Pages

Saturday, June 30, 2012

ပြည်သူလူထုဦးဆောင်သော ...


ပြည်သူ့ခေတ်ဂျာနယ် အစောင် ၁၀၀ပြည့်စာစောင်မှာရေးဖြစ်ခဲ့တဲ့ ဆောင်းပါးလေးပါ ...
 
 အထဲမှာတုန်းက Installation Art Show နှစ်ခါလုပ်ဖြစ်ခဲ့ပါတယ်။ အဲဒီ့ပွဲလေးနှစ်ပွဲမှာတင်ဆက်ပြသဖြစ်ခဲ့တဲ့ လက်ရာတွေထဲကမှ တစ်ခုအကြောင်းကို ကျနော်အခုပြောပြချင်တယ် ...။ Future Shock လို့ အမည်ပေးခဲ့တဲ့ ပြကွက်လေးတစ်ခုပါ။ ပုံသုံးပုံကိုယှဉ်ပြထားပြီး ပထမပုံကတော့ ဗိုလ်ချုပ်အောင်ဆန်းပုံပါ ... အဲဒီ့ပုံမှာကျနော်က အတိတ် (Past) လို့ရေးထားပါတယ်၊ ဒုတိယပုံကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံဖြစ်ပြီး အဲဒီ့ပုံမှာတော့ ... ပစ္စုပ္ပန်(Present) လို့ရေးထားပါတယ်။ နောက်ဆုံးပုံမှာတော့ ... အနာဂတ် (Future) လို့ရေးထားပြီး ဘာပုံမှမပါတဲ့ စာရွက်အဖြူအပေါ်မှာ မေးခွန်းသင်္ကေတ (Question Mark) အကြီးကြီးကိုဆွဲထားလိုက်ပါတယ်။ ကျနော့်ရဲ့ ပြကွက်လေးကတော့ ဒါပါပဲ ...။ အခု ကျနော်ပြောပြတဲ့အတိုင်းလေးကို နားလည်မိသလောက်လေး ပုံဖော်ကြည့်ပြီး မျက်စိထဲမြင်ယောင်ကြည့်လိုက်ပါ။ အဲဒီ့အခါ ... ခင်ဗျားတို့ရဲ့ရင်ထဲမှာ ကျနော်တပ်ထားတဲ့ ခေါင်းစဉ်လေးအတိုင်းပဲ ... အနာဂတ်နဲ့ပတ်သက်တဲ့ တုန်လှုပ်မှု တစ်ခုခုဖြစ်လာလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။

