Pages

Wednesday, November 7, 2007

ကလေး၊ မိဘ နှင့် အနာဂတ်

ကလေး၊ မိဘ နှင့် အနာဂတ်

နားလည်မှုဆိုတဲ့စကားလုံးဟာ လူမှုဆက်ဆံရေးနယ်ပယ်တွေမှာ အင်မတန်မှကိုအရေးပါပါတယ်။ မိဘနဲ့သားသမီး ဆက်ဆံရေးမှာလည်း ဒီနားလည်မှုဆိုတဲ့စကားနဲ့ပတ်သက်ပြီး ပြောစရာတွေ ရှိနေပါတယ်။မိဘတိုင်း မိဘတိုင်းမှာသူတို့ရဲ့ သားသမီးတွေကို အကောင်းဆုံးထောက်ပံ့ပေးချင်တဲ့ စိတ်တွေရှိနေတယ်ဆိုတာသေချာပါတယ်။ စိတ်ရှိသလိုပဲ ... မိဘတွေဟာပေးဆပ်မှုတွေအထပ်ထပ်နဲ. သူတို.သားသမီးတွေရဲ့ဘ၀ကိုအစွမ်းကုန်မြှင့်တင်ပေးနိုင်ဖို့ကြိုးစားကြပါတယ်။ ဒါပေမယ့် ... လွဲချော်မှု တစ်ချို့တစ်ဝက်နဲ့အတူ ... မိဘတွေရဲ့အထောက်အပံ့တွေ၊ ပံ့ပိုးပေးမှုတွေဟာအရာမရောက် ဖြစ်သွားရတာမျိုးတွေရှိလာပါတယ်။ ဘာဖြစ်လို.ပါလဲ ... မိဘတွေအနေနဲ့ သူတိုရဲ. ကလေးတွေ ဘာကိုအမှန်တကယ်လိုအပ်နေတယ်ဆိုတာကို နားလည်သဘောမပေါက်လို့ပဲဖြစ်ပါတယ်။ စည်းစိမ်ဥစ္စာတွေ အလျှံအပယ်နဲ့ မိဘမေတ္တာငတ်နေကြရရှာတဲ့ကလေးငယ်တွေ၊ ခေတ်မီဆန်းသစ်တဲ့ ကစားစရာတွေ အပုံအပင်ရဲ့ အလယ်မှာ မိဘတွေရဲ့အိမ်ပြန်အလာကို စောင့်မျှော်နေကြရရှာတဲ့ကလေးငယ်တွေ၊ အိစက်ညက်ညောတဲ့ ဖဲမွေ့ယာကြီးပေါ်မှာ မိဘတွေပြောပြမယ့် အိပ်ရာဝင်ပုံပြင်တွေကို မျှော်လင့်နေကြရတဲ့ ကလေးငယ်တွေ ... လောကကြီးထဲမှာ ဒီလိုပုံရိပ်တွေကိုကျွန်တော်တို့တွေ့နေရခြင်းဟာ မိဘတွေနဲ့ သားသမီးတွေကြားက နားလည်မှုလွဲချော်ခြင်းတွေရဲ့ အကျိုးဆက်တွေပါပဲ။ ဖြည့်ဆည်းပေးမှုတွေ ဘယ်လောက်ပဲများများ ... အဲဒါတွေဟာလိုအပ်မှုတွေနဲ့ ထပ်တူကျမနေဘူးဆိုရင် ... ဒါတွေဟာဘာမှ အရာမရောက်တဲ့အပိုစာသားတွေပဲဖြစ်နေမှာပါ။

'Without understanding of their children's needs, parents can't effectively support their children'

