Pages

Thursday, September 13, 2007

Chatter(ချက်တာ) နှင့် Blogger (ဘလော့ဂါ)

Chatter(ချက်တာ) နှင့် Blogger (ဘလော့ဂါ)

ပထမဦးဆုံးအနေနဲ့ ဒီခေါင်းစဉ်လေးထဲက စကားလုံးနှစ်ခုဖြစ်တဲ့ Chatter (ချက်တာ) နဲ့ Blogger (ဘလော့ဂါ) တို့ရဲ့ အဓိပ္ပါယ်ကို အရင်ဆုံးရှင်းဖို့ လိုမယ်ထင်ပါတယ်။ Chatter ဆိုတာ Internet သုံးတဲ့ အချိန်တွေထဲက တော်တော်များများကို online ပေါ်မှာရှိတဲ့ mIRC, Gtalk, Skype, vzochat စတဲ့ Chatting Software တွေကို သုံးပြီး မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ မိဘဆွေမျိုးတွေ၊ ဘယ်ကမှန်းမသိတဲ့သူတွေနဲ့ စကားစမြည် ဟိုဟိုဒီဒီ ပြောခြင်းနဲ့ ကုန်လွန်စေတဲ့သူတွေကို ဆိုလိုပါတယ်။ Blogger ဆိုတာကတော့ Internet သုံးတဲ့ အချိန်တွေထဲက အများစုကို Blog (Web log) လို့ ခေါ်တဲ့ Online Diary လေးတွေ ရေးသားကြတဲ့နေရာမှာ အသုံးပြုကြတဲ့သူတွေကို ဆိုလိုပါတယ်။ အခု ဒီနေရာမှာ အဓိကပြောချင်တာကတော့ Chatter (ချက်တာ) တစ်ယောက်နဲ့ Blogger (ဘလော့ဂါ) တစ်ယောက်ရဲ့ စိတ်နေစိတ်ထားတွေ၊ အရည်အသွေးတွေသူတို့ကြုံတွေ့ရတဲ့ ပတ်ဝန်းကျင်ကိုလိုက်ပြီး ဘယ်လိုဘယ်ပုံ ကွာခြားသွားတယ်ဆိုတဲ့ အချက်ကိုပဲ ဖြစ်ပါတယ်။

ဒါကိုပြောဖို့အတွက် ပထမဆုံးအနေနဲ့ Chatter တွေ ကျင်လည်ကျက်စားတဲ့ Chatting Website တွေရဲ့ သဘောသဘာဝနဲ့ Blogger တွေ ကျင်လည်တဲ့ Blog တွေရဲ့ သဘောသဘာဝတို့ကို ကျွန်တော်တို့အနေနဲ့ အရင်ဆုံးသိထားဖို့ လိုပါလိမ့်မယ်။ Chatter တွေရဲ့ ကျင်လည်ရာပတ်ဝန်းကျင်လို့ ပြောလို့ရတဲ့ Chatting Website တွေရဲ့ အကြောင်းကို စပြီးလေ့လာကြည့်ပါမယ်။ Chatter အများစုရဲ့ အဓိကကျင်လည်ရာဟာ mIRC ပါလို့ ပြောလို့ရပါတယ်…။ mIRC ထဲမှာမှ မြန်မာတွေ အသုံးအများဆုံးကတော့ Ygn chat ဆိုတဲ့ chat room (ချက်ရွမ်း)ပဲ ဖြစ်ပါတယ်။ ကိုယ့်နာမည်အရင်းကို သုံးစရာမလိုဘဲ နာမည်ပြောင်(nickname) တစ်ခုကို ကိုယ့်ရဲ့စကားဝှက် (password) တစ်ခုနဲ့ တည်ဆောက်လိုက်မယ်ဆိုရင် mIRC ထဲမှာရှိတဲ့ chat room တွေထဲက chatter တွေများစွာနဲ့ ကြိုက်သလို စကားပြောလို့ ရသွားပါတယ်။ သူကလဲ သူ့ nick နဲ့ဝင်၊ ကိုယ်ကလဲ ကိုယ့် nick နဲ့ဝင် တစ်ယောက်အကြောင်းလဲ တစ်ယောက်မသိ၊ တစ်ယောက်ကိုတစ်ယောက်လဲ မြင်ရနိုင်တာ မဟုတ်တဲ့အတွက် အဲဒီအထဲမှာ ကြိုက်တဲ့စကားလုံးကို ကြိုက်သလို ရေးနိုင်ပါတယ်။ ကိုယ်ရေးလိုက်တဲ့ စကားအတွက်လည်း ကိုယ်က တာဝန်ယူစရာ မလိုပါဘူး…။ mIRC အသုံးများတဲ့ Chatter တွေဟာ အပြင်လောကမှာလည်း စကားကို လက်လွတ်စပယ် ပြောတတ်လာပါတယ်။ လိမ်ရမှာ၊ ညာရမှာကို ရှက်တဲ့ ကြောက်တဲ့ စိတ်တွေလည်း ခေါင်းပါးလာပါတယ်…။ အစစအရာရာကို ပေါ့ပေါ့တွေးပြီး ကိုယ့်စကား၊ ကိုယ့်လုပ်ရပ်၊ ကိုယ့်အပြုအမူတွေနဲ့ ပတ်သက်ပြီး တာဝန်ယူမှု၊ တာဝန်သိမှုတွေ မရှိသလောက်ကို ဖြစ်လာတတ်ပါတယ်…။ ဒါဟာ chatting ပတ်ဝန်းကျင်ထဲမှာ အနေများတဲ့အတွက် အဲဒီအထဲကနေ ကိုယ့်ရဲ့စိတ်ထဲကို ကူးစက်လာတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။