          အတိတ်ကာလတစ်ခုမှာ ကျနော်တို့နိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲကို ... ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ခဲ့ပါတယ်။ အခုလက်ရှိပစ္စုပ္ပန်ကာလ ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီတိုက်ပွဲကိုလည်း ... ဗိုလ်ချုပ်ရဲ့မျိုးဆက်ဖြစ်တဲ့ အန်တီက ဦးဆောင်မှုပေးနေပါတယ်။ ဒါဆို အနာဂတ်ကာလထဲမှာ အချိန်ကာလတစ်ခု အထိ ဆက်လက်ရှေ့ဆက်ကြရဦးမယ့် ... ဒီမိုကရေစီခရီးရှည်ကြီးမှာရော ကျနော်တို့နိုင်ငံကို ဘယ်သူက ဦးဆောင်မှုပေးမှာလဲ ...။ အဲဒီ့မေးခွန်းကို ကျနော်က ကြည့်ရှုသူတိုင်းကိုမေးလိုက်သလိုပဲ ... ကျနော်ကိုယ်ကျနော်လဲ အကြိမ်ကြိမ်ပြန်မေးမိခဲ့ပါတယ်။  ဒီနေရာမှာ စာဖတ်သူအနေနဲ့လည်း ရှေ့ဆက်မဖတ်သေးပဲ ... ခဏလောက်ဖြစ်ဖြစ် စဉ်းစားကြည့်ပြီး အဖြေတစ်ခုလောက်တော့ ထုတ်ပေးစေချင်ပါတယ် ...။ အခု အဲဒီ့မေးခွန်းကို ကျနော်စဉ်းစားကြည့်မိသလောက်နဲ့ ဖြေကြည့်ပါမယ်။ ဒီမိုကရေစီစနစ်တစ်ခုရဲ့အစိုးရဆိုတာဟာ ... ပြည်သူလူထုရွေးကောက်တင်မြှောက်သော (By the People) ၊ ပြည်သူလူထု အတွက်အလုပ်လုပ်သော (For the People)၊  ပြည်သူလူထု၏အစိတ်အပိုင်းဖြစ်သော (Of the People) ဆိုတဲ့ ဝိသေသတွေနဲ့ကိုက်ညီရမယ်လို့ ကျနော်နားလည် ထားပါတယ်။ နောက်ပြီး ဒီမိုကရေစီဆိုတာဟာ ပြည်သူလူထုက အုပ်ချုပ်သောစနစ်လို့လဲ အဓိပ္ပါယ်ရပါတယ်။ ဒီမိုကရေစီစနစ်တစ်ခု အဓွန့်ရှည်တည်တံ့ဖို့အတွက် ဒေါက်တိုင်ကြီးတွေသဖွယ် ထောက်ကန်ပေးထားတဲ့ မဏ္ဍိုင်ကြီး ငါးခု (အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ မီဒီယာ၊ ပြည်သူ) ရှိတဲ့အနက်မှာလဲ ... ပြည်သူလူထုဆိုတဲ့ ပဉ္စမ မဏ္ဍိုင်ဟာ ... အခြားမဏ္ဍိုင်လေးခုလုံးနဲ့ဆက်စပ်ပတ်သက်နေပြီး အဲဒီ့ မဏ္ဍိုင်တွေအားလုံးကို စောင့်ကြည့်၊ထိမ်းညှိ (Check & Balance) လုပ်နိုင်တဲ့  ... အဓိကအကျဆုံး မဏ္ဍိုင် (Pivotal Pillar) ဖြစ်တယ်လို့ သဘောပေါက်ထားပါတယ်။ ကျနော်တို့နိုင်ငံရဲ့ လွန်ခဲ့သောနှစ်ကာလတွေထဲမှာ အစိုးရရဲ့အုပ်ချုပ်မှုပုံစံဟာ ဒီမိုကရေစီမဟုတ်ပါဘူး ...။ အဲဒီ့အတွက် ပြည်သူလူထုရဲ့ အခန်းကဏ္ဍဟာလည်း ... အုပ်ချုပ်သူအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ငြိမ်ဝပ်ပိပြားနေရတဲ့ အုပ်ချုပ်ခံလူတန်းစားအဆင့်မှာပဲ ရှိခဲ့ရတာပါ။ ဒါပေမယ့် အခု စနစ်တစ်ခုအပြောင်းအလဲမှာ ပြည်သူလူထုရဲ့ အခန်းကဏ္ဍဟာလဲ အရင်ကနဲ့မတူတော့ပဲ လုံးဝပြောင်းလဲသွားပြီဆိုတာကို ကျနော်တို့ပြည်သူတွေအားလုံး နားလည်ကြဖို့လိုမယ်ထင်ပါတယ် ...။ ဒီမိုကရေစီစနစ်မှာ ပြည်သူက အခရာပါပဲ ... ထပ်ရှင်းအောင်ပြောရရင် ... ဒီမိုကရေစီစနစ်တစ်ခု ဖြစ်တည်အောင်မြင်လာပြီး ... ရေရှည်တည်တံ့ဖို့ အတွက် ပြည်သူလူထုကဦးဆောင်ရမှာပါ ...။ ကျနော့်ကို ကျနော်မေးခဲ့တဲ့ အထက်က မေးခွန်းလေးကိုကျနော် အခုဖြေပါတော့မယ် ...