Pages

Wednesday, March 14, 2012

Happy moment at FFSS (The First Step Of MIDO)






          ဒီနေ့(၁၂.၀၃.၂၀၁၂) ကိုယ်တို့ MIDO အဖွဲ့လေးရဲ့ ပထမဆုံး ICT နည်းပညာပြန့်ပွားရေး သင်ကြားမှုအစီအစဉ်လေးတစ်ခု အနေနဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) ကဖွင့်ထားတဲ့ တစ်ပတ်တာသင်တန်းလေးမှာ အချိန်နှစ်နာရီယူပြီး လူမှုရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်နိုင်ဖို့အတွက် ICT (သတင်းနှင့်ဆက်သွယ်ရေးနည်းပညာ) ကို ဘယ်လိုအသုံးပြုနေကြတယ် ... ဘယ်လိုအသုံးပြုသင့်တယ် ဆိုတာလေးတွေ ဖလှယ်ဆွေးနွေးဖြစ်ခဲ့တယ်။ ကိုယ်တို့ရဲ့ အတန်းချိန်မရောက်ခင်မှာပဲ ... သင်တန်းသား၊ သင်တန်းသူတွေနဲ့ အိုင်စီတီအကြား ဆက်စပ်ပတ်သက်မှု ဘယ်လောက်ရှိသလဲဆိုတာလေးကို သိရဖို့... form လေးတစ်ခုကို ကြိုဖြည့်ခိုင်းထားခဲ့တာကြောင့် ... သင်တန်းသားတွေရဲ့ အခြေအနေကို ကိုယ်တို့အချိန်မစမီကတည်းက ကြိုသိနေခွင့်ရခဲ့တယ်။ သူတို့တွေရဲ့ အဖြေတွေကိုဖတ်ရတာ သိပ်ကိုစိတ်ဝင်စားစရာကောင်းတာပဲ။