အရွယ်ရောက်လာတဲ့ ကလေးငယ် တစ်ယောက်ရဲ့ စိတ်ဓါတ်ထဲမှာမဖြစ်မနေရှိနေသင့်တဲ့ စိတ်အခြေအနေတွေရှိပါတယ် ... အဲဒါတွေကတော့ ... ဇွဲ၊ လုံ့လ၊ ၀ီရိယ၊ ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်လိုမှု၊ အကြင်နာတရား စတာတွေဖြစ်ပါတယ်။ ဒီလိုမျိုးစိတ်အခြေအနေတွေကို ကလေးတွေ ရရှိပိုင်ဆိုင်နိုင်ဖို့ ဆိုတာကလည်း မိဘတွေမှာအများ ကြီးတာဝန်ရှိပါတယ်။ ကလေးငယ်တွေကို အကျိုးအကြောင်းရှင်းပြပြီး ဆုံးမပဲ့ပြင်တာမျိုးမဟုတ်ပဲ ဆူပူအော်ငေါက်နေတာမျိုးတွေ၊ ကြိမ်းမောင်းရိုက်နှက် တာမျိုးတွေဟာ ကလေးငယ်တွေရဲ့စိတ်ထဲက အကြင်နာတရားတွေကိုလျော့ပါးလာစေပါတယ်။ နောက်ပြီး ... ကလေးငယ်တွေရဲ့ စိတ်ဆန္ဒတွေတိုင်းကို တားမြစ်နှိပ်ကွပ်နေခြင်းမျိုးကိုလည်း မိဘတွေအနေနဲ့ ရှောင်ကျဉ်ဖို့ လိုပါတယ်။ ဘာပဲပြောပြော၊ ဘာပဲတောင်းတောင်း လိုက်လျောခံရခြင်းမရှိတဲ့ ကလေးငယ်တစ်ယောက်ရဲ့ စိတ်ထဲမှာ မိမိကိုယ်ကိုယုံကြည်မှု လျော့နည်းလာတတ်ပါတယ်။ ကလေးငယ်တွေရဲ့ တောင်းဆိုမှုဟာ အမှန်တကယ်လိုက်လျှောဖြည့်ဆည်း ပေးဖို့မသင့်တဲ့အရာမျိုးဖြစ်နေရင်လဲ ကလေးတွေရဲ့ စိတ်ကိုထိခိုက်မှုမဖြစ်စေပဲငြင်းပယ် နိုင်အောင်မိဘတွေအနေနဲ့ကြိုးစားသင့်ပါတယ်။ မိဘတွေဘက်က ကြည့်ရင်တော့ စိုးရိမ်လို့ချစ်လွန်းလို့ ချုပ်ခြယ်တာဖြစ်ကောင်းဖြစ်နိုင် ပေမယ့် ... ကလေးငယ်တွေဘက်က ကြည့်ရင်တော့ ဘ၀မှာလိုအပ်တဲ့အချို့စိတ်အခြေအနေတွေကို ဆုံးရှုံးစေပါတယ်။ လမ်းပေါ်ထွက်ပြီး ဘောလုံးကန်ချင်တဲ့ ကလေးငယ်ကိုအိမ်ထဲမှာပဲ ဂိမ်းထိုင်ဆော့ဖို့ပြောတတ်တဲ့မိဘတွေရှိပါတယ် ... အန္တရာယ်သိပ်မရှိဘူးဆိုရင် ဒါမျိုးကိုခွင့်ပြုသင့်ပါတယ်။ ဒီလိုမှမဟုတ်ရင် ဒီကလေးငယ်ဟာ ပူးပေါင်းဆောင်ရွက်မှုရဲ့အင်အားနဲ့ ပြိုင်ဘက်ရဲ့အရေးပါမှုတွေကို သိနိုင်ဖို့ခဲယဉ်းသွားပါလိမ့်မယ်။

'Nurturing and not breaking a child's will is the basis of creating confidence, cooperation and compassion in children.'

ကလေးငယ်တွေဟာ အရာရာကိုစူးစမ်းချင်ကြတယ်။ ဘာကိုမဆို ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ လုပ်ကြည့်ချင်ကြတယ်။ လောကထဲမှာအနေကြာပြီး လူဝါးဝနေပြီးသား လူကြီးတွေတောင် အမှားအယွင်းတွေနဲ့မကင်းနိုင်ဘူး ဆိုရင် ... ကလေးငယ်တွေ ဆိုရင်တော့ ခဏခဏမှားကြမှာ အသေအချာပါပဲ။ ကလေးငယ်တွေ အမှားအယွင်းတစ်ခုခု ကိုလုပ်မိတဲ့အခါ ... မိဘအများစုက ဘာတွေ လုပ်တတ်ပါသလဲ။ တော်တော်များများကတော့ရိုက်ပြီးတော့ဖြစ်စေ၊ ဆူပူအော်ဟစ်ပြီးဖြစ်စေ ဒီအမှားအယွင်းကို နောက်တစ်ခါ မလုပ်အောင်တားမြစ်ကြပါလိမ့်မယ်။ ဒါမျိုးလုပ်ခြင်းအားဖြင့် ကလေးငယ်နေနဲ့ ဒီလို အမှားအယွင်းမျိုးကို နောက်တစ်ခါ ထပ်လုပ်တော့မှာမဟုတ်ပေမဲ့ ဒါဟာအမှားအယွင်းကို သေသေချာချာ နားလည်သဘောပေါက်ပြီး နောက်ထက်မလုပ်ချင်တော့တာမျိုး မဟုတ်ပဲ ... မိဘကိုကြောက်လို့၊ အဆူခံရမှာစိုးရိမ်လို့ မလုပ်တော့တာမျိုးဖြစ်တဲ့အတွက် ဒီစောင့်ထိန်းမှုမျိုးဟာ ကြာရှည်ခံပါ့မလား ဆိုတဲ့ အချက်ဟာ စဉ်းစားစရာဖြစ်လာပါတယ်။ မိဘတွေအနေနဲ့ကလေးငယ်တွေကို သူတို့ရဲ့မှားယွင်းမှုအတွက် ကြောက်သွားတာမျိုး၊ စိတ်ထိခိုက် သွားတာမျိုး စတဲ့စိတ်ခံစားချက်တွေကို ဖြစ်စေဖို့သင်ပေးမယ့်အစား သူတို့ရဲ့ အမှားတွေကနေ သူတို့ကိုယ်တိုင် ပြန်လည်သင်ယူ လာနိုင်အောင်လမ်းကြောင်းပေးသင့်ပါတယ်။

