငယ်ချင်းမျိုးကို ဘယ်တော့မှ လွတ်မကျအောင် ဆွဲထားနိုင်ဖို့မျှော်လင့်ပါတယ် ...။



13 comments:

Anonymous said...

ဇင်ကိုလတ်ရေ နင်ဘယ်လောက်၀၀ နေဘုန်းလတ်က လွတ်မကျအောင် ဆွဲထားခဲ့တာနော် ဟတ်ဟတ် .. Happy Birthday!!!

Anonymous said...

အင်းနော်.. ကိုနေဘုန်းလတ်က ကိုဇင်ကိုလတ်ကြီးကို ဘယ်လောက်လေးလေး လွတ်မကျအောင်ထားမှာတဲ့နော်.. ဘာလို့ အရုပ်အိမ်လေးထဲမှာ ၂ယောက်သား ၀င်ပြီးရိုက်ထားတဲ့ ဓါတ်ပုံလေး မတင်တာလဲ.. =)

Happy Birthday Again ပါ ကိုစည်သူအောင် (ခေါ်) ဇင်ကိုလတ် (ခေါ်) အလင်းဖြူ (ခေါ်) စစ်နိုင်သူ (ခေါ်) ဟိုလိုလူ (ခေါ်) C2..

MELODYMAUNG said...

လတ်နှစ်လတ်ပေါင်းထားတဲ့ နှစ်ခုလတ်အကြောင်းကတော့ ဘယ်သူပြောပြော အတူတူပဲမလို့ အလွတ်တောင် ရသလောက်ရှိနေပီဟေ ဒီထဲကမှ လတ်တာချင်းအတူတူ ဘူဘူချင်း တစ်လုပ်သလိုမျိုး ဟိုလိုလူရေ နင်တော့ ခံလိုက်ရပီသိလား ကျွန်တော်လဲ မိန်းမရ ဒီကောင်လဲ လူပျိုကြီးဖြစ်တော့ မှ တဲ့ အဟတ်ဟတ် :P
ဘာဖြစ်ဖြစ် ညီအစ်ကိုတွေထက်တောင် ပိုပြီးရင်းနှီးတဲ့ ဒီလိုသူငယ်ချင်းမျိုးကို ဘယ်တော့မှ လွတ်မကျအောင် ဆွဲထားနိုင်ပါစေဗျို ဟတ်ပီးဘတ်ဒေးပါ ဟိုလိုလူ c2 ရေ

pandora said...

လတ်ပုံတူ တို့ တယောက်မွေးနေ့မှာ တယောက် ရေးကြတာလေးတွေ အားကျစရာပဲ
ဒီနေရာကနေ ဇင်ကိုလတ်အတွက် လာဆုတောင်းသွားပါတယ်။ ဒီလိုချစ်ခင်တဲ့ သူငယ်ချင်းတွေနဲ့ အမြဲတွေ့ဆုံ ကံကောင်းနိုင်ပါစေလို့။

Anonymous said...

Happy Birthday, Si Thu.
May all your wishes come true.

ညီညီ(သံလွင်) said...

ကျွန်တော်လဲ မိန်းမရ ဒီကောင်လဲ လူပျိုကြီးဖြစ်တော့ မှ တဲ့.. ဟဲဟဲ။ အဲဒါကျတော့ မတူဘူးနော်.. :)

Unknown said...

ငယ်ကျိုးငယ်နာတွေ ဖော်တော့မယ်ဆိုလို့ ဘာတွေများလဲလို့ တော်သေးတာပေါ့။ နောက်မွေးနေ့တွေကျရင်တော့ မတွေးဝင့်စရာပဲ။ ဘာပဲဖြစ်ဖြစ် ဒီပိုစ့်အတွက် မင်းကို ကျေးဇူးတင်တယ်။ ကျွန်တော်လဲ မိန်းမရ ဒီကောင်လဲ လူပျိုကြီးဖြစ်တော့မှတဲ့။ ဟာ . . . ဟ။ အရင်ရတဲ့လူကို ခန်းဝင်ပစ္စည်း အကုန် လက်ဖွဲ့ကြေး။ ဘယ်လိုလဲ... လောင်းရဲလား။

ညီညီ(သံလွင်) said...

နဘလရေ.. စိမ်ခေါ်ရင် တိမ်ပေါ်အထိ လိုက်သာသွား ။ အဟား.. အဲဒီ စိမ်ခေါ်ပွဲထဲ ငါရောပါလို့ ရမလား။ ဒိုင်ပွဲရပ်နဲ့ မင်းတို့ နှစ်ယောက်စလုံး ရှုံးမှာနော်.. :P

NayPhoneLatt said...

ဇင်ကိုလတ်ရဲ့ စိန်ခေါ်မှုကိုတော့ လက်ခံတယ် ... ညီညီတော့ မပါကြေး ... ဟေး ... ဟေး

Anonymous said...

အယ် မပြိုင်ကောင်း ပြိုင်ကောင်းဟယ်... ဘ၀နဲ့ အလဲအထပ် လုပ်ပြီးတော့ မပြိုင်ကြပါနဲ့ဟယ် ဘယ်အချိန် မိန်းမ ရရ ငါ လက်ဖွဲ့ပါ့မယ် လူပျိုဘ၀လေး လွတ်လပ်သနော်

Unknown said...

ညီညီ ပါချင်လည်း ပါပလေ့စေ။ ငါတို့ သူငယ်ချင်းတွေကြားထဲမှာ အရင် မိန်းမယူတဲ့သူက လေးဘက်ထောက်ပြီး ဟိုသတ္တ၀ါလို အော်ကြေးဆိုတာလည်း ပါသေးတယ်လေကွာ။ ဟီးဟီး

Mr.Pooh @ မောင်ပွတ် said...

Sorry ! မဆိုင်ပေမယ့် ဆီဗုံးပျက်နေလို့ ဒီမှာအော်သွားတယ်။ သတင်းစာ ထွက်ပြီဗျို့.......

ZawZaw said...

နောက်ကျသွားတယ်ဗျို့
ဟတ်ပီဘတ်ဒေး လတ်ရေ။
နှစ်လတ်ပေါင်းမှ တလက်ခုပ်ပေါ့ ဟတ် ဟတ်