          သင်တန်းမှာ ရှိတဲ့သူ ၃၂ ယောက်အနက် ကွန်ပျူတာနဲ့ အင်တာနက်ကို သုံးဖူးကြတဲ့သူက ၈ယောက်ပဲရှိတာကိုတွေ့ရတယ်။ ပြီးတော့ ... မသုံးဖြစ်ကြတဲ့အကြောင်းရင်းတွေကို ကြည့်တဲ့အခါ ... အချိန်မရလို့၊ အသက်အရွယ်ကြီးနေလို့၊ ပိုက်ဆံမတတ်နိုင်လို့၊ အလုပ်နဲ့မသက်ဆိုင်လို့စတဲ့ ပုဂိုလ်တစ်ဦးချင်းစီနဲ့ ဆိုင်တာတွေတွေ့ရသလိုပဲ ... အင်တာနက်မရှိလို့၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲလို့၊ မီးမလာလို့ စတဲ့ နည်းပညာဖွံ့ဖြိုးမှုအတွက် မဖြစ်မနေလိုအပ်သော အခြေခံအဆောက်အအုံ (Infrastructure) တွေမရှိသေးခြင်းဆိုတဲ့ အများနဲ့ပါပတ်သက်နေတဲ့ အကြောင်းရင်းတွေကိုပါ တွေ့လိုက်ရတယ် ...။ တစ်ဦးချင်းဆိုင်ရာအမြင်တွေနဲ့ပတ်သက်ပြီး ... အချိန်မရဘူးဆိုပေမယ့်လဲ အရေးကြီးတယ်ဆိုရင် အချိန်ရအောင်ရှာသင့်တဲ့အကြောင်း၊ အင်တာနက်နည်းပညာဟာ ကြီးကြီးငယ်ငယ် အသက်အရွယ်မရွေး အသုံးချတတ်ရင်တတ်သလို အသုံးဝင်တဲ့အကြောင်း၊ ICT ဟာ ကလေးတွေ အပျော်သက်သက် အသုံးပြုရတာမျိုးအတွက်ချည်းမဟုတ်ပဲ လူကြီးတွေလဲ သတင်းတွေဖတ်တာမျိုး၊ အခြားစိတ်ဝင်စားတဲ့ အကြောင်းအရာတွေ လေ့လာတာမျိုးတွေပါ လုပ်နိုင်တယ်ဆိုတဲ့အကြောင်း၊ ပိုက်ဆံမတတ်နိုင်ခြင်းကိစ္စကလည်း နောက်ပိုင်းတွေမှာ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းမျိုးလေးတွေ များများပေါ်လာတဲ့အခါ ICT နည်းပညာတွေကို တတ်ချင်စိတ်ရှိရုံတစ်ခုတည်းနဲ့ အခမဲ့သင်ကြားခွင့်ရနိုင်တဲ့ အခွင့်အရေးတွေ ရလာနိုင်တဲ့အကြောင်း၊ အလုပ်နဲ့မသက်ဆိုင်ဘူးဆိုတာကလည်း အခုလောလောဆယ် မသက်ဆိုင်ဘူးလို့ထင်နေခြင်းသာဖြစ်ပြီး ... နိုင်ငံခြားတိုင်းပြည်တွေမှာဆို လယ်စိုက်တဲ့လယ်သမားတွေက အစ အင်တာနက်ပေါ်က ဈေးနှုန်းတွေကိုကြည့်ပြီး ပွဲစားမပါပဲ ကိုယ်တိုင် အရောင်းအ၀ယ်လုပ်နေကြပြီ ဆိုတဲ့အကြောင်းတွေ သိသလောက် ဆွေးနွေးဖြစ်ခဲ့ပါတယ်။ Infrastructure ကိစ္စနဲ့ပတ်သက်လို့ကတော့ အားလုံးဝိုင်းကြိုးစားကြရမှာဖြစ်တဲ့အကြောင်းနဲ့ အခုလောလောဆယ်မှာတော့ ရှိတဲ့အခြေအနေလေးနဲ့ပဲ ဖြစ်သလို လေ့လာသင်ယူဆည်းပူးကြရမှာပဲဖြစ်တယ်လို့ ကိုယ့်ရဲ့အမြင်ကိုပြောပြခဲ့တယ်။ ပြီးတော့ သင်တန်းအတွက် ကိုယ်ပြင်ဆင်ခဲ့တဲ့ Power Point Slide Show လေးကိုပြပြီး Presentation လေးလုပ်ခဲ့တယ်။ ပန်းသီးကွန်ပျူတာတွေကို တီထွင်ခဲ့သူတစ်ဦးဖြစ်တဲ့ စတိပ်ဂျော့ ကွယ်လွန်သွားတဲ့ အခါမှာ ဖေ့ဘွတ်လူမှုကွန်ယက် ကိုတည်ထောင်သူလူငယ်လေး မက်ခ်ဇူကာဘတ် ပြောခဲ့တဲ့စကားလေးကိုလဲ ကြိုက်လွန်းလို့ ကိုယ်ရဲ့ Presentation လေးထဲမှာ ထည့်ပြခဲ့တယ်။ သူပြောခဲ့တာက “Steve, thank you for being a mentor and a friend. Thanks for showing that what you build can change the world. I will miss you.”  တဲ့ ။ မြန်မာလိုဆိုရင်တော့ ... ဆရာတစ်ယောက်အဖြစ်နဲ့ရော မိတ်ဆွေတစ်ယောက်အဖြစ်နဲ့ပါ ရှိနေပေးခဲ့တဲ့အတွက် ကျေးဇူးပါ။ ကိုယ်ဖန်တီးတည်ဆောက်လိုက်တာတစ်ခုခုက ကမ္ဘာကြီးကိုပြောင်းလဲပစ်လိုက်နိုင်တယ်ဆိုတဲ့ အချက်ကို မြင်အောင်ပြခဲ့တဲ့အတွက်လဲ ကျေးဇူးတင်ပါတယ် ... စတိဗ်ရေ။ ခင်ဗျားကို ကျနော် လွမ်းနေမှာပါ ... တဲ့။ ဒီလိုအသိမျိုး အတွေးမျိုး ကိုယ်တို့ မြန်မာလူငယ်လေးတွေရဲ့ ရင်ထဲအသဲထဲ မှာလဲ ရှိသင့်တယ်ဆိုတာလေးကို အားမလိုအားမရနဲ့ပြောခဲ့မိပါသေးတယ်။ ညံ့ဖျင်းတဲ့ အုပ်ချုပ်ရေးစနစ် တစ်ခုရဲ့လက်အောက်မှာ ကာလကြာရှည်ငြိမ်ဝတ်ပိပြားခဲ့ကြရတဲ့ ကိုယ်တို့လူမျိုးတွေရဲ့ မျက်လုံးတွေထဲမှာ သိမ်ငယ်မှုတွေကနေရာယူထားကြပြီး မိမိကိုယ်ကို ယုံကြည်မှုတွေပျောက်ဆုံးနေခဲ့တာ ... မလွှဲမရှောင်သာခဲ့တဲ့ အရှိတရားတစ်ခုပါပဲ။
                   အဲဒီ့မလိုလားအပ်တဲ့ အရှိတရားတစ်ခုကိုချေဖျက်ပစ်ဖို့ ... ကိုယ်တို့အားလုံးရဲ့ နှလုံးသားထဲမှာ we can do it. ငါတို့လုပ်နိုင်တယ်ဆိုတဲ့ အောင်စိတ်လေးကို ပျိုးထောင်မွေးမြူထားကြဖို့ အရေးတကြီးလိုအပ်တယ်လို့လဲ ကိုယ်မြင်တယ်။ ဒါကြောင့်လဲ ကိုယ်တို့အဖွဲ့လေးရဲ့ ဆောင်ပုဒ်လေးကို လူငယ်တွေရဲ့နှလုံးသားထဲ အောင်စိတ်တွေပေါက်ဖွားလာစေဖို့ အားပေးတဲ့အနေနဲ့ You can do IT. လို့ပေးခဲ့တာပေါ့။ IT ဆိုတဲ့စကားလုံးကို Information Technology (သတင်းနည်းပညာ) လို့လဲ မြင်လို့ရတယ်လေ။ ကိုယ့်ရဲ့ Presentation လေးအပြီးမှာ ရှိတဲ့သင်တန်းသား ၃၂ ယောက်ကို အုပ်စု လေးစုခွဲပြီး စားပွဲတွေကိုလဲ လေးခုစာပြင်စီလိုက်ကြတယ်။ ပြီးတော့ ... သူတို့ကို စာရွက်အဖြူကြီးတွေ တစ်ယောက်တစ်ရွက်စီပေးပြီး ... အခုလို ပြောပြပြီးတာတွေကို နားထောင်ပြီးတဲ့အခါမှာ ဘယ်လိုတွေခံစားကြရသလဲ၊ ဘာတွေလုပ်ပေးဖို့လိုမယ်ထင်သလဲ၊ ဘာအခက်အခဲတွေရှိမလဲ စတာလေးတွေကို (Group Discussion)အုပ်စုအတွင်းဆွေးနွေးတိုင်ပင်ကြပြီး ချရေးကြဖို့ ပေးလိုက်တယ်။ သူတို့တွေ အချင်းချင်းစကားတွေပြောဆိုဆွေးနွေးနေကြစဉ်မှာလဲ ကိုယ်တို့ကလည်း ... လုပ်ရမယ့်ပုံစံလေးကို အသေးစိတ်လိုက်ရှင်းပြ ... ၀င်ဆွေးနွေးစတာတွေလိုက်လုပ်ကြတာပေါ့ ...။ ပြီးတဲ့အခါ ... အုပ်စုလေးခုစီက တစ်အုပ်စုကို တစ်ယောက်စီထွက်လာစေပြီး သူတို့တွေချရေးထားတာတွေကို ပြန်ပြီး တင်ပြဆွေးနွေးစေခဲ့တယ်။ တစ်ယောက်ထွက်လာပြီး သူတို့တွေဆွေးနွေးပြောဆိုဖြစ်ခဲ့တာတွေကို ထွက်ပြီးရှင်းပြလိုက် ... ကျန်တဲ့သူတွေက လက်ခုပ်တွေတီးပြီးအားပေးလိုက် ... နောက်တစ်ယောက် ... နောက်တစ်ယောက်နဲ့ ကိုယ်တို့ရဲ့သင်တန်းလေးစည်စည်ကားကားဖြစ်လာတယ် ...။ ရတဲ့အချိန်နှစ်နာရီကလည်း ကုန်ဖို့တဖြည်းဖြည်းနဲ့နီးနီးလာတယ်။ သူတို့လေးဖွဲ့လုံး Presentation လုပ်ပြီးသွားကြတဲ့အခါ ... ကိုယ်က သူတို့ပြောသွားတဲ့အချက်တွေနဲ့ပတ်သက်ပြီး ကိုယ်တို့ဘက်က ထင်မြင်ချက်တွေ၊ လုပ်ပေးနိုင်တာတွေကို ပြန်ပြောပြတယ်။ ပြီးတော့ ... ကိုယ်တို့သူငယ်ချင်းတွေစုပြီးဖွဲ့ထားတဲ့ အဖွဲ့လေးရဲ့လုပ်ဖို့ရှိတဲ့ အစီအစဉ်လေးတွေကိုလဲ အကြမ်းဖျဉ်းရှင်းပြလိုက်တယ်။ နယ်တွေဆင်းပြီး နည်းပညာဆိုင်ရာသင်ကြားမှုတွေလုပ်သွားမယ်ဆိုတဲ့ ကိုယ်တို့ရဲ့ အစီအစဉ်လေးကို အားလုံးက အားတက်သရောနဲ့ မျှော်လင့်နေကြတာတွေ့ရတဲ့အတွက် ၀မ်းလဲသာမိသလို ... တစ်ဖက်ကလည်း ဆက်လုပ်ရမယ့်အလုပ်တွေအတွက် အားတက်မိပါတယ်။ အဲဒီ့အစီအစဉ်လေးအပြီးမှာနာရီကို လှမ်းကြည့်လိုက်တော့ ၅နာရီကထိုးနေပါပြီ။
          ဒါပေမယ့် ... နောက်ဆုံးအစီအစဉ်တစ်ခုအနေနဲ့ အခုပြုလုပ်သွားတဲ့မျှဝေဆွေးနွေးခြင်းအစီအစဉ်လေးကနေ ရလိုက်တဲ့အချက်တွေ၊ မြင်မိတဲ့အားနည်းချက်တွေကို တစ်ယောက်ချင်းစီပြောကြတာလေးလုပ်ချင်တဲ့အကြောင်းပြောပြပြီး ... ဗိုက်ဆာနေကြပြီလားလို့မေးလိုက်တော့ အားလုံးရဲ့ နှုတ်ဖျားကနေ '' ရပါတယ် ... မဆာပါဘူး '' ဆိုတဲ့အသံထွက်လာတာနဲ့ ကိုယ်တို့ရဲ့ နောက်ဆုံးအစီအစဉ်လေးကို အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ပဲ စတင်ခဲ့ကြတယ်။ စာရွက်အဖြူတစ်ရွက်ကို white-board ပေါ်ကပ် ... အလယ်ကမျဉ်းဆွဲပြီး နှစ်ပိုင်းခွဲလိုက်တယ်။ တစ်ဖက်ကတော့ ... ဒီအစီအစဉ်လေးကနေရလိုက်တဲ့အချက်တွေရေးဖို့ ဖြစ်ပြီး၊ နောက်တစ်ဖက်ကတော့ ... ဒီအစီအစဉ်လေးနဲ့ပက်သက်ပြီး မြင်မိတဲ့အားနည်းချက်တွေ၊ ဖြစ်စေချင်တာလေးတွေကို ရေးဖို့ပါ။ သင်တန်းသားတွေကို တစ်ယောက်စီထပြောစေပြီး ... ကိုယ်တို့တွေက စာရွက်ပေါ်ချရေးခဲ့ပါတယ်။ ရလိုက်တဲ့အချက်တွေထဲမှာတော့ ... အရင်ကမသိခဲ့တာတွေသိလာတယ်၊ ICT နည်းပညာဟာတတ်ထားဖို့လိုမယ်လို့ မြင်လာတယ်၊ ဒီအစီအစဉ်လေးအပြီးမှာ ICT နည်းပညာကို တတ်မြောက်ချင်စိတ်တွေ၊ သင်ယူချင်စိတ်တွေဖြစ်လာကြတယ်၊ နယ်တွေကိုဆင်းပြီး စာသင်ကြမယ်ဆိုတာကိုလဲ ကြိုဆိုပြီး လိုအပ်တဲ့အကူအညီတွေပေးကြမယ်လို့လဲ အချို့က ကတိပေးကြတယ်။ မြင်မိတဲ့အားနည်းချက်တွေကိုပြောကြတဲ့အခါမှာတော့ ... ICT နည်းပညာကိုအခုမှစပြီးကြားဖူးတဲ့အတွက် ဘာတွေလိုအပ်တယ်ဆိုတာကို မပြောနိုင်ပါဘူးလို့ တစ်ယောက်က ထပြောတယ်။ နောက်တစ်ခုကတော့ ... အချိန် ၂နာရီက နည်းတဲ့အကြောင်းနဲ့ ဒီထက်ပိုတဲ့အချိန်မှာ ဒီထက်ပိုတဲ့ ပညာရပ်တွေကိုသင်ကြားပေးစေချင်တယ်လို့ပြောတယ်။ ပြီးတော့ ... အချိန်သာပိုရရင် ... လက်တွေ့အသုံးချခြင်းအစီအစဉ် (Pritical) ပိုင်းကိုလဲ ထည့်သွင်းစေချင်တဲ့အကြောင်းပြောကြတယ်။ နောက်တစ်ယောက်ကတော့ ... ပြောသွားတဲ့အထဲက အင်္ဂလိပ်လိုစကားလုံးတွေကို တတ်နိုင်သမျှမြန်မာလိုပြန်ပေးဖို့လဲ မေတ္တာရပ်ခံသွားတာကိုတွေ့ရတယ်။ နောက်ပြီး ... နယ်ဆင်းပြီးစာသင်ကြတဲ့အခါမှာ ... နယ်မြေခံတွေနဲ့ နက်နက်နဲနဲတိုင်ပင် ညှိနှိုင်းကြပြီးမှလုပ်သင့်တဲ့အကြောင်းလဲ အကြံပြုသွားပါသေးတယ်။ သိပ်ကိုစိတ်ဝင်စားစရာကောင်းပြီး ... ကိုယ်တို့ရဲ့ရှေ့ဆက် ရမယ့်လမ်းကြောင်းအတွက် အများကြီးအကျိုးရှိတဲ့အကြံပြုချက်တွေပါပဲ။ ကိုယ်တို့ရဲ့ အစီအစဉ်တွေအားလုံး ပြီးဆုံးသွားတဲ့အခါမှာတော့ သင်တန်းသူ၊ သင်တန်းသားတွေအားလုံးနဲ့ ကိုယ်တို့အဖွဲ့နဲ့ စုပေါင်းပြီး ဓါတ်ပုံရိုက်ကြတယ် ...။ အားလုံးရဲ့မျက်ဝန်းတွေထဲက မျှော်လင့်ချက်တွေ၊ စိတ်အားထက်သန်မှုအလင်းတွေနဲ့ ကိုယ်တို့ရဲ့နှုတ်ခမ်းတွေပေါ်က ပီတိအပြုံးတွေ ပေါင်းစပ်ပြီး ... ဓါတ်ပုံလေးကတော့သိပ်ကိုလှနေမှာပဲလို့ ကိုယ်တွေးမိတယ် ...။
          အားတက်သရောပူးပေါင်းပါဝင်ခဲ့ကြတဲ့ သင်တန်းသူ၊သင်တန်းသားတွေ အားလုံးကိုကျေးဇူးတင်သလိုပဲ ...။ ကိုယ်နဲ့အတူ  စိတ်ရောကိုယ်ပါ ... ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ သူငယ်ချင်းတွေအားလုံးကိုလဲ ... ကျေးဇူးတင်ပါတယ် ဆိုတဲ့စကားလေးနဲ့အတူ ... ရှေ့ဆက်ကြစို့ဆိုတဲ့စကားလေးကိုပါ ထပ်ဆောင်းပြောလိုက်ချင်ပါသေးတယ်။

နေဘုန်းလတ်
၁၂.၀၃.၂၀၁၂ (တနင်္လာ)

Thursday, March 8, 2012

ကျွန်တော်နှင့် ဘားကမ့် (Barcamp)

ကျွန်တော်နှင့် ဘားကမ့် (Barcamp)