။ မေးခွန်းသင်္ကေတ (Question Mark) ပြထားတဲ့ အနာဂတ်ကာလရဲ့ခေါင်းဆောင်နေရာမှာ ကျနော်ကတော့ ပြည်သူလူထုကြီးတစ်ရပ်လုံးကို ဖြည့်စွက်ချင်ပါတယ်။ ပြည်သူလူထုတစ်ရပ်လုံးက ဦးဆောင်မှုအခန်းကဏ္ဍကို မယူနိုင်ပဲ ခေါင်းဆောင်တစ်ဦးတစ်ယောက်အပေါ် မှီခိုလွန်းအား ကြီးနေမယ်ဆိုရင်တော့ ... ဒီမိုကရေစီဟာ ကျနော်တို့ဆီ အလည်လာ၊ ခဏနေပြီး လှည့်ပြန်သွားပါလိမ့်မယ်။ နိုင်ငံတစ်နိုင်ငံမှာ ဒီမိုကရေစီစနစ်တစ်ခု ... တည့်တံ့ခိုင်မြဲမှုရှိခြင်း မရှိခြင်းဟာ အဲဒီ့နိုင်ငံမှာရှိတဲ့ ပြည်သူလူထုတွေရဲ့ မိမိတို့ရဲ့အခန်းကဏ္ဍနဲ့ တာဝန်တွေကိုသိနားလည်မှု၊ အခန်းကဏ္ဍတစ်ခုကပေးတဲ့ ကျရာတာဝန်ကို ကျေအောင်ထမ်းရွက်ကြမှုတွေအပေါ်မှာ အများကြီးတည်မှီနေပါတယ်။ ပြည်သူတစ်ဦးချင်းတစ်ဦးချင်းစီရဲ့ ရင်ထဲမှာသာ ... တိုင်းပြည်တည်ဆောက်မှုဖြစ်စဉ် (State Building Process) ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍ မှာငါတို့ပါရမှာပါလား၊ တိုင်းပြည်ရဲ့အဆိုးအကောင်းဟာ ... ငါတို့တွေမှာ အဓိကတာဝန်ရှိပါလားဆိုတဲ့ အသိစိတ်မျိုးကို နှလုံးသွင်းထားနိုင် ကြမယ်ဆိုရင် ... ကျနော်တို့တွေ အနာဂတ်အတွက်သိပ်ပြီး တုန်လှုပ်ခြောက်ခြားနေစရာလိုတော့မယ် မထင်ပါဘူး။
          ပထမအဆင့်အနေနဲ့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ နှလုံးသားထဲမှာ အဲဒီ့လိုသိမှတ်မှုမျိုး ပေါက်ဖွားရင့်သန်လာပြီဆိုရင် ဒုတိယအဆင့်အနေနဲ့ ပြည်သူလူထုတစ်ယောက်ချင်းစီတစ်ယောက်ချင်းစီဟာ ခေါင်းဆောင်တစ်ယောက်ရဲ့ အရည်အချင်း မျိုးတွေ ဂရုတစိုက်ပျိုးထောင်ကြဖို့လိုအပ်လာပါတယ်။ ဒီနေရာမှာ စွမ်းဆောင်ရည်များတည်ဆောက်ပျိုးထောင်ခြင်း (Capacity Building)နဲ့ သိမှတ်မှုတော်လှန်ပြောင်းလဲရေး( Mindset Revolution) စတဲ့ကိစ္စတွေ ဝင်လာပါတယ်။ ပြည်သူတွေအနေနဲ့ ဒီမိုကရေစီစနစ်တစ်ခုရဲ့ဦးဆောင်မှုအခန်းကဏ္ဍကိုယူနိုင်ဖို့အတွက် ဘယ်လိုစွမ်းဆောင်ရည်မျိုးတွေကို တည်ဆောက် ပျိုးထောင်ကြမလဲ၊ ရှိရင်းစွဲသိမှတ်မှုတွေကို ဘယ်လိုမျိုးတော်လှန်ပြောင်းလဲပစ်ကြမလဲဆိုတဲ့ ကိစ္စဟာ လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက်ပြီး ... အင်နဲ့အားနဲ့ ဇွဲနပဲကြီးကြီးနဲ့ ပါးနပ်လိမ္မာစွာနဲ့ ဝိုင်းဝန်းကြိုးစားကြရမယ့် ကိစ္စပါ။ ဒီနေရာမှာ ဒီမိုကရေစီကျင့်စဉ် (Democractic Practice) ဆိုတာနဲ့ပတ်သက်ပြီး ကျနော်စဉ်းစားမိတာလေးတွေကို နည်းနည်းဆွေးနွေးချင်ပါသေးတယ် ...။ အထက်မှာပြောခဲ့တဲ့ ... ဒီမိုကရေစီနိုင်ငံတစ်ခုမှာ ပြည်သူဟာခေါင်းဆောင်ပဲဆိုတဲ့ အသိစိတ်မျိုးဟာ ... ဒီမိုကရေစီနိုင်ငံတစ်ခုထဲမှာရှိကြတဲ့ လူအားလုံးနှလုံးသွင်းထားရမယ့် အခြေခံအကျဆုံးသိမှတ်မှု(Mindset) ပါပဲ။ Practice လို့ခေါ်တဲ့ ပြုမူလုပ်ကိုင်မှုတွေဟာ ... Mindset လို့ခေါ်တဲ့ သိမှတ်မှုတွေမှာ အခြေခံပါတယ်။ ဒီမိုကရေစီစနစ်ရဲ့ အခြေခံအကျဆုံးသိမှတ်မှုတောင် မရှိကြတဲ့သူတွေရဲ့ ပြုမူလုပ်ကိုင်မှုတွေဟာ ဒီမိုကရေစီကျင့်စဉ် (Democractic Practice) တွေနဲ့သွေဖယ်နေတတ်ပါတယ်။ ဥပမာ။   ။ ပြည်သူတွေသဘောမတူလဲ ကျနော်တို့ကတော့ဆက်လုပ်မှာပဲ ဆိုတဲ့ စကားမျိုးဟာ Democractic Mindset မရှိတဲ့သူတစ်ယောက်ရဲ့ Democractic Practice နဲ့ မညီတဲ့ စကားအပြောအဆိုမျိုး ဖြစ်ပါတယ်။ ပြည်သူတွေဘက်ကကြည့်မယ်ဆိုရင်လဲ  ... အစစအရာရာမှာ အစိုးရလုပ်ပါလိမ့်မယ်၊ ခေါင်းဆောင်တွေ လုပ်ပါလိမ့်မယ်၊ ဒါတွေက ငါတို့နဲ့မဆိုင်ပါဘူးဆိုပြီး ... မိမိကိုယ်ကို အပြုလုပ်ခံ (Object) နေရာမှာ အမြဲထား စဉ်းစားလုပ်ကိုင်တာမျိုးတွေဟာ ... ဒီမိုကရေစီကျင့်စဉ်တွေနဲ့ သွေဖယ်ပါတယ်။ ဒီလိုမျိုး ဒီမိုကရေစီကျင့်စဉ်နဲ့ မညီညွတ်သော ပြုမူဆောင်ရွက်မှုတွေကို ဖြစ်စေတဲ့ ... သိမှတ်မှုမျိုးတွေကို ကျနော်တို့တွေ အမြန်ဆုံးတော်လှန်ပြောင်းလဲပစ်ဖို့လိုပါတယ် ...။ စွမ်းဆောင်ရည်များတည်ဆောက်ပျိုးထောင်ခြင်း (Capacity Building)နဲ့ သိမှတ်မှုတော်လှန်ပြောင်းလဲရေး( Mindset Revolution) ဖြစ်စဉ်တွေ အောင်အောင်မြင်မြင်အကောင်အထည်ပေါ်လာအောင်လုပ်ဆောင်နိုင်မယ့် အဓိကသော့ချက်ကတော့ ပညာရေးစနစ် (Education System) ပါပဲ။ ဒါပေမယ့် အခုလောလောဆယ် ပညာရေးစနစ်ကြီးတစ်ခုလုံးကို မကိုင်တွယ်နိုင်ကြသေးတဲ့အချိန်မှာ ကျနော်တို့တွေ လုပ်နိုင်တာကတော့ ... ပြည်သူတွေကို စားများများဖတ်ကြဖို့ အားပေးတာ၊ စာကြည့်တိုက်တွေထူထောင်ပေးတာ၊ ကိုယ်ဆိုင်ရာဆိုင်ရာ နယ်ပယ်အလိုက် သင်တန်းတွေဖွင့်လှစ်သင်ကြားပေးတာ၊ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ အတွေ့အကြုံတွေကိုလေ့လာ ကိုယ့်နိုင်ငံနဲ့လိုက်လျောညီထွေဖြစ်မယ့်ပုံစံကို ဦးနှောက်မုန်တိုင်းဆင်ပြီး  ချိန်ညှိပြင်ဆင်တာ၊ အသိဥာဏ်ပညာတွေ ဖလှယ်မျှဝေတာ စတာတွေပါပဲ။ ပြောနိုင်တဲ့သူတွေ၊ ပြောရဲတဲ့သူတွေ များများပြောပေးဖို့လဲ လိုပါတယ်။ ပြည်သူတွေဖက်ကလည်း မျက်စိဖွင့် နားစွင့်ထားရမှာဖြစ်ပါတယ် ...။
          အထက်မှာကျနော်ပြောခဲ့တာတွေနဲ့ပတ်သက်ပြီး အကျယ်ချဲ့ဆွေးနွေးချင်သေးတာတွေကတော့ အများကြီးပါပဲ ... ဒါပေမယ့် ... အခုတော့ စာဖတ်သူတွေ ဦးနှောက်မုန်တိုင်းဆင်ကြည့်ကြဖို့ ဒီအတိုင်းလေးပဲထားခဲ့လိုက်တော့မယ်။ အနာဂတ်ရဲ့ ခေါင်းဆောင်မှုနေရာမှာ ဦးဆောင်မှုစွမ်းရည်ပြည့်ဝတဲ့ စုစည်းညီညွတ်သော ပြည်သူလူထုကြီးရဲ့ ပုံဟန်ကို စိတ်ကူးနဲ့မြင်ယောင် ကြည့်မိရုံနဲ့တင် ကျနော့်ရင်ခွင်က ကြည်နူးမှုတစ်ခုနဲ့လှိုင်းထလာပါတယ် ...။  ပြည်သူလူထုတစ်ရပ်လုံးရဲ့ စုပေါင်းဦးဆောင်မှုဖြင့် ကမ္ဘာအလည်မှာ ဒီမိုကရေစီခေတ်တစ်ခေတ် ... ငွားငွားစွင့်စွင့် ဝေဆာဖူးပွင့်လာပြီး ကမ္ဘာလောကအတွက် ... အလှသစ်တစ်ခု အဖြစ် ကျနော်တို့ရဲ့နိုင်ငံကို မြင်ချင်စမ်းပါဘိဗျာ ... ။       