Blogger (ဘလော့ဂါ)တွေကတော့ Blog (ဘလော့ဂ်) ရေးကြပါတယ်။ www.blogger.com မှာ gmail account ကို သုံးပြီး Blog (ဘလော့ဂ်) တစ်ခုကို တည်ဆောက်ရယူနိုင်ပါတယ်။ Blog တစ်ခု ဖန်တီးတည်ဆောက်ဖို့ဆိုတာ chat room တွေထဲမှာလို account တစ်ခုလုပ်ပြီး ၀င် chat ရတာလောက် မလွယ်ကူဘူးဆိုတာ သေချာပါတယ်။ ဘလော့ဂ်ဆိုတာ တွေ့ကရာလူတွေနဲ့ ထွေရာလေးပါး ပြောနိုင်တဲ့ နေရာတစ်ခု မဟုတ်ပါဘူး…။ ဘလော့ဂါတစ်ယောက်ရဲ့ ပတ်ဝန်းကျင်မှာ ချက်တာတစ်ယောက်ရဲ့ ပတ်ဝန်းကျင်ထဲကလို ဘယ်ကမှန်းမသိတဲ့သူတွေ မရှိပါဘူး။ အ,လာပ သ,လာပ အရည်မရ အဖတ်မရ စကားလုံးတွေ မရှိပါဘူး…။ ဘလော့ဂါတစ်ယောက်ရဲ့ ပတ်ဝန်းကျင်မှာ သူခင်တဲ့သူငယ်ချင်းတွေ၊ သူရေးထားတဲ့စာလေးတွေကို ဖတ်ရှုအားပေးကြတဲ့ သူ့ရဲ့စာပေမိတ်ဆွေတွေ၊ သူတင်ထားတဲ့ ဓါတ်ပုံလေးတွေ၊ သူ့ရဲ့ဘ၀အတွေ့အကြုံလေးတွေကို မျှဝေခံစားကြမယ့် ခံစားချက်ညီသူတွေ ရှိကြပါတယ်။ ဘလော့ဂါအများစုရဲ့ ဘလော့ဂ်မှာ သူတို့ရဲ့ အထ္တုပ္ပတ္တိအကျဉ်းကို ဖော်ပြထားကြပါတယ်။ သူ့ရဲ့နာမည်အရင်း၊ သူ့ရဲ့ဓါတ်ပုံ စတာတွေကို အမှန်အတိုင်းကို ဖော်ပြထားကြတာကို တွေ့ရပါမယ်။ အဲဒီလိုတင်ထားကြတာဟာ သူတို့ ဒီစာမျက်နှာတွေပေါ်မှာ တင်လိုက်တဲ့ စာ၊ ဓါတ်ပုံ၊ ပန်းချီ စတာတွေအတွက် သူတို့ အပြည့်အ၀ တာဝန်ယူရဲတယ်ဆိုတဲ့ စိတ်ဓါတ်ကြောင့် ဖြစ်ပါတယ်…။ ဒါကြောင့် ဘလော့ဂ်တွေရဲ့ စာမျက်နှာတွေပေါ်မှာ လိမ်တာ၊ ညာတာတွေ သိပ်မပါပါဘူး။ ရိုင်းစိုင်းကြမ်းတမ်းတာတွေ သိပ်မပါပါဘူး။ ဘလော့ဂါတွေအနေနဲ့လည်း ကိုယ်ရေးလိုက်တဲ့စာတွေအတွက် ကိုယ့်မှာ တာဝန်အပြည့်ရှိတယ်ဆိုတဲ့ အသိစိတ်ကြောင့် လက်လွတ်စပယ် မလုပ်တတ်ကြတာကို တွေ့ရပါတယ်။ ဘယ်နေရာမှာမဆို အကောင်းအဆိုးဒွန်တွဲနေတဲ့သဘောအရ ကိုယ့်ပရိုဖိုင်လဲမဖော်ပြရဲ၊ ကိုယ်ရေးတဲ့ စာတွေအတွက်လဲ ဘာဆိုဘာမှတာဝန်မယူရဲ၊ အလိမ်အညာတွေ ရိုင်းစိုင်းကြမ်းတမ်းတဲ့စကားလုံးတွေကိုလဲ သုံးစွဲဖို့ဝန်မလေးတတ်ကြတဲ့ ဘလော့ဂါအချို့ရှိပေမယ့် အရေအတွက်အားဖြင့် သိပ်မများ တာကိုတွေ့ရပါတယ်။ နောက်ပြီး ဘလော့ဂါတွေရဲ့ ဘလော့ဂ်တွေကို လေ့လာကြည့်တဲ့အခါ ကိုယ်ဝါသနာပါရာ တစ်ခုခုကို လိုက်ပြီး ပုံစံလေးတွေ ကွဲပြားသွားတာကို တွေ့ရပါတယ်။ ရသစာပေကို စိတ်ဝင်စားတဲ့သူကလည်း သူဖတ်ဖူးခဲ့တာလေးတွေကို မျှဝေသလို သူရေးထားတာလေးတွေကိုလည်း တင်တတ်ပါတယ်။ သုတလိုင်းဘက်ကို စိတ်ဝင်စားတဲ့သူကလည်း သတင်းသဘောမျိုးလေးတွေကို အမြဲတမ်း တင်ပေးနေတတ်ပါတယ်။ တချို့ ဓါတ်ပုံဝါသနာပါသူတွေကလည်း ဓါတ်ပုံလေးတွေ တင်ကြပါတယ်။ ဘလော့ဂါတစ်ယောက် ဖြစ်လာတဲ့သူရဲ့ ရည်ရွယ်ချက်ဟာ ချက်တာတစ်ယောက်ရဲ့ mIRC ထဲမှာ ကျူမယ်၊ အဆင်ပြေရင် gmail တောင်းပြီး Gtalk ကနေ စကားပြောမယ်… ပြီးရင် Vzochat လေးသုံးပြီး webcam လေးနဲ့ မျက်နှာလေးပါ ကြည့်လိုက်မယ်… အဆင်ပြေရင် အပြင်မှာ ချိန်းတွေ့ကြမယ်…ဆိုတဲ့ ရည်ရွယ်ချက်ထက် နည်းနည်းလောက်တော့ မြင့်သွားတယ်ဆိုတာ သိပ်ကို သေချာပါတယ်။