ဒီနှစ် ဖေဖော်ဝါရီ ၄ရက်နဲ့ ၅ရက်နေ့တွေမှာ မန္တလေးဘားကမ့်၊ ဖေဖော်ဝါရီ ၁၁ရက်နဲ့ ၁၂ရက်နေ့တွေမှာ ရန်ကုန်ဘားကမ့်တို့ကို အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ မန္တလေးမှာ တစ်ရက်၊ ရန်ကုန်မှာနှစ်ရက် ပူးပေါင်းပါဝင်ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ဘားကမ့် (Barcamp) ဆိုတာက တက်ရောက်သူတွေအားလုံး ဟောပြောချင်သူရော၊ နားထောင်ချင်သူတွေပါ လွတ်လပ်စွာ၊ ရင်းနှီးပွင့်လင်းစွာနဲ့ အသိပညာ၊ အတတ်ပညာတွေ ဖလှယ်ရယူနိုင်တဲ့ပွဲမျိုးပါ။ တစ်နေ့တာရဲ့အချိန်အပိုင်းအခြားလေးတွေနဲ့ ဟောပြောနိုင်တဲ့ အခန်းလေးတွေကို တွဲလျက်ကပ်ပေးထားတဲ့ Board တစ်ခုရှိပြီး တက်ရောက်လာသူတွေထဲ ကမည်သူမဆိုဟာ ကိုယ်မျှဝေချင်တဲ့ အကြောင်းအရာနဲ့ ပြောမယ့်သူနာမည်ကို စာရွက်တောင်းရေးပြီး ပြောချင်တဲ့အခန်း ပြောချင်တဲ့အချိန် ဆုံတဲ့အကွက်မှာ ကပ်လိုက်ဖို့ပါပဲ။ ဒါဆို အဲဒီ့ Board ကိုလာကြည့်တဲ့သူတွေကလည်း ဘယ်သူက ၊ ဘယ်အခန်းမှာ၊ ဘယ်အချိန်၊ ဘာအကြောင်းပြောမယ် ဆိုတာတွေကို သိသွားပြီး ကိုယ်စိတ်ဝင်စားတယ်ဆိုရင် အဲဒီ့အခန်းကို သွားနားထောင်လိုက်ရုံပါ …။ နိုင်ငံတကာက Barcamper တွေအတွက် ဘာသာပြန်သူတွေ စီစဉ်ပေးထားသလို … အိုင်တီမကျွမ်းကျင်သူတွေ အတွက်လည်း ပြောချင်တာပြောနိုင်ဖို့ နည်းပညာ ပိုင်းဆိုင်ရာ အထောက်အကူပြုပေးမယ့်သူတွေ ထားပေးထားပါတယ် …။
ကျွန်တော်တို့နိုင်ငံမှာ ဘားကမ့်ပွဲလေးတွေ ကျင်းပဖြစ်နေပြီဆိုတဲ့အကြောင်းကို အထဲမှာ ကတည်းက ဂျာနယ်တွေဖတ်ပြီး သိနေခဲ့ပါတယ်။ အဲဒီ့ကတည်းက စိတ်ထဲမှာ ရွစိရွစိဖြစ်နေခဲ့တာပါ …။ ပါဝင်ဆောင်ရွက်နေကြတဲ့သူတွေထဲ မှာလည်းကိုယ့်ရဲ့ သူငယ်ချင်း  တွေကိုတွေ့နေရတော့ ပိုဆိုးတာပေါ့ …။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ် ရန်ကုန်ဘားကမ့် တွေနဲ့ ပထမအကြိမ်မန္တလေးဘားကမ့်တို့ကို အထဲကနေပဲ လှမ်းလွမ်းရင်းဖြတ်သန်းခဲ့ရတယ်။ အခုတော့ ကံကောင်းထောက်မစွာနဲ့ ဘားကမ့်နှစ်ခုစလုံးအမီ အပြင်ပြန်ရောက်လာနိုင်ခဲ့လို့ နှစ်ခုစလုံးကို ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင်ဆင်နွှဲခွင့်ရခဲ့ပါတယ် …။ မန္တလေးဘားကမ့်ကိုသွားတုန်းကတော့ တစ်ခုခု ၀င်ပြောဖို့အစီအစဉ်မရှိခဲ့ပါဘူး။ ဒါပေမယ့် တစ်ခုခုပြောပါလားလို့ ၀ိုင်းပြောကြတာနဲ့ ပြောချင်နေတဲ့ခေါင်းစဉ် တစ်ခုကို ကမမ်းကတမ်း ပဲ ပြင်ဆင်ပြီး ပြောဖြစ်ခဲ့တယ်။ မန္တလေးမှာ ပြောဖြစ်ခဲ့တဲ့ ခေါင်းစဉ်က တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းမှာ အချိတ်အဆက် မိဖို့အရေးကြီးတယ်ဆိုတဲ့အကြောင်းလေးပါ … ။အင်္ဂလိပ်လို (Connection in State Building Process) လို့ နာမည်ပေးဖြစ်ခဲ့တယ်။ အဓိက က တိုင်းပြည်တစ်ခုရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ မီဒီယာနဲ့ ပြည်သူဆိုတဲ့ မဏ္ဍိင်ငါးရပ်ရဲ့ အချင်းချင်းချိတ်ဆက်မှုအားကောင်းနေမှ ဒီမိုကရေစီစနစ်တစ်ခု အားကောင်းစွာနဲ့ဖြစ်ပေါ်လာနိုင်မယ့်အကြောင်း၊ အဲဒီ့ ချိတ်ဆက်မှုတွေကို ခိုင်မာသထက်ခိုင်မာအောင် မြန်သထက်မြန်အောင်လုပ်နိုင်မှ ဒီမိုကရေစီ စနစ်တစ်ခု အဓွန့်ရှည် တည်တံ့မယ့် အကြောင်းတွေပြောဖြစ်ပါတယ် …။ ပြီးတော့ … အိုင်တီကို စိတ်ဝင်စားတဲ့ လူငယ်တွေအနေနဲ့ မဏ္ဍိင်ငါးခုထဲက မီဒီယာနဲ့ ပြည်သူဆိုတဲ့ မဏ္ဍိင်နှစ်ခုကို ကိုယ်စားပြုနေ တာကြောင့် အဲဒီ့မဏ္ဍိင်နှစ်ခုရဲ့ တာဝန်တွေကို လေ့လာပြီး ကျေပွန်အောင်ထမ်းဆောင်ကြဖို့လဲ တိုက်တွန်းဖြစ်ခဲ့ပါတယ် …။ အခုခေတ်မှာ CJ (citizen journalist) ဆိုတဲ့စကားခေတ်စား လာသလို နိုင်ငံသားတိုင်းဟာ မီဒီယာသမားတစ်ပိုင်းဖြစ်နေတဲ့ ခေတ်ကို ရောက်နေပါပြီ …။ ဒါကြောင့်လဲ ကျွန်တော်က လူငယ်တွေကို မဏ္ဍိင်နှစ်ခုစာ တာဝန်ရှိတယ်လို့ ပြောခဲ့တာပါ …။ မန္တလေးဘားကမ့်ကို တစ်ရက်ပဲ တက်ရောက်နိုင်ခဲ့ပြီး အထဲမှာရင်းနှီးခဲ့တဲ့ အကိုတော်တစ်ယောက်ရဲ့ ဖိတ်ကြားချက်အရ မကွေးတိုင်းက မြစ်ခြေကျေးရွာစုလေးဆီခရီးဆက်ခဲ့ရပါတယ် …။ အဲဒီ့ခရီးစဉ် အကြောင်း ကိုတော့ နောက်အလျင်းသင့်ရင် ခရီးသွားဆောင်းပါးသဘောမျိုးလေးရေးပါဦးမယ် …။
ရန်ကုန်ဘားကမ့် ကိုတော့ ၁၁ရက်နဲ့ ၁၂ရက်နေ့တွေ မှာ နှစ်ရက်စလုံး တက်ရောက်ဖြစ် ခဲ့ပါတယ်…။ ပြောတာကလည်း ပထမနေ့ရော၊ ဒုတိယနေ့မှာပါ ၀င်ပြောဖြစ်တယ်။ ပထမနေ့ကတော့ မန္တလေးမှာပြောဖြစ်ခဲ့တာကိုပဲ နည်းနည်းထပ်ချဲ့ပြီး ဗဟိုဦးစီးချုပ်ကိုင်မှုလျှော့ချခြင်း (Decentralization) ခေါင်းစဉ်နဲ့ပြောဖြစ်ခဲ့တယ် ...။ ကျွန်တော်တို့နိုင်ငံမှာ အရင်ကရှိခဲ့တဲ့ ဗဟိုကနေအရာရာကိုချုပ်ကိုင်တဲ့ စနစ်ကနေ အခုတော့ ဗဟိုဖြစ်တဲ့အုပ်ချုပ်ရေးက အခြားမဏ္ဍိင်တွေနဲ့ တပြေးညီဖြစ်သွားတဲ့ ဒီမိုကရေစီစနစ်ကို ပြောင်းသွားပြီဆိုတဲ့အကြောင်း၊ အဲဒီ့စနစ်မှာ မဏ္ဍိင်တွေရဲ့ အပြန်အလှန် စောင့်ကြည့်၊ ချိန်ညှိမှု (Raciprocal check & balance) သိပ်ကိုအရေးကြီးတဲ့အကြောင်း မဏ္ဍိင်တစ်ခုက အခြားတစ်ခုကို ပစ်ထားလို့မရတဲ့ အကြောင်း၊ အထူးသဖြင့် အဓိက မဏ္ဍိင်ဖြစ်တဲ့ ပြည်သူလူထုက အခြားမဏ္ဍိင်တွေကို ပစ်မထားပဲ အားကောင်းကောင်းနဲ့ ချိတ်ဆက်ထား သင့်ကြောင်းတွေ ပြောဖြစ်ပါတယ် ...။ အားလုံးက စိတ်ဝင်တစားနဲ့ နားထောင်တဲ့ အပြင်မေးခွန်းတွေနဲ့ မေးမြန်းဆွေးနွေးကြတဲ့အတွက် ၀မ်းမြောက်ဝမ်းသာဖြစ်ရပါတယ် ...။ ဒုတိယနေ့မှာတော့ ကျွန်တော်တို့သူငယ်ချင်းတွေ စုပြီးတိုင်ပင်ထားကြတဲ့ အိုင်တီနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ၀ိုင်းလုပ်ကြမယ် အဖွဲ့အစည်းလေးအကြောင်းနဲ့ လုပ်ဖို့ရည်ရွယ်ထားတဲ့ လုပ်ငန်းစဉ်လေးတွေ အကြောင်းကို ဆွေးနွေးဖြစ်ခဲ့ပြီး ... တက်ရောက်လာကြတဲ့သူတွေထဲက ပူးပေါင်းပါဝင်ချင်ကြတဲ့သူတွေကို ဖိတ်ခေါ်ခဲ့တဲ့အခါမှာ လူငယ်တော်တော်များများက အားတက် သရောနဲ့ စိတ်ဝင်တစားစာရင်းပေးကြတာကို တွေ့ရပါတယ်။ ရှေ့ဆက်လုပ်မယ့် နည်းပညာပြန့်ပွားရေး လုပ်ငန်းတွေအတွက် အားတက်ရသလို ... လူငယ်တွေရဲ့ တိုင်းပြည်ကိုတိုးတက်စေချင်တဲ့ စိတ်ထားနဲ့ ပညာကိုမျှဝေချင်ကြတဲ့ စေတနာတွေ ကို  တွေ့လိုက်ရတဲ့အတွက်လဲ ... အင်မတန်ကိုကြည်နူးကျေနပ်ရပါတယ် ...။