'In stead of teaching our children to feel bad for their mistakes, we need to teach them to learn from their mistakes.'

မှားတယ် ... အမှားကိုမြင်တယ် ... အဲဒီ့အတွက်အမှန်ကိုရဖို့ကိုယ့်ဖာသာကိုယ်ပြင်ယူတယ်။ ဒီအဆင့်တွေကို ကလေးဘ၀မှာ အများကြီး ကြုံရမှာပါ။ မိဘတွေအနေနဲ့က မိမိတို့ရဲ့သားသမီးတွေမှားတယ်ဆိုတဲ့ အဆင့်ကို နားလည်ခွင့်လွှတ်ထားပြီး ကလေးငယ်တွေ အမှားကိုမြင်လာစေဖို့ ... အမှန်ကိုကိုယ့်ဖာသာကိုယ်ပြင်ယူနိုင်စေဖို့ဆိုတဲ့ အဆင့်တွေအတွက် ဆုံးမသွန်သင်တာမျိုး၊ နည်းပေးလမ်းပြ တာမျိုးတွေကို လုပ်ပေးဖို့သာလိုပါတယ်။ မိဘအများစုဟာ ကလေးငယ်တွေကိုမှားတယ်ဆိုတဲ့အဆင့်မှာတင် အပြစ်ပေးတာမျိုး၊ ဆူပူကြိမ်းမောင်းတာမျိုးတွေလုပ်လိုက်တဲ့အတွက် နောက်ကအဆင့်တွေကို ကလေးငယ်တွေ မရတော့ပဲ နောက်တစ်ခါထပ်မှားမှာကိုကြောက်သွားတဲ့ စိတ်ခံစားမှုကိုသာ ကလေးတွေရသွားရှာပါတယ်။ အင်မတန်မှကိုဆိုးပါတယ်။ ကလေးတွေအနေနဲ့မှားမိမှာကို ကြောက်တဲ့ခံစားချက်တွေကို ခံစားနေရတဲ့အတွက် သဘာဝကပေးတဲ့ အမှန်ကိုမိမိဖာသာပြင်ယူနိုင်တဲ့ စွမ်းရည်တွေကိုဆုံးရှုံးကြရပါတယ်။

'Children feel afraid of making mistakes, they lose the nature ability to self-correct.'