နေဘုန်းလတ်
         

9 comments:

Nayi Min Khin said...

ဂျာနယ်မှာ ဖတ်ပြီးသွားပြီ။ :P

Ko Zey said...

လာရောက်ဖတ်ရှုသွားပါသည်။

သိ င်္ဂါ ရ said...

ရောက်ချင်မိတယ် ကိုနေဘုန်းလတ် ရေ ...

စံပယ်ဖြူ said...

Respect you!

Anonymous said...

ကိုနေဘုန်းလတ် ပြောတဲ့ပြည်သူတွေဦးဆောင်သော အနာဂတ်ဒီမိုကရေစီနိုင်ငံတော်သစ်ဆီကို အမြန်ဆုံးရောက်ဖို့မျှော်လင့်မိပါတယ်......

မင်းအိမ်မှူး said...

လွတ်လပ်ပြီး ငြိမ်းချမ်းသောအနာဂါတ်သစ်တစ်ခု
ရှိနေတာ အသေအချာပါ။

ကိုဇေယျာထွန်း said...

ကိုကြီးနေဖုန်းလတ်
လာရောက်ဖတ်ရှု့သွားပါတယ်ခင်ဗျ။
ညီငယ်
ဇေယျာထွန်း(ထားဝယ်)

ငြိမ်းစိုးဦး said...

ပစ္စုပ္ပန်မှဆက်လက်သွားတဲ့အခါ ပညာပြည့်ဝသော လူငယ်များက ဒီမိုကရေစီ အနှစ်သာရတွေကို နားလည်သဘောပေါက်ပြီး ဦးဆောင်နိုင်ဖို့လိုပါမယ် ။ အခုလို မသဲ မကွဲနဲ့ ဒေါ်စုနောက်မှာတန်းစီနေကြတာမျိုးနဲ့ တော့ အနာဂတ်ဟာ မရေမရာပါ ။ ထိုင်လို့ကောင်းမယ်ထင်ပြိး ၀င်ထိုင်တတ်တဲ့ စိတ်ကလည်း တော်တော်လေး ကျင့်သားရခဲ့ပြီးဖြစ်လို့ အလုပ်လုပ်ဖို့ ၊ လူငယ်များကို ဖြည့်ဆည်းပေးဖို့တွေ ကိုမေ့နေကြတာများပါတယ် ။ မမေ့မလျှော့နဲ့ သတိတမန် ညာဏ်မြေကတုတ်လုပ်နိုင်ကြမှ ပညာလူငယ်တို့ရဲ့ အနာဂတ် ကိုတွေ့ရနိုင်မယ်လို့ ထင်မိပါတယ် ...

Anonymous said...

အကို ကျနော်တို့ တို့ လူငယ်တွေမှားဘူးတယ် မှားခဲ့ကြတယ် မှားနေဆဲပေါ့ ။ ဒါပေမဲ့ မှားချင်ကြတာမဟုတ်ဘူးနော် နောင်တကိုလဲကျနော်တို့ ခါးသက်မှန်းသိခဲ့ ကြတယ် ။ဘယ်သူမှဝင်မကြည့် ချင်ဘူးလား လူငယ်တွေရဲ့မျှော်လင့် ချက်တွေ၊ကောင်းကွက်တွေ၊ အားအင်တွေ တစ်ကယ်ဆိုရင်မီင်္းသာထိုးပေးကျနော်တို့ လောင်ကျွမ်းနေရင်တောင်အလင်းတစ်ခုပေးခဲ့ချင်တာပါ။မှုန်ပြပြလဲဖြစ်ချင်ဖြစ်ခဲ့မယ် ။မီးတောက်လဲဖြစ်ချင်ဖြစ်မယ် ။အရင်းတ်ာတဲ့စိတ်ကတော့ လူငယ်ရဲ့ တက်ကြွနေတဲ့ စိတ်ပဲမဟုတ်လား။လိုချင်တာကလမ်းညွန်မှု့ တွေရနေတာက .........????????