Pages

Wednesday, July 18, 2007

`၁၉ ဂျူလိုင်´




`၁၉ ဂျူလိုင်´

အဲဒီ့နေ့က …

တိမ်တွေက မိုးစက်တွေခြွေ

ထစ်ချုန်းမိုးတွေ စွေနေချိန်မှာ

မြေပြင်ထက်က ကြယ်တစ်ပွင့်

ကောင်းကင်ပေါ် ကြွေလွင့်သွားတယ် …။

အဲဒီ့နေ့က …

ပြည်သူတို့ရဲ့နှလုံးသားမှာ

ဒဏ်ရာဒဏ်ချက်တို့ပြည့်နှက်

မပြည့်စုံတော့တဲ့ မနက်ဖြန်တွေအတွက်

အိပ်မက်တွေ ကွပ်မျက်ခံခဲ့ရတယ် …။

အဲဒီ့နေ့ကပေါ့ …

မျှော်လင့်ချက် တအုံတကျင်းနဲ့

ဖြူစင်လင်းချင်းခဲ့တဲ့ အနာဂတ်တစ်ခု

ကံကြမ္မာရဲ့ လှည့်စားမှုတွေကြား

အမှောင်ထုဖြစ်သွားတယ်။

ဂျူလိုင်ရဲ့နေ့စွဲများ










ဂျူလိုင်ရဲ့နေ့စွဲများ

19 July

၁၉၄၇ ဂျူလိုင်လ ၁၉ရက်

တဖွဲဖွဲရွာနေတဲ့မိုးက

ကံကြမ္မာဆိုးတစ်ခုကိုပစ်ချသွားတယ်

ဟိုးအဝေးက

ခပ်ရေးရေးလင်းနေတဲ့ရောင်စဉ်

သစ္စာဖောက်တွေလုယက်ယူငင်သွားကြတယ်

မုန်တိုင်းတွေအထပ်ထပ်ကြားမှာ

တခမ်းတနားထုဆစ်ခဲ့တဲ့

အနာဂတ်အတွက်စိတ်ကူးသစ်တွေ

မဝေရခင်မှာ ကြွေခဲ့ရတယ်

အဲဒီ့နေ့မှာ ...

မစဲပဲစွေနေတဲ့မိုး

မျှော်လင့်ခြင်းတွေကို ရိုက်ချိုးသွားတယ်။

7 July

၁၉၆၂ ဂျူလိုင်လ ၇ရက်

မိုးစက်တွေမြေပြင်ပေါ်အကျ

အနီရောင်ပြောင်းသွားကြတယ်

အဖြူရောင်ဆန္ဒတွေကို

သတ္တုကျည်ဖူးတွေနဲ့စီးတား

အဲဒီ့နေ့ဟာ ...

ရက်စက်မှုတွေနဲ့တူးခါးခဲ့တယ်

တရားမျှတမှုတို့ရဲ့အဝေးမှာ

အပြစ်မဲ့သူတို့ရဲ့သွေး

လွတ်မြောက်မှုအတွက်စတေးခဲ့ရတယ်

အဲဒီ့နေ့မှာ ...

ကျောင်းတော်ကြီးလည်းငိုရှိုက်

တက္ကသိုလ်နယ်မြေတစ်ခုလုံး မှောင်မိုက်သွားတယ်။

July

ဂျူလိုင်ရေ ...

မင်းရဲ့စာမျက်နှာတွေပေါ်မှာ

အခါခါရေးမှတ်ခဲ့ရတဲ့

နေ့ဆိုးတို့ရဲ့သမိုင်းကိုချိုးဖျက်

ငါတို့ရဲ့နှလုံးသွေးစက်တွေနဲ့

နေ့စွဲသစ်တစ်ခုကို

ရေးထိုးအဆုံးသတ်ကြမယ်။

Monday, July 16, 2007

နောက်ဆုံးမဟုတ်တဲ့ အဆုံး

နောက်ဆုံးမဟုတ်တဲ့ အဆုံး ...

လှည့်ပတ်နေတဲ့သွေးတွေ ရပ်တန့်သွားတယ်
လှုပ်ရှားနေတဲ့အစိတ်အပိုင်းတွေ ငြိမ်သက်သွားကြတယ် …
နေခွင့်မရှိတော့တဲ့အိမ်က ထွက်လာရသလိုမျိုး
ဖြေရှင်းခွင့်မရှိပဲ ရှေ့ဆက်တိုးရတယ် …
မပြတ်နိုင်တဲ့ကြိုးတွေက
ဘ၀တစ်ခုရဲ့အဆုံးသတ်ကို
အခြားဘ၀တစ်ခုရဲ့အစမှတ်နဲ့ ဆက်ပေးတယ် …
ယူလာလို့မရတာတွေကို ထားခဲ့ပြီး
ထားခဲ့လို့မရတာတွေကို ယူခဲ့ရတယ် …
ပြီးခဲ့ပြီပဲ …
လက်မခံချင်သူတွေ
လက်မခံနိုင်သူတွေကို
ကံကြမ္မာက
အဲဒီ့ အဘိဓမ္မာတစ်ခု ဖွင့်ပြတယ် …
မျက်ရည်ကျသူကကျ
မျက်လွှာချသူကချ
အဲဒီ့အခိုက်အတန့်လေးမှာတော့
သေခြင်းတရားဆိုတာကို … သတိရကြရဲ့ …။

Saturday, July 14, 2007

ဗုဒ္ဓနှင့်စံပြခေါင်းဆောင်မှု (လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ က ခေါင်းဆောင်မှု)

ဇူလိုင်လထုတ် စံပယ်ဖြူမဂ္ဂဇင်းမှာ နေဘုန်းလတ်ဆိုတဲ့နာမည်နဲ့မဟုတ်ပဲ အခြားနာမည်တစ်ခုနဲ့ ဖော်ပြခြင်းခံခဲ့ရတဲ့ ဆောင်းပါးလေး တစ်ပုဒ်ပါ။ သံလွင်အိပ်မက်မှာလဲ ဖော်ပြခဲ့ဖူးပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားရဲ့ သံဃာ့အဖွဲ့အစည်း ကို အကောင်းဆုံး ခေါင်းဆောင်မှုပေးခဲ့ပုံတွေကို လူငယ်တစ်ယောက်ရဲ့အတွေးနဲ့ ရိုးရိုးလေးရေးခဲ့တာပါ။ ဒီဆောင်းပါးလေးကို ရေးဖြစ်စေခဲ့တဲ့ အကြောင်းအရင်းက ဒီလိုပါ …။ ကျွန်တော်စင်ကာပူမှာရှိနေတုန်း ကျွန်တော်၊ ဇင်ကိုလတ်၊ ကိုငယ်တို့နေကြတဲ့ အိမ်ကို သံလွင်အိပ်မက်အတွက်ဆိုပြီး စာအိတ်တစ်အိတ်ရောက်လာပါတယ်။ စာမူပို့တာပါ။ အဲဒီံစာအိတ်ထဲမှာက သံလွင်အိပ်မက်အနေနဲ့ ဗုဒ္ဓဘာသာတွေဖြစ်တာကြောင့် ဘာသာရေးနဲ့ပတ်သက်ပြီး ထည့်သင့်တဲ့အကြောင်း တွေကို နိဒါန်းပျိုးထားပြီး ဘာသာရေးနဲ့ ပတ်သက်တဲ့ စာမူနှစ်ပုဒ်ကိုပို့ထားပါတယ်။ အဆင်ပြေရင် သုံးမယ်လို့စဉ်းစားပေမယ့် ကျွန်တော်တို့တွေမကြိုက်တာကြောင့် ၊ နောက်ပြီး သံလွင်အိပ်မက်ရဲ့ လမ်းကြောင်းနဲ့ နဲနဲသွေဖယ်နေတာကြောင့် မသုံးဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် သံလွင်အိပ်မက်မှာ ဘာသာရေးနဲ့ ပတ်သက်တဲ့အကြောင်းကိုထည့်သင့်တယ်ဆိုတဲ့ သူတို့ရဲ့ဆန္ဒကိုလေးစားသောအားဖြင့် ဘာသာရေးဆိုင်ရာ စာမူတစ်ပုဒ် ထည့်ကြဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီ့အချိန်မှာ ကျွန်တော်ကလည်း ၀ဏ္ဏသီရီရေးသားပြုစုသည့် ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်းကို ဖတ်နေတဲ့အချိန်နဲ့တိုက်ဆိုင် နေတာကြောင့် အားလုံးက `မင်းရေးလိုက်ကွာ´ ဆိုပြီး ၀ိုင်းပြောကြတာနဲ့ … ရေးဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ အမှန်အတိုင်းပြောရရင် သံလွင်အိပ်မက်ဟာ လူငယ်တွေအတွက် အဓိက ရည်ရွယ်ခဲ့တာကြောင့် ဗုဒ္ဓမြတ်စွာဘုရားရဲ့ ခေါင်းဆောင်မှုစွမ်းရည်ကိုပဲ ဦးတည်ပြီးရေးမယ်လို့ ကျွန်တော်ဆုံးဖြတ်ပြီး ဒီဆောင်းပါးလေးကို အဲဒီလိုပုံစံလေးအတိုင်းရေးဖြစ်ခဲ့ပါတယ်။ လူငယ်တစ်ယောက်က ရေးထားတဲ့ ဘာသာရေးနဲ့ပတ်သက်တဲ့စာ ဖြစ်တာကြောင့် အမှားအယွင်းတစုံတရာရှိခဲ့ရင် ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုသာဖြစ်ကြောင်းနဲ့ … ကျွန်တော်ရေးခဲ့တဲ့စကားလုံးတိုင်း အတွက် ကျွန်တော်လုံးဝ တာဝန်ယူ ပါကြောင်း ...။



ဗုဒ္ဓနှင့်စံပြခေါင်းဆောင်မှု (လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ က ခေါင်းဆောင်မှု)

ကျွန်တော် စာစဖတ်စအရွယ်မှာ အိမ်အနီးအနားပတ်ဝန်းကျင်ကစာအုပ်အငှားဆိုင်လေးတွေနဲ့ ကျွန့်တော့်အဖိုးရဲ့ စာအုပ်စင်ကြီးဟာ ကျွန်တော့်အတွက် အဖိုးမဖြတ်နိုင်တဲ့စာပေဗိမာန်ကြီး တွေလိုဖြစ်ခဲ့ပါတယ်။ စာအုပ်အငှားဆိုင်လေးတွေ ကတော့ ကာတွန်းတွေ၊ ပုံပြင်လေးတွေ နဲ့ စာတိုပေစလေးတွေကိုဖတ်ရပြီး၊ အဖိုးရဲ့စာအုပ်စင်ကြီးကနေတော့ ဗုဒ္ဓစာပေတွေကို အဓိကဖတ်ခဲ့ရပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အတွေးအခေါ် မြင့်မားလှတဲ့ ဗုဒ္ဓဒဿနတွေကိုဖတ်ပြီး မဖြစ်စလောက်ဦးနှောက်နဲ့ ဝေဖန်ရေးတွေလုပ်မိလို့လည်း အဖိုးဆူတာကို ခဏခဏခံခဲ့ရဖူးပါတယ်။ အဲဒီလို အဖိုးနဲ့ အဖိုးရဲ့စာအုပ်စင်ကြီးတို့ ကျေးဇူးကြောင့်ပဲ ကျွန်တော်ဟာ ဗုဒ္ဓဘာသာကို မိရိုးဖလာ ယုံကြည်ကိုးကွယ်တယ်ဆိုတဲ့ အဆင့်ထက် ကျော်ပြီး နားလည်သဘောပေါက်ခွင့်ရခဲ့ပြီး တရားတော်တွေရဲ့ လမ်းပြသွန်သင်မှုကို အတိုင်းအတာတစ်ခုအထိ ခံယူနိုင်ခဲ့ပါတယ်။ လူငယ်တစ်ယောက်ပီပီ လောကုတ္တရာ ဘက်ကိုဦးစားပေးတဲ့ ၀ိပဿနာလိုင်းကို သိပ်မလိုက်စား မိပေမယ့်၊ လောကီလူ့ဘ၀မှာ တရားတော်နဲ့အညီ ဘယ်လို ကျင့်ကြံပြုမူ ပြောဆိုနေထိုင်သင့်တယ်ဆိုတာတွေကို အဓိကလေ့လာဖြစ်ခဲ့ပါတယ်။ နောက်ပြီး တပည့်သံဃာတော်ပေါင်း အထောင် အသောင်းအသိန်းရှိတဲ့ သံဃာ့အဖွဲ့အစည်းကြီးတစ်ခုကို အောင်အောင်မြင်မြင်နဲ့ တည်ထောင်ဖွဲ့စည်းပြီး အဓွန့်ရှည်အောင် ထိန်းသိမ်းအုပ်ချုပ် ဦးဆောင်နိုင်ခဲ့တဲ့ ဗုဒ္ဓမြတ်စွာဘုရားကို အနှိုင်းမဲ့ စံပြခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ် မြင်လာခဲ့ရာကနေ ဂေါတမဗုဒ္ဓရဲ့ သံဃာ အဖွဲ့အစည်းကြီးကို ဘယ်လိုဘယ်ပုံ စီမံအုပ်ချုပ်ခဲ့တယ်ဆိုတာကိုသာ ကျွန်တော်တို့တွေ စံနမူနာယူနိုင်ခဲ့မယ်ဆိုရင် လောကလူ့အဖွဲ့အစည်းကြီး ကိုလည်း အောင်မြင်ပြည့်ဝတဲ့ခေါင်းဆောင်မှုတွေ ပေးနိုင်မှာသေချာတယ်လို့လဲ တွေးမိခဲ့ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားဟာ ဘုရားစဖြစ်တဲ့ အချိန်ကစပြီး ပရိနိဗ္ဗာန်စံတော်မူတဲ့အချိန်အထိ ၀ါတော်၄၅၀ါပတ်လုံးမှာ ဗုဒ္ဓသာသနာတော် ပြန့်ပွားစည်ပင်ရေးအတွက် သံဃာတော် အမြောက်အများပါဝင်တဲ့ သံဃာအဖွဲ့အစည်းကြီးကို ဘယ်ပုံဘယ်နည်းနဲ့ စီမံခန့်ခွဲတော်မူခဲ့တယ် ဆိုတာကို ကျွန်တော်တို့လေ့လာသုံးသပ်ရင်း လောကီ့လူ့အဖွဲ့အစည်းအတွက် တစ်စုံတစ်ရာသော အကျိုးကျေးဇူးတွေကို ထုတ်ယူကြည့်ကြ ရအောင်ပါ။

ဗုဒ္ဓမြတ်စွာဘုရားဟာ သံဃာ့အဖွဲ့အစည်းကြီးရဲ့ ပထမဆုံးသောအဖွဲ့ဝင်တွေလို့ဆိုရမယ့် ပဉ္စ၀ဂ္ဂီငါးပါးကို ဓမ္မစကြာတရားဦး ဟောကြားဖို့အတွက် မိဂဒါဝုန်တောကိုကြွလှမ်းတော်မူခဲ့ပါတယ်။ အဲဒီမှာ ဗုဒ္ဓက ...