 အရင်နှစ်တွေတုန်းက ရန်ကုန်ဘားကမ့်မှာ အိုင်တီနဲ့ဆိုင်တဲ့ခေါင်းစဉ်တွေ ပဲများတယ်လို့ ပြောတာ ကြားရပေမယ့် အခုနှစ်မှာတော့ အိုင်တီနယ်နဲ့မဆိုင်တဲ့ အခြားသောခေါင်းစဉ်လေးတွေ ( ဥပမာ ။ မြန်မာ့စစ်တုရင်၊ လွှတ်တော်တွင် အိုင်တီနှင့်ပတ်သက်ပြီး ကျွန်တော်(တို့)ပြောဆိုဆွေးနွေးစေချင်တဲ့ အကြောင်းများ၊ ဆိုက်ကား ) ကိုတွေ့ရပါတယ်။ မန္တလေးမှာတော့ အိုင်တီနဲ့မဆိုင်တဲ့ နယ်ပယ်က ၀င်ပြောတာတွေပိုများတာကိုတွေ့ရပါတယ်။ ဒါကလည်း ကျွန်တော်တို့တွေရဲ့ သတင်းပေးမှုအားနည်း တာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ Barcamp ဆိုတာ နည်းပညာဆိုင်ရာ ဘာသာရပ်တွေကိုပဲ ပြောဆိုဆွေးနွေးတဲ့နေရာမဟုတ်ဘူး၊ ဘယ်လိုကဏ္ဍမျိုး မဆို ကိုယ်ကလည်းမျှဝေဖို့ အဆင်သင့်ဖြစ်မယ် နားထောင်ချင်တဲ့သူတွေကလည်း စိတ်ဝင်စားကြမယ် ဆိုရင် ကိုယ်သိထားသမျှ၊ တတ်ထားသမျှတွေကို ပြောဆိုဆွေးနွေးနိုင်၊ မျှဝေနိုင်တဲ့နေရာလေးဖြစ်တယ် ဆိုတာကို ဒီ့ထက်ပိုပြီးလူသိအောင် ကျွန်တော်တို့လုပ်နိုင်မယ်ဆိုရင် နောက်နောင်နှစ်တွေမှာ ကဏ္ဍစုံပါဝင်ဆွေးနွေးကြတဲ့ ပွဲလေးဖြစ်လာပြီး ပိုပြီး စည်စည်ကားကားလေးဖြစ်လာမယ်ထင်ပါတယ်။ ကျွန်တော်လဲ အပြင်ပြန်ရောက်လာပြီဆိုတော့ နောက်နှစ် Barcamp ပွဲလေးတွေမှာ ဒီထက်ပိုပြီး ၀ိုင်းလုပ်ပေးနိုင်ဖို့မျှော်လင့်ရပါတယ်...။
ဒီနှစ်ရန်ကုန်ဘားကမ့်ရဲ့ထူးခြားချက်ကတော့ ဖွင့်ပွဲအခမ်းအနားကို အန်တီကိုယ်တိုင်လာပြီး ဖွင့်ပေးသွားတဲ့အချက်ပါ ...။ အန်တီလာပြီးဖွင့်ပေးသွားတဲ့အချက်အပေါ် အခြားသူတွေ ဘယ်လိုသဘောထား သလဲတော့မသိပါဘူး ။ ကျွန်တော်ရဲ့အမြင်ကတော့ ဦးစီးကျင်းပသူတွေ၊ စီစဉ်သူတွေအနေနဲ့ ပိုပြီးတာဝန်ကြီး သွားတယ်လို့ မြင်ပါတယ်။ အန်တီ 2012 Barcamp Yangon ဖွင့်ပွဲအခမ်းအနားမှာပြောသွားတဲ့ မိန့်ခွန်းကို ကြည့်မယ်ဆိုရင် အန်တီ့အနေနဲ့ ဒီလိုလွတ်လပ်မှုကို အသားပေးတဲ့ ပွဲမျိုးလေးကို အလွန်စိတ်ဝင်စားပြီး ၊ အများကြီးလဲ မျှော်လင့်တယ်ဆိုတာ သိသာပါတယ် ...။  ဒါကြောင့် ကျွန်တော်တို့တွေ ပိုပြီးတာဝန်ကြီး သွားတယ်လို့ပြောတာပါ။ အန်တီကဖွင့်ပေးသွားခဲ့ပြီး နောက်ပိုင်းမှာ ဖြစ်ချင်တိုင်းဖြစ်နေမယ်ဆိုရင် အလကားပါပဲ ...။ ဒီလိုပြောလို့ ဒီနှစ်ရန်ကုန်ဘားကမ့်ပွဲဟာ မအောင်မြင်ဘူးလို့ ကျွန်တော်မဆိုလိုပါဘူး ...။ အောင်မြင်ပါတယ် ...။ ဒါပေမယ့် ပြောစရာတွေ၊ လိုအပ်တာတွေ၊ ဒီထက်ပိုပြီး တိုးတက်အောင်လုပ်လို့ ရတာတွေ ရှိနေပါတယ်။ ပြောစရာတွေများစွာထဲကမှ အဓိကအချက်ကတော့ အင်တာနက်မရခြင်းပါပဲ ... အိုင်တီသမားတွေ ဦးစီးကျင်းပတဲ့ အိုင်တီပွဲကြီးဖြစ်ပြီး အင်တာနက်သုံးမရတာဟာ စိတ်ပျက်စရာပါ ...။ ကြော်ငြာတွေမှာတုန်းက ဘယ်သူမဆို Free internet access ရမယ်လို့ ကြေငြာထားပြီး တကယ့်လက်တွေ့မှာ မီဒီယာကော်နာကလူတွေတောင် ပုံတွေအလျှင်မီအောင် မတင်နိုင်တာ ဆိုးပါတယ် ...။ နောက်တစ်ခုက လူများပြီးပွဲမစည်တဲ့ကိစ္စပါ ...။ organiser တင် ၅၀ ကျော်တယ်လို့သိရပါတယ် ...။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်လဲမသိ၊ organiser နဲ့ volunteer တွေကလည်း အချိတ်အဆက်မမိ၊ ဘယ်သူက ဘယ်မှာ တာဝန်ရှိတယ်ဆိုတာမျိုးလဲ သေချာမရှိပဲ ... mis-management  သဘောမျိုးလေးတွေ အများကြီး တွေ့ရပါတယ် ...။ နောက်ပြီး တာဝန်တစ်ခုကိုသေချာထမ်းဆောင်နေကြသူတွေရှိပေမယ့် ... ဟိုယောင်ဒီယောင်တွေများနေသလားလို့ပါ ...။ ဒါကလည်း မလိုအပ်ပဲ လူများနေတော့ သူလုပ်နိုးနိုး ငါလုပ်နိုးနိုးနဲ့  ဟာကုန်တဲ့သဘောတွေပါ ...။ organizer တွေထဲမှာ လူငယ်တွေများတဲ့ အတွက် ဖြစ်လာတဲ့ ပြသနာတွေကိုဖြေရှင်းတဲ့နေရာမှာ ... စမတ်ကျကျမရှင်းတတ်ပဲ ... မလိုအပ်တဲ့ conflict လေးတွေဖြစ် လာတာကို တွေ့ရပါတယ် ...။ ကျွန်တော်က အပြင်လူတစ်ယောက်အနေနဲ့ အားလုံးရဲ့ ဝေဖန်ချက်တွေကို လိုက်နားထောင်နေတော့ ... ပြုပြင်စရာ၊ သတိထားစရာလေးတွေကို အများကြီးကြားခဲ့ရပါတယ် ...။ အကျီတွေ လွယ်လွယ်ထုတ်မရတာကအစ၊ Registration လုပ်တာကို Online နဲ့ Offline ခွဲခြားဆက်ဆံတာအဆုံးပေါ့ ...။
တကယ်တမ်းကျတော့ ဘားကမ့်ပွဲဆိုတာ တက်ရောက်လာသူတွေထဲက မည်သူမဆိုဟာ  ဦးဆောင်ဆွေးနွေးဟောပြောသူ ဖြစ်နိုင်သလိုပဲ ၊ နားထောင်လေ့လာသူလဲ ဖြစ်နိုင်ပါတယ် ...။ ဒါကြောင့် တစ်ခုခုကို ဦးဆောင်ဆွေးနွေးမယ်ဆိုရင်လဲ ကိုယ့် Topic ကိုလူစိတ်ဝင်စားအောင် တင်ပြဆွေးနွေးနိုင်ဖို့အတွက် သေသေချာချာလေ့လာ ပြင်ဆင်ထားသင့်သလို၊ အခြားသူတွေပြောတာ ကို နားထောင်လေ့လာတဲ့အခါမှာလဲ အထူးအာရုံစိုက်ပြီး  သေချာနားထောင်လေ့လာ သင့်ပါတယ်။ ပြောတဲ့နေရာမှာလဲ သေချာပြင်ဆင်မှုမရှိ၊ ကိုယ်တကယ်ပိုင်နိုင်တဲ့ Topicကိုလဲမရွေးချယ် ၊ နားထောင်တဲ့အခါမှာလဲ ဟိုအခန်းခဏသွား ၊ ဒီအခန်းခဏသွားလုပ်နေပြီး ထိုင်နားထောင်နေတဲ့ အခါတွေမှာ သေချာအာရုံစိုက်မှုမရှိဘူးဆိုရင်တော့ ဘာမှမရပဲ ခြေညောင်းအချိန်ကုန်တာပဲ အဖတ်တင်ပါလိမ့်မယ် ...။ နောက်ပိုင်းနှစ်တွေမှာ ဒီ့ထက်ဒီ့ထက်ပိုပြီး ထိရောက်စည်ကားတဲ့ Barcamp ပွဲတွေကိုဆက်လက်ပြီးကျင်းပနိုင်ဖို့ ကျွန်တော်တတ်နိုင်တဲ့ ဘက်က ပါဝင်ကူညီဖို့ စိတ်ကူးမိပြီး ... စာဖတ်သူညီငယ်ညီမငယ်တွေကိုလဲ ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်လိုပါတယ် ...။

