Pages

Saturday, June 30, 2012

ပြည်သူလူထုဦးဆောင်သော ...


ပြည်သူ့ခေတ်ဂျာနယ် အစောင် ၁၀၀ပြည့်စာစောင်မှာရေးဖြစ်ခဲ့တဲ့ ဆောင်းပါးလေးပါ ...
 
 အထဲမှာတုန်းက Installation Art Show နှစ်ခါလုပ်ဖြစ်ခဲ့ပါတယ်။ အဲဒီ့ပွဲလေးနှစ်ပွဲမှာတင်ဆက်ပြသဖြစ်ခဲ့တဲ့ လက်ရာတွေထဲကမှ တစ်ခုအကြောင်းကို ကျနော်အခုပြောပြချင်တယ် ...။ Future Shock လို့ အမည်ပေးခဲ့တဲ့ ပြကွက်လေးတစ်ခုပါ။ ပုံသုံးပုံကိုယှဉ်ပြထားပြီး ပထမပုံကတော့ ဗိုလ်ချုပ်အောင်ဆန်းပုံပါ ... အဲဒီ့ပုံမှာကျနော်က အတိတ် (Past) လို့ရေးထားပါတယ်၊ ဒုတိယပုံကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံဖြစ်ပြီး အဲဒီ့ပုံမှာတော့ ... ပစ္စုပ္ပန်(Present) လို့ရေးထားပါတယ်။ နောက်ဆုံးပုံမှာတော့ ... အနာဂတ် (Future) လို့ရေးထားပြီး ဘာပုံမှမပါတဲ့ စာရွက်အဖြူအပေါ်မှာ မေးခွန်းသင်္ကေတ (Question Mark) အကြီးကြီးကိုဆွဲထားလိုက်ပါတယ်။ ကျနော့်ရဲ့ ပြကွက်လေးကတော့ ဒါပါပဲ ...။ အခု ကျနော်ပြောပြတဲ့အတိုင်းလေးကို နားလည်မိသလောက်လေး ပုံဖော်ကြည့်ပြီး မျက်စိထဲမြင်ယောင်ကြည့်လိုက်ပါ။ အဲဒီ့အခါ ... ခင်ဗျားတို့ရဲ့ရင်ထဲမှာ ကျနော်တပ်ထားတဲ့ ခေါင်းစဉ်လေးအတိုင်းပဲ ... အနာဂတ်နဲ့ပတ်သက်တဲ့ တုန်လှုပ်မှု တစ်ခုခုဖြစ်လာလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။

Wednesday, June 13, 2012

လူမျိုးတုန်းသတ်ဖြတ်မှု(Genocide) ဆီ ဦးတည်နေပြီလား ...


