Pages

Thursday, April 19, 2012

သင်္ကြန်ခရီးစဉ် ... (၂)


           ဒုတိယအကြတ်နေ့ညနေပိုင်းမှာ … ရွာတစ်ရွာက ညီငယ်တစ်ယောက်ရောက်လာပြီး … အိုင်သပြုနဲ့ ငါးသို်င်းချောင်းကြားမှာ ဆည်ဆောက်ဖို့အတွက် မြေတွေဖို့တာ ပါသွားတဲ့ လယ်ကွက်တွေကို လျှော်ကြေးမပေးဘူး ဆိုတဲ့အကြောင်း၊ခမောက်စုအထက်တန်းကျောင်းက ကျောင်းအုပ်ဆရာမကြီး ကျောင်းသား၊ ကျောင်းသူတွေစီကနေ … ပိုက်ဆံတွေအကောက်ကြမ်းပြီး ခြံတွေတစ်ခြံပြီးတစ်ခြံဝယ်နေတယ်ဆိုတဲ့အကြောင်း ၊စာမေးပွဲကြေး ၇၀၀ ကိုလည်း တစ်ယောက် ၇၀၀၀ ကောက်ပြီး ဆရာမကြီးနဲ့ အကြံပေးဆရာ တစ်ယောက် တို့ ပေါင်းစားနေတယ်ဆိုတဲ့အကြောင်း … တွေလာပြောပြကြတယ်။ မသိနားမလည် တဲ့ တောသူတောင်သားတွေကို လည်မျိုညှစ်ပြီး စီးပွားရှာနေတဲ့ အကျင့်ပျက်လူယုတ်မာတွေရဲ့ ရန်က တော်တော်မသေးပါလားလို့ ကိုယ်တွေးမိပြီး … ဥပဒေဘောင်ထဲကနေ ဘယ်လိုဘယ်လိုမျိုးတွေ လုပ်သင့်တယ်ဆိုတဲ့ အကြောင်း အကြံပေးလိုက်ပြီး ၊ ကိုယ်ကိုယ်တိုင်းလဲ  ဒီလိုမျိုးကိစ္စတွေ ပပျောက်သွားအောင် တတ်နိုင်သလောက် ကြိုးစားပေးမယ့် အကြောင်း ကတိပေးလိုက်တယ်။ တောသူတောင်သားတွေရဲ့ ရိုးသားမှု၊ အသိအမြင် နည်းပါးမှုကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုးစီးပွားအတွက် ရသလောက်ချူယူနေတဲ့ တောကြောင်တွေ လက်ခမောင်းဆက်မခတ်နိုင်အောင် ကိုယ်တို့အားလုံး တာဝန်သိသိနဲ့ ကြိုးစားကြဖို့ အရေးတကြီး လိုအပ်နေပြီ ဆိုတာ အသေအချာပဲ။ မီဒီယာတွေကိုလည်း … မြို့ကြီးပြကြီးတွေနဲ့ နာမည်ကြီးတွေ နောက်ကိုချည်း  လျှောက်လိုက်မနေပဲ နယ်ဝေးဒေသတွေအထိ ခြေဆန့်ကြရင် သိပ်ကောင်းမှာပဲလို့လဲ တွေးမိတယ်။ မြို့ကြီးပြကြီးနဲ့ ဝေးလံခေါင်သီတဲ့ တောရွာကျေးလက်က ပြည်သူတွေရဲ့ ရင်ထဲမှာ မကျက်သေးတဲ့ အနာရွတ်တွေပေါ် ဒဏ်ရာတွေ ထပ်ထပ်ပြီးရနေတုန်းပဲ … ပြီးတော့ … သူတို့မှာ ပြောချင်နေကြတဲ့စကားတွေများစွာကို နှုတ်ခမ်းကိုက်ပြီး မြိုသိပ်ထားရတဲ့ မချိမဆန့် ရင်ဘတ်တွေလဲ ရှိကြသေးတယ်။ ပြည်သူ့အသံကို တကယ်ဖော်ထုတ်ချင်တယ်ဆိုရင် … သူတို့တွေကို ကိုယ်တို့ ဘယ်လိုချန်ထားခဲ့လို့ဖြစ်မှာလဲ ။
          အတက်နေ့ နေ့လည်စာဆွမ်းစားပြီးတော့ လူထွက်ဖို့အတွက်ကျောင်းထိုင်ဘုန်းဘုန်းက သိက္ခာချပေးတယ်။ ဘုန်းကြီးအဖြစ်ကနေ ကိုရင်၊ ကိုရင်အဖြစ်ကနေမှ သာမာန်လူ ဆိုတဲ့အဆင့်နှစ်ဆင့်ကို ဆရာတော်တိုင်ပေးတာတွေလိုက်ဆိုပြီးမှပဲ သာမာန်လူပြန်ဖြစ်တယ်။ ရဟန်းသံဃာဖြစ်ဖို့မလွယ်သလို၊ လူပြန်ထွက်ရတာလဲ လွယ်လွယ်နဲ့မပြီးဘူးလို့ ဆရာတော်ကပြောတယ်။ ရဟန်းတော်တွေကို သင်္ဃန်းဆွဲချွတ်လိုက်ရုံနဲ့ သိက္ခာကျမသွားဘူးဆိုတာကို ဆရာတော်က သေသေချာချာရှင်းပြတယ်။ လူထွက်ပြီးပြီးချင်းပဲ ၁၉ ဂျူလိုင်မှာ ကျဆုံး သွားတဲ့ အာဇာနည်တွေထဲက တစ်ဦးဖြစ်တဲ့မန်းဘခိုင်ရဲ့ အမျိုးတွေရှိရာ ယုန်တလင်းကျေးရွာလေးကို ကိုယ်တို့တွေထွက်ခဲ့ကြတယ်။ ငါးသိုင်းချောင်းသူနဲ့ညားပြီး ရွာမရောက်တာကြာပြီဖြစ်တဲ့ အိုင်သပြုသား ကိုပေါက်ကြီးက သူ့ကားနဲ့လိုက်ပို့ပေးလို့ ကိုယ်တို့တွေ ချောချောမောမောနဲ့ ယုန်တလင်းကိုရောက်သွားကြတယ်။ ယုန်တလင်းက အိုင်သပြုနဲ့ဆို ၁၀မိုင်လောက်ဝေးတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို ဟင်္သာတမှာ ဆုတော်ငွေ ငါးကျပ်ထုတ်တဲ့ကာလ … ဒေါ်မေရီလှတောက ဗိုလ်ချုပ်ကိုခေါ်လာပြီး ဗိုလ်ချုပ်ကိုရန်ကုန်ပြန်ပို့ပေးဖို့ ကရင်လူမျိုးမန်းဘခိုင်ကို အကူအညီ တောင်းတယ်။
အဲဒါ ဗိုလ်ချုပ်က မန်းဘခိုင်တို့အိမ်မှာ ၃ရက်လောက်ပုန်းနေရပြီးမှ ငှက်ပျော်သီးထမ်းတဲ့လူယောင်ဆောင် ၊ ငှက်ပျော်တင်တဲ့ကားပေါ်တွယ်လိုက်ပြီး ငှက်ပျောသီးတင်တဲ့ သင်္ဘောနဲ့ရန်ကုန်ကိုပြန်လာခဲ့ရတယ်လို့ မန်းဘခိုင်ရဲ့မြေးဖြစ်သူကပြောပြတယ်။ ၃ရက်တာ ပုန်းနေရတဲ့ ကာလအတွင်းမှာလဲ အိမ်အနောက်ဘက်က ယောင်္ကျားရေချိုးခန်းထဲမှာ နေ့လည်နေ့ခင်းတွေ ၀င်ပုန်းနေရပြီး ညဖက်မှ အိမ်ပေါ်တက် စကားပြောကြတယ်တဲ့။ အဲဒီ့အချိန် ကရင်၊ ဗမာဆက်ဆံရေးတင်းမာနေတဲ့ကာလမှာ ကရင်လူမျိုးတစ်ယောက်က ဗိုလ်ချုပ်ကို ဖွက်ထားပေးပြီး ရန်ကုန်ကိုဘေးရန်ကင်းအောင် ပို့ပေးခဲ့တယ်ဆိုတဲ့ အဖြစ်အပျက်က စိတ်ဝင်စားစရာကောင်းတဲ့ သမိုင်းရဲ့ပြကွက်တစ်ခုပဲ။ ကိုယ်တို့တွေလဲ ဓါတ်ပုံတွေအပြင် ၊ ဗွီဒီယိုနဲ့လဲ မှတ်တမ်းတွေတင်ခဲ့တယ်။ မန်းဘခိုင်ရဲ့ မြေးဖြစ်သူက သူတို့ကို အာဇာနည်နေ့အခမ်းအနားအတွက် လာတက်ဖို့အကြောင်းကြားတဲ့ စာရွက်ပိုင်းလေးကိုထုတ်ပြပြီး … အာဇာနည်တွေရဲ့မိသားစုတွေကို အလေးအနက်မထားပဲ ဖိတ်စာလေးတောင်မပို့တဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်လို့ပြောပြတယ်။ ပြီးခဲ့တဲ့နှစ် အာဇာနည်နေ့ကဆို ကားဝင်ခွင့်နံပါတ်လေးပဲ လှမ်းပို့တယ်တဲ့။ ကိုယ်လဲ သူတို့နဲ့ ထပ်တူထပ်မျှ စိတ်မကောင်းဖြစ်မိပြီး … ‘‘အာဇာနည်ဆိုတာ တန်ဖိုးထားမြတ်နိုးအပ်တဲ့အရာ …” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ရေးဦးမှပဲလို့ ရုတ်တရက်တွေးလိုက်မိသေးတယ်။ ဦးနုလက်ထက်တုန်းက မန်းဘခိုင်ရဲ့ အိမ်ကို ရှေးမူမပျက်ပြန်ဆောက်ပြီး ထိမ်းသိမ်းထားဖို့ စီစဉ်ခဲ့ပေမယ့် … အဲဒီ့အစီအစဉ်အထမမြောက်ခင်ပဲ … တိုင်းပြည်က ကံဆိုးမိုးမှောင်ကျခဲ့ရတယ်။ ဗိုလ်ချုပ်ကျဆုံးပြီးနောက်ပိုင်း မန်းဘခိုင်ရဲ့ဇနီး ဒေါ်အေးလုံ ဆီကို ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ရေးခဲ့တဲ့ စာတွေလဲ ဖတ်ခဲ့ရတယ်။ စာတွေကိုဖတ်နေရင်းက အဖွားဒေါ်ခင်ကြည်ရဲ့ ရိုးသားပွင့်လင်း၊ မာန်မာနကင်းပြီး လှပတဲ့စိတ်ထားတွေကို ခံစားလာရတာကြောင့်  ရင်ထဲမှာ ကြည်နူးဝမ်းနည်း စိတ်တစ်ခု ဖြစ်လာတယ်။ ယုန်တလင်း NLDရုံးရဲ့ ဧည့်မှတ်တမ်းမှာ လက်မှတ်ထိုးခဲ့ပြီး … အမှတ်တရအနေနဲ့ ဒီလိုရေးပေးခဲ့လိုက်တယ် “ သမိုင်းကို နိုင်သူတွေရေးကြတဲ့ခေတ်ကုန်ပြီ … ကျနော်တို့ရဲ့သမိုင်းကို ကျနော်တို့ ပြန်ရေးမယ်၊ ကျနော်တို့ ဆက်ရေးမယ်။”  မန်းဘခိုင်ရဲ့ သမီးအငယ်ဆုံးနဲ့လဲ တွေ့ခဲ့ရသေးတယ်။ အမေက ကျန်းကျန်းမာမာပါပဲ … ဒါပေမယ့် ဆေးရုံကကျန်းမာရေးဝန်ထမ်းတွေရဲ့ ပေါ့ဆမှု၊ ဂရုမစိုက်မှုတွေကြောင့် ဒူးခေါင်းလည်ပြီး လမ်းကို စတီးထောက်နဲ့လျှောက်နေရတယ်။
                    ယုန်တလင်းရွာက ပြန်ရောက်ပြီး ညနေအချိန်နည်းနည်းကျန်နေသေးတာနဲ့ ကိုယ်တို့တွေ ကားနဲ့ကျေးလက်သင်္ကြန်ကို တစ်ပတ်ပတ်ပြီးကြည့်ကြသေးတယ်။ ကျေးလက် သင်္ကြန်မို့ မဏ္ဍပ်တွေတစ်ခုနဲ့တစ်ခု နည်းနည်းလှမ်းပေမယ့် … မီးသတ်ပိုက်တွေကတော့ ရန်ကုန်အဆင့်မီပါတယ်။ ကိုယ်တို့တည်းတဲ့အိမ်အရှေ့က ကြာသပတေးဆွမ်းလောင်းအသင်းရုံကြီးမှာ နေ့ရောညပါ စတုဒီသာကျွေးနေတဲ့ မြင်ကွင်း ကလည်း မြန်မာ့ရိုးရာသင်္ကြန်ပွဲရဲ့ ကြည့်မ၀ရှုမငြီးတဲ့ အလှတရားတစ်ခုပါပဲ။ ညဖက် ဆရာတော်ကခေါ်ထား တယ်ဆိုတာနဲ့ သွားတော့ ဆရာတော်က အန္တရာယ်ကင်းအောင် အမြဲရွတ်ဖို့ ဂါထာတစ်ပုဒ်ရေးပေးလိုက်တယ်။ ကိုယ်တို့နိုင်ငံရဲ့အခြေအနေက အရင်ကလို မဟုတ်တော့ဘူးဆိုပေမယ့် ... အာဏာရှင်လက်ကျန်လေးတွေက တကြွကြွ၊ သံသယလက်ကျန်လေးတွေက တသသနဲ့ဆိုတော့ အန္တရာယ်ကင်းပါပြီလို့ ဆိုနိုင်တဲ့အနေအထား မဟုတ်သေးဘူးလေ။ ပြုစရာ၊ ပြင်စရာလိုနေုတဲ့ … နှုတ်စကားတစ်ခွန်းတည်း၊ နှိပ်ကွပ်လိုမှု တစ်ခုတည်းနဲ့ အာဏာတည်ခဲ့သော အမိန့်တွေကလည်းအများသားလား …။ ဆရာတော်ကို ကျေးဇူးတင်စကားပြော ဦးချကန်တော့ပြီး ပြန်လာခဲ့တယ်။ ညဖက် ရွာကဆွေမျိုးတွေစီစဉ်ပေးထားတဲ့ ဘဲကြွပ်ကြော်နဲ့ ကိုယ်တို့တွေ ၀ိုင်းဖွဲ့စကားပြောကြသေးတယ်။ ၂၀၁၀ရွေးကောက်ပွဲတုန်းက တစ်သီးပုဂ္ဂလအဖြစ်နဲ့ တိုင်းဒေသကြီးလွှတ်တော်မှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တကယ်မဟုတ်သော အရှုံးနဲ့ရင်ဆိုင်ခဲ့ရတဲ့ နောင်တော်တစ်ယောက်ရယ်၊ အခြား တိုင်းပြည်ရဲ့အရေးနဲ့ ရပ်ရွာကောင်းစားရေးကို စိတ်ဝင်စားကြပြီး တတ်အားသမျှဝိုင်းဝန်းလုပ်ဆောင်နေကြတဲ့ သူအချို့ရောပေါ့။ တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက်အလုပ်လုပ်နိုင်ကြဖို့နဲ့ နောက်ပိုင်း ကွန်ယက်ပုံစံ အချင်းချင်းကူညီလက်တွဲဆောင်ရွက်သွားကြဖို့ကို … ကိုယ်တို့တွေ စကားတွေ အများကြီး ပြောဖြစ်ခဲ့ကြတယ်။ ကိုယ်တို့ထိုင်နေတုန်း … ရွာထဲမှာ နာရေးတစ်ခုဖြစ်လို့တဲ့ ပျဉ်ချပ်တွေလာတောင်း တယ်။ နောက်နေ့က နှစ်ဆန်းတစ်ရက်နေ့ဆိုတော့ … နေ့မကူးခင် ညတွင်းချင်းချချင်ကြပုံရတယ်။ ခက်တာက နာရေးကူညီနေတဲ့ အဖွဲ့လေးမှာလဲ ပျဉ်ကနှစ်ချပ်ပဲအဆင်သင့်ရှိပြီး … ညဖက်ဖြစ်လို့ သိမ်းထားတဲ့ပျဉ်တွေကို ထုတ်ဖို့အခက်အခဲ ဖြစ်နေတာနဲ့ ရှိတဲ့ပျဉ်နှစ်ချပ်ပဲပေးလိုက်ရတယ်။ အစစအရာရာ မပြည်စုံဘူးဆိုပေမယ့် … ရှိသလောက်အခြေအနေလေးအတွင်းမှာ ရသလောက်လေးဝိုင်းဝန်းကူညီနေကြတာကိုကြည့်ပြီး … ကြည်နူးပီတိဖြစ်ရသလိုပဲ … ဖြည့်စရာလိုနေတဲ့ ကွက်လပ်တွေအများကြီးရှိနေသေးပါလားလို့လဲ တွေးမိပါတယ်။ ရွာမှာ စာကြည့်တိုက်လေး တစ်ခု လောက်လောက်လားလားဖြစ်လာဖို့ကိုလဲ ကိုယ်တို့ တိုင်ပင်ဖြစ်ခဲ့ကြသေးတယ်။ အဖိုးရှိတုန်းက … စာကြည့်တိုက်လေးတစ်ခု အခြေတည်ပေးခဲ့ပေမယ့် ပုံမှန်ကြည့်ရှုထိမ်းသိမ်း မယ့်သူမရှိတာကြောင့် … မအောင်မြင်ပဲပျက်စီးပြီးဆုံးသွားခဲ့တယ်။ အခု ကိုယ်တို့လက်ထပ်မှာတော့ အဲဒီ့လိုမျိုးမဖြစ်ရအောင် … သေသေချာချာလေး စနစ်တကျလုပ်ကြဖို့ ၀ိုင်းတိုင်ပင်ကြတယ်။ ကလေးတွေရော၊ လူလတ်၊ လူကြီးတွေပါ စာဖတ်လာကြဖို့ … စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို ထင်သာမြင်သာဖြစ်လာအောင် လုပ်နိုင်ကြဖို့လိုမယ်လို့လဲ ကိုယ်ပြော ဖြစ်ခဲ့တယ်။ ည ၁၂ နာရီလောက်အထိ စကားထိုင်ပြောကြအပြီးမှာတော့ … ကိုယ်တို့တွေ ပျော်ပျော်ရွှင်ရွှင်ပဲ နှုတ်ဆက်လမ်းခွဲခဲ့ကြတယ်။ မနက်စောစောထပြီး ရန်ကုန်ပြန်ကြရတော့မယ်လေ ။
          ဒီနှစ်သင်္ကြန် ဘုန်းကြီးသွားဝတ်တယ်ဆိုပေမယ့် … အိုင်သပြုရွာကလေးနဲ့ အခြား အနီးအနားကရွာလေးတွေကိုရောက်ဖြစ်ခဲ့တာကြောင့် စဉ်းစားတွေးတောစရာတွေ … အမြင်မတော်တာတွေ … အရေးတကြီးလိုအပ်နေတဲ့လိုအပ်ချက်တွေများစွာကို မြင်ဖြစ်အောင်မြင်ခဲ့ရတဲ့ အတွက် … ကိုယ်ရဲ့ စိတ်အာရုံ ထဲမှာ ပြည့်သိပ်ကျပ်ညပ်စွာနဲ့ ရန်ကုန်ကိုပြန်လာခဲ့ရတယ်။ ကိုယ့်ရဲ့ခရီးစဉ် ကလေးက ပျော်စရာလဲကောင်းသလို ရင်မောစရာလဲကောင်းပါတယ် …။