``ရဟန်းတို့ ... ငါဘုရားသည် ကိလေသာအားလုံးမှ ဝေးကွာခဲ့ပြီဖြစ်၏။ မိမိအလိုကို ကိုယ်တော်တိုင် ထိုးထွင်း၍ သိခဲ့၏။ ရဟန်းတို့ နားစိုက်၍ထားကြလော့။ ငါကိုယ်တိုင် သိမြင်ပေါက်ပိုင်ထားခဲ့သော `အမတေ´ တရားကို ငါဆုံးမမည်။ ငါတရားဟောမည်။´´

လို့အမိန့်ရှိပြီး ပဉ္စ၀ဂ္ဂီငါးပါးကို တရားနာကြဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒါကို သူတို့ကသံသယတွေနဲ့ ငြင်းဆန်နေခဲ့ကြတာကြောင့် ဒုတိယအကြိမ် ထပ်မံဖိတ်ခေါ်ပြန်ပါတယ်။ အဲဒါကိုလည်းငြင်းဆန်မြဲငြင်းဆန် နေကြတာကြောင့် တတိယအကြိမ်မှာတော့ ဗုဒ္ဓက ...

``ရဟန်းတို့ ရှေးအခါများတုန်းက ငါဘုရားသည် ဤသို့သော စကားများ ပြောကြားခဲ့ဖူးပါသလား။ သင်တို့ သတိများ ထားခဲ့မိကြပါ သလား။´´ လို့မိန့်တော်မူမှ ပဉ္စ၀ဂ္ဂီရဟန်းတို့လည်း ယုံကြည်စိတ်ချ သွားကြပြီး တရားတော်ကို နာကြားခဲ့ကြပါတယ်။

ဒီနေရာမှာ ကျွန်တော်တို့ ဘာကိုသွားတွေ့ရသလဲဆိုရင် မုသားမပြောသူ တစ်ဦးရဲ့ နှုတ်ထွက်စကားဟာ သစ္စာအဖြစ်တည်တယ်ဆိုတဲ့ အချက်ပါ။ နောက်တစ်ခုက ယုံကြည်မှုတစ်ခုကနေ ဖြစ်လာတဲ့ ကြည်ညိုသဒ္ဓါစိတ်ပါ။ ပဉ္စ၀ဂ္ဂီရဟန်းတို့ဟာ ဗုဒ္ဓကို သူတို့ရဲ့ ဆရာ အဖြစ်သတ်မှတ်ပြီး ဗုဒ္ဓဟောကြားတဲ့ တရားတော်တွေကို နာယူဖို့လက်ခံခဲ့ ကြခြင်းဟာ ဗုဒ္ဓကို သူတို့ရဲ့ ဆရာတင်ထိုက်တယ်၊ ခေါင်းဆောင် တင်ထိုက်တယ်ဆိုတဲ့ စိတ်တစ်ခုဖြစ်လာလို့ပါ ...။ အဲဒီ့စိတ်ဟာ အရမ်းကို အရေးကြီးပါတယ်။ အဲဒီစိတ်ဟာ ဗုဒ္ဓသာသနာတော် ထွန်းကားစည်ပင်ဖို့အတွက် တရားတော်တွေကို လက်ဆင့်ကမ်းဆောင်ယူ ဟောကြားပေးကြမယ့် သံဃာအဖွဲ့အစည်းကြီးတစ်ခုလုံးရဲ့ သန္ဓေတည်ရာ ရေသောက်မြစ်လို့တောင် ပြောလို့ရပါတယ်။ လောကလူ့အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့လည်း ကိုယ့်ရဲ့ ဦးဆောင်မှု နောက်ကိုလိုက်မယ့် နောက်လိုက်နောက်ပါ အားလုံးရဲ့စိတ်ထဲမှာ ဒီလူဟာ ငါတို့ရဲ့ခေါင်းဆောင် ဖြစ်ထိုက်တယ်ဆိုတဲ့ ယုံကြည်စိတ်ချမှုတစ်ခုရှိနေအောင် စွမ်းဆောင်နိုင်ရပါလိမ့်မယ်။ နောက်ပြီး ဗုဒ္ဓမြတ်စွာဘုရားဟာ ပဉ္စ၀ဂ္ဂီရဟန်းတို့ကို ဓမ္မစကြာတရား ဟောကြားတဲ့နေရာမှာ ရဟန်းတို့က ဗုဒ္ဓဟောသမျှကို ဇွတ်မှိတ်ယုံကြည် လိုက်ကြတာမျိုး မဟုတ်ဘဲ အပြန်ပြန်အလှန်လှန် ဝေဖန်ဆွေးနွေး ခဲ့ကြတယ်လို့သိရပါတယ်။ အဲဒါကြောင့်လဲ အရွယ်ပမာဏအားဖြင့် အလတ်စားလောက်သာရှိတဲ့ ဓမ္မစကြာတရားတော်ကို ငါးရက်တိုင်တိုင် ဘုရားရှင်ဟောကြား တော်မူခဲ့ရခြင်း ဖြစ်ပါတယ်။ ဒါကိုနမူနာယူမယ်ဆိုရင် သုံးလောကထွတ်ထား မြတ်စွာဘုရားသခင်တောင် သစ္စာလေးပါး တရားတော်တွေနဲ့ ပတ်သက်ပြီး ဝေဖန်ဆွေးနွေး သုံးသပ်ခွင့်ပေးခဲ့တာကို ထောက်ရှုပြီး အမှားမကင်းနိုင်တဲ့ ပုထုဇဉ်လူသား ခေါင်းဆောင်တွေအနေနဲ့ ပြန်လည်ဝေဖန် ဆွေးနွေးခွင့်မပေးတဲ့ တစ်သွေးတစ်သံတစ်မိန့်ဆိုတဲ့ မူကို ဘယ်လိုမှမကျင့်သုံး ထိုက်ဘူးဆိုတာ သတိပြုသင့်ပါတယ်။

ဗုဒ္ဓမြတ်စွာဘုရားဟာ သာသနာပြုရဟန္တာပုဂ္ဂိုလ် အတော်အသင့်ရှိလာပြီးတဲ့နောက်မှာ အဆိုပါ အရှင်မြတ်တွေကို ရွာကြီး၊ ရွာငယ်၊ မြို့နယ်မရွေးဘဲ အရပ်ရပ်သောဌာနတွေဆီ ဒေသစာရီကြွချီတော်မူစေခဲ့ပြီး သာသနာ့အသိ၊ သာသနာ့အမြင်၊ သာသနာ့ယဉ်ကျေးမှုတွေကို ဖြန့်ဝေစေခဲ့ပါတယ်။ အဲဒီ ဒေသစာရီကြွချီရာ အရပ်တွေက ရဟန်းပြုလိုသူ ရှင်လောင်း၊ ရဟန်းလောင်းများကို အဆိုပါအရှင်သူမြတ်တွေက ဗုဒ္ဓမြတ်စွာ ဘုရားထံပါးကို ရဟန်းအဖြစ်ခံယူနိုင်ဖို့ ခေါ်ဆောင် လာကြရပါတယ်။ အဲဒီစနစ်ဟာ နောက်ပိုင်းတွေမှာ အချိန်ကြန့်ကြာမှုနဲ့ အဆင်မပြေမှုတွေရှိလာတာကြောင့် ဗုဒ္ဓဟာ ...

``ရဟန်းတို့ ... ယခုအခါမှစ၍ ထိုထိုသောအရပ်မျက်နှာ၊ ထိုထိုသောမြို့ရွာဇနပုဒ်တို့၌ သင်တို့ ဘာသာ ရှင်ပြုပေးကြရန်၊ ရဟန်းပြုပေးကြရန် ငါဘုရားခွင့်ပြုတော်မူ၏။ ´´

ဟု မိန့်တော်မူပြီး ရဟန်းပြုပေးပိုင်ခွင့်အာဏာတော်ကို သာဝကတွေထံ ခွဲဝေပေးခဲ့ပါတယ်။

ဒါဟာလည်း ... အဖွဲ့အစည်းတစ်ခုကို ခေါင်းဆောင်တဲ့နေရာမှာ မရှိမဖြစ်လိုအပ်တဲ့ အချက်တစ်ခုပါပဲ။ ရှိသမျှလုပ်ပိုင်ခွင့် အာဏာတွေအားလုံးကို ခေါင်းဆောင်လုပ်သူကသာ ချုပ်ကိုင်ထားမယ်ဆိုရင် အခြားမလိုလားအပ်တဲ့ ပြဿနာတွေပေါ်ပေါက်လာနိုင်ပြီး နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်လာနိုင်ပါတယ်။ လွှဲပေးလို့ရတဲ့၊ ခွဲဝေပေးလို့ရနိုင်မယ့် ကိစ္စတွေကို ယုံကြည်စိတ်ချရသူတွေဆီ လွှဲပြောင်းခွဲဝေ ပေးထားနိုင်မှလည်း အဖွဲ့အစည်းရဲ့ ပြုဖွယ်ကိစ္စအရပ်ရပ်ဟာ လစ်ဟာမှုတွေမရှိပဲ အဆင်ပြေချောမွေ့နိုင်မှာပါ။ ဒါပေမယ့် တာဝန်တစ်ရပ် လွှဲပေးဖို့အတွက် ဒီလူဟာ ဒီတာဝန်နဲ့ ထိုက်တန်တဲ့အရည်အချင်းတွေရှိရဲ့လားဆိုတာကို မစဉ်းစားဘဲ အခြားသောပုဂ္ဂိုလ်ရေး ခင်မင်မှုတွေနဲ့ လူမှုရေးတွေကို စဉ်းစားတာမျိုးတော့ မဖြစ်ဖို့လိုပါတယ်။

ဗုဒ္ဓမြတ်စွာဘုရားရဲ့လက်ဝဲတော်ရံ အဂ္ဂသာဝကဟာ ပညာအရာမှာ ဧတဒဂ်ရထားတဲ့ အရှင်သာရိပုတ္တရာဖြစ်ပြီး၊ လက်ယာတော်ရံကတော့ တန်ခိုးအရာမှာ ဧတဒဂ်ရတဲ့ အရှင်မဟာမောဂ္ဂလန်ဖြစ်ပါတယ်။ မြတ်စွာဘုရားရဲ့ အဆိုပါအဂ္ဂသာဝကနှစ်ပါးဟာ အခြားသောရာနဲ့ချီတဲ့ ရဟန်းတွေရဲ့နောက်မှ သာသနာ့ဘောင်ကို ၀င်လာခဲ့ကြတာဖြစ်ပါတယ်။ အဲဒီလို နောက်မှရောက်လာပေမယ့် နောင်မှာ အဆိုပါအဂ္ဂသာဝကကြီး နှစ်ဦးဖြစ်လာမယ့် မင်းသားနှစ်ပါး အဝေးမှလာသည်ကို မြင်ကတည်းက ဗုဒ္ဓဟာ ...

``ရဟန်းတို့ ... ရှုကြလော့။ ဥပတိဿ၊ ကောလိတတို့ သူငယ်ချင်းနှစ်ယောက်လာခဲ့ကြပြီ။ သူတို့နှစ်ယောက်သည် ငါ၏ သာဝကအစုံ ဖြစ်လာလတ္တံတည်း။ ´´

ဟုမိန့်ပြီး နောက်ပိုင်းမှာ ထိုရဟန်းနှစ်ပါးကို လက်ဝဲရံ၊ လက်ယာရံအဂ္ဂသာဝကနှစ်ပါးအဖြစ် ထားရှိခဲ့ပါတယ်။

အရည်အချင်းရှိသူကို အရည်အချင်းရှိသလို နေရာပေးတဲ့သဘောကိုတွေ့ရပါတယ်။ ဒါဟာလည်း အဖွဲ့အစည်းတစ်ခု ရေရှည်တည်တံ့ နိုင်ဖို့အတွက် အရမ်းကိုအရေးကြီးပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုဟာ အမှန်တကယ် အရည်အချင်းရှိတဲ့ သူတွေကို ဘေးဖယ်ထားပြီး သူတို့ရဲ့ စွမ်းဆောင်နိုင်မှုတွေကို လျှစ်လျှူရှုထားမယ်ဆိုရင် အဲဒီ့အဖွဲ့အစည်းရဲ့ ရေရှည်အကျိုးစီးပွားဟာ ကောင်းလာနိုင်စရာမရှိပါဘူး။ ကမ္ဘာနိုင်ငံ အရပ်ရပ်က အောင်မြင်တဲ့ခေါင်းဆောင်တိုင်းကို လေ့လာကြည့်မယ်ဆိုရင် အသီးသီးသော ကဏ္ဍတွေမှာ အကောင်းဆုံး စွမ်းဆောင်နိုင်မယ့် အသင့်တော်ဆုံးသောသူတွေကို ရွေးချယ်ခန့်ထားနိုင်ကြတာ တွေ့ရပါတယ်။ သူ့နေရာနဲ့သူ အသုံးဝင်မယ့် အရည်အချင်းရှိတဲ့သူတွေကို ရှာဖွေနေရာပေး နိုင်ခြင်းရှိ မရှိဆိုတဲ့အချက်ဟာ အဖွဲ့အစည်းတစ်ခု ရဲ့ကံကြမ္မာကို အများကြီး အကျိုးသက်ရောက် စေပါတယ်။

ဗုဒ္ဓဘုရားရှင်ဟာ သံဃာအဖွဲ့အစည်းကြီးအဓွန့်ရှည်တည်တံ့ပြီး သာသနာတော်ပြန့်ပွားရေးကို စဉ်ဆက်မပျက် ဆောင်ရွက်နိုင်ဖို့ အတွက် ၀ိနည်းပညတ်ချက်တွေကို အလျဉ်းသင့်ရင်သင့်သလို ထုတ်ပြန်ချမှတ်တော်မူခဲ့ပါတယ်။ ဒါပေမယ့် ဗုဒ္ဓမြတ်စွာဘုရားဟာ ထုတ်ပြန်ချမှတ်ထားခဲ့တဲ့ အချို့သော ပညတ်ချက်တွေကို ကာလဒေသအခြေအနေနှင့် လိုက်ပြီး လျော့လွန်းသည်များကို တင်းပေးပြီး၊ တင်းလွန်းနေသည်များကို လျော့ပေါ့ခွင့်ပေးတော်မူခဲ့တာတွေ ရှိပါတယ်။ ဒါဟာလည်း သံဃာအဖွဲ့အစည်း ကြီးရဲ့ ရေရှည်အကျိုးကို ချင့်ချိန်မျှော်တွေးပြီးလုပ်ခဲ့တာတွေပါ။ ဥပမာတစ်ခုအနေနဲ့ပြောရမယ်ဆိုရင် ဗုဒ္ဓဘုရားရှင်ဟာ ရဟန်းတို့အနေနဲ့ ဆယ်ဝါတိုင်တိုင် မိမိရဲ့ဥပဇ္ဈယ်ဆရာများထံ နိဿယည်းယူကြ၍ ဆယ်ဝါပြည့်ပြီးမှ မိမိက နိဿယည်းပြန်ပေးရန် ပညတ်တော်မူခဲ့ပါတယ်။ နောက်ပိုင်းမှာ ရဟန်းတွေဟာ အဆိုပါသိက္ခာပုဒ်ကို ပျက်မှာစိုးတဲ့အတွက် ဘုရားရှင်ဒေသစာရီ လှည့်လည်တဲ့အခါတွေမှာ လိုက်ပါဖို့ကိုငြင်းဆန်ကြပါတယ်။ အဲဒီအခါမှာ ...ဗုဒ္ဓက ...