        
          ယဉ်ကျေးမှုတိုင်းလိုလိုမှာ လူမျိုး၊ဘာသာ၊နိုင်ငံသား၊အသားအရောင်၊လိင် စတဲ့ ကွဲပြားခြားနားမှုတွေကို အခြေပြုပြီး ငါတို့နဲ့သူတို့ဆိုတဲ့ '' Us and Them'' ခွဲခြားမှုတွေရှိတတ်ပါတယ်။ ရန်၊ ငါ စည်းခြားတယ်လို့လဲ ဆိုနိုင်တာပေါ့။ ငါတို့ ဂျာမာန်တွေ၊ သူတို့က ဂျူးတွေ၊ ငါတို့က ဟူတူတွေ၊ သူတို့က တွတ်စီတွေ စသည်ဖြင့် လူလူချင်းအမျိုးအစားခွဲခြားလိုက်ခြင်း (Classification) ဟာ Genocide လို့ခေါ်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုများ ဖြစ်ရခြင်းရဲ့ အစမှတ်လို့ဆိုနိုင်ပါတယ်။ ရောယှက်နေသော ဆက်နွယ်မှုတွေရှိမနေတဲ့ လူမျိုးစုနှစ်ခု ဒါမှမဟုတ် နှစ်ခုထက်ပိုပြီးရှိကြတဲ့ နိုင်ငံတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုတွေဖြစ်နိုင်ချေများပါတယ်။ ဒီလိုမဖြစ်ဖို့ ကာကွယ်နိုင်ချေရှိတဲ့ အဓိကစွမ်းအားကတော့ လူမျိုးရေးခွဲခြားမှုတွေ၊ အသားရောင်ခွဲခြားမှုတွေကိုကျော်လွန် သွားတဲ့၊ အချင်းချင်းအပြန်အလှန် စိတ်ရှည်သည်းခံမှုနဲ့ နားလည်မှုတွေကို တိုးပွားစေတဲ့၊ ပိုင်းခြားမှုတွေကို ကျော်သွားတဲ့ အမျိုးအစားခွဲခြားခြင်းကိုသာအားပေးတဲ့ ကမ္ဘာလုံးဆိုင်ရာ အစုအဖွဲ့၊ အဆောက်အအုံတွေ ဖွံ့ဖြိုးလာဖို့ပဲဖြစ်ပါတယ်။ အဲဒီ့လို့ဖွံ့ဖြိုးလာခြင်းက ဘုံရပ်တည်ချက်တွေကို မဖြစ်မနေရှာဖွေလာရပြီး ... အဲဒီ့အချက်ကိုက လူမျိုးတုန်းသတ်ဖြတ်မှုတွေကို တားဆီးနိုင်တဲ့ အဓိကစွမ်းအားဖြစ်လာပါတယ်။ အရိုးဆုံး နဲ့ အရှင်းဆုံးပြောရရင်တော့ အကျိုးတူပူးပေါင်းဆောင်ရွက်မှုတွေများများလုပ်ပြီး အချင်းချင်းနွယ်ယှက်နေသော အကျိုးစီးပွားတွေ များများရှိနေတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ကြဖို့ပါ။
          အမျိုးအစားခွဲခြားခြင်း (Classification) ဟာ အမျိုးအစားခွဲခြားထားရုံနဲ့တော့ သိပ်ပြဿနာမရှိသေး ပါဘူး။ သူ့နောက်ကနေ ထပ်ချပ်မကွာလိုက်လာတဲ့ ... အမည်တပ်တံဆိပ်ကပ်ခြင်း (Symbolization) ကြောင့် အခြေအနေတွေက ပိုပြီးရှုပ်ထွေးလာပါတယ်။ အုပ်စုတစ်ခုခုက အခြားအုပ်စုတစ်ခုခုကို အမည်နာမတစ်ခု ဒါမှမဟုတ် တံဆိပ်တစ်ခုကပ်လိုက်ပါတယ်။

Friday, May 11, 2012

Interview By Eleven Media Group (Cancelled By Censorship)


မြန်မာ ဘလောဂါ အသိုက်အ၀န်း၌ နာမည် ကျော်ကြားသူတစ်ဦးဖြစ်ခဲ့ပြီး ၂၀၀၈ခုနှစ်တွင် ပထမဆုံးထိမ်းသိမ်းခံခဲ့ရသည့် ဘလောဂါတစ်ဦး ဖြစ်ခဲ့သူ၊  အကျဉ်းကျနေစဉ်ကာလ ၂၀၀၈ခုနှစ်မှာပင် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့မှ ပေးအပ်သောဆုကို လူရွှင်တော် ဇာဂနာနှင့်အတူ ရရှိခဲ့ဖူးသူ၊ ၂၀၁၀ပြည့်နှစ်တွင် PEN American မှပေးသော ရွှေကလောင်ဆုနှင့် တိုင်းမ်မဂ္ဂဇင်းမှ ရွေးချယ်သည့် Hero 100  စာရင်းတွင် ပါဝင်ခဲ့သူ၊ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၃ရက်နေ့တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သူ ဘလောဂါ နေဘုန်းလတ်နှင့် တွေ့ဆုံခဲ့ခြင်းအား ဖော်ပြအပ်ပါသည်။ 
'လွှတ်တော်ပြင်ပနိုင်ငံရေးဆိုတာ လမ်းပေါ်ထွက်တာကို ပြောတာမဟုတ်ပါဘူး'
ဘလောဂါ နေဘုန်းလတ်နှင့် တွေ့ဆုံခြင်း
မေး - ၂၀၀၅ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာတဲ့ ဘလောဂါ ပထမမျိုးဆက်တွေထဲမှာ ကိုနေဘုန်းလတ်လည်း တစ်ဦးအပါ အ၀င်ဖြစ်ပါတယ်။ အထူးသဖြင့် 'ကျွန်တော် လွတ်ကျခဲ့တဲ့ မြို့တော်' ဘလော့ကြောင့် ပိုထင်ရှားခဲ့ပြီး ကိုနေဘုန်းလတ်ကိုလည်း မြို့စားကြီးလို့ အွန်လိုင်းသုံးသူတွေက ခေါ်ခဲ့ကြပါတယ်။ အခုတော့ မြို့စားကြီး ပြန်လွတ်လာပါပြီ။ ၂၀၀၈ခုနှစ် ဇန်န၀ါရီလ ၂၉ရက်နေ့မှာ အဖမ်းခံခဲ့ရတယ်။ အဲဒီနှစ် နိုဝင်ဘာမှာ ထောင်ဒဏ် ၂၀နှစ်နဲ့ ခြောက်လ  အမိန့် ချမှတ်ခံရပါတယ်။ ၂၀၀၉ခုနှစ်မှာ အယူခံဝင်တာ အောင်မြင်သွားပြီး ထောင်ဒဏ် ၁၂နှစ် ပြောင်းလဲ သတ်မှတ်ခံရပါတယ်။ ဘလောဂါတစ်ဦး ဖြစ်တာကြောင့် အမှုတွေက ပိုများ သွားတာလား။ 