နေဘုန်းလတ်
www.nayphonelatt.com

 ဖူးငုံ(Teen)မဂ္ဂဇင်း မတ်လထုတ်မှာရေးဖြစ်ခဲ့တဲ့ စာမူလေးပါ ။     ။

Sunday, March 4, 2012

ဒီလမ်းမကြီးမှာ ...


ဒီလမ်းမကြီးမှာ…
ဖြူးနေလိုက်ပုံက… တစ်နံတစ်လျား
ထ,နေတဲ့ တံလျှပ်တွေကြားမှာ
မာယာတွေက ပုန်းလျှိုးကွယ်ဝှက်
ကက်ဆက်ထဲက အဆိုတော်ကလည်း
အပြင်ကို ခုန်ပေါက်ထွက်လုမတတ်အော်လို့
အရှိန်ဘယ်လောက် ရှိပြီလဲ
တစ်နာရီ ဘယ်နှစ်မိုင်နှုန်းလဲ
ဘယ်သူမှ လာမေးမနေတဲ့အကြောင်းအရာတွေ
ဘာဖြစ်လို့ တွေးနေမလဲ
ဘရိတ်ဆိုတာကို ခဏမေ့ထား
ကလပ်ဆိုတာကိုလဲ ခေါင်းထဲက ထုတ်ထား
အမြင့်ဆုံးဂီယာကို ထိုး
လီဗာကို တိုး တိုးနင်းရင်း ဒိုးနေရုံ…
ဒီလမ်းမကြီးရဲ့အဆုံးမှာ မြို့တစ်မြို့ရှိတယ်
ဒီလမ်းဆုံးရင် ဒီမြို့ကိုရောက်မယ်
ဒါက… လူတိုင်းသိတဲ့ မလွဲနိုင်သော သေချာမှု
လမ်းတွေတိုင်းဟာ…
ဦးတည်ရာမြို့တွေဆီကိုပဲ ရောက်ခဲ့ကြသလား
မလိုအပ်တဲ့ မေးခွန်းအတွက်
ဦးနှောက်စားမခံနဲ့
ဘီးတွေ တစ်မိနစ်ကို ဘယ်နှစ်ပတ်လည်နေပြီလဲ
စပီဒိုမီတာက နံပါတ်ဘယ်လောက်ကို ပြနေပြီလဲ
ကားက… ဘယ်ခရီးကို ဦးတည်ပြီး
ဆိုက်ရောက်ရာအရပ်ဆီ ဘယ်လောက်နီးလာနေပြီလဲ
ဒါတွေလဲ ခေါက်ထားလိုက်
နင်းသလောက် ပြေးပြီး
ပြေးသလောက် ငြိမ့်နေရင်ပြီးတာပဲ
. . .
. . . .
. . . . .
“ဖောင်း”
အဲဒီအသံကို ကြားပြီးပြီးချင်းပဲ
ဝုန်းဒိုင်းကြဲသွားတဲ့ ဖြစ်စဉ်တွေထဲမှာ
သီချင်းသံ တိတ်သွားတယ်
ကားက လမ်းမပေါ် ကန့်လန့်ကြီး လိမ့်တယ်
အော်သံ… မြည်သံ… လမ်းခြောက်သံ
တိတ်ဆိတ်မှုထဲ သောသောညံသွားတယ်
ဝါးပြီး ထွေးထုတ်ခံလိုက်ရတဲ့ ပီကေလို
လုံးချေပြီး လွှင့်ပစ်ခံလိုက်ရတဲ့ စာရွက်လို
တုံးလုံးလဲနေတဲ့ ကားရဲ့ဘီးတွေက
ဘယ်ဆီကို ဆက်မောင်းနေမှန်းမသိ
တ၀ှီးဝှီး လည်မြဲလည်လို့
ယဲ့ယဲ့လေး ကျန်တော့တဲ့ ၀င်သက်ထွက်သက်ကို
ခဲခဲယဉ်းယဉ်း
အလုအယက် ရှိုက်သွင်းနေတုန်း
ဝိုင်းပြောနေကြတဲ့ အသံသဲ့သဲ့ကို ကြားလိုက်တယ်
“ဒီလမ်းမကြီးကို
ငါတို့ရဲ့ သွေး၊ ချွေး၊ အသက်တွေနဲ့
ရင်းပြီး ခင်းခဲ့ကြတယ်ဆိုတာ
မင်းကို သိစေချင်လို့ပါ…” တဲ့
နောက်ဆုံးထွက်သက်နဲ့တပြိုင်နက်
လည်နေတဲ့ ကားဘီးတွေ
တုံ့ကနဲ ရပ်သွားတယ်…။
07.09.2011 (Wednesday)

အထဲမှာနေတုန်း ... နေပြည်တော်သွားလမ်းမကြီးမှာ 

ကားတွေမှောက်ကြ၊ သေကြတဲ့အကြောင်းတွေဖတ်အပြီး ရေးဖြစ်ခဲ့တဲ့ ကဗျာလေးပါ ...။

Thursday, February 23, 2012

ကစားပွဲ

တစ်ခါတစ်ခါကျတော့ကျွန်တော်ကလည်းခက်တယ်။ ကမ္ဘာကြီးလုံးနေတာ၊ သံသရာ ဆိုတာကြီး လည် နေတာ ….ပြီးတော့ …. အရာရာဟာ စက်ဝိုင်းပုံသဏ္ဍန်ဆက်စပ်နေကြတာ။ အဲဒီ့ သဘောတရား တွေက  သူ့ဖာသာနေရင် အကောင်းသား ။အခုတော့ အဲဒီ့သကောင့်သားကို ကျွန်တော့်ရှေ့ အခန့်သား ရောက်နေအောင် ပို့လိုက်ကြတယ်။ တစ်နေ့… ကျွန်တော် တစ်ယောက်တည်း သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ဖို့ ကော်ဖီဆိုင်မှာ ထိုင်စောင့်နေတုန်း….ခေတ် စကားနဲ့ ပြောရရင် တော့ ….အဲဒီမှာ စတွေ့တာပေါ့ဗျာ။ရုပ်ကလည်း ဆိုးရတဲ့ ကြားထဲ သူ့သွားကြဲကြဲ ကြီးတွေကို လာဖြဲပြနေသေးတယ်။မျက်ရည်မကျပဲ နဲ့ ငိုပြနေတဲ့ မျက်နှာက ကြည့်ရတာဘယ်လိုမှ မလှဘူး။

“ခင်ဗျားဘယ်သူလဲ….ဘာလို့ ကျွန်တော့်ရှေ့လာပြီး ငိုပြနေရတာလဲ…”

“အာ….ငါမင်းကို ငိုပြနေတာမဟုတ်ဘူး…ပြုံးပြနှုဆက်နေတာဟ….”

“ဗျာ…”

အပြုံး…တဲ့ ကျွန်တော့်စိတ်ဓါတ်တွေတဘုံးဘုံးကျသွားသံကို နားနဲ့ ဆက်ဆက်ကြား လိုက်ရ သလိုလို…။ အပြုံးတစ်ပွင့်ရဲ့ အလှနဲ့ပတ်သက်တဲ့ သံသယတွေက ကျွန်တော့်မသိစိတ်ထဲကို ကသောကမြောဝင်လာကြပြီး…အဖြေ တစ်စုံတစ်ရာမှမရှိပဲ ပြန်ထွက်သွားကြတယ်။ ကျွန်တော်လည်း သူ့ကို  လူမှုရေး အရ ပြန်ပြုံးပြလိုက်တယ်။ သူ့အတွက်တော့ လှမယ် မထင်ဘူး..။ အလှဘာသာ ဗေဒကို သူနဲ့ ကျွန်တော်က မတူညီတဲ့ သင်ရိုးညွှန်းတန်းတွေနဲ့ ကိုယ်စီ ကိုယ်စီ ကြေငြာနေကြတာထင်ရဲ့။

“တွေ့ရတာဝမ်းသာပါတယ်ဗျာ…ဒါနဲ့…ခင်ဗျားဘယ်သူဘယ်ဝါဆိုတာ  ကျွန်တော့်ကို မပြောရသေးဘူးနော်…”

“သြော်…အေး…ဟုတ်သားပဲ၊ငါက …မကောင်းဆိုးဝါးကွ…မင်းနဲ့ ကစား ဖို့ အလှည့်ကျလို့ ရောက်လာတာ….”

“ဗျာ…”

နှစ်ခါရှိပြီ … ကျွန်တော်တအံ့တသြနဲ့ ‘ဗျာ’ နေရတာ။ မကောင်းဆိုးဝါးတဲ့… ကစားမလို့တဲ့…. ကိုယ့်ဘာသာ  အေးအေးဆေးဆေးနေနေတာကို …တခြားသူ တွေဆီသွားပါတော့လား မကောင်းဆိုးဝါးရယ်….။

“တစ်ခြားသူတွေဆီသွားလို့မရဘူးကွ…သံသရာဆိုတာရှိတယ်၊ အဲဒီ သံသရာ ထဲမှာ မင်းရဲ့ကံကြမ္မာ ကလည်းလည်နေတယ်။ မင်းကံကြမ္မာထဲမှ ငါကလည်း ရှောင်လွဲလို့မရတဲ့ တစ်ခုသောနေရာကနေ ပါနေရတယ်။ဒါကြောင့်ပါ…ကဲ….ကဲ …မကစားဘူးလို့ မငြင်းနဲ့…ဘာလုပ်တန်းကစားကြမလဲ ဆိုတာကိုပဲ…စဉ်းစား …ဟုတ်ပြီလား…”

ကျွန်တော်ဖွင့်ပြောတာမဟုတ်ပဲနဲ့ သူကကြားတယ်…ဘာကောင်လဲဟ… ဒီကောင်မကောင်းဆိုးဝါး ဆိုတာကိုတော့ရုပ်မြင်ကတည်းက သိပါတယ်။ဒါပေမယ့်  အဲဒီလောက်ဆိုးဝါးလိမ့်မယ်လို့တော့ မထင်ခဲ့ရိုးအမှန်။ အဲဒါကြောင့်ပြောတာပေါ့။ တစ်ခါတစ်ခါကျတော့လည်း လောကကြီးက ခက်တယ်လို့….။

“ခင်ဗျားကလည်း ဇွတ်ကြီးပဲ…ငယ်ငယ်တုန်းကလို ကစားမလား….နားမလားလို့တောင် မမေးရတော့ ဘူးလားဗျ…”

“ငါ ကနားနေတာကြာပြီကွ…ခုမှ အလှည့်ကျလို့ထွက်လာရတာ…”

“အင်”