နောက်တစ်ခုက အားစိုက်ထုတ်ရမှုအပိုင်းပါ…။ ချက်တာတစ်ယောက်ဖြစ်ဖို့ဆိုတာ သိပ်ကိုလွယ်လွန်းပါတယ်…။ ဘလော့ဂါတစ်ယောက် ဖြစ်လာဖို့ကတော့ စစခြင်းမှာ လုံလောက်တဲ့ အားတစ်ခုစိုက်ထုတ်ရသလို နောက်ပိုင်းမှာလည်း စဉ်ဆက်မပြတ်တဲ့ အားစိုက်ထုတ်မှုတစ်ခုကို ဆက်လုပ်ပေးနေဖို့ လိုပါတယ်။ လုပ်ချင်စိတ်တစ်ခုနဲ့ အားတစ်ခုစိုက်ထုတ်ရုံပဲလား ဆိုတော့လည်း မဟုတ်သေးပါဘူး…။ ချက်တာတစ်ယောက်ရဲ့ အဆင့်ထက် အများကြီးပိုမြင့်တဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်တတ်မြောက်မှုတွေ လိုပါသေးတယ်။ အနိမ့်ဆုံးဥပမာတစ်ခု ပေးရမယ်ဆိုရင်… chat room တွေထဲမှာ မြန်မာအသံထွက်ကို အင်္ဂလိပ်စာလုံးတွေသုံးပြီး Burglish လို ရိုက်လို့ရပေမယ့် ဘလော့ဂ်တွေထဲမှာတော့ Burglish နဲ့ ရေးထားတဲ့ဘလော့ဂ် လုံးဝမရှိပါဘူး…။ ရှိရင်လည်း ဘယ်သူမှ ၀င်ဖတ်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ဘလော့ဂါတစ်ယောက်ဟာ သူ့ဘလော့ဂ်ကို အင်္ဂလိပ်လိုဖြစ်စေ၊ Zawgyi One ဆိုတဲ့ Font ကိုသုံးပြီး မြန်မာလိုဖြစ်စေ ရိုက်ပြီး တင်ကြရပါတယ်။ အင်္ဂလိပ်လိုပဲတင်တင်၊ မြန်မာလိုပဲတင်တင် လုံလောက်တဲ့ ကျွမ်းကျင်မှုတစ်ခုကိုတော့ မဖြစ်မနေရအောင် ယူကြရတာပါပဲ…။

နောက်တစ်ခုက chatter တစ်ယောက် chat room အပေါ် စွဲလမ်းမှုနဲ့ blogger တစ်ယောက် သူ့ရဲ့ဘလော့ဂ်ကို စွဲလမ်းမှုမှာ မတူညီတဲ့ အကြောင်းရင်းတွေ ရှိနေပါတယ်။ ချက်တာတစ်ယောက် ချက်ရွမ်းတွေကို စွဲလမ်းသွားတာဟာ ဦးတည်ရာမရှိတဲ့ ပါးစပ်ဖျားက စကားလုံးတွေပေါ်မှာ သာယာတဲ့စိတ်ကြောင့် ဖြစ်ပါတယ်။ ဘလော့ဂါတွေရဲ့ ဘလော့ဂ်အပေါ် စွဲလမ်းမှုကတော့ နွေးထွေးတဲ့ ချစ်စဖွယ် သံယောဇဉ်တွေပေါ်မှာ အခြေခံပါတယ်။ ဘလော့ဂ်တွေမှာ ဘလော့ဂါနဲ့ လာရောက်ဖတ်ရှုကြသူတွေ အပြန်အလှန် စကားပြောလို့ရတဲ့ နေရာလေးတစ်ခုကို ဖန်တီးထားလို့ ရပါတယ်။ အဲဒါလေးကို Cbox လို့ခေါ်ပြီး မြန်မာဘလော့ဂါတွေကတော့ ဆီပုံးလို့ ချစ်စနိုး ခေါ်ကြပါတယ်။ နောက်ပြီး ကိုယ်တင်လိုက်တဲ့ ပို့စ်(post)တိုင်းရဲ့အောက်မှာလည်း စာဖတ်သူတွေအနေနဲ့ comment (ထင်မြင်ချက်)တွေ ၀င်ရေးပေးခဲ့လို့ ရပါတယ်။ အဲဒီအချက်လေးတွေကြောင့် ဘလော့ဂါတစ်ယောက်နဲ့ သူ့ရဲ့ဘလော့ဂ်ကို လာလည်ကြတဲ့သူတွေရဲ့ အကြားမှာ အပြန်အလှန် ဆက်နွယ်မှုလေးတစ်ခု စီးဆင်းနေတာကို တွေ့ရပါတယ်။ အဲဒါကြောင့် ဘလော့ဂါတစ်ယောက်ဟာ ဒီနေ့ သူ့ရဲ့ဘလော့ဂ်ကို ဘယ်သူများ လာလည်သွားသလဲ၊ ဘယ်သူတွေကများ ဘာတွေများ ၀င်ရေးသွားသေးသလဲ စတာတွေကို ၀င်ကြည့်… ကိုယ့်ကို နှုတ်ဆက်သွားသူတွေကိုလည်း ပြန်နှုတ်ဆက်… စတဲ့ အလုပ်တွေအတွက်နဲ့ ကိုယ့်ရဲ့ဘလော့ဂ်ကို စွဲလမ်းသွားတတ်ကြပါတယ်။ ဒါပေမယ့် ချက်တာတွေ ချက်ရွမ်းကိုစွဲလမ်းပြီး တစ်နေကုန်တစ်နေခမ်း အရေမရအဖတ်မရတွေနဲ့ စခန်းသွားနေချိန်မှာ ဘလော့ဂါတစ်ယောက်က ကိုယ့်ဘလော့ဂ်လေးကိုပြင်ဆင်မွမ်းမံ၊ ရေးချင်တာလေးတွေအသစ်ထပ်ရေး၊ ကိုယ့်ဆီ လာလည်ကြတဲ့သူငယ်ချင်းတွေကို ပြန်လည်နှုတ်ဆက်၊ အခြားကိုယ့်သူငယ်ချင်းတွေရဲ့ဘလော့ဂ်ကိုလိုက်လည်နဲ့ ကိုယ့်အတွက်လဲ အကျိုးမယုတ် သူများအတွက်လဲ အကျိုးရှိစေမယ့် အလုပ်တွေကို လုပ်နေတာ သေချာယှဉ်ကြည့်တဲ့အခါ တော်တော်လေးကိုကွာနေတာ တွေ့ရပါတယ်။