Saturday, May 5, 2012

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (Myanmar Journalists Association)


မြန်မာနိုင်ငံ သတင်းစာဆရာအသင်း အသင်းဝင်မှတ်ပုံတင်ပုံစံများကို
အောက်ပါလိပ်စာသို့ပေးပို့နိုင်ကြပါသည်။
အမှတ်(၁၅၀-၁၆၀)၊ ၃၅ လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း – ၀၉
၄၂၁၀ ၉၄၆၅၉

လက်ရှိသတင်းမီဒီယာများတွင် တာဝန်ထမ်းဆောင်နေသော သတင်းသမားများ၊
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အလွတ်တန်းသတင်းထောက်များနှင့်
မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ဝင် သတင်းထောက်များ
အနေဖြင့်ယင်းလိပ်စာသို့ ဆက်သွယ်၍ အသင်းဝင်ပုံစံများ ရယူခြင်း၊
ပြန်လည်ပေးပို့ခြင်းတို့ ပြုလုပ်နိုင်ပါသည်။ (စာအိပ်ပေါ်တွင် MJA အသင်းဝင်
မှတ်ပုံတင်ပုံစံဟု ထင်ထင်ရှားရှားရေးသားပေးပါရန်)

ဆက်သွယ်ရေးခက်ခဲသောနေရာဒေသမှ သတင်းသမားများအနေဖြင့် A4 စက္ကူတွင် အမည်၊
ကလောင်အမည်၊ အဘအမည်၊ နိုင်ငံသားစိစစ်ရေးအမှတ်၊ လူမျိုး/ကိုးကွယ်သည့်ဘာသာ၊
ပညာအရည်အချင်း၊ မွေးသက္ကရာဇ်၊ / အသက်၊ လက်ရှိကိုယ်စားပြု အဖွဲ့အစည်း(သို့)
စာစောင် (ရှိလျှင်)၊ လုပ်ငန်းအတွေ့အကြုံ၊ ယခင်လုပ်ကိုင်ခဲ့ဖူးသော
စာနယ်ဇင်းများ၊ သတင်းစာပညာနှင့်ပတ်သက် တက်ရောက်ဖူးသော သင်တန်း
(ရှိလျှင်)၊ ဆက်သွယ်နိုင်မည့် လိပ်စာ အပြည့်အစုံ၊ ဆက်သွယ်ရန် ဖုန်း၊
အီးမေးလ်၊ ထိုးမြဲ လက်မှတ်နှင့် ဓာတ်ပုံ နှစ်ပုံကို
အထက်ဖော်ပြပါလိပ်စာသို့ စာတိုက်မှတစ်ဆင့်ပေးပို့နိုင်ပါသည်။
(စာအိပ်ပေါ်တွင် MJA အသင်းဝင် မှတ်ပုံတင်ပုံစံဟု ထင်ထင်ရှားရှားရေးသားပေးပါရန်)