`` ရဟန်းတို့ တတ်သိနားလည်သောရဟန်းသည် ငါးဝါမျှသာ နိဿယည်းယူ၍နေရမည်။ တတ်သိနားလည်သူ မဟုတ်လျှင်ကား ရာသက်ပန် နိဿယည်းယူ၍ နေရမည်။ ´´ ဟုမိန့်တော်မူပြီး သိက္ခာပုဒ်ကို ပြင်ဆင်တော်မူခဲ့ပါတယ်။

ဒါဟာ လူအဖွဲ့အစည်းထဲက လူသားခေါင်းဆောင်တွေနေနဲ့ အင်မတန်ကို နမူနာယူစရာကောင်းတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းတည်ထောင်ပြီး အုပ်ချုပ်တဲ့နေရာမှာ အခိုင်အမာ ဆုပ်ကိုင်ကျင့်သုံးနေရမယ့် မူဝါဒတွေရှိရမယ်ဆိုတာမှန်ပေမယ့် အခြားလိုက်နာအပ်တဲ့ စည်းမျဉ်း၊ စည်းကမ်း၊ ကျင့်ဝတ်တွေနဲ့ အခါအားလျှော်စွာ ချမှတ်တဲ့ အမိန့်ထုတ်ပြန်ချက်တွေကိုတော့ ကာလဒေသနဲ့အညီ လိုအပ်ရင်လိုအပ်သလို အလျှော့အတင်း လုပ်ပေးနိုင်ဖို့လိုပါတယ်။ ဖြစ်နေတဲ့အခြေအနေနဲ့ အချိန်အခါတွေကို အကောင်းဆုံး သုံးသပ်ပြီး လုပ်သင့်တာတစ်ခုကို ရဲရဲဝံ့ဝံ့လုပ်လိုက်ရတော့မယ့်အခါမှာ စည်းတွေ၊ ဘောင်တွေက ကိုယ့်ကိုပြန်လည်ချုပ်နှောင် နေတာမျိုးတွေ ခဏခဏဖြစ်တတ်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ ကိုယ့်ရဲ့ စိတ်နှလုံးက သန့်စင်မှုရှိ မရှိ ဆိုတဲ့အချက်က အဓိကကျသွားပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အထက်ပါဖြစ်ရပ်ကို လေ့လာကြည့်မယ်ဆိုရင် သာသနာတော်ကြီး အဓွန့်ရှည်တည်တံ့ဖို့အတွက် မိမိကိုယ်တိုင်ချမှတ်ခဲ့တဲ့ ပညတ်ချက်တွေကိုတောင် မငဲ့ကွက်ပဲ အမြဲမပျက်ပြင်ဆင်ဖြည့်စွက်နေတယ်ဆိုတဲ့ အချက်က ထင်ရှားပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုမှာလည်း ခေါင်းဆောင်တွေအနေနဲ့ အခြေအနေအရပ်ရပ်ကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် မိမိရဲ့စိတ်ထဲက အယူဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ငါစွဲ၊ အတ္တစွဲတွေကို ဖယ်ထားနိုင်ဖို့နဲ့ မိမိရဲ့စိတ်ကို ဒီလူ့အဖွဲ့အစည်းရဲ့ တိုးတက်အောင်မြင်မှု တစ်ခုတည်းကိုပဲ ရှေးရှုထားနိုင်ဖို့ ကြိုးစားကြရ ပါလိမ့်မယ်။ ဒီနေရာမှာ တစ်ခုသတိထားရမှာက သူက ငါ့အမျိုးမို့လို့၊ သူကငါ့အပေါ်ကျေးဇူးရှိလို့၊ သူကငါနဲ့ရင်းနှီးလို့ စတဲ့ လူမှုရေးဆိုင်ရာခင်မင်မှုတွေအတွက် စည်းမျဉ်း၊ စည်းကမ်း၊ ကျင့်ဝတ်၊ ဥပဒေတွေကို လိုသလို အတင်းအလျှော့ လုပ်နေတာမျိုးဖြစ်မနေဖို့ပါ။

ဗုဒ္ဓမြတ်စွာဘုရား ဘုရားဖြစ်ပြီး ၉၀ါမြောက်အချိန်မှာ မြတ်စွာဘုရားကိုယ်တော်တိုင်က

`` ရဟန်းသံဃာသည် သင်းကွဲခဲ့လေပြီတကား၊ ရဟန်းသံဃာသည် သင်းကွဲခဲ့လေပြီတကား။´´

ဟု နှစ်ကြိမ်တိုင်တိုင်ရေရွတ်တော်မူခဲ့ရတဲ့ အရေးကိစ္စတစ်ခုဖြစ်ပွားခဲ့ပါတယ်။ သုတ္တန်ဆောင်ပုဂ္ဂိုလ်ရဟန်းတစ်ပါး ကုဋီတက်ရာမှာ ရေဆေးခွက်ထဲကရေကို ကုန်အောင်မသုံးမိပဲ ရေကျန်ထားခဲ့တာကို ၀ိနည်းဆောင်ပုဂ္ဂိုလ်ရဟန်းက အာပတ်သင့် တယ်လို့အဆိုပြုရာကနေ စခဲ့တဲ့ ပြဿနာဖြစ်ပါတယ်။ တစ်ဘက်နဲ့တစ်ဘက် သူမှားတယ်၊ ငါမှန်တယ် ဝေဖန်ပြောဆိုကြရင်း ရဟန်းပရိသတ်အသီးသီး စုဆောင်းကြရာကနေ ၀စီကံမြောက်၊ ကာယကံမြောက် ခိုက်ရန်ဒေါသဖြစ်ကြတဲ့ အဆင့်အထိကို ရောက်ခဲ့ကြပါတယ်။ နောက်ဆုံး ဒေါသမာနတွေ ဖုံးလွှမ်းနေကြတဲ့ သံဃာတွေကို စကားအရာနဲ့ ဘယ်လိုမှ ပြောဆိုဆုံးမလို့ မရတော့တာကြောင့် ဗုဒ္ဓဘုရားရှင်ဟာ ဘယ်သူ့ကိုမှ အသိမပေးဘဲ သင်္ကန်းပရိက္ခရာ အစုံအလင်နဲ့ တစ်ပါးတည်း ထွက်ခွာတော်မူသွားခဲ့ပါတယ်။ အဲဒီလို ဘုရားရှင်ကို ထွက်ခွာသွားအောင်ပြုခဲ့ကြတဲ့ ရဟန်းတွေကို တကာ၊ တကာမတွေက ခရီးဦးကြိုမှုမပြုတော့ခြင်း၊ ရိုသေလေးမြတ်မှုမပြုတော့ခြင်း၊ ဆွမ်းလောင်းလှူမှုမပြုတော့ခြင်း စတဲ့အပြုအမူတွေနဲ့ ပြန်လည် ဒဏ်ခတ်ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ရဟန်းတွေလည်း သတိသံဝေဂ ရသွားကြပြီး ဘုရားရှင်ကို ပြန်လည်ပင့်ဆောင် ပေးဖို့ အရှင်အာနန္ဒာ ကို လျှောက်ထားတောင်းပန်ကြရပါတော့တယ်။ အဲဒီမှာ အရှင်အာနန္ဒာလဲ ဘုရားရှင်ကိုပြန်လည် ပင့်ဆောင်ဖို့အတွက် အဖော်ရဟန်းတွေနဲ့ အတူ ပါလိလေယျက တောအုပ်ကို ထွက်ခွာလာခဲ့ပါတယ်။ ပါလိလေယျတောအုပ်မှာ မြတ်စွာဘုရားက အရှင်အာနန္ဒာနဲ့ အဖော်ရဟန်းတွေကို အောက်ပါအတိုင်း ဟောကြားတော်မူခဲ့ပါတယ်။

``ရဟန်းတို့ ... အဖော်မမှီး တစ်ကိုယ်တည်းနေခြင်းသည်မြတ်၏။ လူမိုက်အပေါင်း ထောင်သောင်းမကရှိသော်လည်း ပေါင်းသင်း ထိုက်သူတစ်ယောက်မျှမရှိပေ။ နက်လှစွာသော တောကြီးအလယ်၌ စွယ်စုံဆင်ပြောင်ကြီးသည် စိတ်လွတ်ကိုယ်လွတ်ကျက်စားနေဘိသကဲ့သို့ အဖော်မမှီး တစ်ပါးတည်းနေရာ၏။ မပြုထိုက်သော ဒုစရိုက်အမှုများကိုလည်း မိမိစိတ်ကို ပြုချင်လာအောင် သွေးဆောင်နှိုးဆော်မှု မပြုသော အားဖြင့် ရှောင်ကြဉ်ရာ၏။ ´´

လောကလူ့အဖွဲ့အစည်းမှာလည်း တခါတခါ အဲဒီလိုအဖြစ်မျိုးတွေ ကြုံရနိုင်ပါတယ်။ ကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့ ကိုယ့်ရဲ့အဖွဲ့အစည်း အ၀န်းအ၀ိုင်းအတွင်းမှာ လူဆိုးလူမိုက်တွေ ထောင်သောင်းမကရှိနေပြီး ပေါင်းသင်းထိုက်သူ တစ်ဦးတစ်ယောက်မှ မရှိဘဲ ကိုယ်ကလည်း ဘယ်လိုမှ နားချဖျောင်းဖြပေးလို့ မရနိုင်တော့တာသေချာရင် အဲဒီ့အရပ်ကနေ အနှေးနဲ့ အမြန်စွန့်ခွာကျောခိုင်းဖို့ပဲ စဉ်းစားကြရမှာ ဖြစ်ပါတယ်။ ကိုယ့်စိတ်ကို မကောင်းမှုတွေက သွေးဆောင်နှိုးဆော် လာခြင်း မဖြစ်ရအောင် ဝေးဝေးကရှောင်ကြဉ်သင့်ပါတယ်။ နောက်ပြီး မကောင်းမှုပြုသူ တွေကို ဘယ်လိုမှပြောဆိုဆုံးမလို့ မရတော့တဲ့အခါ ဥပေက္ခာတရားနဲ့ လူ့အဖွဲ့အစည်းထဲကနေ တညီတညွတ်တည်း ခဏတာဖယ်ထုတ်ထား လိုက်ခြင်းဟာ သူတို့ကိုပေးနိုင်တဲ့ အကောင်းဆုံးသင်ခန်းစာတစ်ခုပါပဲ။

နောက်ပိုင်းမှာ အဆိုပါရဟန်းတွေက သူတို့ရဲ့အမှားကို ဆင်ခြင်သိမြင်ကြပြီး ၀န်ချတောင်းပန်တဲ့အခါမှာ ဗုဒ္ဓက ကရုဏာတော်မပျက်ဘဲ ခွင့်လွှတ်တော်မူခဲ့ပါတယ်။ ဒီအချက်ဟာလည်း အဖွဲ့အစည်းတစ်ခုအတွက် အရမ်းအရေးကြီးတဲ့ လိုအပ်ချက်တစ်ခုပါပဲ။ အမှားပြင်ဆင်ခွင့်နဲ့ နောက်ထပ်တစ်ခါ ထပ်ကြိုးစားပိုင်ခွင့်တွေဟာ အမှားမကင်းနိုင်တဲ့ လူသားတွေနေတဲ့ လူ့အဖွဲ့အစည်းတစ်ခုအတွက် မရှိမဖြစ်ကိုလိုအပ်ပါတယ်။ `မမှားသောရှေ့နေ၊ မသေသောဆေးသမား´ ဆိုတဲ့ စကားအတိုင်းပါပဲ ... မှားမိခြင်းဟာ ပြုပြင်လို့မရနိုင်တဲ့ အပြစ်အနာအဆာမဟုတ်ပါဘူး။ မှားယွင်းမှုတွေမှာ သာယာပြီး ပြင်ဆင်ဖို့စိတ်ကူး မရှိတော့တာမျိုးကသာ လူ့အဖွဲ့အစည်းတစ်ခုအနေနဲ့ ခွင့်မပြုသင့်တဲ့ အနေအထားတစ်ခု ဖြစ်ပါတယ်။

ဗုဒ္ဓမြတ်စွာဘုရားဟာ ၄၅၀ါပတ်လုံး သာသနာ့ရောင်စဉ်ကို အစဉ်ထွန်းလင်းစေမယ့် သံဃာ့အဖွဲ့အစည်းကြီးတစ်ခုကို အောင်အောင်မြင်မြင်နဲ့ ဖွဲ့စည်းအုပ်ချုပ်ပျိုးထောင်တော်မူနိုင်ခဲ့ပါတယ်။ မူဝါဒတွေ၊ ပညတ်ချက်တွေ၊ သိက္ခာပုဒ်တွေ၊ ပြုဖွယ်ဝတ္တရားတွေစတဲ့ အမျိုးမျိုးသော စည်းအကွပ်တွေနဲ့ သံဃာ့အဖွဲ့အစည်းကြီးတစ်ခုလုံးကို စုစည်းကျစ်လျစ်နေအောင် ခေါင်းဆောင်တော်မူနိုင်ခဲ့ပါတယ်။ သံဃာတော်တွေ အချင်းချင်းရဲ့ ဆက်ဆံရေးကို တစ်လမ်းသွားစနစ်မဟုတ်ပဲ အကြီးနဲ့အငယ်၊ အထက်နဲ့အောက် အပြန်အလှန်ကူညီရိုင်းပင်း ကြတဲ့ မိသားစုစိတ်ဓာတ်အသွင်ဖြစ်နေအောင် သွန်သင်လမ်းပြ ဆုံးမတော်မူနိုင် ခဲ့ပါတယ်။ ကျွန်တော်တို့ လောကီလူသားတွေအားလုံးလဲ ဗုဒ္ဓမြတ်စွာဘုရားရဲ့ စံပြခေါင်းဆောင်မှုစွမ်းရည်တွေကို စံနမူနာ ယူကြပြီး လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးကို အကောင်းဆုံး ခေါင်းဆောင်မှုတွေ ပေးနိုင်ကြပါစေလို့ မျှော်လင့်ချက်ကြီးကြီးနဲ့ ဆုတောင်းနေမိပါတယ်။

စာကိုး။ ။ ၀ဏ္ဏသီရီရေးသားပြုစုသည့် ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း ပထမတွဲ။


Friday, July 13, 2007

ဘယ်လိုစဉ်းစားကြမလဲ . . .(၂)

ဘယ်လိုစဉ်းစားကြမလဲ . . .(၂)

အဲဒီ့ ကြယ်၀၀ကြီးနဲ့ ကြယ်ပိန်ပိန်လေးနဲ့မှာ တူညီတဲ့အချက်တစ်ခုရှိတယ်တဲ့။ အဲဒါကတော့ သူတို့ရဲ့ အချွန်အတက် ငါးခုရဲ့ ထောင့်တွေ (a,b,c,d,e) တို့ရဲ့ပေါင်းလဒ်တွေက တူညီတဲ့ဒီဂရီတစ်ခုရှိကြတယ်တဲ့ဗျ။ ဥပမာဗျာ … ကြယ်၀၀ကြီးရဲ့ (a,b,c,d,e) တွေရဲ့ပေါင်းလဒ်က 280ဒီဂရီဆိုရင် ၊ ကြယ်ပိန်ပိန်လေးရဲ့ (a,b,c,d,e) တွေပေါင်းလဒ်ကလဲ 280 ဒီဂရီပဲတဲ့ (ဥပမာပြောတာနော်)။ ဘယ်လောက်များဖြစ်မလဲ … ဘယ်လိုများသက်သေပြကြရင်ကောင်းမလဲ စဉ်းစားတွက်ချက်ကြည့်ကြရအောင်လေ . . .။ သင်္ချာကို ဂန်ဒူးနဲ့ အောင်ထားတဲ့သူတွေ မဖြေကြေး … ဘာလို့လဲ ဆိုတော့ လွယ်လွန်းလို့ . . .။း-)

ကျွန်တော့်စာတွေက လေးတယ်ဆိုလို့ပေါ့ပေါ့ပါးပါး ဥာဏ်စမ်းလေးတွေတင်နေတာ ဦးနှောက်စားတယ်ဆိုပြီး ကျွန်တော့်ကို စိတ်မဆိုးကြဖို့တော့ ကြိုပြီးတောင်းပန်ပါရစေဗျာ။



အဖြေသိချင်ရင် ကျွန်မန့်မှာ ၀င်ကြည့်ပါဗျို့ ...