ကလေးဘ၀ကနေ လူငယ်၊လူငယ်ဘ၀ကနေ လူလတ်၊ လူလတ်ကနေ လူကြီး စသဖြင့်အသက်အရွယ်တွေ ပြောင်းလဲ ကြီးပြင်းလာကြသလို ကျွန်တော်တို့ရဲ့အတွေးအခေါ်တွေ၊ အယူအဆတွေ၊ ယုံကြည်မှုတွေ၊ စိတ်နေစိတ်ထားတွေ၊ အပြုအမူတွေကလည်း ဘ၀တလျှောက်လုံးမှာ လုံလောက်တဲ့ကြောင်းတရားတွေကိုမှီပြီး ပြောင်းလဲဖြစ်တည်နေကြရပါတယ်။ဒါဟာ .....သဘာဝတရားပါ။ ဒါပေမဲ့ ... ကိုယ့်ရဲ့ပြောင်းလဲမှုတွေဟာ ကိုယ့်အတွက်ရော လူ့အဖွဲ့အစည်းအတွက်ပါ လိုလားအပ်တဲ့ပြောင်းလဲမှုတွေဖြစ်နေဖို့ လိုအပ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ အမြဲတမ်းမိမိကိုယ်ကိုစောင့်ကြည့် တည့်မတ်နေရမှာဖြစ်ပါတယ်။ ဒီလိုမျိုး မိမိရဲ့ကာယကံ၊ ၀စီကံ၊ မနောကံတွေကို အမြဲတမ်း သတိတရားနဲ့ စောင့်ကြည့်တည့်မတ်စေနိုင်တဲ့ အရည်အချင်းမျိုးကို ကလေးဘ၀ထဲက ပြုစုပျိုးထောင်ယူထားဖို့လိုပါတယ်။ အထက်မှာ ပြောခဲ့သလိုပဲ သဘာဝကပေးတဲ့အမှန်ကို မိမိဖာသာပြင်ယူနိုင်တဲ့ စွမ်းရည်မျိုးကို ကလေးဘ၀ကမှာ မရခဲ့ဘူးဆိုရင် ဘ၀မှာသင့်မြတ်လျှော်ကန်စွာနဲ့ အောင်မြင်တိုးတက်နိုင်တဲ့ အခွင့်အလမ်းတွေ ကိုဆုံးရှုံးရနိုင်ပါတယ်။ ဘ၀မှာအောင်မြင်နေကြတဲ့ သူတွေအားလုံးဟာ သူတို့ရဲ့မှားယွင်းမှုတွေကိုကိုယ်တိုင်ပြင်ဆင်တည့်မတ်နိုင်ပြီး သူတို့ရဲ့အတွေးအခေါ်တွေ၊ စိတ်နေသဘောထားတွေ၊ အပြုအမူတွေကိုပါ ပြေပြစ်ဆီလျှော်အောင် ပြောင်းလဲနိုင်စွမ်းရှိကြသူတွေပါ။

'Those who succeed in life are those who can self-correct and change their thinking, attitude or behavior'

သမိုင်းကြောင်းဆိုတာ တစ်ဦးတစ်ယောက်ချင်းစီရဲ့ လုပ်ရပ်တွေကို ပေါင်းထားတဲ့အချိန်ကာလ အစုအဖွဲ့တစ်ခုပါ။ အခုလက်ရှိပစ္စုပ္ပန်မှာရှိနေကြတဲ့ ကလေးငယ်တွေအားလုံးဟာ အနာဂတ်ဆိုတဲ့ ကာလတစ်ခုမှာအရွယ်ရောက်လာကြပြီး ခေတ်တစ်ခေတ်ရဲ့ သမိုင်းကို သူတို့နည်းသူတို့ဟန်နဲ့ ရေးထွင်းကြမှာပါ။ ဒီနေရာမှာ နိုင်ငံတစ်နိုင်ငံရဲ့သမိုင်းကြောင်း ဒါမှမဟုတ် ကမ္တာလောကကြီးရဲ့ သမိုင်းကြောင်းဟာ ယိုယွင်းဆုတ်ယုတ်သွားတာမျိုးမဖြစ်စေဖို့ဒီကလေးငယ်တွေရဲ့ စိတ်အခြေခံတွေ ကောင်းခဲ့ဖို့ မဖြစ်မနေကို လိုအပ် ပါတယ်။ မိဘတိုင်း စိတ်ဓါတ်တွေမြင့်မားပြီး သားသမီးတိုင်းရဲ့ အနာဂတ်ကိုတင့်တယ်စေနိုင်ကြလိမ့်မယ်လို့ ကျွန်တော်ယုံကြည်မျှော်လင့် နေမိပါတယ်။

နေဘုန်းလတ်

စာကိုး - Children Are From Heaven By John Gray

5 comments:

ခွန်မြလှိုင် said...

ဒီပို့စ် က ငါရေရေလည်လည် heart ထိတဲ့ ပို့စ် ပဲ.. တစ်ခေါက်ထဲ ဖတ်ရုံနဲ့ ရင်ထဲ ရောက်သွားတယ် … ယူသွားပြီနော်..

Thet Htoo@Myat Lone said...

ဖတ်ရှုမှတ်သား ဆင်ခြင်စရာတွေ အများကြီးပေးတဲ့အတွက် ကျေးဇူးပါပဲ ကိုနေဘုန်းလတ်ရေ။

ကလိုစေးထူး said...