ချက်တာ (Chatter) တစ်ယောက်နဲ့ ဘလော့ဂါ(Blogger)တစ်ယောက် အဲဒီ့လို အဲဒီ့လို သူကြုံတွေ့ရတဲ့ ပတ်ဝန်းကျင်ကိုလိုက်ပြီး စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာမှာပါ ကွာခြားချက်တွေရှိနေတာမှန်ပေမယ့် … တကယ်တမ်း အင်တာနက်ကို ထဲထဲဝင်ဝင်သုံးစွဲနေကြတဲ့ လူငယ်တွေများစွာထဲက ၈၀ ရာခိုင်နှုန်းလောက်ဟာ ချက်တာ(Chatter) တွေပဲဖြစ်နေတာကို ၀မ်းနည်းစွာပဲတွေ့မြင်ရပါတယ်။ အခုဆိုရင် နိုင်ငံတစ်ကာက မြန်မာဘလော့ဂါတွေရဲ့အရေအတွက်ဟာ ၅၀၀ ကျော်လောက်ရှိလာပြီလို့ ခန့်မှန်းရတဲ့အတွက် တကယ်တမ်းလူဦးရေနဲ့ ယှဉ်ကြည့်တဲ့အခါ အင်မတန်မှကိုနဲနေသေးတာကို တွေ့ရပါတယ်။ ကျွန်တော့်စိတ်ထဲမှာ ဖြစ်စေချင်နေတဲ့ ဆန္ဒကတော့ Chatting လောကကြီးထဲကို အင်တိုက်အားတိုက်နဲ့ပျော်ဝင်နေကြတဲ့ လူငယ်တွေအနေနဲ့ ဘလော့ဂါ (Blogger) တစ်ယောက်ရဲ့ဘ၀ကိုကူးပြောင်းစေချင်တာပဲဖြစ်ပါတယ်။ ဘလော့ဂ်ရေးတဲ့ ဘလော့ဂါ (Blogger) တစ်ယောက်ရဲ့ဘ၀ကို မရောက်သေးရင်တောင် ဘလော့ဂ်တွေလိုက်ဖတ်တဲ့ Blog Reader ဘ၀က ချက်တာတစ်ယောက်ရဲ့ ဘ၀ထက် ပိုမိုပြီး အကျိုးများနိုင်မယ်ထင်ပါတယ်။ မြန်မာဘလော့ဂ်တွေကို www.google.com က Goggle Search Engine မှာ Zawgyi-One Font နဲ့ရိုက်ထည့်ပြီးရှာကြည့်လို့ရပါတယ်။ နောက်ပြီး မြန်မာဘလော့ဂါတွေရဲ့ ဘလော့ဂ်တွေကို တတ်နိုင်သလောက်စုစည်းထားတဲ့ ဆိုဒ်လေးတွေကို ညွှန်းရမယ်ဆိုရင်တော့ www.mmblogdirectory.blogspot.com, www.myanmarblogsdirectory.blogspot.com, www.myanmarblogdirectory.blogspot.com , www.myanmar-music.com/myanmarmusic/blogs.aspx , စတဲ့ နေရာလေး တွေပဲဖြစ်ပါတယ်။ ဘလော့ဂါတွေဟာ သူတို့ရဲ့ဘလော့ဂ်တွေမှာ အခြားသော ဘလော့ဂါတွေရဲ့ ဘလော့ဂ်တွေနဲ့ လင့်ခ်ချိတ်ထားတဲ့အတွက် အဲဒီ့ လင့်ခ်တွေကနေတဆင့်လဲ သွားရောက်ဖတ်ရှုနိုင်ပါသေးတယ် …။ လူငယ်တွေအားလုံး ချက်တာ ဘ၀ကနေ ဘလော့ဂါဘ၀ကို ကူးပြောင်းနိုင်ကြပါစေဗျာ …။

နေဘုန်းလတ်

www.nayphonelatt.blogspot.com

33 comments:

MELODYMAUNG said...

သယ်ရင်း ဒီပို့စ်ကို ငါ sharing လုပ်ဖို့ မသွားတယ်နော်

ညီညီ(သံလွင်) said...

ကောင်းတယ်ကွာ.. သံလွင်အိပ်မက်အတွက် သိမ်းထားမယ်ဆို.. အခုတော့ ဘလော့ဂ်မှာပဲ တင်လိုက်ပြီပေါ့

pandora said...

ဂွတ်တယ် နေဘုန်းလတ်ရေး)

နှင်းပွင့်ဖြူ said...

ကိုနေဘုန်းလတ်ပြောတာကို အပြည့်အ၀ ထောက်ခံပါတယ်..
chatter and blogger
blogger and chatter ကြားက ကွာခြားချက်

Anonymous said...

နေဘုန်းလတ်ရေ.. သိပ် ရှင်းလင်း ကောင်းမွန် မှန်ကန်တဲ့ တင်ပြချက်တွေပဲ ။

sisain said...

ဒီပို့စ်လေး သိပ်ကောင်းတယ် ကိုနေ-ရေ

သန့်ဇော်မင်း said...

အကိုရေ.. ဒီပို့စ်လေး တော်တော်ကောင်းတယ်ဗျို့

su wai said...

chatter တွေကို blogger တွေ မဖြစ်လာရင်တောင် blog တွေကို ဖတ်တဲ့အဆင့်ရောက်အောင် တဖြည်းဖြည်း စည်းရုံးရမှာပဲနော်

silvermoon said...

ဒီပိုစ်လေးကို တော်တော်လေး သဘောကျပါတယ်ရှင်..

kay said...

နေဘုန်လတ်ရေ.. ဒီစာလေးကို..ပြည်တွင်း ဂျာနယ်..မဂ္ဂဇင်း တခုခုမှာ ထဲ့နိုင်အောင်လုပ်ပါလား လို့ အကြံပေးချင်တယ်။ သံလွင်မှာတင်မယ်ဆိုရင်တောင် သံလွင်ပရိသတ်တွေအတွက်..ပြောစရာတောင်မလိုတာပဲ။ ပြောဖို့လိုမဲ့လူတွေဆီရောက်အောင်ပို့နိုင်ရင် ပိုကောင်းမလားလို့ပါ။

NLS said...

ကိုနေဘုန်းလတ်ရေ ဒီပိုစ့်လေး ကောင်းသဗျို့

NayPhoneLatt said...

ဒီပို့စ်လေးကို မိုးဂျာနယ်ကိုပို့ထားပါတယ်ခင်ဗျာ ...။ သုံးဖြစ်လိမ့်မယ်လို့ထင်ပါတယ် ...။ ကွန်မန့်ဝင်ပွတ်ကြတဲ့ သူငယ်ချင်းတွေအားလုံးကိုကျေးဇူးပါဗျာ ...။

Anonymous said...