Tuesday, July 10, 2007

ဘယ်လိုစဉ်းစားကြမလဲ . . .

ဘယ်လိုစဉ်းစားကြမလဲ . . .

ဟိုးရှေးရှေးတုန်းက ဘုရင်ကြီးတစ်ပါး ရှိပါတယ်။ အဲဒီဘုရင်ကြီးမှာ အင်မတန်မှ အကျင့်မကောင်းတဲ့ ညီတော်တစ်ပါးလည်း ရှိတယ်။ ညီတော်ရဲ့ အဆိုးဝါးဆုံး အကျင့်ကတော့ သူတပါးပစ္စည်းတွေကို ခိုးတတ် ၀ှက်တတ်ခြင်းပဲ ဖြစ်ပါတယ်။ နန်းတော်ထဲမှာ ပစ္စည်းပျောက်မှုတွေ ခဏခဏ ဖြစ်ပေမယ့် ဘုရင်ကြီးရဲ့ လျစ်လျူရှုမှုကြောင့် ညီဖြစ်သူဟာ ဒီလိုပဲ အပြစ်ဒဏ်ကနေ တနည်းနည်းနဲ့ လွတ်နေတာပါပဲ။ တစ်နေ့မှာတော့… မိဖုရားခေါင်ကြီးရဲ့ အမြတ်တနိုး ဆင်မြန်းလေ့ရှိတဲ့ လည်ဆွဲရတနာဟာ ပျောက်ချင်းမလှ ပျောက်သွားပါတယ်။ ဘုရင်ကြီးလည်း မိဖုရားခေါင်ကြီးရဲ့ ပစ္စည်းဖြစ်တာကြောင့် အပူတပြင်း စုံစမ်းဖော်ထုတ်တဲ့အခါမှာ ထုံးစံအတိုင်း သူ့ရဲ့ညီတော်လက်ချက်ပဲ ဖြစ်နေပါတော့တယ်။ ဘုရင့်ရဲ့ ဘဏ္ဍာတော်ကို ခိုးယူခြင်းအတွက် ခံစားရမယ့် အပြစ်တော်ကတော့ အလျှော့အပေါ့မရှိ သေဒဏ်ဖြစ်ပါတယ်။ ဘုရင်ကြီး အခက်တွေ့ပါပြီ…။ ညီတော်ကို အပြစ်က ကင်းလွတ်ခွင့် ပေးချင်ပေမယ့် မင်းပရိသတ်တွေရဲ့ရှေ့မှာ အသားလွတ်ကြီး လွတ်စေ ဆိုပြီး လုပ်လိုက်ဖို့ဆိုတာက သိပ်မလွယ်တဲ့ကိစ္စပါ…။ အဲဒါနဲ့ ဘုရင်ကြီးလည်း… ဥာဏ်ရှိရင်တော့ လွတ်ပေါ့ကွာ ဆိုပြီး… အခုလို စီစဉ်လိုက်ပါတယ်။ ခွေးတစ်ကောင်ကို ယူလာစေပြီး ညီတော်ကို ဒီလို ပြောလိုက်ပါတယ်။

``ဒီခွေးကို မင်းသတ်ပါ…။ မင်း အဲဒီခွေးကို သတ်သလိုမျိုး မင်းကိုလည်း အာဏာပါးကွက်သားတွေက ပြန်သတ်လိမ့်မယ်…။ ဒါမင်းအတွက် အပြစ်ဒဏ်ပဲ…´´

ဘုရင်ကြီးရဲ့ အဲဒီစကားကိုကြားတော့ ညီတော်ခမျာ မျက်စိမျက်နှာ ပျက်သွားပါတယ်။ ဒီခွေးကို ဓားနဲ့ထိုးသတ်ရင် သူ့ကိုလည်း ဓားနဲ့ ထိုးလိမ့်မယ်။ ဒီခွေးကို ရေနှစ်သတ်ရင် သူ့ကိုလည်း ရေထဲနှစ်ပြီး သတ်ကြမယ်…။ ဒါပေမယ့် သူ့ရဲ့နောင်တော်က အကြောင်းမရှိပဲနဲ့တော့ ဒီလို ထူးထူးဆန်းဆန်း မိန့်မှာ မဟုတ်ဘူးလို့ တွေးမိပြီး အပြင်းအထန် စဉ်းစားပါတော့တယ်။

ကဲ… ခင်ဗျားသာ… သူ့နေရာမှာဆို ခွေးကို ဘယ်လိုနည်းနဲ့ သတ်မလဲ…။

ဘုရင်ကြီးရဲ့ညီတော်ကတော့ ခွေးကိုအောင်အောင်မြင်မြင်နဲ့သတ်လိုက်နိုင်ပြီး သူကတော့ အပြစ်ကနေလွတ်သွားခဲ့ပါတယ်။

အဖြေသိချင်ရင် ကွန်မန့်မှာကြည့်ပါဗျို့ …။ မစဉ်းစားပဲ ၀င်မကြည့်ကြေး ...။


Monday, July 9, 2007

ကျွန်တော်နှင့် စံပယ်ဖြူမဂ္ဂဇင်း


ကျွန်တော့် ၇တန်းကျောင်းသားဘ၀လောက်ကတည်း က စာတွေစရေးခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ပထမဦးဆုံး မဂ္ဂဇင်းစာမျက်နှာပေါ်မှာ ဖော်ပြခံခဲ့ရတဲ့ဆောင်းပါးကတော့ EDUCATION ဆိုတဲ့ အင်္ဂလိပ်စာလုံးကို ခွဲခြမ်းစိပ်ဖြာပြီး ရေးထားတဲ့ဆောင်းပါးလေးဖြစ်ပြီး ဖော်ပြခဲ့တဲ့မဂ္ဂဇင်းကတော့ စံပယ်ဖြူမဂ္ဂဇင်းပဲဖြစ်ပါတယ်။ အဲဒီ့ဆောင်းပါးလေးပါပြီးတဲ့နောက်မှာ ဆရာ၊ ကျောင်းသားနှင့်ဖြစ်ရပ်များဆိုတဲ့ ဆောင်းပါးလေးကို ထပ်ပို့ဖြစ်ခဲ့ပါတယ်။ ပို့ပြီးတော့လဲ ကျွန်တော့်သဘာဝအတိုင်း မေ့မေ့ပျောက်ပျောက်ပါပဲ။ ၂၀၀၄ခုနှစ်လောက်က ဖြစ်မယ်ထင်ပါတယ်။ ကျွန်တော် ပြည်လမ်းက ပြည်ဥယာဉ်ကွန်ဒိုမီနီယံ စီမံကိန်းမှာ အလုပ်ဝင်နေတဲ့အချိန်မှာ အလုပ်ကိုဖုန်းဝင်လာပါတယ်။ စံပယ်ဖြူမဂ္ဂဇင်းက ကိုမင်းငြိမ်းချမ်းဆက်တာပါ။ ကျွန်တော့်ရဲ့ဆောင်းပါးကို သုံးထားတဲ့အကြောင်းနဲ့ နောက်ထပ်လဲစာတွေထပ်မံရေးသား ပေးပို့ဖို့ အကြောင်း ကျွန်တော့်ကိုပြောပါတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော် ပျော်သွားပါတယ်။ အရင်ကဆို စာမူတွေပို့တယ်၊ မဂ္ဂဇင်းတွေမှာပါလာခဲ့ရင်လဲ စာမူခသွားထုတ်လိုက်တယ် . . . ဒီလောက်ပါပဲ။ အခုလို မဂ္ဂဇင်းတာဝန်ရှိသူတွေက ကိုယ့်ကို အရေးတယူနဲ့ စာမူတွေထပ်ပို့ဖို့ ပြောလာတာ အဲဒါ ပထမဆုံးလို့ပြောလို့ရပါတယ်။ အဲဒီ့နောက်ပိုင်းမှာ … ကျွန်တော် ဆောင်းပါးလေးတွေပုံမှန်ရေးပြီး စံပယ်ဖြူမဂ္ဂဇင်းကို ပို့ဖြစ်ခဲ့ပါတယ်။ ပါတဲ့အခါလဲပါ . . . ပြုတ်တဲ့အခါလဲ ပြုတ်ပေါ့ဗျာ။ ကိုမင်းကတော့ အဆင်ပြေရင်ပြေသလို ကျွန်တော့်ရဲ့စာမူတွေကို အသုံးပြုပေးခဲ့ပါတယ်။ နောက်ပိုင်း ကျွန်တော် အလုပ်ကိစ္စတွေ၊ သံလွင်အိပ်မက်ကိစ္စတွေ၊ အခြားလူမှုရေးကိစ္စတွေ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေ၊ ဘလော့ဂ်ကိစ္စတွေ များလာတဲ့အတွက် စာတွေသိပ်မရေးဖြစ်တာတောင် စံပယ်ဖြူအတွက်တော့ ပုံမှန်ရေးပေးနိုင်အောင် ကြိုးစားခဲ့ပါတယ်။ တခါ တခါ ကျွန်တော့်စာမူတွေနောက်ကျလို့ ဖုန်းဆက်ပြီးပြောပြောနေရတဲ့ ကိုမင်းကိုလဲ အရမ်းအားတုံ့အားနာဖြစ်မိပါတယ်။ ဘာပဲဖြစ်ဖြစ် နေဘုန်းလတ်ဆိုတဲ့ ကျွန်တော့်လို အညတရ စာတိုပေစရေးသူတစ်ယောက်ကို နေရာတစ်ခုပေးခဲ့တဲ့ စံပယ်ဖြူမဂ္ဂဇင်းရဲ့ ကျေးဇူးတရားဟာ ကျွန်တော့်အပေါ်မှာ အင်မတန်မှကိုကြီးမားပါတယ်။ ဒီနေရာကနေပဲ စံပယ်ဖြူမဂ္ဂဇင်း တည်ထောင်သူ ဒေါ်ခင်ဆွေဦး၊ အတိုင်ပင်ခံ ကိုမိုးကျော်အောင်၊ စီစဉ်သူ ကိုမင်းငြိမ်းချမ်းနဲ့ မဂ္ဂဇင်းအဖွဲ့သားအားလုံးကို ကျေးဇူးစကားဆိုချင်ပါတယ်။

မြန်မာဘလော့ဂ်စာအုပ်

ကျွန်တော်တို့ ဘလော့ဂ်စာအုပ်အတွက် ပဏာမရွေးချယ်ထားကြတဲ့ စာမူတွေရဲ့ ကြယ်အရေအတွက် ကိုရေတွက်အပြီး . . . ကျွန်တော်တို့ အရင်တစ်ခေါက်အစည်းအဝေးတုန်းက ဆုံးဖြတ်ခဲ့ကြတဲ့ ကဏ္ဍတွေ အတိုင်း ခွဲခြမ်းလိုက်တဲ့အခါ ဘလော့ဂ်ဆိုသည်မှာ . . . (၁၄) ပုဒ်၊ ကဗျာ (၅၅)ပုဒ်၊ ဟာသ (၁၅)ပုဒ်၊ လူမှုဝန်းကျင် (၂၃)ပုဒ် ၊ အတွေးအမြင် (၁၃)ပုဒ်၊ အထွေထွေဗဟုသုတ (၁၈)ပုဒ်၊ ရသ (၉)ပုဒ်၊ အက်ဆေး(၂၁)ပုဒ်၊ ၀တ္ထုတို (၁၃)ပုဒ်၊ နည်းပညာ (၇)ပုဒ်၊ ခရီးသွားဆောင်းပါး (၃)ပုဒ် ဆိုပြီးရလာပါတယ်။ အဲဒီ့လိုခွဲပြီးတဲ့ နောက်မှာ စာမူတွေရဲ့ရရှိတဲ့ ကြယ်အရေအတွက်ကို များရာကနေ နဲရာကိုစီချလိုက်ပါတယ်။ အဲဒီ့နောက် ပထမအဆင့်အနေနဲ့ ကြယ်အရေအတွက် ၄၀ အောက်ကျတဲ့ စာမူတွေကို စပြီးပယ်ပါတယ်။ ကြယ်အရေအတွက် ၄၀ အထက်စာမူတွေထဲကမှ စာရေးသူတစ်ဦးတည်းရဲ့ ပိုစ့်တွေထပ်နေရင် ကြယ်နဲတဲ့ပို့စ်ကိုပယ်ပါတယ်။ အခြားမဂ္ဂဇင်းတွေမှာပါပြီးသားပို့စ်တွေကို ထပ်ပယ်ပါတယ်။ လူမှုဝန်းကျင်ကဏ္ဍနဲ့ ကဗျာကဏ္ဍတွေမှာ အရေအတွက်များနေတာကြောင့် ကြယ် ၄၅ အောက်ရတဲ့စာမူတွေကို ပယ်ခဲ့ပါတယ်။ အဲဒီမှာ … နောက်ဆုံးအနေနဲ့ … ဘလော့ဂ်ဆိုသည်မှာ . . . (၇) ပုဒ်၊ ကဗျာ (၁၃)ပုဒ်၊ ဟာသ (၁၀)ပုဒ်၊ လူမှုဝန်းကျင် (၁၁)ပုဒ် ၊ အတွေးအမြင် (၅)ပုဒ်၊ အထွေထွေဗဟုသုတ (၈)ပုဒ်၊ ရသ (၆)ပုဒ်၊
အက်ဆေး (၈)ပုဒ်၊ ၀တ္ထုတို (၉)ပုဒ်၊ နည်းပညာ (၇)ပုဒ်၊ ခရီးသွားဆောင်းပါး (၂)ပုဒ် ဆိုပြီး
စုစုပေါင်း ၈၆ပုဒ် လက်ရွေးစင်အနေနဲ့ထွက်လာပါတယ်။ အဲဒီ့ ၈၆ပုဒ်ဟာ စာမျက်နှာဘယ်နှစ်မျက်နှာထွက်မလဲ ဆိုတာကို အတိအကျမပြောနိုင်ပေမယ့် ပျမ်းမျှခြင်း ပိုစ့်တစ်ခုကို နှစ်မျက်နှာခွဲနဲ့တွက်မယ်ဆိုရင် ၂၁၅မျက်နှာ ပဲရှိသေးတာဖြစ်တဲ့အတွက် ကျွန်တော်တို့ စာမူတွေထပ်ထည့်ရလိမ့်မယ်ဆိုတာကို တွေ့ရှိ ခဲ့ပါတယ်။ ဘယ်လိုစာမူမျိုးတွေထပ်ထည့်မလဲ ဆိုတဲ့အချက်ကိုဆွေးနွေးခဲ့ကြရာမှာ ဘလော့ဂ်ဆိုသည်မှာ …၊ ဟာသ၊ အတွေးအမြင်၊ ရသ၊ နည်းပညာ၊ ခရီးသွားဆောင်းပါး စတဲ့ကဏ္ဍတွေ အတွက်ထပ်ထည့်သင့်တယ်လို့ ယူဆခဲ့ကြပါတယ်။ အဲဒါကြောင့် အဆိုပါကဏ္ဍတွေနဲ့ပတ်သက်တဲ့ စာမူတွေကို အယ်ဒီတာများအနေနဲ့ စာအုပ်ဘလော့ဂ်မှာ ထပ်မံဆန္ဒပြုပေးနိုင်ပါတယ်။ လိုအပ်တဲ့စာမျက်နှာအရေအတွက် နဲ့ စာမူတွေရဲ့ အရည်အသွေးအပေါ့အလေး ပေါ်မူတည်ပြီးသင့်တော်သလိုထပ်မံဖြည့်စွက်သွားမှာဖြစ်ပါတယ်။