ဘယ်လိုမှလည်း ဖျောင်းဖျလို့မရပါလားနော်….။ရုပ်ရှင်ရိုက်နေတာမဟုတ် တော့ “ကဒ်”လို့ အော်မယ့် ဒါရိုက်တာက မရှိ…အိပ်မက်မက်နေတာမဟုတ်တော့ “ထ….ထ”လို့ လာနှိုးမယ့်လူက မရှိနဲ့ … အဲဒါပေါ့….ဒုက္ခနဲ့ လှလှတွေ့တယ်ဆိုတာ။အင်း …ဒီမကောင်းဆိုးဝါးနဲ့ မကစား လို့မရတာတော့ သေချာသွားပြီ…ဒါပေမယ့်….ဘယ်လိုကစားနည်းမျိုးကစားမလဲ ဆိုတာ ကို ရွေးချယ်ခွင့်၇ှိနေလို့တော်သေးရဲ့…။

“ကြာတယ်ဟေ့….မြန်မြန်ပြော…ငါလည်းစောင့်ရတာမောလာပြီ”

အေးအေးဆေးဆေးထိုင်စောင့်နေရတာများ မောလို့တယ်ဗျာ…။မကြီးပဲ နဲ့ များ တော်တော်ကျယ်တဲ့ မကောင်းဆိုးဝါး။

“ဟေ့…ဟေ့..င့ါဘာသာ မကြီးပဲနဲ့ ကျယ်ကျယ် မင်းအပူမပါဘူး…. စဉ်းစားစရာ ရှိတာ မြန်မြန်စဉ်းစား ကြာတယ်….။”

“ရော…ဒီမကောင်းဆိုးဝါးနဲ့တော့ ခက်ပြီ…။စိတ်ကူးနဲ့တောင်မပြစ်မှားရဲပါ လားနော်…အရေးထဲမှ အကြံကလည်း ဘယ်လိုမှထုပ်လို့ မရဖြစ်နေတယ်။စဉ်းစားစမ်းပါအုံးဟ…။ရှုံးမယ့်အတူတူ ဦးနှောက်လည်း မစား သက်လည်းသက်သာမယ့် ကစားနည်း မျိုးကို မြန်မြန်စဉ်းစားစမ်းပါ….။အဲ… ဟုတ်ပြီ ….”

“ဖြောင်း….”(လက်ခုတ်တီးသံ)

“ဟ…ဘာတုန်းဟ…လန့်သွားတာပဲ။”

“အကြံရပြီ…ခင်ဗျားနဲ့ ကျွန်တော် တူတူပုန်းတန်းကစားမယ်…”

ကျွန်တော်က အဲသလိုပြောလိုက်တော့ မကောင်းဆိုးဝါးက ရုတ်တရက် မျက်နှာတစ်ခုလုံး ထော်သွားတယ်။ပြီးတော့ ကျွန်တော့် ကို သနားသလိုကြည့် တယ်။

“တူတူပုန်းတန်း ကစားမယ် …ဟုတ်လား….မင်းက ငါရှာလို့မတွေ့အောင် ဘယ်လိုများ ပုန်းနိုင်မှာမို့ လို့လဲ….ဥာဏ်ကြီးးရှင်ရယ်…စဉ်းစားပြီးတော့ သောက် တလွဲလုပ်တာ မင်းလိုလူမျိုးပဲ ….ကဲ…ကဲ… ဆုံးဖြတ် ပြီးရင်လည်း ကစားပွဲလေး စလိုက် ကြဆို့…”

”ရှုံးမယ့် အတူတူတော့ သက်သာတဲ့ကစားနည်းပဲ ရွေးရတာပေါ့ ဗျာ….လုပ်….ခင်ဗျား.. မျက်စိမှိတ်…ကျွန်တော်ပုန်းမယ်…ခင်ဗျား ကျွန်တော့်ကို မတွေ့အောင်ရှာ…ဒါပဲ….”

ပထမတော့ မကောင်းဆိုးဝါးက “အေး..အေး…”ဆိုပြီး မျက်စိမှိတ်တယ်…။ ခဏနေတော့ ကျွန်တော့် စကားကို သေချာ ပြန်စဉ်းစားမိပြီး…

”ဘာကွ….ဘာလို့ မတွေ့အောင် ရှာရမှာလဲ…ရှာမှတော့ တွေ့အောင်ရှာမှာပေါ့…ဟေ့ ကောင် လူလည်မကျနဲ့….ဒီလိုလှိမ့်လုံးတွေ ရိုးလွန်းအားကြီးလို့တောင် သိုးတောင်သိုးနေပြီ။”

တော်တော်လည်တဲ့ မကောင်းဆိုးဝါး …ဘယ်လိုမှကို ပတ်လို့မရပါလား … ဒါနဲ့ ကျွန်တော်လည်း ပုန်းဖို့နေရာကိုပဲ ရှာရတော့တယ်။မကြီးမငယ်နဲ့ တူတူ ပုန်းတိုင်းကစားရတယ်လို့ ကိုယ့်ကိုယ်ကို လည်း ရယ်ချင်တယ်။ ဒီကောင်က မကောင်းဆိုးဝါးဆိုတော့အောက်လမ်းတွေလည်းတက်မှာ ဆိုတော့ကား ဘယ်လိုပုန်းပုန်းပြန်မိမှာသေချာတယ်။ဒါနဲ့ ကျွန်တော်လည်း ထွေထွေထူးထူး စဉ်းစားမနေတော့ပဲ …အသက်အောက်ပြီး သူ့ရဲ့ နောက်နားမှာ ကပ်ရပ်နေလိုက်တော့တယ်။

“ ၅…၁၀…၁၅….၂၀…၂၅………၁၀၀ တူပြီလား…။”

“၅…၁၀…၁၅….၂၀…၂၅………၁၀၀ တူပြီလား…။တူတူ…မတူတူ…. လိုက်ပြီဟေ့…”

ပထမတော့ သူ..ခေါင်းကုတ်ပြီး ဟိုရှာဒီရှာလုပ်တယ်။ ကျွန်တော်က လည်း သူသွားလေရာကို အသက်ကို ခိုးခိုးရှူပြီးလိုက်တယ်။သိပ်မကြာပါဘူး…။ သူ..ရိပ်မိသွားတယ်။ရုတ်တရက် ရပ်တန့်စဉ်းစားနေရင်းက နောက်ကို ဆက်ကနဲလှည့်ပြီး….။

“၀ါး ….”

အောင်မလေးဗျ…လန့်လိုက်တာ ဖြည်းဖြည်းလုပ်ပါ….

“ဟား…ဟား…ဟား….ဟား….”

“မလန့်ပါနဲ့ ဗိုလ်အောင်ဒင်ရယ်….မမြ၀င်းခြင်ထောင်ထောင်တာ ကလေးသိပ်မလို့ပါ….”

“အာ…ရွံစရာကြီးဗျာ….ဘာတွေလာပြောနေတာလဲ…ရုပ်ကြမ်းကြီးနဲ့ လာနွဲ့နေပြန်ပြီ….”

“မင်း…စိတ်ပြေလက်ပျောက်ဖြစ်အောင်စတာပါကွာ….ကဲ…ကဲ…ငါ တစ်ပွဲနိုင်သွားပြီ…အခု ငါ..ပုန်းအလှည့် ….မင်းတွေ့အောင်ရှာပေတော့…. မတွေ့လို့ကတော့ ၂ ဂိုး …ဂိုးမရှိနဲ့ ဂိုးပြတ်ပဲ…”

“တူပြီလား….”ဘာသံမှမကြားဘူး…။

ကျွန်တော် နောက်ထပ်တစ်ခါ ထပ်မံရည်တွက်တယ်။နောက်ထပ်၁၀၀ ပြည့်သွားတယ်။

“တူပြီလား…”ဘာသံမှမကြားပြန်ဘူး…။ကျွန်တော်မျက်စိဖွင့်လိုက်တယ်။ ပတ်ဝန်းကျင်တစ်ခွင်ဟာ တိတ်ဆိတ်ငြိမ်သက် ….နာရီလက်သံတစ်ချက်ချက် ပြန်ကြားနေရတယ်။ဒီမကောင်းဆိုးဝါးကို ဘယ်လိုတွေ့အောင် ရှာရမလဲ ။မလွယ်ဘူး..။ဘယ်လိုမှမလွယ်ဘူး။အင်း …မတွေ့ ရင် တော့ နောက်တစ်ပွဲ ထပ်ရှုံးရအုံးမယ်။တွေ့ရင်တော့ နိုင်ပြီ။သူတစ်ပွဲ…ကိုယ်တစ်ပွဲ …ကျွန်တော့် စိတ် တွေ ရှုပ်ရှက်ခက် လွန်ဆွဲနေကြတယ်။အတွေးထဲမှာ အရာရာ ဝေေ၀၀ါးဝါး အနိုင် ၊အရှုံး …မကောင်းဆိုးဝါး…တူပြီလား….။ အနိုင် ၊အရှုံး…မကောင်းဆိုးဝါး… တူပြီလား….။ အဲဒီ ဝေေ၀၀ါးဝါးအတွေးတွေကြားထဲက သေချာမှုအပိုင်းအစတွေကို ကျွန်တော် ကတိမ်းကပါး လိုက်ဖမ်း နေမိတယ်။ ရုတ်တရက်…အလင်းတစ်ချက် လက်….။ ထားလိုက်ပါတော့လေ…..။ ရှုံးချင်လည်း ….ရှုံးပါစေတော့ …ကျွန်တော်ပြုံး မိတယ်။မကောင်းဆိုးဝါးက တစ်နေရာမှာ ပုန်းလို့ကောင်းတုန်း….ပြီးတော့ …သူ့ကို ကျွန်တော် ရှာမတွေ့နိုင်လို့ဆိုပြီး …သူနိုင်ပြီဆိုပြီး …ပျော်လို့ကောင်း တုန်း…။

အဲဒီလိုနဲ့…ကျွန်တော့်ဘာသာကျွန်တော် နှစ်ကာလတွေကို ဖြတ်ကျော်ခဲ့တယ်….။ခင်ဗျားတို့ကိုလည်း ပြောထားရအုံးမယ်။အခန့်မသင့်လို့ များ ကျွန်တော့်ကို ပုန်းနေတဲ့ မကောင်းဆိုးဝါးကို ခင်ဗျားတို့များ တွေ့ခဲ့ရင် သူ့ကို ကျွန်တော် လိုက်ရှာနေတယ်ဆိုတဲ့ အကြောင်းလေး ပြောပေးကြပါ။ ကျွန်တော့်ကို နိုင်နေတယ်ဆိုတဲ့ ခံစားမှုနဲ့ သူပျော်နေပါစေဗျာ….။

ရယ်စရာ( ယခု- ပြုံးစရာ) မဂ္ဂဇင်းထဲမှာ ဘုန်းဦးမော်နာမည်နဲ့ ရေးခဲ့တဲ့ ၀တ္ထုတိုလေးပါ ...။