ကိုနဘလ အားလုံးက အပေါ်မှာ ကောင်းတယ်ချည်းပဲပြောသွားတော့ ထူးပြီး ကောင်းပါတယ်လို့ ဆက်မပြောတော့ဘူးဗျာ...း)

ဒါပေမဲ့ ကိုယ်က ဘလောက်ဂါဆိုပြီးတော့ ကောင်းတာချည်းပဲ စွတ်ရေးပြန်လည်း သူများတွေက ပြောအုံးမယ်.. နောက်တစ်ခါ ဘလောက်ဂါတွေရဲ့ မကောင်းတဲ့ အချက်ကိုရေးဗျာ.. ဟတ်ဟတ်

A random thoughts of a Burmese man said...

ကောင်းတယ်ဗျာ...ကျနော်လဲ လူမဖတ်တဲ့ ဂျာနယ်တွေကို
ပို့လိုက်မယ်...ခွိ ခွိ....

Anonymous said...

When I read your article, I reconsider myself whether i am a chatter or blogger. Because your article show clearly the bad things of chatter.

And also attract me to read blogs...

Nice article!

Google Myanmar Services said...

လူအများသိကြပေမယ့်..လူငယ်တွေကို သတိပေးပြီး..လမ်းပြခေါ်ဆောင်သွားပုံလေးကိုသဘေ
I have same feel with you . we are who show from front is good ..and who are follow also good..looking forward to see

ကလိုစေးထူး said...

အကျိုးပြုဆောင်းပါးလေး တပုဒ်ပါပဲ ကိုနေဘုန်းလတ်။ ကျနော် စဉ်းစားမိတာလေးတွေလဲ ဆွေးနွေးကြည့်ချင်ပါတယ်။ ယေဘုယျအားဖြင့်ကတော့ ချက်တာနဲ့ ဘလော့ဂါမှာ ဘလော့ဂ်ရေးရတာက ပိုအားစိုက်ရ၊ ပိုတာဝန်ယူရတဲ့ အတွက် တာဝန်ပိုပြီးလို့ ဘလော့ဂ် ရေးရတာက ပိုကောင်းမွန်တာပါပဲ။ ပိုအကျိုးရှိတာပါပဲ။ ဒါပေမယ့် ချက်တင်း ထိုင်သမျှတိုင်းဟာ အကျိုးမဲ့တွေ လုံးဝ ဥဿုံဖြစ်သွားတာတော့ မဟုတ်ဘူးခင်ဗျ။ ကျနော်လည်း ချက်တင်းကို နှစ်နဲ့ချီ ထိုင်ခဲ့ဖူးတယ်။ ချက်တင်းထဲကနေ အပြင်က လူတချို့ထက်တောင် နားလည်မှုရှိ၊ စိတ်ချင်းတူတဲ့ မိတ်ဆွေတွေ ရခဲ့ဖူးတာတွေ ရှိတယ်။ သူတို့တွေ အခုထိကို ကျနော်နဲ့ အဆက်အဆံ မပြတ် ရှိနေတုန်းပဲ။ ဒါကတော့ ချက်တင်းရဲ့ နည်းပါးလှတဲ့ ကောင်းကွက်ထဲက တခုပါပဲ။

ကိုနေဘုန်းလတ်ပြောသလို ချက်တာတွေကနေ ဘလော့ဂါတွေ ဘ၀ကို ကူးပြောင်းကြသူ များလာရင်တော့ အကောင်းဆုံးပါပဲဗျာ။ များလည်း များလာမယ့် အလားအလာတွေ ရှိပါတယ်။ :)

NayPhoneLatt said...

>ကိုကလိုစေးထူး - အစ်ကိုပြောတာမှန်ပါတယ်ခင်ဗျာ ... ကျွန်တော့်ဒီဆောင်းပါးလေးမှာ လိုအပ်ချက်တွေများစွာရှိ နေပါတယ်။ ချက်တင်ထိုင်းခြင်းရဲ့ ကောင်းကွက်လေးတွေကို အဆင်ပြေတဲ့အခါ ကျွန်တော်ရေးပါဦးမယ်။ အဓိက ကတော့ စိတ်ရင်းနဲ့ရည်ရွယ်ချက်လို့ ကျွန်တော်ကတော့မြင်ပါတယ် အစ်ကို။

NayPhoneLatt said...

> မဘာညာ - မဘာညာပြောသလိုပဲ ကိုယ်က ဘလော့ဂါဖြစ်နေလို့ ကောင်းကွက်တွေပဲရှာရေးနေတယ်လို့ အများက ထင်ကြမှာကို ကျွန်တော်လဲ စိုးရိမ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်ဘက်ကကြည့်ရင်တော့ ကျွန်တော်ဟာ ဘလော့ဂါတစ်ယောက်ဖြစ်လာလို့ ကောင်းကွက်တွေကို လိုက်ရှာပြီးပြောနေတာမဟုတ်ပါဘူး။ ဒီလို ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုလေးတွေရှိနေတာကို သိခဲ့ရလို့ ဘလော့ဂါတစ်ယောက်ဖြစ်လာအောင်ကြိုးစားခဲ့တာပါ။

Mr.Pooh @ မောင်ပွတ် said...

ကိုနေဘုန်းလတ်ရေ - ဒီပို့စ်တက်တဲ့နေ့ကတည်းက ကွန်းမန့်ချမလို့ပါ။ ဗမာလို ရိုက်လို့ရတဲ့ အချိန်ကိုစောင့်ရင်း နောက်ကျသွားတာနဲ့ ချီကျူးစရာ စကားလုံးတောင်မကျန်အောင် စုံနေပြီဗျာ။ Blog မှာပဲတင်တင်၊ သံလွင်မှာပဲရေးရေး၊ ဂျာနယ်ထဲပဲထည့်ထည့် ဒီပို့စ်ဟာ ကျွန်တော်တို့ရဲ့ ကွက်လပ်တစ်ခု၊ မေးခွန်းတစ်ခုကို ပြီးပြည့်စုံအောင် ဖြည့်စွက်ဖြေကြားပေးလိုက်တာပါပဲ။ နောက်နောင်များ Chatter & Blogger ဘာကွာလဲ ဆိုရင် ကျွန်တော်တို့မှာ လက်ညှိးညွှန်စရာ စာကောင်းတစ်ပုဒ်ရှိသွားပြီ။ ကျေးဇူးတင်ပါတယ်။ ဒီလိုစာမျိုးတွေ များများရေးပါစေလို့လည်း ဆုတောင်းပါတယ်ဗျာ။

Anonymous said...