နောက်ဆုံးလက်ရွေးစင် စာမူ ၈၆ပုဒ်ရဲ့ စာရင်းကို အယ်ဒီတာများအဖြစ်ဆောင်ရွက်ကြတဲ့ ဘလော့ဂါညီအစ်ကို မောင်နှမတွေအနေနဲ့ စာအုပ်ဘလော့ဂ်မှာ သွားကြည့်လို့ရပါတယ်။ အဆိုပါ စာမူ ၈၆ပုဒ်ဟာ စီစစ်ရေးလွတ်ပါက ဘလော့ဂ်စာအုပ်မှာပါဝင်ဖို့အတွက် သေချာသလောက်ရှိတာမို့ အဲဒီ့ပို့စ်တွေကို ရေးသားကြတဲ့စာရေးသူတွေကို အောက်ပါအချက်တွေနဲ့ပတ်သက်ပြီး မေးမြန်းအတည်ပြုဖို့ လိုအပ် လာပါတယ်။

၁) ကိုယ်တိုင်ရေးစာမူဖြစ်ကြောင်း (ဘာသာပြန်ထားပါကလည်း မူရင်းစာအမည်နှင့် စာရေးဆရာအမည်ကိုဖော်ပြရန်)

၂) မြန်မာနိုင်ငံအတွင်း ပုံနှိပ်ထုတ်ဝေသော အခြားမည့်သည့် မဂ္ဂဇင်း၊ စာအုပ်တွင်မှ ဖော်ပြဖူးခြင်းမရှိကြောင်း။

၃) မြန်မာဘလော့ဂါများစုစည်းထုတ်ဝေမည့် အနာဂတ်လှိုင်း၏ဆုံမှတ်များစာအုပ်အတွက် စာမူကို မိမိသဘောဆန္ဒအရ အသုံးပြုခွင့်ပြုကြောင်း။

၎) နည်းပညာဆိုင်ရာပို့စ်များဖြစ်ပါက မိမိရေးသားထားသော အကြောင်းအရာ အချက်အလက်များ၏ မှန်ကန်မှုကို တာဝန်ယူကြောင်း။

အခြားလိုအပ်သေးတာများရှိသေးရင် ၀ိုင်းဝန်းထောက်ပြအကြံပြုကြဖို့ဖိတ်ခေါ်ပါတယ်။

ဒါတွေကတော့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ စာအုပ်ကိစ္စနဲ့ပတ်သက်ပြီး ဆောင်ရွက်ပြီးစီးခဲ့တာတွေဖြစ်ပါတယ်။
မြန်မာဘလော့ဂါအစည်းအရုံးကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးဆုံးဖြတ်ကြတာတွေကိုတော့ မောင်ပွတ်ရဲ့ ဘလော့ဂ် www.myanmaroa6.blogspot.com မှာ အသေးစိတ်ဖော်ပြထားတာကို သွားရောက်ကြည့်ရှု နိုင်ပါတယ်ခင်ဗျာ။

Friday, July 6, 2007

အသာလွန်ဆုံးများ

စံပယ်ဖြူမဂ္ဂဇင်းမှာ ဖော်ပြခြင်းခံခဲ့ရဖူးတဲ့ ဆောင်းပါးလေးတစ်ပုဒ်ပါ။ ဖတ်ကြည့်ကြပါဦး။

အသာလွန်ဆုံးများ

ကမ္ဘာရွာလို့ခေါ်ဆိုနေကြတဲ့ Globalization ခေတ်ကြီးထဲမှာ မိတ်ဆွေသူငယ်ချင်းတွေ ရေခြား မြေခြား မှာရှိနေကြပေမယ့် Internet ကနေတဆင့် အပြန်အလှန်ဆက်သွယ်မှုတွေလုပ်လို့ရနေပြီး တစ်ယောက် နဲ့တစ်ယောက် အတွေးအခေါ်တွေ၊ အတွေ့အကြုံတွေ၊ မြင်လိုက်ကြားလိုက်ကြုံကြိုက် လိုက်သမျှတွေ ကိုမျှဝေခံစားခွင့်ရနေတာ တကယ့်ကိုကျေနပ်စရာပါ။ အခုလည်း အဝေးတစ်နေရာက သူငယ်ချင်းတစ်ယောက် Email ကနေတဆင့်ပို့လိုက်တဲ့ ရုပ်ပုံလေးတွေနဲ့ သရုပ်ဖော်ထားတဲ့စာသား လေးတွေကို ဖတ်နေရင်း ရင်ထဲကစကားလုံးတွေက အခုလိုဖိတ်လျှံကျလာခဲ့ပါတယ်။ သူပို့လိုက်တဲ့စာသား တွေက ...

The most selfish one-letter world is' I' . Avoid it.

အက္ခရာတစ်လုံးတည်းရှိတဲ့ တကိုယ်ကောင်းအဆန်ဆုံးစကားလုံးကတော့ `ငါ´ ပါ။ အဲဒါကို ရှောင်ကျဉ်ပါ ... တဲ့။

ဒီစာကြောင်းလေးကို ဖတ်လိုက်ရတော့ လူလောကထဲက နေရာတကာမှာ ငါတကောကောနေကြတဲ့ လူတစ်ချို့ရဲ့မြင်ကွင်းတွေဟာ ကျွန်တော့်ရဲ့ အတွေးတွေထဲမှာ ၀ိုးတ၀ါးပေါ်လာပါတယ်။ အဲဒါငါလုပ်လိုက် တာလေ။ ငါမရှိရင်တော့ မင်းတို့တွေအားလုံးဒုက္ခရောက်ကုန်ကြတော့မှာပဲ။ ငါပါလို့ပေါ့ကွာ ငါသာမပါရင် မင်းတို့အသင်းရှုံးပြီ။ ငါသာမကူညီရင်တော့ မင်းမလွယ်ဘူးနော် ... စတဲ့ ... စတဲ့ တစ်ငါတည်း ငါနေကြ တဲ့ စကားလုံးတွေဟာ လောကကြီးထဲမှာ မကြားချင်လည်းကြားနေကြရမယ့်စကားလုံးတွေပါ။ ဒီလိုစကားမျိုး တွေကိုပြောနိုင်ကြတဲ့သူတွေဟာ အတိုင်းအတာတစ်ခုအထိ တော်ကြတဲ့သူတွေများပါတယ်။ ဒါပေမယ့် မိမိကိုယ်ကိုယုံကြည်မှု၊ သူတပါးအပေါ် အထင်အမြင်သေးမှုတွေလွန်ကဲနေတတ်ကြတဲ့ အဲဒီ့လိုလူမျိုးတွေဟာ တစ်နေ့နေ့တစ်ချိန်ချိန်မှာ တကိုယ်ကောင်းဆန်ခဲ့ခြင်း၊ မာနတက်ခဲ့ခြင်းတို့ရဲ့ နောက်ဆက်တွဲရလဒ်တွေကို မရှုမလှခံရတတ်ပါတယ်။ လောကကြီးရဲ့ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီဆိုတဲ့သဘောတရားကို နားမလည်ကြရှာတဲ့ သူတို့တွေဟာ တခါတခါ လောကဓံတရားဆိုတာကြီးကိုမေ့လျော့နေတတ်ကြတဲ့အတွက် တကယ်တမ်းကြီးမားပြင်းထန်တဲ့ဆုံးရှုံးမှုတွေနဲ့ကြုံတွေ့ရပြီး ကိုယ့်အနားမှာတစ်ယောက်မှ မရှိတော့တဲ့အခါမှ နောင်တတွေရနေမိတဲ့အဖြစ်မျိုးတွေကြုံလာနိုင်ပါတယ်။ ကျွန်တော်တို့ဟာ ဘယ်လိုကိစ္စမျိုးကိုပဲဖြစ်ဖြစ် တကယ်ပဲ အောင်အောင်မြင်မြင်နဲ့အဆုံးသတ်နိုင်ခဲ့ပြီဆိုရင် ဒီကိစ္စဟာ ငါတစ်ယောက်တည်းကြောင့် အောင်မြင်ခဲ့တာလားဆိုတာကို အမြဲတမ်းပြန်သုံးသပ်ကြည့်သင့်တယ်။ ဘုရားတောင်မှ အမှီရှိမှ ပွင့်တယ်ဆိုတဲ့စကားကို အားလုံးကြားဖူးကြမှာပါ။ ကိုယ်နဲ့ပတ်သက်ဆက်နွယ်နေသမျှသူအားလုံးဟာ တစ်နည်းမဟုတ်တစ်နည်းနဲ့ ကိုယ့်ကိုပါရမီဖြည့်နေကြတာပဲဆိုတဲ့ သဘောတရားကိုသာနားလည်ထားမယ် ဆိုရင် လောကမှာ ငါတကောကောစရာကိစ္စဆိုတာဘာမှမရှိတော့ပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့အနေနဲ့ နေရာတကာမှာ `ငါကွ´ `ငါကွ´ လို့အော်ပြီးအလှူ့ရှင့်မှန်းသိအောင် မဏ္ဍပ်တိုင်တက်ပြတဲ့ အပြုအမူမျိုးကို သတိထားပြီး ရှောင်ကျဉ်သင့်ပါတယ်။

The most satifying two-letter world is' We ' . Use it.

အက္ခရာ နှစ်လုံးပါတဲ့ စိတ်ကျေနပ်စရာအကောင်းဆုံး စကားလုံးကတော့ `ငါတို့´ ပါ။ အဲဒါကို အသုံးပြုပါ တဲ့။

ခုဏကစကားနဲ့ဆန့်ကျင်ဘက်ပါ။ အချို့နေရာတွေမှာ `ငါ´ ဆိုတဲ့စကားလုံးကိုသုံးတာထက် `ငါတို့´ ဆိုတဲ့စကားလုံးကိုသုံးလိုက်ခြင်းက အားလုံးအတွက်ပိုပြီး ကျေနပ်အားရစရာကောင်းပါ လိမ့်မယ်။ ကိစ္စရပ်တစ်ခုကို ချောချောမောမောနဲ့ အဆုံးသတ်နိုင်လိုက်ပြီဆိုရင် ငါလုပ်လိုက်လို့ပြီး သွားတာပါလို့ ပြောမယ့်အစား ငါတို့အားလုံးဝိုင်းလုပ်ကြလို့အခုလို အောင်အောင်မြင်မြင်နဲ့ပြီးဆုံးသွား တာမဟုတ်လားလို့ ပြောနိုင်ဖို့ဆိုတာ အထက်မှာဖော်ပြခဲ့သလို စိတ်ကြီးဝင်နေသူတွေအဖို့ကတော့ တကယ့်ကိုမလွယ်ပါဘူး။ မိမိရဲ့လုပ်ဖော်ကိုင်ဘက်တွေကို လေးစားတဲ့၊ မိမိနဲ့ဆက်နွယ်ပတ်သက် နေသမျှ လူအားလုံးရဲ့ မိမိအပေါ် အထောက်အပံ့ပေးမှုတွေကို အသိအမှတ်ပြုတတ်တဲ့၊ စည်းလုံး ညီညွတ်မှုနဲ့ ပေါင်းစည်းခြင်းရဲ့အင်အား ကိုနားလည်တတ်တဲ့စိတ်ဓါတ်ပြည့်ဝသူတို့မှသာ ဒီစကားမျိုးကို ရင်ထဲကနေပြောထွက်နိုင်မှာပါ။ လောကမှာ တစ်ယောက်တည်းလုပ်လို့မရတဲ့ ကိစ္စတွေ အများကြီးရှိပါတယ်။ ဘယ်လောက်ပဲထူးချွန်ထက်မြက်တဲ့သူ ဖြစ်ဖြစ် သူ့မှာနောက်လိုက်ကောင်းတွေနဲ့ အဆွေခင်ပွန်းကောင်းတွေမရှိရင် အဲဒီ့သူဟာ ထင်ထားသလောက် မအောင်မြင်နိုင်ပါဘူး။ ပုရွက်ဆိတ် တစ်ကောင်က ထမင်းလုံးတစ်လုံးကိုမသယ်နိုင်ပေမယ့် ပုရွက်ဆိတ်အုတ်ကြီးကြောင့် ထမင်းစိတွေ ပျောက်ပျောက်သွားတတ်တာကို ကျွန်တော်တို့ သတိ ပြုသင့်ပါတယ်။ အဲဒီ့တော့ ကျွန်တော်တို့တွေ အောင်မြင်မှုတစ်ခုအတွက် `ငါ´ဆိုတဲ့စကားလုံး ကို သုံးတော့မယ်လို့စဉ်းစားတိုင်း အဲဒီ့အောင်မြင်မှုမှာ ဘယ်သူတွေကဘယ်လို ပါဝင်ပတ်သက်ခဲ့တယ်ဆိုတာကို သေသေချာချာသုံးသပ်ပြီး `ငါတို့´ ဆိုတဲ့စကားလုံးလေးအဖြစ် ပြောင်းလဲသုံးစွဲနိုင်ဖို့ကြိုးစားသင့်ပါတယ်။

The most poisonous three-letter world is' Ego ' . Kill it.