Monday, February 20, 2012

“မင်းသား… လက်ခုပ်သံများနဲ့ ကိုယ်ဝင်ကြည့်ခဲ့တဲ့ ဇာတ်ပွဲ”


အချိန်က အနက်တစ်ရောင်တည်းကို မြင်နေရလောက်အောင် မှောင်နေတာလဲ မဟုတ်။ ဒါပေမယ့် ညီရင်းအစ်ကိုတွေတောင် ခွန်းကြီးခွန်းငယ် ပြောဟယ် ဆိုဟယ်၊ အော်ဟယ် ဟစ်ဟယ် ဖြစ်နေကြ တာကို ထောက်ပြီး ညီအစ်ကို မသိတသိ အချိန်ပဲလို့ စိတ်ထဲမှာ မှတ်ထားလိုက်တယ်။ နေက ၀င်သွား တာလား… ထွက် မလာသေးတာလား… အလင်းရောင်က အမှောင်ဘက်ဆီ ကူးနေတာလား… အလင်းဘက်ဆီ ရွေ့နေတာလား…။ သေချာတာကတော့ ဘာဆိုဘာမှ မရေရာသေးဘူးဆိုတာပဲ…။ ပွဲခင်းထဲမှာ လူမစုံသေးပေမယ့် ပွဲကတော့ စတော့မယ်…။ ၀န်းကျင်ရဲ့ မှုန်မှိုင်းရီဝေမှုနဲ့အတူ လူတိုင်းရဲ့ မျက်နှာတွေပေါ်မှာလဲ မအီမလည် ခံစားမှုတစ်ခုက တွဲခိုလို့…။ နောက်ကျတော့ ဇာတ်ရုံ ရဲ့  နောက်နား မှာပဲ နေရာလို့ မဆိုသာတဲ့ နေရာတစ်ခုကို ရတယ်။ ခြေနှစ်ချောင်း ချရရုံ… ဇာတ်စင်ကို လှမ်းမြင်နေ ရရုံ…။ မြင်နေရတယ် ဆိုပေမယ့် အလှမ်းနည်းနည်းဝေးသလို ဇာတ်စင်နဲ့ ကိုယ်နဲ့ကြားက လူအတိပြီးတဲ့ အဆီးအတားကလဲ နည်းနည်းကြီးတယ်။ ဘာမှ မတတ်နိုင်ခြင်းတွေကို ခဏတာ ကြိတ်မှိတ်မြိုချပြီး ဘာမှန်းမသိလိုက်မှာစိုးတဲ့ စိတ်နဲ့ ကိုယ် ဇာတ်စင်ကို အားစိုက်ပြီး ကြည့်နေမိတယ်။ 

အပြင်အဆင် အခြယ်အသတွေက အစိမ်းရောင် နည်းနည်းကဲပေမယ့် အေးချမ်းငြိမ်သက်တဲ့ စိမ်းလန်းတောအုပ်တစ်ခုနဲ့တော့ တူမနေဘူး…။ ရာသီဥတုကြောင့်ပဲ လူတွေ ပူနေတာလား… လူတွေကြောင့်ပဲ ရာသီဥတုက ပူနေရတာလား ဆိုတာကလဲ မကွဲပြားဘူး…။ ဇာတ်စင်ပတ်ပတ်လည်မှာ ရှိတဲ့ အဲယားကွန်းတွေက လေအေးတွေကို တဟူးဟူး မှုတ်ထုတ်ပေးနေကြတာ အငွေ့တထောင်းထောင်း ထလို့…။ လူတွေက ပူလောင်နေကြပေမယ့် အဲယားကွန်းတွေရဲ့ အကူအညီနဲ့ အိုက်စပ်နေကြပုံတော့ မရဘူး…။ 

“………………………………………………………………………” 

“ဖြောင်း…..ဖြောင်း…..ဖြောင်း…..ဖြောင်း…..ဖြောင်း…..ဖြောင်း……….” 

ဘာပြောလိုက်မှန်း မသိတဲ့ စကားတစ်ခွန်းကို လက်ခုပ်သံတွေက လွှမ်းသွားတယ်။ လက်ခုပ်မတီးမိတဲ့ ကိုယ့်ကို ဘေးနားကလူက ဘုရှိုးလှမ်းရှိုးတယ်။ သူ့အကြည့်ကို သိသိကြီးနဲ့ မသိချင်ယောင်  ဆောင်နေလိုက် ရတယ်။ စင်နောက်ကနေ ခေါင်းပေါင်းတလူလူ ပေါင်းပြီး ပုဆိုးစလေး မ,ကာ.. မ,ကာနဲ့ ထွက်လာတဲ့သူရဲ့ ဟန်ပန်အမူအရာကို ကြည့်ပြီး ဒါ မင်းသားပဲလို့ မှန်းလိုက်တယ်။ အဲဒီတော့မှ ခုနက မင်းသားနာမည်  ကြော်ငြာလို့  လက်ခုပ်ဝိုင်းတီးကြမှန်း ကိုယ် သဘောပေါက်တော့တယ်။ 

“ကြွရောက်လာကြတဲ့ ဧည့်ပရိသတ်အပေါင်းတို့… မင်္ဂလာအပေါင်းနဲ့ ခညောင်းကြစေဖို့ ဦးစွာပထမ ဆုတောင်းမေတ္တာ ပို့သကြောင်းပါ ခင်ဗျား…”  

စကားလုံးတွေက ပီသရုံတင်မက အသံလေးကလဲ ချိုလို့ မြလို့…။ အသံလေး ချိုမြရုံ မကသေးဘူး… လက်အုပ်ကလေးချီပြီး ပရိသတ်ကို ကွေးညွတ်ဂါရ၀ ပြုနေပုံကလဲ တကယ့်ကို ခခယယ…။ ပရိသတ်ကြီးရဲ့ နှလုံးသည်းပွတ်တွေ တစ်ချီတည်းနဲ့ ကြွေဆင်းသွားမလား မှတ်ရရဲ့…။ နည်းနည်း စိတ်ဝင်စားသွားတာနဲ့ ကိုယ် လူအုပ်ကြီးထဲကို ရသလောက် ရသလောက်နဲ့ နည်းနည်း နည်းနည်းဆီ တိုးသွားရင်း ဇာတ်စင်နားရောက်အောင် ကြိုးစားနေမိတယ်။ မင်းသားလေးက တစ်ခွန်းပြောလိုက်… လက်ခုပ်သံတွေ စီကနဲ ညံသွားလိုက်… ဟိုနားဒီနားက လက်ခေါက်မှုတ်သံတွေ ရွှီးကနဲ ရွှီးကနဲ ထွက်လာလိုက်နဲ့… ကိုယ် ခန္ဓာကိုယ်တစ်ခုလုံးပါ မကဘူး… နားထဲမှာပါ ပူစပ်ပူလောင် ဖြစ်လာတယ်…။ ကိုယ် တတိတိ တိုးနေပေမယ့်လဲ ဇာတ်စင်နဲ့က ဝေးသထက် ဝေးနေတုန်း…။ အဲဒီအချိန်မှာပဲ ပွဲကျနေတဲ့ ပရိသတ်ကို ဇာတ်မင်းသားက သီချင်းတစ်ပုဒ် စဆိုပြီး ထိန်းလိုက်တယ်။ သီချင်းသံ စထွက်လာချိန်မှာ သြဘာပေးသံတွေ ဝေါကနဲ တစ်ချက် ဆူညံသွားပေမယ့် ခဏနေတော့ အားလုံး ငြိမ်ကျသွားတယ်။ ဆူဝေပေါက်ကွဲထွက်လာတဲ့ ပတ်မကြီးသံက ခန့်ညားနေပြီးသား သီချင်းသံကို ပိုပြီး ခမ်းနားသွားစေတယ်။ မင်းသားရဲ့ ပီပြင်ကြည်မြတဲ့ အသံကလဲ မြူးကြွကြွ ဟန်ပန်အနုအလှတွေနဲ့ ပေါင်းလိုက်တဲ့အခါ တကယ့်ကို ပန်းလေးတစ်ပွင့် သီချင်းလေး တဆိုဆိုနဲ့ ပွင့်အာလာသလိုတောင် ထင်ရရဲ့…။ သီချင်းတစ်ပုဒ်ဆိုလိုက်… ပြီးတော့… ခြေ၊ လက်၊ ခန္ဓာရဲ့ အချိုးအဆစ်တွေကို ကွေးညွတ်ဆစ်ချိုးပြီး ရွှင်မြူးကခုန်လိုက်နဲ့…။ ပရိသတ်ခမျာ… ပင့်သက်တွေ တဖြာဖြာနဲ့ အနုအရွ အလှတို့ရဲ့ ဖမ်းစားမှုမှာ စီးမျောပျော်ရွှင်နေကြပုံများ အတိုင်အဖောက်ကို ညီလို့…။ ဆိုလိုက်၊ ကလိုက်၊ ကလိုက်၊ ဆိုလိုက်၊ စကားလေးတွေ ပြောလိုက်၊ ပရိသတ် လက်ခုပ်သံ တနေဲ့ဖြာင်းဖြောင်းကို ငြိမ်သက်ခံယူလိုက်နဲ့… လူရွှင်တော်မပါဘဲမင်းသား တစ်ယောက် တည်းနဲ့  ထိန်းထားလိုက်တာ အချိန်တွေသာ ကြာသွားတယ်… မင်းသားကတော့ မောတယ် ပန်းတယ်လို့ မရှိ…။ ကိုယ်လဲ လူအုပ်ကြီးကြားထဲ တိုးသထက် တိုးလာရင်း ဇာတ်စင်နဲ့ နီးသထက် နီးလာတယ်… ဒါမှမဟုတ် နီးသထက် နီးလာတယ်လို့ ထင်ရတယ်။ ဆိုတဲ့သီချင်းရဲ့ စာသားလေးတွေက  ကောင်းလိုက်တာ…။  လက်ချောင်းလေးတွေ ဆစ်ချိုးကပြသွားတာကလဲ လှလိုက်တာ…။ ကိရိယာ အကူမပါဘဲ လွှားကနဲ လွှားကနဲ ခုန်ပေါက်ဂျွမ်းထိုး သွားတာကလဲ ပေါ့ပါးသွက်လက်လွန်းလိုက်တာ…။ ဒါမှ တို့မင်းသားကွ… ဒါမှ တို့မင်းသားကွ ဆိုတဲ့ ချီးမွမ်းမြှောက်ပင့်သံတွေ များစွာက ပရိသတ်တွေကြားမှာ တီးတိုး တီးတိုးနဲ့ သောသောညံနေတော့တယ်။ အားလုံး ၀ိုင်းချီးမွမ်းရလောက်အောင်ပဲ မင်းသားက တော်လွန်းပါတယ်။ ဒါကို ကိုယ်လဲ မျက်မြင် မြင်နေရတာပဲလေ…။ ဒါပေမယ့် ဇာတ်စင်နဲ့ နည်းနည်းတော့ လှမ်းနေသေးတယ်။ ဒီလောက်တော်တဲ့ မင်းသားကို ကိုယ် အနီးကပ်တော့ သေသေချာချာ ကြည့်ချင်သေးတယ်။ အဲဒီအတွေးနဲ့ ရှေ့မှာကာနေတဲ့ လူအုပ်ကြပ်ကြပ်ထဲကို ကိုယ် အားနည်းနည်းစိုက်ပြီး တိုးဝင်လိုက်တယ်။ သိပ်မတိုးလိုက်ရဘူး… ကိုယ့်ရဲ့ရှေ့မှာ စီတန်းပြီး ပိတ်ထားတဲ့ သံဆူးကြိုးတန်းတွေနဲ့ ဆုံလိုက်ရတယ်။ ဒီနေရာမှာ ပရိသတ်ရဲ့နေရာက ဆုံးနေပြီ။ ဒါပေမယ့် ဇာတ်စင်နဲ့က လှမ်းမြဲလှမ်းနေတုန်း….။ ပရိသတ်နဲ့ ဇာတ်စင်ကြီးနဲ့ကြားမှာ ဟင်းလင်းပြင်တစ်ခုက ပြောင်စပ်စပ်နဲ့ ခြားမြဲခြားနေတုန်း…။ ကိုယ် သံဆူးကြိုးတွေ ကို ကျော်ဖြတ်ပြီး အတင်းဝင်မယ်လုပ်တော့ ဇာတ်ပွဲစီစဉ်သူတွေ ကိုယ့်ကို လာတားတယ်…။ ဒီနေရာ ကနေပဲ ကြည့်ခွင့်ရှိတယ် တဲ့…။ မင်းသားက ဘယ်နှစ်ပုဒ်မြောက်မှန်း မသိတဲ့ သီချင်းနောက်တစ်ပုဒ်ကို ထပ်ဆိုနေပြီ…။ ပြီးတော့ မမောနိုင် မပမ်းနိုင် ထပ်မံ ကခုန်နေပြန်ပြီ…။ ကိုယ့်မှာသာ ချွေးသံ တရွှဲရွှဲနဲ့ ရှေ့ဆက်တိုးခွင့် မရတော့လို့ စိတ်အလိုမကျ ဖြစ်နေရတယ်။ မတတ်နိုင်ခြင်းတွေကို ထပ်မံမြိုချလိုက်ရပြန်တယ်။ ကိုယ့်ဘေးပတ်ပတ်လည်က ပရိသတ်ထဲကို ကြည့်တော့လဲ အေးရာအေးကြောင်းနဲ့ မင်းသားရဲ့ ခြေအကြွ၊ လက်အလှ၊ ပုဆိုးအမတွေကို ရင်သပ်ရှုမော ကြည့်မ၀ ငေးမ၀ ဖြစ်နေကြသူတွေက ခပ်များများ ဖြစ်နေတယ်။ မင်းသား ကတာ လှပါတယ်၊ မင်းသား ဆိုတာ ကောင်းပါတယ်၊ မင်းသား ပြောနေတဲ့ စကားတွေကလဲ ပရိသတ်အကြိုက်တွေပါပဲ…။ ဒါပေမယ့် ကိုယ့်စိတ်ထဲမှာ ဇာတ်ခုံရဲ့ အခင်းအကျင်းနဲ့ ပတ်သက်ပြီး ဘ၀င်မကျ ဖြစ်နေမိတယ်…။ ဘာလုပ်ရရင် ကောင်းမလဲ…။ နောက်ဆုံး ဘယ်လိုမှ ကြံရာမရတော့မှပဲ ကိုယ့်အိပ်ကပ်ထဲက မျက်မှန်အသစ်ကလေးကို သတိရတော့တယ်…။ လိုလိုမယ်မယ် ပါဝါသွားတိုးထားတဲ့ မျက်မှန်လေးပေါ့…။ ကမ္ဘာမှာ ပါဝါအမာ၊ ပါဝါအပျော့တွေအပြင် စမတ်ပါဝါဆိုတာပါ ထပ်ပေါ်လာနေပြီဆိုတော့ ကိုယ်ကလဲ ကိုယ့်ရဲ့မျက်မှန်လေးကို ခေတ်နဲ့အမီ ပါဝါတွေ လိုက်တိုးထားရတာလေ…။ ကိုယ် အဲဒီမျက်မှန်လေးကို ထုတ်တပ်လိုက်တယ်…။ကိုယ့်ရှေ့မှာအကွာအဝေးတစ်ခုက သိသိသာသာ  ခြား ထားသေးပေမယ့်  မြင်နေရတဲ့ မြင်ကွင်းက အရင်ကထက် ပိုပြီး ပြတ်သားသွားတယ်…။ 