9 comments:

ခွန်မြလှိုင် said...

သူငယ်ချင်းရေ

နင်တို့(လက်ထက်)မှာ အရင်ခေတ်က လူတွေထက် ပိုအောင်မြင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

su wai said...

ဦးသန့်အုတ်ဂူတောင် ဘန်ကီမွန်း တစ်ခေါက်တစ်ခေါက်လာပြီး ဂါရ၀ပြုမှပဲ မြင်ရတာ...

အာဇာနည်ဆိုတာ တန်ဖိုးထားမြတ်နိုးအပ်တဲ့အရာ... ဆိုတဲ့ ဆောင်းပါးကို ဖတ်ဖို့စောင့်နေမယ်

ပန်းစကား said...

Nay Myo yay...we visited to you...

ပန်းစကား said...

Nay Myo yay...we visited to you....

စံပယ်ဖြူ (Jasmine White) said...

လိုနေတဲ့ ကွက်လပ်တွေ အများကြီးရှိတာတော့ အမှန်ပါ။ ရွာတွေမှာ နှစ်လုံး၊သုံးလုံး တွေပပျောက် ဖို့လည်းလိုနေပါတယ်။ ကြိုးစားဆောင်ရွက်ပေးပါလို့ တိုက်တွန်း တောင်းဆိုချင်ပါတယ်။

လေးစားစွာဖြင့်
ntth

Unknown said...

I am looking for someone who can translate Burmese language to english. We are based in NJ, USA and pay reasonable amount for any translation work.

Please email me with your contact details at ali@industranslation.com.

Thanks,

Ali

interagen said...

Situs Agen Judi Online Indonesia Terpercaya

Unknown said...

Click here to know the information regarding jobs in kerela, bajaj allianz payment, online passport application, laptop price in India.
online passport application form

Unknown said...

Check Steps for SBI General Insurance Online Payment. Renew or Buy the policy & pay the SBI Premium through Online
SBI General Insurance Online Payment