မြန်မာနိုင်ငံသတင်းစာဆရာအသင်းဖွဲ့စည်းပုံစည်းမျဉ်း(မူကြမ်း) နှင့် ရှေ့လုပ်ငန်းစဉ်
တို့ကို http://www.mja2012.org တွင် ဖတ်ရှုကာ အသင်းဝင်အဆိုပြုလွှာကိုလည်း
download ရယူနိုင်ပါသည်။ အီးမေးလ်ဖြင့်ပို့ပါက mmjaorg@gmail.com
သို့လည်းပို့ပေးနိုင်ကြပါသည်။

Thursday, April 19, 2012

သင်္ကြန်ခရီးစဉ် ... (၂)


           ဒုတိယအကြတ်နေ့ညနေပိုင်းမှာ … ရွာတစ်ရွာက ညီငယ်တစ်ယောက်ရောက်လာပြီး … အိုင်သပြုနဲ့ ငါးသို်င်းချောင်းကြားမှာ ဆည်ဆောက်ဖို့အတွက် မြေတွေဖို့တာ ပါသွားတဲ့ လယ်ကွက်တွေကို လျှော်ကြေးမပေးဘူး ဆိုတဲ့အကြောင်း၊ခမောက်စုအထက်တန်းကျောင်းက ကျောင်းအုပ်ဆရာမကြီး ကျောင်းသား၊ ကျောင်းသူတွေစီကနေ … ပိုက်ဆံတွေအကောက်ကြမ်းပြီး ခြံတွေတစ်ခြံပြီးတစ်ခြံဝယ်နေတယ်ဆိုတဲ့အကြောင်း ၊စာမေးပွဲကြေး ၇၀၀ ကိုလည်း တစ်ယောက် ၇၀၀၀ ကောက်ပြီး ဆရာမကြီးနဲ့ အကြံပေးဆရာ တစ်ယောက် တို့ ပေါင်းစားနေတယ်ဆိုတဲ့အကြောင်း … တွေလာပြောပြကြတယ်။ မသိနားမလည် တဲ့ တောသူတောင်သားတွေကို လည်မျိုညှစ်ပြီး စီးပွားရှာနေတဲ့ အကျင့်ပျက်လူယုတ်မာတွေရဲ့ ရန်က တော်တော်မသေးပါလားလို့ ကိုယ်တွေးမိပြီး … ဥပဒေဘောင်ထဲကနေ ဘယ်လိုဘယ်လိုမျိုးတွေ လုပ်သင့်တယ်ဆိုတဲ့ အကြောင်း အကြံပေးလိုက်ပြီး ၊ ကိုယ်ကိုယ်တိုင်းလဲ  ဒီလိုမျိုးကိစ္စတွေ ပပျောက်သွားအောင် တတ်နိုင်သလောက် ကြိုးစားပေးမယ့် အကြောင်း ကတိပေးလိုက်တယ်။ တောသူတောင်သားတွေရဲ့ ရိုးသားမှု၊ အသိအမြင် နည်းပါးမှုကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုးစီးပွားအတွက် ရသလောက်ချူယူနေတဲ့ တောကြောင်တွေ လက်ခမောင်းဆက်မခတ်နိုင်အောင် ကိုယ်တို့အားလုံး တာဝန်သိသိနဲ့ ကြိုးစားကြဖို့ အရေးတကြီး လိုအပ်နေပြီ ဆိုတာ အသေအချာပဲ။ မီဒီယာတွေကိုလည်း … မြို့ကြီးပြကြီးတွေနဲ့ နာမည်ကြီးတွေ နောက်ကိုချည်း  လျှောက်လိုက်မနေပဲ နယ်ဝေးဒေသတွေအထိ ခြေဆန့်ကြရင် သိပ်ကောင်းမှာပဲလို့လဲ တွေးမိတယ်။ မြို့ကြီးပြကြီးနဲ့ ဝေးလံခေါင်သီတဲ့ တောရွာကျေးလက်က ပြည်သူတွေရဲ့ ရင်ထဲမှာ မကျက်သေးတဲ့ အနာရွတ်တွေပေါ် ဒဏ်ရာတွေ ထပ်ထပ်ပြီးရနေတုန်းပဲ … ပြီးတော့ … သူတို့မှာ ပြောချင်နေကြတဲ့စကားတွေများစွာကို နှုတ်ခမ်းကိုက်ပြီး မြိုသိပ်ထားရတဲ့ မချိမဆန့် ရင်ဘတ်တွေလဲ ရှိကြသေးတယ်။ ပြည်သူ့အသံကို တကယ်ဖော်ထုတ်ချင်တယ်ဆိုရင် … သူတို့တွေကို ကိုယ်တို့ ဘယ်လိုချန်ထားခဲ့လို့ဖြစ်မှာလဲ ။
          အတက်နေ့ နေ့လည်စာဆွမ်းစားပြီးတော့ လူထွက်ဖို့အတွက်ကျောင်းထိုင်ဘုန်းဘုန်းက သိက္ခာချပေးတယ်။ ဘုန်းကြီးအဖြစ်ကနေ ကိုရင်၊ ကိုရင်အဖြစ်ကနေမှ သာမာန်လူ ဆိုတဲ့အဆင့်နှစ်ဆင့်ကို ဆရာတော်တိုင်ပေးတာတွေလိုက်ဆိုပြီးမှပဲ သာမာန်လူပြန်ဖြစ်တယ်။ ရဟန်းသံဃာဖြစ်ဖို့မလွယ်သလို၊ လူပြန်ထွက်ရတာလဲ လွယ်လွယ်နဲ့မပြီးဘူးလို့ ဆရာတော်ကပြောတယ်။ ရဟန်းတော်တွေကို သင်္ဃန်းဆွဲချွတ်လိုက်ရုံနဲ့ သိက္ခာကျမသွားဘူးဆိုတာကို ဆရာတော်က သေသေချာချာရှင်းပြတယ်။ လူထွက်ပြီးပြီးချင်းပဲ ၁၉ ဂျူလိုင်မှာ ကျဆုံး သွားတဲ့ အာဇာနည်တွေထဲက တစ်ဦးဖြစ်တဲ့မန်းဘခိုင်ရဲ့ အမျိုးတွေရှိရာ ယုန်တလင်းကျေးရွာလေးကို ကိုယ်တို့တွေထွက်ခဲ့ကြတယ်။ ငါးသိုင်းချောင်းသူနဲ့ညားပြီး ရွာမရောက်တာကြာပြီဖြစ်တဲ့ အိုင်သပြုသား ကိုပေါက်ကြီးက သူ့ကားနဲ့လိုက်ပို့ပေးလို့ ကိုယ်တို့တွေ ချောချောမောမောနဲ့ ယုန်တလင်းကိုရောက်သွားကြတယ်။ ယုန်တလင်းက အိုင်သပြုနဲ့ဆို ၁၀မိုင်လောက်ဝေးတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို ဟင်္သာတမှာ ဆုတော်ငွေ ငါးကျပ်ထုတ်တဲ့ကာလ … ဒေါ်မေရီလှတောက ဗိုလ်ချုပ်ကိုခေါ်လာပြီး ဗိုလ်ချုပ်ကိုရန်ကုန်ပြန်ပို့ပေးဖို့ ကရင်လူမျိုးမန်းဘခိုင်ကို အကူအညီ တောင်းတယ်။