“မြို့မေတ္တာ ခံယူမယ့် သားပါမို့ … မိဘများက ချစ်အားပိုတယ်…..”

 သီချင်းသံ ပီပီသသကို နားနဲ့ဆတ်ဆတ် ကြားနေရပေမယ့် မျက်စိရှေ့မှာ မြင်နေရတဲ့ မင်းသားရဲ့ ပါးစပ်က တုတ်တုတ်မှ မလှုပ်တာ မြင်လိုက်ရတယ်…။ အမြင်အာရုံကို ဒီထက်ပို စူးစိုက်ပြီး ဇာတ်စင်ရဲ့ ဟိုဟိုဒီဒီ မျက်စိကစားကြည့်တော့ ဇာတ်စင်ရဲ့ အနောက်ဘက် ထောင့်တစ်နေရာမှာ မဲမဲအရာတစ်ခု ကို မြင်လိုက် ရတယ်။ ကက်ဆက်နဲ့ ဆောင်းဘောက်စ်…။ သြော်.. သီချင်းဖွင့်ထားတာပဲ…။ တစ်ခုခုကို တဖြည်းဖြည်း နားလည်လာသလို ရှိတာနဲ့ ကိုယ့်ရဲ့အကြည့်တွေကို မင်းသားဆီ ပြန်ပို့လိုက်တယ်။ မင်းသားကတော့ ပရိသတ် သေချာမမြင်ရတဲ့ အကွာအဝေးမှာ ပြေးလွှားခုန်ပေါက် ကပြ အသုံးတော်ခံနေတုန်း…။

“ဟာ………..” 

မသေချာမှာစိုးလို့ မျက်မှန်ကို ချွတ်ပြီး အင်္ကျီစနဲ့ သေသေချာချာ သုတ်လိုက်တယ်။ ပြီးမှ ပြန်တပ်ပြီး နောက်ထပ်တစ်ခါ ထပ်ကြည့်လိုက်တယ်။ ကိုယ့်ရဲ့ အမြင်အာရုံက မလွဲပါဘူး…။ လွဲနေတာက မင်းသားပါ…။ မင်းသားရဲ့ ခြေ၊ လက်၊ ခေါင်း၊ ခါးနဲ့ ကိုယ် နေရာအစုံကို ချိတ်ဆွဲလှုပ်ရှားပေးနေတဲ့ ကြိုးမျှင်စလေးတွေကို ပြတ်ပြတ်ထင်ထင်ပဲ မြင်လိုက်ရတယ်။ အံ့သြသွားခဲ့သင့်ပေမယ့် ကိုယ် အံ့အားမသင့်ခဲ့ဘူး…။ မင်းသားက ကကြိုးကို အဆုံးသတ်တော့မယ်။ ဆိုင်းသံက ပိုပြီး မြိုင်ဆိုင်လာတယ်။ ကကြိုးကကွက်တွေကလဲ ရင်သပ်ရှုမောဖွယ်  မြန်ဆန်သွက်လက် လာတယ်။ ကိုယ့်အတွက်တော့ ကြိုးတွေပါ မြင်နေရတဲ့အတွက် ရယ်စရာကြီး ဖြစ်နေတယ်။ ပတ်မကြီးရဲ့ ၀ုန်းကနဲ အချသံနဲ့အတူ မင်းသားက ဖြုတ်ကနဲ ပုံကျသွားပြီး ကကြိုးကို အဆုံးသတ်လိုက်တယ်။ တိုက်တိုက်ဆိုင်ဆိုင်… ကိုယ်ရှိရာဘက်ကို မျက်နှာလှည့်လို့…။ အဲဒါကြောင့်လဲ ကိုယ်က အသေအချာ ကို မြင်လိုက်ရတယ်။ မင်းသားရဲ့ အသက်မဲ့တဲ့ မျက်နှာအသေ…။ 

“ဝေး ….. ရွှီး ….. ဖြောင်း ….. ဖြောင်း ….. ဖြောင်း …..”

“ဟေး… ဒါမှ တို့မင်းသားကွ…..” 

“နောက်တစ်ပုဒ် ကပါဦး… နောက်တစ်ပုဒ်… နောက်တစ်ပုဒ်…” 

ဆူညံပွက်လောရိုက်နေတဲ့ အော်သံတွေကို ထားခဲ့ပြီး ကိုယ် ဇာတ်ရုံထဲကနေ လှည့်ပြန်ခဲ့တယ်။ ဘာအတွက်မှန်း မသိတဲ့ လက်ခုပ်သံတွေက ကိုယ့်နားထဲကနေ ပြန်လျှံထွက်ကျလာတယ်။ ဒီဇာတ်ပွဲကို သွားကြည့်မိခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် နင့်နင့်သီးသီးကို ပြန်အားနာနေမိတယ်။ မင်းသားရဲ့အနုအရွ၊ အလှအပတွေမှာ မိန်းမူးပြီး ကိုယ် လက်ခုပ်များ တီးမိခဲ့သေးလား…။ ကိုယ်ကိုယ်တိုင်လဲ  ဝေခွဲမရ  ဖြစ်နေတယ်။ အခြားသူတွေ အားလုံးကိုပါ ပြောပြချင်ပေမယ့် မပြောဖြစ်ခဲ့တဲ့ စကားတစ်ခွန်းကို ကိုယ်တစ်ယောက်တည်း ကြားရရုံ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောဖြစ်ခဲ့တယ်။

 “ကိုယ်အားပေးမယ့် မင်းသားဟာ ရုပ်သေးရုပ် မဖြစ်ဖို့တော့ လိုမယ်… နို့မို့ဆို လက်ခုပ်သံတွေ နှမြောဖို့ ကောင်းပါတယ်…” လို့….။ 


 နေဘုန်းလတ်