တကယ်.. မမီဆီက မေးလ်ရတကတည်းက ဖတ်နေတာ.. ချက်ချင်းဘလော့ခ်မှာလဲ လာဖတ်တယ်.. ကောမန့်ချမလို့.. အားလုံးက အပေါ်မှာ ပြောထားသလိုပဲ.. တကယ်ကောင်းတဲ့ပို့စ်လေးပါ.. =)
bamar blogger boedaw ( မမခွန် ပြောတာ ) အဲဒီ့ဘွဲ့ပေးမယ်..

TKG said...

တော်တော်ကောင်းတဲ့ အရေးအသားပါပဲ.. အချက်အလက်အားလုံးမှန်တယ်လို့တောင် ပြောလို့ရပါတယ်..
ဒါပေမယ့် နှမ်းဝင်ဖြူးလိုက်ပါဦးမယ်..
နောက်ထပ်လူတန်းစားတစ်မျိုးကျန်သွားသလားလို့ပါ...
ဖိုရမ်မာတွေပါ...
ဒီလူတွေတော်တော်များများလဲ ခုဆို ဘလော့လောကထဲကိုဝင်လာကြပါပြီ... ဒါပေမယ့် တော်တော်များများကတော့ဖိုရမ်တွေထဲမှာ ခေါင်းစဉ်တစ်ခုနဲ့ ညင်းလိုက် ခုန်လိုက် ဆွေးနွေးနေကြဆဲပါ.. တချို့ဖိုရမ်မာများကျတော့လဲ ဖိုရမ်တကာလှည့်ပြီး ရန်ဖြစ်ဆဲပါ..
တကယ်တမ်းပြောရရင် online source ကို အများဆုံးဖြန့်ဝေပေးနိုင်တာ ဖိုရမ်တွေပဲ လို့ ကျွန်တော်ယူဆပါတယ်.. ကွန်မြူနတီဖိုရမ်တွေရှိသလို.. ဘာသာရပ်ဆိုင်ရာဖိုရမ်တွေလဲရှိပါတယ်.. ဧာတ်ပုံဗွီဒီယိုရှယ်ယားရင်းလုပ်တဲ့ဖိုရမ်တွေရှိသလို.. သိကြတဲ့အတိုင်း နိုင်ငံရေးဖိုရမ်တွေလဲ ရှိကြပါတယ်.. အဲဒါတွေက မြန်မာဖိုရမ်တွေပါ...
projectW လိုဖိုရမ်လို resource အများကြီးရနိုင်တဲ့ နိုင်ငံတကာ ဖိုရမ်တွေလဲ အများကြီးပါ..
ဒီတော့ ချက်တင်ဝင်တာထက် ဘလော့လောက က ပိုကောင်းတယ်ဆိုတာလဲ မှန်ပါတယ်.. ချက်လိုအပ်သလို.. ဘလော့လိုအပ်သလို. ဖိုရမ်လဲ လိုအပ်ပါတယ်.. ဘလော့ဂါတွေ အချင်းချင်း သိကြွမ်းသွားကြလို့ ချက်ကြသလို.. ဟဲဗီးတော့ပစ်တွေကို ဖိုရမ်တွေမှာ ၀င်ဆွေးနွေးကြရင် အကောင်းဆုံးပေါ့ဗျာ.....
ဥပမာ အလွယ်ဆုံးပြောရရင်.. ဘလော့တစ်ခုမှာ ပါတဲ့ စီဘောက်စ်က ချက်အသေးစားလေးတစ်ခုဖြစ်သလို.. ခုလို ကျွန်တော်တို့ ရေးနေတဲ့ ကွန်မန့်ဘောက်စ်ကလဲ.. ဘလော့ပိုင်ရှင်တင်လိုက်တဲ့ အကြောင်းအရာတစ်ခုကို ၀ိုင်းဆွေးနွေးကြတဲ့ ဖိုရမ်အသေးစားလေးလို့ ကျွန်တော်မြင်ပါတယ်...

NayPhoneLatt said...

ဒီပို့စ်လေးရဲ့ ပထမဆုံးအပိုဒ်မှာ `Chatter ဆိုတာ Internet သုံးတဲ့ အချိန်တွေထဲက တော်တော်များများကို online ပေါ်မှာရှိတဲ့ mIRC, Gtalk, Skype, vzochat စတဲ့ Chatting Software တွေကို သုံးပြီး မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ မိဘဆွေမျိုးတွေ၊ ဘယ်ကမှန်းမသိတဲ့သူတွေနဲ့ စကားစမြည် ဟိုဟိုဒီဒီ ပြောခြင်းနဲ့ ကုန်လွန်စေတဲ့သူတွေကို ဆိုလို ပါတယ်။ ´ လို့ ကျွန်တော်ရေးခဲ့ပါတယ် ...။ အင်တာနက်ကို သုံးကြတဲ့နေရာမှာ သုံးစရာအများကြီးရှိပါတယ် ...။ အဲဒီ့ အများကြီးထဲမှာမှ chatting တစ်ခုတည်းကိုပဲ ရာခိုင်နှုန်းတော်တော်များများ သုံးနေကြတဲ့သူတွေကို သာ ကျွန်တော်က chatter လို့ ဆိုလိုချင်တာပါ။ ကျွန်တော်တို့လဲ chat ပါတယ်။ ဒါပေမယ့် ... အင်တာနက်အသုံးပြုချိန်ရဲ့ ရာခိုင်းနှုန်းတော်တော်များများကို chat ခြင်းနဲ့မကုန်လွန်စေပါဘူး။ chatting ကရနိုင်တဲ့ ကောင်းကျိုးတွေကို ကျွန်တော်ရေးပါဦးမယ်ခင်ဗျာ။

စိုးဇေယျထွန်း said...