အက္ခရာသုံးလုံးနဲ့ဖွဲ့စည်းထားတဲ့ အဆိပ်အပြင်းဆုံးစကားလုံးဟာ `အတ္တ´ ပါ။ အဲဒါကို သတ်ပစ်ပါ။

ပုထုဇဉ်တွေဖြစ်ကြတဲ့ ကျွန်တော်တို့လူသားတွေတိုင်းမှာ အတ္တမကင်းနိုင်ကြဘူးဆိုတာသေချာ ပါတယ်။ ဒါပေမယ့် ... နေရာတကာမှာ အတ္တစိတ်ကိုရှေ့တန်းတင်ပြီး ပြောဆိုဆောင်ရွက်နေမယ် ဆိုရင် တော့ အဲဒီ့ အတ္တစိတ်ဟာ အဆိပ်အတောက်အဖြစ်အသွင်ပြောင်းသွားပြီး ကိုယ့်ကို အကြီးမားဆုံး ဒုက္ခတွေ ပြန်ပေးတတ်ပါတယ်။အတ္တစိတ်ဟာ လိုတာထက်ပိုပြီးလွန်ကဲလာပြီဆိုရင် အဲဒီ့လူအနေနဲ့ ဘယ်လိုကောင်းမွန်

တဲ့အလုပ်ကိုမှ လုပ်လို့ရတော့မှာမဟုတ်ပါဘူး။ ဥပမာအနေနဲ့ ပြောရရင် လူတစ်ယောက်မှာ ငွေတစ်သောင်း ရှိတယ်ဆိုပါစို့ ...။ သူဟာ တစ်နေ့တာအတွက်လိုလေသေးမရှိအောင် စားသောက်သုံးစွဲပြီးတဲ့နောက် သူ့ လက်ထဲ ငွေတစ်ထောင်ပိုနေတဲ့အချိန်မှာ တစ်နေ့လုံး ထမင်းတနပ်မှမစားရသေးတဲ့ ချို့တဲ့ နွမ်းပါးသူ တစ်ယောက်နဲ့ဆုံပြီဆိုရင် ... သူဘာလုပ်မလဲ။ အတ္တသိပ်မကြီးတဲ့သူဆိုရင်တော့ ကိုယ်လဲစိတ်ကြိုက် သုံးစွဲ ပြီးပြီပဲဆိုပြီး ကျန်တဲ့ငွေ ကို အဲဒီ့လူထမင်းစားဖို့အတွက် ပေးလိုက်မိမှာပါပဲ။ အတ္တကြီးလွန်းသူဆိုရင်တော့ အဲဒီ့မြင်ကွင်းကို မသိချင်ယောင်ဆောင်လှည့်ထွက်ပြီး အဲဒီ့ကျန်တဲ့ငွေကို သူ့ရဲ့ သိပ်အရေးမကြီးလှတဲ့ အသေးအဖွဲ ဆန္ဒလေးနောက်တစ်ခုအတွက် ထပ်မံသုံးစွဲပစ်လိုက်မှာပါပဲ။ လောကထဲမှာ လူအချို့ရဲ့ ဆန္ဒအပိုတွေ အတွက်နဲ့ အချို့သူတွေထမင်းငတ်နေကြရတဲ့ ဒီလိုအဖြစ်အပျက်မျိုးတွေ အများကြီးပါ။ အတ္တသမား အများစုဟာ လောကထဲကို ရယူပိုင်ဆိုင်ခြင်းတွေသက်သက်အတွက်ပဲ မွေးဖွားလာတာ ဖြစ်တယ်လို့ သူတို့ကိုယ်သူတို့ ခံယူထားတတ်ကြပါတယ်။ ဒါပေမယ့် ... ရုပ်ဝတ္ထုပစ္စည်းတွေပိုင်ဆိုင်မှုနဲ့ အဆုံးမရှိတဲ့စိတ်ဆန္ဒတွေပြည့်ဝနေမှုဟာ အမှန်တကယ်မွန်မြတ်ပြီး ၊ အမှန်တကယ် ကိုယ်ပိုင်ဆိုင် လိုက်နိုင်တဲ့ အရာတွေမဟုတ်ဘူးဆိုတာကို မသိကြရှာပါဘူး။ တကယ်တမ်းကျတော့လည်း အတ္တဆိုတာ လောကီသားတွေအတွက်တော့ ချိုမြိန်တဲ့ အဆိပ်ရည်တွေပါပဲ။ အလွန်အကျွံ မသောက်ဖြစ်အောင် တောင့်ခံကြရင်း တတ်စွမ်းသ၍ပယ်သတ်ပစ်နိုင်ဖို့ကြိုးစားကြတာပေါ့ဗျာ။

The most used four-letter world is' Love ' . Value it.

အက္ခရာလေးလုံးပါတဲ့ လူသုံးအများဆုံးစကားလုံးကတော့ `ချစ်ခြင်းမေတ္တာ´ ပါ။ အဲဒါကို တန်ဖိုးထားပါ။

ချစ်တယ်၊ ချစ်တယ်ဆိုတဲ့စကားဟာ လောကထဲမှာ လူသုံးအများဆုံးဆိုတာကို အားလုံးသဘောတူ ကြမယ်ထင်ပါတယ်။ ဒါပေမယ့် မေတ္တာတရားတွေစိမ့်ဝင်နေတဲ့ အချစ်ကိုတော့ အဲဒီ့ချစ်တယ်ဆိုတဲ့စကားလုံး တိုင်းကိုယ်စားပြုနိုင်မယ်မထင်ပါဘူး။ အလိုရမ္မက်သက်သက်တွေကို အချစ်လို့နာမည်တပ်လို့မရနိုင်ပေမယ့် လောကထဲက ချစ်ခြင်းများစွာမှာတော့ အလိုရမ္မက်တွေရဲ့အတိုင်းအတာက ကိုယ်စီကိုယ်ငှပါဝင်နေတတ်ကြ ပါတယ်။ အခုအချိန်အထိ ကျွန်တော်တို့တွေအားလုံး အပြည့်အ၀အဓိပ္ပါယ်မဖွင့်ဆိုနိုင်ကြသေးတာဟာ `ချစ်တယ်´ ဆိုတဲ့စကားတစ်ခွန်းရဲ့နောက်ကွယ်က စိတ်ခံစားမှုအပိုင်းအစတွေကိုပါ။ ဘာပဲပြောပြော နိစ္စဓူဝကြားနေရတဲ့ အချစ်အကြောင်းတွေထဲမှာမေတ္တာတရားလေးပါ နည်းနည်းလောက်ပေါင်းထည့်ပေးနိုင် ကြရင်ကောင်းမယ်လို့ ကျွန်တော်စဉ်းစားမိပါတယ်။ မေတ္တာဆိုတာ သူ့အကျိုးကိုလိုလားခြင်းပါ။ အဲဒါကြောင့် တကယ်သာ တစ်ယောက်ကိုတစ်ယောက် ချစ်တယ်ဆိုတာအပြင် မေတ္တာထားကြပြီဆိုရင် ဘ၀လမ်းခရီးတွေ သာယာဖြောင့်ဖြူးလာကြမှာ အမှန်ပါပဲ။ တချို့တွေက ချစ်ခြင်းမေတ္တာကိုတန်ဖိုးမထား တတ်ကြပဲ စိတ်ဆန္ဒတွေရဲ့မဆုံးနိုင်တဲ့ ၀င်္ကဘာထဲမှာ ၀ဲလှည့်နေတတ်ကြပါတယ်။ နောက်ပြီး ချစ်တယ်ဆိုတဲ့ စကားကို ပါးစပ်ဖျားလေးကနေသုံးနှုန်းပြီး ကာမဂုဏ်အာရုံတွေကြားထဲမှာပဲ ဘ၀ကို အလဟဿ ဖြုန်းတီးပစ်နေတဲ့သူတွေလည်းရှိပါတယ်။ ကျွန်တော်ကတော့ စစ်မှန်တဲ့မေတ္တာတရားရဲ့ အရိပ်အောက်မှာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်တန်ဖိုးထားမှုတွေနဲ့ သာယာတဲ့ဘ၀လေးတွေကို ထူထောင် နိုင်ကြစေချင်ပါတယ်။

The most pleasing five-letter world is' Smile ' . Keep it.

အက္ခရာငါးလုံးပါတဲ့ ကြည်နူးစရာအကောင်းဆုံးစကားလုံးကတော့ `အပြုံး´ ပါ။ အဲဒါကို ဆောင်ထားပါ တဲ့။

အရမ်းစိတ်ညစ်နေတဲ့အခါမျိုး၊ အရမ်းစိတ်ဓါတ်ကျနေတဲ့အခါမျိုး၊ အရမ်းအားငယ်နေတဲ့အခါမျိုးတွေ မှာ တစ်ယောက်ယောက်ကနေကိုယ့်ကို ရင်ထဲကနေပေါက်ဖွားလာတဲ့ အားပေးအပြုံးလေးတစ်ခုများပေး လိုက်ပြီဆိုရင် စိတ်ထဲမှာ ဘယ်လောက်အထိကြည်နူးသွားတယ်ဆိုတာကို ကြုံဖူးသူတိုင်းသိကြမှာပါ။ အပြုံးတစ်ခုရဲ့ တန်ဖိုးနဲ့သက်ရောက်အားဟာ တခါတခါမှာအံ့သြစရာကောင်းလောက်အောင်ကို ကြီးမား သွားတတ်ပါတယ်။ ကြားဖူးတဲ့ဖြစ်ရပ်လေးတစ်ခုအကြောင်းကိုပြောပြချင်ပါတယ်။ မသန်မစွမ်းကလေးငယ် တွေရဲ့ အပြေးပြိုင်ပွဲတစ်ခုမှာ ခြေထောက်သိပ်မသန်တဲ့ ကောင်လေးတစ်ယောက်က ၀င်ပြေးပါတယ်။ ပြေးလမ်းတစ်လျှောက် သူအခါခါလဲကျလို့ ဘေးကနေအော်သံတစ်ခုကိုကြားရတဲ့အခါတိုင်း သူလှမ်းလှမ်း ကြည့်လိုက်ရင် ပွဲကြည့်စင်ကနေသူ့ကိုပြုံးပြီး `ရောက်တော့မယ်သားရဲ့ ... ပြေးထား ... ပြေးထား´ လို့ လှမ်းလှမ်းအော်နေတဲ့ သူ့အမေကို အမြဲတွေ့နေရပါတယ်။ သားနဲ့အတူ အမေကလည်း ပွဲကြည့်စင်ပေါ်မှာ ပြေးနေတာလေ။ အဲဒီ့ကောင်လေးဟာ ဆုတံဆိပ်တွေမရခဲ့ပေမယ့် ပန်းဝင်အောင်ပြေးနိုင်ခဲ့ပါတယ်။ နောက်ပိုင်း ... အသက်အရွယ်ကြီးလာလို့ အောင်မြင်တဲ့စီးပွားရေးသမားကြီးတစ်ယောက်ဖြစ်နေတဲ့ ခြေထောက်မသန်တဲ့သူ့ကိုမေးကြည့်တော့ ...။ `ကျွန်တော် အခက်အခဲတွေကိုရင်ဆိုင်ရတဲ့အခါတိုင်း ငယ်ငယ်တုန်းကပြေးပွဲကလေးမှာ ပွဲကြည့်စင်တလျှောက် ကျွန်တော့်ကိုလိုက်အားပေးနေတဲ့ မေမေ့ရဲ့ အပြုံးမျက်နှာကို အမြဲတမ်းပြန်မြင်ယောင်နေတတ်တယ်။ မေမေ့ရဲ့အဲဒီ့အပြုံးကြောင့်ပဲ ကျွန်တော်ဒီဘ၀ကို ရောက်လာတာပေါဗျာ´ တဲ့။ လူတစ်ယောက် တစ်ခါတွေ့လိုက်တာနဲ့ တစ်သက်လုံးစွဲသွားစေမယ့် အပြုံးမျိုး ကိုပြုံးနိုင်ဖို့ဆိုတာ တကယ်တော့မလွယ်လှပါဘူး။ အဲဒီ့အပြုံးဟာ အသန့်စင်ဆုံးဖြစ်နေရမယ့်အပြင် စေတနာတွေ၊ မေတ္တာတွေ၊ အကြင်နာတွေနဲ့ စာနာနားလည်မှုတွေလည်း သူ့အချိုးအဆနဲ့သူပါနေဖို့လိုပါ တယ်။ ကျွန်တော်တို့ လူတိုင်းကို အဲဒီ့လိုအပြုံးမျိုးနဲ့ ပြုံးပြနိုင်ဖို့လေ့ကျင့်ကြည့်ရအောင်လေ။

The fastest spreading six-letter world is' Rumour ' . Ignore it.

အက္ခရာခြောက်လုံးပါပြီး အလျင်မြန်ဆုံးပျံ့နှံ့လွယ်တဲ့စကားလုံးကတော့ `ကောလဟာလ´ ပါ။ အဲဒါကို လျစ်လျှူရှုပါ တဲ့။

ပန်းသတင်းလေညင်းဆောင်၊ လူသတင်းလူခြင်းဆောင်ဆိုတဲ့စကားရှိပါတယ်။ ကျွန်တော်တို့ စဉ်းစားရမှာက ပန်းရဲ့မွှေးပျံ့တဲ့ရနံ့ကိုသယ်ဆောင်ပေးမယ့် လေညင်းဟာ သူကိုယ်တိုင်သန့်ရှင်းစင်ကြယ် နေဖို့လိုပါတယ်။ အဲဒီ့လိုမှမဟုတ်ပဲ အဲဒီ့လေညင်းမှာ အစကတည်းကအနံ့ဆိုးတစ်ခုခုများပါနေခဲ့ပြီဆိုရင် ပန်းရဲ့မွှေးပျံ့မှုသတင်းကို သူအမှန်အတိုင်းသယ်ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။ အဲဒီလိုပါပဲ လူသတင်း လူခြင်းဆောင်ကြတယ်ဆိုတဲ့နေရာမှာလည်း ယူဆောင်သွားတဲ့သူရဲ့ စိတ်အခြေအနေ အဆိုးအကောင်း၊ အတိမ်းအစောင်းတွေက အဲဒီ့သတင်းတွေအပေါ်ကို အများကြီး အကျိုးသက်ရောက်သွားတတ်ပါတယ်။ စကားတစ်ခုကို ဒီကနေဟို၊ ဟိုကနေဒီ ပို့တဲ့အခါမှာကိုယ့်ရဲ့ခံစားချက်တွေ၊ ထင်မြင်ချက်တွေကိုပါ ထပ်ပေါင်းထည့်တတ်ကြတာ လူတွေရဲ့သဘာဝပါ။ ဒီလိုနဲ့ပဲ ကောလဟာလဆိုတာတွေဖြစ်လာတယ် လို့ကျွန်တော်တော့ထင်ပါတယ်။ ပါးစပ်တွေကလည်းပြောနေကြသလို၊ နားတွေကလည်းကြားနေကြရလေ တော့ အမြန်ဆုံးအလျင်နဲ့ ပျံ့နှံ့နေတတ်တဲ့ အဲဒီ့ကောလဟာလ ဆိုတာတွေကိုကျွန်တော်တို့အနေနဲ့ တားဆီးဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ အဲဒီ့တော့ ဘယ်လိုလုပ်ကြမလဲ၊ ကိုယ့်အကြောင်း မကောင်းသတင်း တစ်ခုခုများကြားရပြီဆိုရင် အရင်ဆုံး ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ပြီး အဲဒီ့ဝေဖန်သံတွေထဲက ပိုနေတာတွေ အားလုံးကို လျစ်လျှူရှုပစ်နိုင်ဖို့ကြိုးစားရပါလိမ့်မယ်။ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားနဲ့ ကိုယ်ရဲ့ ဂုဏ်သိက္ခာကို ကိုကိုယ်တိုင်အပြည့်အ၀ယုံကြည်နေမယ်ဆိုရင် ဘယ်လို ကောလဟာလမျိုးကိုမှ ကျွန်တော်တို့ မှုစရာလိုမယ် မထင်ပါဘူး။

The hardest working seven-letter world is' Success' . Achieve it.