ဒီပို့စ်ကို ဖတ်မိတော့ ကျနော့် ငယ်စဉ် ဘ၀ကို ပြန်သတိရမိတယ်ဗျာ။ ကျနော်က ငယ်ငယ်က ခဏခဏကို အရိုက်ခံရဖူးတယ်။ ကျနော့်မေမေကလဲ ရိုက်၊ ဖေဖေကလဲ ရိုက်။ ဖေဖေကတော့ ရိုက်ခဲလှတယ်ဆိုပေမယ့် တခါတခါ ရိုက်ရင် မသက်သာလှဘူး။ မေမေကတော့ တစွတ်စွတ်ကို ရိုက်တယ်လို့ ပြောရမလိုပါပဲ။

အဲဒီလိုနဲ့ အရွယ်ရောက်လာတော့ ကိုယ့်ကိုယ်ကို သတိထားမိတဲ့ အချိန်မှာ ကျနော် ဘာဖြစ်နေသလဲဆိုတော့ အင်မတန်မှ စိတ်တိုလွယ်၊ ဒေါသဖြစ်လွယ်၊ ထိရှခံစားလွယ်တတ်လေ့ရှိတာကို သတိထားမိလာရတယ်။ ဒါတွေဟာ ငယ်ငယ်က ရိုက်ခံထိတာ များလို့လား ကျနော်စဉ်းစားကြည့်တယ်။ ဟုတ်ချင်မှလဲ ဟုတ်မယ်၊ ဆက်စပ်ချင်ကောင်းလဲ ဆက်စပ်နိုင်ပါတယ်။

င့ါမိဘတွေက ဘာဖြစ်လို့ ငါ့ကို ဒီလောက် ရိုက်ပါလိမ့်လို့လဲ ခဏခဏတွေးကြည့်ဖူးတယ်။ မေမေဆိုရင် ကျနော့်ကို မွေးတဲ့အချိန်မှာ အလယ်တန်းပြ ဆရာမတယောက် ဖြစ်နေပြီ။ ကလေးကို ရိုက်ရင် ဘာဆိုးကျိုးတွေ ဖြစ်လာမလဲဆိုတဲ့ တွေးဆချက်တော့ မုချ ရှိခဲ့မှာ သေချာပါတယ်။ ဒါပေမယ့် ကျနော် တော်တော်အရိုက်ခံခဲ့ရတာလဲ သေချာတာပါပဲ။ နောက်ဆုံးတော့ ကျနော်တို့ မိသားစုရဲ့ အိမ်တွင်းရေး အခြေအနေကိုသာ ပုံချမိပါတော့တယ်။ အိမ်တွင်းရေးမှာ အဆင်မပြေမှုတွေ များလာတဲ့အခါမှာ ဒီလိုဖြစ်တတ်ပါလားလို့ တွေးမိတော့တာပါပဲ။

ရေးထားတဲ့ ပို့စ်ကနေ ချော်သွားရင်တော့ ခွင့်လွှတ် ကိုနေဘုန်းလတ်ရေ။

လေးစားစွာဖြင့်
ကလိုစေးထူး

NayPhoneLatt said...

ဟုတ်တယ် ကိုကလိုစေးထူးရေ ... မိဘတွေ သားသမီးတွေကို ဆုံးမတာပဲဖြစ်ဖြစ် ဆရာဆရာမတွေ တပည့်တွေကို ဆုံးမတာပဲဖြစ်ဖြစ် ... အဲဒီ့လိုမဆုံးမခင်မှာ သူတို့ရဲ့ မသိစိတ်တွေထဲမှာ ဘာတွေရှိနေမလဲဆိုတာကို ပြန်ကြည့်ဖို့ လိုမယ်ထင်ပါတယ် ...။ အဲဒီ့အကြောင်းနဲ့ ပတ်သက်ပြီး `မသိစိတ်တွေထဲမှာ´ ဆိုတဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ရေးထားတာရှိပါတယ် ...။ ကျွန်တော် အဆင်ပြေရင် တင်ပေးပါ့မယ် ...။ အခုလိုဝင်ရောက်ဆွေးနွေးတဲ့ အတွက်ကျေးဇူးပါဗျာ ...။

NayPhoneLatt said...

ကိုမျက်လုံးရေ ... အစ်ကိုရဲ့မိသားစုလေးသာယာရေးအတွက် ကျွန်တော့်ရဲ့အတွေးတွေက အုတ်တစ်ချပ်သဲတစ်ပွင့်ဖြစ်ခွင့်ရတယ်ဆိုရင်ပဲ ကျွန်တော်ကျေနပ်လှပါပြီ ...။

သူငယ်ချင်းခွန်မြလှိုင်ရေ ... ယူလိုက ယူနိုင်ပါတယ် ...။