ကိုနေဘုန်းလတ် ပြောတာ ကောင်းပါတယ်။ ဒါပေမယ့် ချက်ဆင်ဆိုတာ အဆိုးကြီးတည်း မဟုတ်ပါဘူး အကောင်းတွေလဲ ရှိပါတယ်။
ဒါကြောင့် ကိုနေဘုန်းလတ် ရေးတဲ့ အထဲမှာ ချက်တင်ရင် အားသက်ချက် အချို့ကို လည်းအများကြီး မဟုတ်တောင် အနည်းငယ် ညွှန်းဆိုပြသင့်ပါတယ်။
အဲလို ညွှန်းဆိုပြီး ချက်တင်က ရတဲ့ ကောင်းကျိုးနဲ့ ဘလော့ဂ်ကရတဲ့ ကောင်းကျိုးနှစ်ခုကို နိုင်းယှဉ်ပြသင့်ပါတယ်။
အဲဒါဆိုရင် ဆောင်းပါးရဲ့ ဆိုလိုရင်းက ပိုပြီး ပိုလွင်လာမယ် လို့ ထင်မိပါတယ်။
နောက်တစ်ခုက ကျွန်တော်လေ့လာ မိသလောက် အနောက်တိုင်း နိုင်ငံတွေမှာ ချက်တင်ထိုင်တဲ့ အလေ့ အလေ့အထ မထွန်းကားပါဘူး။
အဲဒါ ဘာကြောင့် ဖြစ်တာလဲ ဆိုတော့ ကျွန်တော် ဥဏ်မီသလောက် ပြောရရင်။ အနောက်တိုင်းသည် ယဉ်ကျေးမှု အစနစ်အရ ပတ်ဝင်ကျင်မှာ လွတ်လပ် ပွင့်လင်းစွာပေါင်း သင်းဆက်ဆံ နိုင်ပြီး၊ မြန်မာသည် မြန်မာ ယဉ်ကျေးမှု အနေထားအရ မိန်းကလေး အများစုသည် ပြင်ပတွင် လွတ်လပ်စွာ ပေါင်းသင်း ဆက်ဆံ သွားလာခွင့်မရှိကြပါ။
ယင်းအခြေအနေ မျိုးရှိသည့်အခါမှာ ချက်တင်တွေပေါ်လာတော့ ယဉ်ကျေးမှုအရ ပိတ်လှောင်ထားတဲ့ အတားဆီး တစ်ခုကို နည်းပညာ အကူနဲ့ ကျော်ဖြတ်ဖို့ရာ အခွင့်ရေး တစ်ခုပေးလိုက်သလို ဖြစ်လာပြီး မိန်းကလေး အများစု ချက်ကို သဘောကျကြခြင်းဖြစ်သည်။
နောက်ပိုင်း အသားကျသွားချိန်မှာ တော့ ဘယ်သူမှ ချက်တင်ကို မထိုင်ကြတော့ပါ။
လောကတွင် ဘယ်ရာပဲ ဖြစ်ဖြစ် သုံးတတ်လျှင် အသုံးဝင်ပါသည်။ ဘယ်အရာပဲ ဖြစ်ဖြစ် အသုံးများလျှင် ဘေးဖြစ်ပါသည်။
လူတစ်ယောက် အသက်ရှင်ဖို့ မဖြစ်မနေ သောက်သုံးဖို့ လိုအပ်တဲ့ ရေပင်လျှင် သောက်တာများက ဘေးဖြစ်နိုင်ပါသည် ။
နောက်ဆုံး ပြောချင်တာကတော့ တစ်ခုနဲ့ တစ်ခုကို ကွန်ပဲရားလုပ်ပြတဲ့ အခါမှာ နှစ်ခုလုံးရဲ့ အားနည်းချက် အားသားချက်တွေကို ထည့်သွင်းရေး သားသင့်ပါသည်။
သို့မှသာလျှင် ပိုဟာပိုအားသာသည် ဆိုသည်ကို ပေါ်လွင် ထင်ရှားစွာ တွေ့မည်ရမည်ဖြစ်ပါသည်။

ZawZaw said...

ကောင်းတယ် ဆိုတာထက် လိုအပ်နေတဲ့ ကွက်လပ်လေး ကို အမြင်ကိုအမြင် အတိုင်း ချရေး သွားရဲတဲ့ ဆုံးဖြတ်ချက် အားလေးစားပါတယ်

s_potato said...

ပြောမယ်စဉ်းစားထားတဲ့ စကားတချို့ကိုပါ ထည့်ပြောသွားပေးလို့ ကျေးဇူးပါ
ကိုယ်ရေးရင်တောင်ဒီလောက်မပီပြင်ဘူးဆိုတာသိတယ်လေ
ကိုနေဘုန်းလတ်ရေ တကယ့်ကို online စာရေးဆရာပါပဲ

NayPhoneLatt said...

ဒီပို့စ်လေးနဲ့ ပတ်သက်ပြီး ကျွန်တော်ဖြည့်စွတ်ပြောချင်နေတာလေးတွေကို ကွန်မန့် ၃ ခုအနေနဲ့ ရေးပေးထားပါတယ်။ ကိုစိုးဇေယျရဲ့ ကွန်မန့်လေးကိုဖတ်ပြီး စဉ်းစားမိလာတာလေးတွေကို ပို့စ်တစ်ခုအနေနဲ့ အမြန်ဆုံးတင်နိုင်အောင်ကြိုးစားပါ့မယ်။

Anonymous said...