အက္ခရာခုနှစ်လုံးနဲ့ဖွဲ့စည်းထားပြီး အပြင်းထန်ဆုံးကြိုးစားရယူရတဲ့စကားလုံးကတော့ `အောင်မြင်မှု´ ပါ။ အဲဒါကို အရယူပါ တဲ့။

Give and take ဆိုတဲ့လောကရဲ့ အပေးအယူသဘောတရားတွေဟာ ဘယ်သူမှလွန်ဆန်လို့မရနိုင် တဲ့ နိယာမတွေပါ။ ကိုယ်ပေးလိုက်ရတာနဲ့ ပြန်ရလိုက်တာတို့ရဲ့ အချိုးအစားညီမျှမှု၊ မညီမျှမှုကတော့ ကံတရားနဲ့ ဥာဏ်ရည်တို့အပေါ်မှာ မူတည်လေ့ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဥာဏ်နဲ့ယှဉ်တဲ့ ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်မှုတို့ရဲ့နောက်မှာ ထိုက်တန်တဲ့အောင်မြင်မှုဆိုတာဟာ အနှေးနဲ့အမြန်ကပ်ပါလာတတ် ပါတယ်။ ပန်းတိုင်တစ်ခုကိုရောက်ဖို့ ကျွန်တော်တို့တွေ ကြမ်းတမ်းတဲ့လမ်းမှာ တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် လျှောက်ရတာမျိုးတွေရှိပါတယ်။ ရည်မှန်းချက်တွေပြည့်ဝဖို့ ခံစားချက်တွေနဲ့ စိတ်ဆန္ဒအချို့ကို ဘေးခဏပို့ထားပြီး ခြောက်သွေ့တိတ်ဆိတ်တဲ့ခရီးကို တစ်ယောက်တည်းစီးဆင်းရတာ မျိုးတွေလည်းရှိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ... အရင်းနှီးတိုင်းဟာ အရှုံးအတွက်ဖြစ်လာကြတာ မဟုတ်ပါဘူး။ အောင်မြင်မှုဟာ ကျွန်တော်တို့နဲ့ အတော်လှမ်းချင်လှမ်းနေလိမ့်မယ်။ ဒါပေမယ့် တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ လက်တကမ်းကိုရောက်လာရမှာပါပဲ။ ကျွန်တော်တို့မျှော်ရည်ရာ ခရီးဆုံးတစ်ခုစီကို ရောက်ဖို့ အပြင်းအထန်ကြိုးစားကြမယ်။ ပြီးရင် ... အဲဒီ့အောင်မြင်မှုဆိုတာကြီးကို အတူတူအရယူကြမယ်။

The most troublesome eight-letter world is ' Jealousy'. Distance it.

အက္ခရာရှစ်လုံးနဲ့ဖွဲ့စည်းထားတဲ့ ဒုက္ခအပေးဆုံးစကားလုံးကတော့ `မနာလိုဝန်တိုမှု´ ပါ။ အဲဒါကို ဝေးဝေးရှောင်ပါ တဲ့။

မနာလိုဝန်တိုမှုဆိုတာ တကယ်တမ်းကျတော့ ကိုယ့်ဒုက္ခကိုယ်ရှာချင်ကြတဲ့သူတွေမွေးတတ်ကြတဲ့ စိတ်ထားပါ။ စိတ်ကိုအရမ်းပူလောင်စေပြီး၊ တခါတခါမှာ မကောင်းမှုတွေကိုပါဖိတ်ခေါ်လာတတ်ပါတယ်။ သူတပါးရဲ့ အောင်မြင်မှု၊ ကျော်ကြားမှု၊ ထင်ပေါ်မှုနဲ့ အရည်အချင်းတွေကို အားကျတယ်၊ အတုယူတယ် ဆိုတဲ့အဆင့်ထက်ပိုပြီး မနာလိုဝန်တိုမှုဆိုတဲ့ မစ္ဆရိယစိတ်ဝင်လာပြီ ဆိုရင် အဲဒီ့လူနဲ့ အခြားသူတွေရဲ့ ဆက်ဆံရေးဟာ အဆိုးဘက်ကိုဦးတည်သွားပါပြီ။ မနာလိုမရှုဆိတ်တဲ့စိတ်ရဲ့ ဆန့်ကျင်ဘက်ကတော့ မုဒိတာတရားပါ။ ကျွန်တော်တို့တွေအနေနဲ့ ရိုးသားဖြောင့်မတ်မှု၊ ကြိုးစားအားထုတ်မှု၊ ဇွဲနပဲကြီးမှု၊ ဥာဏ်အမျော်အမြင်ရှိမှုတို့ရဲ့ အကျိုးဆက်တွေကို ကံကြမ္မာရဲ့အနှောက်အယှက်ကင်းကင်းနဲ့ သူတပါးတွေ ခံစားနေကြရပြီဆိုရင် အဲဒါကိုမုဒိတာပွားနိုင်ဖို့လိုပါတယ်။ အဲဒီ့လိုမဟုတ်ပဲ ကိုယ်ကသူ့ကို မနာလိုမရှု့ဆိတ် ဖြစ်မိပြီဆိုတာနဲ့ အဲဒီ့လူရဲ့ အကျိုးစီးပွားပျက်စီးရာပျက်စီးကြောင်းတွေက ကိုယ့်ခေါင်းထဲကို အလိုလို ရောက်လာတတ်ပါတယ်။ ကိုယ့်ထက်မြင့်သွားမှာကို စိုးရိမ်တဲ့အတွက် အပင်တိုင်းကို အညွန့်ချိုးပစ်ချင်နေတဲ့ စိတ်ဓါတ်ဟာ ကမ္ဘာလောကအတွက် အလွန်ပဲ အန္တရယ်ကြီးပါတယ်။ အဲဒီ့တော့ ကိုယ့်ကိုရော သူတပါး ကိုပါအန္တရာယ်တွေအမျာကြီးပေးနိုင်တဲ့ မစ္ဆရိယစိတ်(မနာလိုဝန်တိုစိတ်) တွေနဲ့ ဝေးသထက်ဝေးဝေးနေ နိုင်အောင် ကျွန်တော်တို့ကြိုးစားကြရပါလိမ့်မယ်။ ကိုယ့်ထက်တော်တဲ့သူတွေကို မော့ကြည့်ပြီး လက်ခုပ်တီးပေးနိုင်ဖို့နဲ့ ကိုယ့်ထက်နိမ့်ကျတဲ့သူတွေကို ငုံ့ကြည့်ပြီး လက်ကမ်းဆွဲတင်ပေးနိုင်ဖို့အတွက် မြင့်မြတ်တဲ့စိတ်ထားတွေ ကျွန်တော်တို့မွေးဖို့လိုလာပြီ။

The most powerful nine-letter world is ' Knowledge'. Acquire it.

အက္ခရာကိုးလုံးနဲ့တည်ဆောက်ထားတဲ့ အင်အားအရှိဆုံးစကားလုံးကတော့ `အသိပညာဗဟုသုတ´ ပါ။ အဲဒါကို ကြိုးစားရယူပါ တဲ့။

လူမှာ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ လေ့လာမှတ်သားနိုင်စွမ်းနဲ့ အသိပညာဗဟုသုတတို့သာမရှိရင် အဲဒီ့လူဟာ တိရစ္ဆာန်နဲ့ ခြားတော့မှာမဟုတ်ပါဘူး။ သိခြင်းနဲ့ မသိခြင်းကို သေးငယ်လှတဲ့စက္ကန့်ပိုင်း ကလေးကသာ ပိုင်းခြားထားတာဖြစ်ပေမယ့် သိသူနဲ့ မသိသူတို့ရဲ့ ကွာခြားမှုကတော့ မနှိုင်းယှဉ်သာအောင် ကိုများပါတယ်။ ဥပမာတစ်ခုအနေနဲ့ ပြရမယ်ဆိုရင်တော့ အလုပ်အင်တာဗျူးတစ်ခုမှာ နောက်ဆုံးဆန်ခါတင် နှစ်ယောက်ပဲကျန်တော့ပါတယ်။ အဲဒီ့အထဲက တစ်ယောက်တည်းကိုသာရွေးမှာပါ။ ဘယ်သူ့ကိုရွေးရမလဲလို့ ဝေခွဲရခက်နေတဲ့အလုပ်ရှင်က သူတို့နှစ်ယောက်ကို နောက်ဆုံးအနေနဲ့ အလုပ်နဲ့ပတ်သက်တဲ့အရေးအကြီးဆုံး

မေးခွန်းတစ်ခုမေးမယ် ဖြေနိုင်တဲ့သူကို အလုပ်ခန့်မယ်လို့ပြောပါတယ်။ ပြီးတော့ သူမေးခွန်းတစ်ခုတည်းကို တစ်ယောက်ခြင်းစီမေးလိုက်ပါတယ်။ တစ်ယောက်က ဖြေနိုင်လို့အလုပ်ရသွားပြီး ၊ တစ်ယောက်က မဖြေနိုင်တဲ့အတွက် နောက်လှည့်ပြန်ခဲ့ရပါတယ်။ ဒီအဖြစ်အပျက်လေးကိုကြည့်မယ်ဆိုရင် ပိုသိတဲ့သူက ပိုသာသွားတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမယ့် မသိတဲ့သူကလည်းအလုပ်ရှင်က အဖြေကိုပြောပြ လိုက်တဲ့အတွက် စက္ကန့်ပိုင်းအတွင်းမှာပဲသိသွားပြီဖြစ်ပါတယ်။ သူ့ရဲ့ မသိခြင်းဟာ တစ်စက္ကန့်အတွင်းမှာပဲ သိခြင်းအဖြစ်ကိုကူးပြောင်းသွားခဲ့ပေမယ့် အခွင့်အရေးတစ်ခုကိုတော့ သူဆုံးရှုံးခဲ့ရပါပြီ။ ဒီသဘောတရားကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့ဟာ ငါဘာမှမသိပါလားဆိုပြီး အားငယ်စိတ်ပျက်နေစရာမလိုပေမယ့် ကိုယ်ရွေးချယ်ထားတဲ့လမ်းကြောင်းနဲ့သက်ဆိုင်တဲ့ အရာအားလုံးကို တတ်နိုင်သမျှမျက်ခြေမပျက်အောင် အမြဲတမ်း ကြိုးစားနေရမယ်ဆိုတာကိုတော့နားလည်ရပါတယ်။

The most essential ten-letter world is ' Confidence'. Build it.

အက္ခရာဆယ်လုံးနဲ့ဖွဲ့စည်းထားတဲ့ မရှိမဖြစ်အလိုအပ်ဆုံးစကားလုံးကတော့ `ယုံကြည်မှု´ ပါ။ အဲဒါကို တည်ဆောက်ယူပါ တဲ့။

ယုံကြည်မှုဆိုတဲ့နေရာမှာ မိမိကိုယ်ကိုယုံကြည်မှုနဲ့ သူတပါးနဲ့မိမိအကြားအပြန်အလှန်ယုံကြည်မှု ဆိုပြီးနှစ်မျိုးရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ အဲဒီ့နှစ်မျိုးစလုံးကို အခိုင်မာဆုံးဖြစ်အောင် တည်ဆောက်ယူ နိုင်ပါမှ အမြင့်မားဆုံးအောင်မြင်မှုတွေကို လက်ဝယ်ခိုင်ခိုင် ပိုင်ဆိုင်နိုင်မှာပါ။ အဲဒီ့နှစ်ခုကလည်း တစ်ခုနဲ့တစ်ခု အများကြီးဆက်စပ်မှုရှိနေပါတယ်။ မိမိကိုယ်မိမိ ယုံကြည်မှုအပြည်အ၀မရှိတဲ့သူတစ်ယောက် ဟာ သူတပါးတွေရဲ့ ယုံကြည်မှုကိုရနိုင်ဖို့ခဲယဉ်းပါတယ်။ အဲဒီ့လိုပဲ မိမိရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေအားလုံးက မိမိအပေါ်အယုံအကြည်ကင်းမဲ့လာကြပြီဆိုရင်လည်း မိမိကိုယ်မိမိ ယုံကြည်ထားမှုတွေဟာ တစတစနဲ့ပျက်ယွင်းလာတတ်ပါတယ်။ ယုံကြည်မှုတစ်ခုချို့ယွင်းပျက်စီးသွားပြီဆိုရင် အရင်အတိုင်းဖြစ်အောင် ပြန်လည်တည်ဆောက်ယူဖို့ဆိုတာဟာ တော်ရုံတန်ရုံစိတ်အားသတ္တိမျိုးနဲ့မဖြစ်နိုင်ပါဘူး။ ဘယ်လိုဆက်ဆံရေး မျိုးမှာပဲဖြစ်ဖြစ် မရှိမဖြစ်အလိုအပ်ဆုံးအရာဟာ ယုံကြည်မှုပါ။ တစ်ဦးကိုတစ်ဦးယုံကြည်မှုနဲနဲလေးမှ မရှိဘူး ဆိုရင် အရှည်သဖြင့်လက်တွဲရှေ့ဆက်ဖို့ဆိုတာမလွယ်ပါဘူး။ အဲဒီ့တော့ ဘယ်နေရာမှာပဲဖြစ်ဖြစ် အရေးအကြီးဆုံးနဲ့ ပထမဦးဆုံးစလုပ်ရမယ့်အလုပ်က ပြည့်ဝတဲ့အပြန်အလှန်ယုံကြည်မှုတစ်ခုကို အခိုင်မာဆုံး တည်ဆောက်ယူဖို့ပဲဖြစ်ပါတယ်။ ပြည့်ဝတဲ့ယုံကြည်မှုတိုင်းဟာ ပြတ်သားတဲ့ နှုတ်ထွက်စကားတွေကိုဖြစ်စေ ပါတယ်။ ဗုဒ္ဓမြတ်စွားဘုရားကို ဥပမာထားပြီးပြောရမယ်ဆိုရင် ဗုဒ္ဓရဲ့တပည့်သာဝကတိုင်းအားလုံးလိုလိုဟာ ဘယ်သူကပဲဖြစ်ဖြစ် `သင်တို့ရဲ့ဆရာ ဘယ်သူလဲ´ လို့မေးလာတဲ့အခါတိုင်း ...။ `ဂေါတမဘုရားရှင်သည် ငါတို့၏ဆရာဖြစ်သည်´ လို့ဖြေကြမြဲပါ။ ဒါဟာ ပြည့်စုံကုံလုံတဲ့ ယုံကြည်ခြင်းတစ်ခုကနေတဆင့် စီးဆင်းလာတဲ့ ရင်ထဲကစကားလုံးတွေပါ။ကျွန်တော်တို့တွေအားလုံး သံသယတွေ၊ ဒွိဟတွေ၊ တွေဝေမှုတွေ စတဲ့ စတဲ့ မရေရာမပြတ်သားတဲ့အရာမှန်သမျှကို ပြည့်ဝတဲ့ယုံကြည်မှုတွေကို တည်ဆောက်ယူကြရင်း ရှင်းလင်းပစ်ကြရအောင်လေ။

သူငယ်ချင်းပို့လိုက်တဲ့ စာကြောင်းလေး ၁၀ကြောင်းကတော့ ဒီမှာပဲပြီးဆုံးသွားပါပြီ။ သူပို့လိုက်တဲ့ မူရင်းစာကြောင်းတွေက ဘယ်သူတွေရေးထားတယ်ဆိုတာမသိရပါဘူး။ ကျွန်တော်အနေနဲ့ အဓိပ္ပါယ်လေးတွေ ပိုကောင်းသွားအောင်ဆိုတဲ့စိတ်နဲ့ စကားလုံးနှစ်လုံးကိုတော့ ပြောင်းခဲ့ပါတယ်။ ဒီစာကြောင်းလေးတွေကို ဖတ်ဖူး၊ မြင်ဖူး၊ ကြားဖူးကြသူတွေလည်းအများအပြားရှိကြမှာပါ။ အဲဒါကို ကျွန်တော်ကဘာ့ကြောင့်များ ဒီလောက်တောင် အကျယ်ချဲ့ပြီး ထပ်ဆွေးနွေးနေရတာလဲလို့မေးလာရင်တော့ ... ကျွန်တော်စကား တစ်ခွန်းတည်းနဲ့ပဲ အဖြေပေးခဲ့ပါရစေ။

``စာကြောင်းတစ်ကြောင်းကို ဖတ်လိုက်ရပြီးတာနဲ့ သြော် ... ဒါလား ဆိုတဲ့အဆင့်မှာတင်ရပ် မထားပဲဆက်တွေးကြဖို့နဲ့ ဖြစ်နိုင်ရင်လက်တွေ့ကျင့်သုံးကြဖို့ အားလုံးကိုတိုက်တွန်းချင်လို့ပါ ´´။

နေဘုန်းလတ်

Monday, July 2, 2007

ဟိုအကြောင်း ဒီအကြောင်း

ဟိုအကြောင်း ဒီအကြောင်း

ကြယ်ငါးတွေက သူတို့ရဲ့ လက်တံတစ်ချောင်း အကြောင်းကြောင်းကြောင့် ပျက်ထွက်သွားပြီဆိုရင်
မကြာခင်မှာပဲ အသစ်တစ်ချောင်း ပြန်ပေါက်လာတယ်တဲ့ ...။ ကျွန်တော်စဉ်းစားမိတယ် ...။ ကျွန်တော်တို့
လူတွေအနေနဲ့လဲ
အဲဒီ့လို ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုအစားပြန်ပြန် ရနိုင်ရင်ကောင်းမယ်လို့ ...။
ဟုတ်တယ်လေ ...ခြေထောက်ထိခိုက်ဒဏ်ရာရတယ်၊ ဖြတ်ပစ်လိုက် ... နောက်ထပ်
တစ်ချောင်းထပ်ပေါက် လာလိမ့်မယ်။ ဦးနှောက်သိပ်မကောင်းဘူးလား ...
ခေါင်းဖြတ်ပစ်လိုက် ... နောက်တစ်လုံး ထပ်ပေါက် လာလိမ့်မယ် ... ဘယ်လောက်ကောင်းလိုက် သလဲ။
တရားသူကြီးပေါင်ချိန် သာကြားရင်တော့ ကျွန်တော့်အဆိုကို အပြင်းအထန် ကန့်ကွက်မှာသေချာတယ်။
ဘာလို့လဲဆိုတော့ ... အဲဒီ့လိုသာ ဖြတ်လိုက်သမျှ ပြန်ပြန်ပေါက်နေရင် သူ့ရဲ့ ခွေးခေါင်းဓားစက်တို့၊
ကျားခေါင်းဓားစက်တို့ကို အဟောင်းဆိုင်ပို့ရမယ့် ကိန်းဆိုက်မှာလေ ...။ ကျွန်တော်
လူတွေကိုကြယ်ငါးတွေလိုဖြစ်စေချင်တဲ့ နောက်ထပ်အကြောင်းတစ်ချက်က ဒီလိုပါ။ တစ်ခါတစ်ခါ
ကျွန်တော်တို့တွေဖြစ်တတ်တာ တစ်ခုက ကိုယ့်ရဲ့ရုပ်ခန္ဓာကြီးကို ကိုယ့်ဖာသာကိုယ်မထိမ်းနိုင်ကြတာလေ ...
စိတ်ကမပါပေမယ့် လက်ကရောက်နေပြီ ဆိုတာမျိုးပေါ့ ...။ စိတ်ခံစားမှု တစ်ခုခု လွန်ကဲပြင်းထန်လာလို့
တစ်ခုခုကို မလုပ်ရမနေနိုင်အောင် ဖြစ်လာပြီဆိုရင် လတ်တလောအခိုက်အတံ့လေးမှာ အာရုံပြောင်း
သွားအောင်
ဖြတ်ပစ်လိုက် (တစ်ခုခုကိုပေါ့) ...။ ပြီးတော့လဲ ပြန်ပေါက်လာမှာပဲလေ ...။ လောလောဆယ် မကောင်းမှုတစ်ခုကို မလုပ်ဖြစ်တော့ရင် ပြီးတာပဲ ...။ ကဲ ... မကောင်းဘူးလား။

ဂေါ်ရီလာမျောက်ဝံအထီးတွေက သူတို့ရဲ့ပြိုင်ဘက်တွေကို မောင်းထုတ်ဖို့အတွက်
သူတို့ရဲ့ရင်ဘတ်ကို လက်သီးနဲ့ တဘုန်းဘုန်းထု

တတ်ကြတယ်တဲ့ ...။ ကျွန်တော်တို့လူတွေကရော ပြိုင်ဘက်တွေနဲ့တွေ့တဲ့အခါ ဘာတွေများ
လုပ်ပြတတ်ကြ သလဲလို့ ကျွန်တော် ကံကြံဖန်ဖန် တွေးမိတယ်။ ကိုယ့်ပြိုင်ဘက်နဲ့တွေ့ရင်
ကိုယ့်ရဲ့အားသာချက်တွေကို ထုတ်ပြတတ်ကြတာ တိရိစ္ဆာန်တွေတင်မှ မဟုတ်ပါဘူး ...။ လူတွေမှာလဲ
ရှိတာပဲလေ။ ကာယအားကြီးတဲ့သူက သူ့ရဲ့ဗလကြီးတွေကို လှစ်ပြမယ်။ ဘွဲ့တွေအများ
ကြီးယူထားတဲ့သူက သူရဲ့ဘွဲ့လက်မှတ်တွေကို ထုတ်ပြ မယ်။ အခြွေအရံအသင်းအပင်းပေါသူက
နောက်လိုက်နောက်ပါတွေအားကို အသုံးချမယ်။ ဒါတွေဟာ လူ့သဘာဝတွေလို
ဖြစ်နေကြပါပြီ။ လက်ဝှေ့ပွဲတွေမှာတော့ ပွဲမစမီ လက်ပန်းပေါက်ခတ်ပြီး ဟန်ရေးပြကြတာကို
မြင်ဖူးတယ်။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် သူနိုင်ကိုယ်နိုင် အလဲအကွဲထိုးကြိတ်ကြပြီး
နောက်တော့လဲ သူတို့မဟုတ်သလို ပွေ့ဖက်နှုတ်ဆက်ကြပြန်တယ်။ တိရစ္ဆာန်လောကမှာတော့
အဖော်ကိုလုကြ၊ အစာကို လုကြ၊ နေရာကိုလုကြရာက ပြိုင်ဘက်တွေ၊ ရန်သူတွေဖြစ်လာကြတယ်။ လူတွေမှာ
ကရော ... ခံစားမှုနဲ့ အသိတွေပိုပိုလာပြီး အဲဒီ့ခံစားမှုနဲ့ အသိတွေကို ပညာဥာဏ်နဲ့
ဆင်ခြင်ကြဖို့မေ့လျှော့ခဲ့ကြရာကနေ လုစရာတွေ များစွာ ကိုပုံသဏ္ဍာန်မျိုးစုံနဲ့ လုလာကြတယ်။
အဖော်၊ အစာနဲ့ နေရာတင်မကတော့ဘူး ... အောင်မြင်မှုကိုလုကြတယ်၊ အရှိန်အ၀ါကို
လုကြတယ်၊ အခွင့်အာဏာကိုလုကြတယ်။ တစ်ချို့ ယဉ်ယဉ်ကျေးကျေး၊ တစ်ချို့က
ရိုင်းရိုင်းစိုင်းစိုင်း။
ယဉ်ယဉ်ကျေးကျေးလုကြတာတွေက ယှဉ်ပြိုင်မှုအသွင်ဆောင်လာပြီး
လူ့ယဉ်ကျေးမှုတွေဖြစ် လာကြတယ်။
ရိုင်းရိုင်းစိုင်းစိုင်းလုကြတာတွေကတော့ တိုက်ပွဲအသွင်ဆောင်
လာပြီး
အကြမ်းဖက်မှုတွေဖြစ်လာကြတယ်။
ဘာပဲဖြစ်ဖြစ် အားလုံးကို ခြုံပြောမယ်ဆိုရင်တော့ ကျွန်တော်တို့လူသားတွေအားလုံးဟာ

စိတ်ခံစားမှုတွေကို နည်းမျိုးစုံနဲ့ ယှဉ်ပြိုင်လုယူနေကြတဲ့ သူတွေချည်းပါပဲ။



ဇီးကွက်တွေက သူတို့ရဲ့ခေါင်းကို အရှေ့ကနေ အနောက်အထိ ၁၈၀ဒီဂရီလှည့်လို့ရတယ်တဲ့။
ကျွန်တော်တို့တွေလဲ အဲဒီ့လိုလှည့်လို့ရရင် ကောင်းမယ်နော် ...။ တစ်ခါတစ်ခါ
လူတွေကြားထဲမှာနေရင်း နောက်ကျောမလုံသလို ခံစားရတဲ့အခါတိုင်း ကျွန်တော်အဲဒီလိုတွေးမိတယ်။
အဲဒီလိုဆိုရင် ကိုယ့်နောက်ကျောကို ဓားနဲ့ထိုးမယ့်သူတွေရဲ့ရန်က အနည်းအကျဉ်းတော့ ကင်းဝေ
းနိုင်လိမ့်မယ်လို့ထင်ရတာပဲ။ လောကထဲမှာ လူတစ်ယောက်ကို ဘယ်အတိုင်းအတာအထိ
ယုံကြည်မှုရှိရှိ နဲ့လက်တွဲရှေ့ဆက်လို့ရမလဲ ဆိုတဲ့မေးခွန်းကိုဖြေရတာ
အစိုးမရတဲ့စိတ်အလျှင်တွေကို ပုံသေနည်းထဲထည့်တွက် နေရသလိုပါပဲ။
ဘယ်တော့မှကိန်းသေမဖြစ်နိုင်တဲ့အရာတစ်ခုကို ကိန်းသေလို့
ယူဆပြီး တွက်ထားမှတော့ ထွက်လာတဲ့အဖြေကိုလဲ ဘယ်အတိုင်းအတာအထိ
မှန်တယ်လို့ယူဆနိုင်မှာလဲ ...။ ပတ်ဝန်းကျင်အခြေအနေတွေ၊ ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ အခြားသော
သက်ရောက်အားတွေရဲ့ တွန်းတိုက်တိုးဝှေ့မှုတွေကိုလိုက်ပြီး
ပြောင်းလဲမှုတွေအဆက်မပြတ်ဖြစ်ပေါ်နေကြတဲ့ စိတ်တွေနဲ့ သူသူကိုယ်ကိုယ်
ရုန်းကန်ရှင်သန်နေကြရတော့လဲ ... သူ့ကိုကိုယ်မယုံကြည်၊ ကိုယ့်ကိုသူမယုံကြည်နဲ့ သံသယတွေ၊
စိုးရိမ်စိတ်တွေ၊ နောက်ကျောမလုံတဲ့စိတ်တွေဖြစ်ဖြစ်လာကြတော့တာပေါ့။ အဲဒီ့တော့လဲ ကျွန်တော်တို့တွေအားလုံး
စိတ်အခြေအနေတွေကို
တသမတ်တည်းကိန်းသေအဖြစ်မထားနိုင်သေးသရွေ့တော့ နောက်ကျောမလုံတဲ့ ခံစားမှုတွေနဲ့ပဲ
ဇီးကွက်တွေလို ခေါင်းကို
၁၈၀ဒီဂရီလှည့်နိုင်ရင်
ကောင်းမှာပဲလို့ အားကျတောင့်တနေကြရမှာပါပဲ။


ရှဥ့်တွေမှာ အလွန်လှပတဲ့ အမြီးဆုတ်ဖွားလေးတွေရှိတာအားလုံးသိကြမှာပါ ...။ ဒါပေမယ့်
အဲဒီ့အမြီးတွေက လှဖို့သက်သက်အတွက်
မဟုတ်ပဲ ... သူတို့ရဲ့ခန္ဓာကိုယ်ရဲ့ ဟန်ချက်( Balance ) ကို
ထိန်းညှိဖို့အတွက် ရှဥ့်လေးတွေက အသုံးပြုကြတယ်တဲ့ ...။ အဲဒါကြောင့်လဲ ရှဥ့်လေးတွေ
သစ်ကိုင်းတစ်ခုကနေ တစ်ခုဟန်မပျက်ပဲ လွှားကနဲ လွှားကနဲခုန်ကူးနေကြတာ တွေကို
ကျွန်တော်တို့တွေ မြင်မြင်နေရတာပေါ့။ ဒီလိုကျတော့လဲ သူတို့ရဲ့ အမြီးတွေက တော်တော်အသုံးဝ
င်သားပဲလို့စဉ်းစားမိရင်း အမြီးပျက်နေတဲ့ ရှဥ့်တစ်ကောင်ရဲ့ဘ၀ကို ကျွန်တော်
တွေးမိတယ်။ ဒီကောင် သစ်ပင်ပေါ်ကနေ တဘိုင်းဘိုင်းနဲ့ ပြုတ်ပြုတ်ကျ နေမှာသေချာတယ်။
ကျွန်တော်တို့လူသားတွေမှာရော ဘ၀ရဲ့ဟန်ချက်ကို ထိန်းညှိပေးနေတဲ့အရာက ဘာလဲ ...။ ဘ၀မှာ
ဘယ်အရာတွေကို ဟန်ချက်ညီနေအောင် ထိန်းညှိရမှာလဲ ...။ကျွန်တော့်ရဲ့မေးခွန်းကို
ကျွန်တော်ဖြေရမယ်ဆိုရင်တော့ ဘ၀မှာဟန်ချက်ညီအောင် အထိမ်းသင့်ဆုံးအရာကတော့
စိတ်ဖြစ်ပြိး ... ဘာနဲ့ထိမ်းညှိရမလဲဆိုရင်တော့ ဗုဒ္ဓဘာသာပီပီ တရားတော်တွေနဲ့
ထိမ်းညှိပါလို့ပဲဖြေရမှာပါပဲ။
ကိုယ့်စိတ်ကိုကိုယ် ဟန်ချက်ညီအောင် မထိမ်းနိုင်ကြတဲ့သူတွေ ဟိုဘက်စွန်း၊
ဒီဘက်စွန်းရပ်ပြီး လောကကိုအကျည်းတန်အောင်
လုပ်နေကြတာတွေကို နေရာတိုင်းမှာ ကျွန်တော်တို့တွေ့မြင်နေကြရတာပဲလေ။
ကျွန်တော်ကတော့ သူတို့တွေ တစ်ချိန်ချိန်မှာ
ရှဥ့်အမြီးပြတ်တွေလို တဘိုင်းဘိုင်းနဲ့ ပြုတ်ကျလာကြမှာကိုြ
ကိုပြီးမြင်ယောင်နေမိပါသေးတယ်။

တိရိစ္ဆာန်တွေနဲ့ပတ်သက်တဲ့ထူးထူးခြားခြားအချက်လေးတွေကိုရေးထားတဲ့

စာအုပ်လေးကိုဖတ်ကြည့်နေရင်းက ဟိုဟိုဒီဒီ တွေးမိတာ လေးတွေပါ။ ဖတ်ကြည့်ပြီး

ဘာမှလဲအကျိုးမရှိပါဘူးကွာလို့ ယူဆကြရင်တော့ ဒီမှာတင် အထက်ကစာသားတွေအားလုံးကို မေ့ပစ်လိုက်လို့ရပါပြီ။