chatting တစ်ခုတည်းကိုပဲ ရာခိုင်နှုန်းတော်တော်များများ သုံးနေတဲ့ဦးရေ မြန်မာမှာဘဲဖြစ်ဖြစ် နိုင်ငံခြားမှာဘဲဖြစ်ဖြစ် နည်းမယ်လို့ထင်တာဘဲ။ ဘာဖြစ်လို့လည်းဆိုတော့ မြန်မာနိုင်ငံမှာက Internet သုံးရတာ ဈေးကြီးတယ် ဒါကြောင့်အများအားဖြင့် အင်တာနက်ကို အဓိကအရေးကြီးကိစ္စများသုံးရင် chattingကိုလိပ်ဥလို့သဘောထားပြီး စိတ်ပြေလက်ပျောက်သုံးတဲ့ဦးရေက ပိုများမယ်လို့ထင်တာဘဲ စာရင်းတော့အတိအကျမပြုစုထားမိတော့ ကိုနေဘုန်းလတ်လို တပ်အပ်မပြောနိုင်ပါဘူး။ ကျိန်းသေတာတော့ နိုင်ငံခြားမှာ Chatting Software တွေရဲ့ကျေးဇူးကြောင့် မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ မိဘဆွေမျိုးတွေနဲ့ (ဘယ်ကမှန်းမသိတဲ့သူများ မပါပါ) စကားစမြည် ဟိုဟိုဒီဒီ ခေတ္တခဏ ပြောနေရလို့ အသက်ရှုနေတဲ့စက်ရုပ်ဘဝမှာနေလို့ရနေတာပါ အဲဒါကို အချိန်ဖြုန်းနေကျတာပါလို့ဆိုလာရင်လည်း ........ :( အဲနိုင်ငံခြားမှာ Internet Full Access ရလို့ အချိန်အတော်တော်များများကို chat တစ်ခုထဲအတွက်သုံးနေတဲ့သူများရှိခဲ့ရင်တွေ့ခဲ့ရင် ချီးကျုးတယ်အားကျတယ် လို့ပြောပေးပါ။ :P မှားပြောမိတယ်ဆိုရင်လည်း ခွင့်လွှတ်ပါ။ Anyhow thanks for your post.
P.S->ကိုစိုးဇေယျထွန်းကို မသိလို့မေးပရစေ မြန်မာနိုင်ငံမှ မိန်းကလေး အများစုသည် chatting programများတွင် ဘယ်လိုများ လွတ်လပ်စွာ ပေါင်းသင်း ဆက်ဆံ နေပါသလဲ?

မျှားပြာ said...

တအားကောင်းတယ် အစ်ကိုရာ လူငယ်တွေ ပြောင်းလဲမှု ဖြစ်လာပါစေလို့ ဆုတောင်းပါတယ်

99 said...

ကိုနေဘုန်းလတ် ..
အရမ်းကောင်းပါတယ်။
ပြန့်ကျဲနေတဲ့အခြေအနေတွေ .. သတိမမူမိတတ်တဲ့ အနေအထားတွေကို အခုလို စုစုစည်းစည်း စကားလုံးထိထိမိမိနဲ့ တင်ပြပေးတဲ့အတွက် ကျေးဇူးတင်တယ်ဗျာ။
တကယ်တော့ ကွန်ပြူတာ/အင်တာနက်ကို အစိမ်းသက်သက် စသုံးသူတွေအတွက်တော့ chatting က အလွယ်တကူပဲ ရင်းနှီးမှုပေးနိုင်တယ်လို့ ကျနော်ထင်တယ်။ ပတ်ဝန်းကျင်ကောင်းတခုကိုတော့ ကိုယ်ကိုတိုင်က ရှာတတ်ရမှာပေါ့လေ..။ ဒီလိုနဲ့ပဲ အွန်လိုင်းသူငယ်ချင်းတွေဆီကနေ ဗဟုသုတတွေရလာမယ် .. ဆွေးနွေးတဲ့အခါလည်း ကိုယ့်နိုင်ငံအကြောင်း ..သူ့နိုင်ငံအကြောင်း .. ကိုယ့်အလုပ် သူ့အလုပ် ..ဒါတွေကနေတဆင့် chatter ကို ပိုပြီးလေ့လာဖြစ်အောင် တွန်းအားတမျိုး ပေးတတ်ပါတယ်။ သူများက ကိုယ့်ထက် language သုံးစွဲမှုအားသာနေတာက စပြီး .. တခြား skill, general knowledge တွေ အဆုံးပေါ့..။ ဒီတော့ .. တဖြည်းဖြည်းနဲ့ ကိုယ့်ကိုကိုယ် ဗဟုသုတ ဖြည့်ဆည်းဖို့အတွက်အင်တာနက်မှာ အချိန်ယူတတ်လာမှာပဲ..။ အဲဒီကနေမှတဆင့် .. ဖိုရမ်ဆိုတာတွေ ၀င်တတ်လာမယ်.. နောက်တော့ .. ဘလော့ဆိုတာကို ထိတွေ့လာမယ်။ ဘလော့တွေ ဖတ်ရင်း ဖတ်ရင်းနဲ့မှ ကိုယ်ပိုင်ဘလော့တခု တည်ဆောက်ချင်လာမယ် ..။ ဒါက ကျနော်ထင်တဲ့ process ပါ။ ဆိုလိုတာကတော့ .. အချိန်အတိုင်းအတာ၊ ပတ်ဝန်းကျင်နဲ့ ကိုယ်ပိုင်ပြုပြင်ပြောင်းလဲချင်စိတ် (၃)မျိုးက အခြေခံလည်းဖြစ် အဓိကလည်းကျတယ်ဆိုတာပါပဲ။ အကိုရေးထားတဲ့အထဲမှာ “စဉ်ဆက်မပြတ်အားထုတ်ချင်စိတ်” ဆိုတာကို တကယ်သဘောကျတယ်။ ကျနော်ကိုယ်တိုင် တခါတလေ ဘလော့နဲ့ဝေးဝေးမှာ ရောက်နေတတ်တယ်။ ဒီတော့ အခု ဒီစာသားနဲ့ သတိပြန်ပေးရမယ်။ (ကွန်မင့်ရှည်သွားတာ ဆောရီးဗျာ။)

anonymous said...

Nice man.That makes sense.
I just want to say both of those the blogger and the chatter are don't have to do anything.
They looks like have so many time.
I would like to use time for own benefit.
Both of those are looks like 109 110.

Chaos said...

လူငယ်တွေကိုဖတ်စေချင်လို့
အစ်ကို့ ဆိုဒ်ကို လင့်လိုက်ပါရစေနော်
လူတွေအားလုံး chat & blog ကိုမခွဲခြားတတ်ကြသေးဘူး
ဘလော့ဂါရဲ့ခံစားချက်ကိုဘလော့ဂါအချင်းချင်းပဲ
နားလည်နိုင်တယ်နော်.............

Natthamee said...

ဒီပို့စ်ကို ခုမှဖတ်မိတယ် .. ကောင်းလိုက်တာလို့ မပြောခဲ့တော့ပါဘူးး .. chatter နဲ့ Blogger ကို တကယ့်ရှင်းရှင်းလင်းလင်းမြင်အောင်ရေးသွားတာ တော်တော်မိုက်တယ် .. :)