Wednesday, April 18, 2012

သင်္ကြန်ခရီးစဉ် ...


၁၁.၀၄.၂၀၁၂ မနက် ၅နာရီထွက်မယ်လို့ ချိန်းထားကြပေမယ့် ထုံးစံအတိုင်း ကိုယ်တို့တွေ ၆နာရီကျော်မှ ထွက်ဖြစ်ကြတယ် …။ အဖွား၊ အဖေ၊အမေ၊ဦးလေး၊ အဒေါ်တွေနဲ့ စုစုပေါင်း ကိုယ်တို့ ၁၁ ယောက်ပေါ့။ ကားပေါ်မှာ အလှူအတွက် ပစ္စည်းတွေပါတယ်ဆိုပေမယ့် ကိုယ်တို့တွေ ချောင်ချောင်ချိချိပါပဲ။ လှိုင်သာယာကားဂိတ်အနားရောက်ခါနီးမှာ သင်္ကြန်တွင်း ရန်ကုန်ကနေ နယ်ပြန်ကြတဲ့သူတွေများတာကြောင့် ကားတွေပိတ်နေလိုက်တာ နာရီဝက်နီးပါးလောက်ကြာသွားတယ် …။ နယ်တွေကနေ ရန်ကုန်တက်လာကြပြီး အလုပ်လုပ်နေကြသူတွေများနေခြင်းဟာ … အကြောင်းပြချက်အမျိုးမျိုးကြောင့်ဖြစ်နိုင်တယ် ဆိုပေမယ့် ကိုယ်ကတော့ ဒါဟာ တိုးတက်မှု မညီမျှခြင်းရဲ့ ပြယုဂ်တစ်ခုပဲလို့ မြင်မိတယ်။ သင်္ကြန်တွင်း ခရီးထွက်ကြ သူတွေများ တာကြောင့်လဲ ကားဂိတ်မှာ ကားတွေကျပ်နေတာ ဖြစ်နိုင်ပါတယ်။ သင်္ကြန်ကျဖို့ တစ်ရက်လိုသေး တယ်ဆိုပေမယ့် … လမ်းမှာ အချို့သူတွေက ရေပက်ချင်စိတ်တွေ ထိမ်းမရသိမ်းမရပေါ်နေကြပြီထင်ပါရဲ့ … ရေသန့်ဗူးထဲကရေတွေနဲ့ ကားကိုလှမ်းလှမ်းပက်ကြသေးတယ်။ ဗိုလ်မြတ်ထွန်းတံတားကိုဖြတ် အပြီး ပြည်ကြီးတံခွန်မှာ အစာပြေ၀င်စားတော့ အချိန်က ၈နာရီထိုးလုနေပြီ … ငါးသိုင်းချောင်းကို ၁၀နာရီခွဲလောက်ရောက်ပြီး ရွာကို ဖုန်းဆင်းအဆက်မှာ အသိတစ်ယောက်နဲ့တွေ့တာနဲ့ သူကအအေးဗူးတွေ ၀ယ်တိုက်လိုက်သေးတယ်။ ပြီးတော့ နောက်ထပ် နာရီဝက်လောက် ထပ်မောင်းအပြီး ၁၁ နာရီထိုးခါနီးမှာပဲ … ကိုယ်တို့ရဲ့ ဦးတည်ရာရွာလေးဖြစ်တဲ့ အိုင်သပြုရွာကို ရောက်သွားတယ်။ ငါးသိုင်းချောင်းကနေ အိုင်သပြုကို ၀င်တဲ့လမ်းက ဖုန်ထူတော့ ကိုယ်တို့တွေ အားလုံး ဖုန်တွေနဲ့ ဖွေးနေတော့တာပေါ့။
အိုင်သပြုအနီးအနားရွာတွေက တွေ့ချင်လို့ဆိုပြီးရောက်နေကြတဲ့ ဧည့်သည်တွေနဲ့ အသစ်ဆောက် ထားတဲ့ ဆွမ်းလောင်းရုံလေးမှာ ခဏတဖြုတ်စုပြီး စကားပြောဖြစ်တယ် …။ တက္ကသိုလ်ကျောင်းက ဆရာမတွေက သူတို့ကျောင်းက ကျောင်းသားတွေ ကျောင်းသားသမဂ္ဂဖွဲ့တဲ့ ကိစ္စကို ပညာရေးမှူးက ခွင့်မပြုတဲ့အကြောင်းပြောကြတယ် …။ ဒါဟာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေက ခွင့်ပြုထားပြီးသား အခွင့်အရေးဖြစ်ပြီး … ဒါကို တားမြစ်သူဟာ ဖွဲ့စည်းပုံကို ဆန့်ကျင်တာပဲ လို့ ပြောပြလိုက်တယ်။ ဒီမိုကရေစီအလေ့အထကို နားမလည်သေးကြတဲ့သူတွေရဲ့ အာဏာရှင်ဆန်တဲ့ လုပ်ရပ်တွေ ရှိနေသေးသရွေ့တော့ ကိုယ်တို့တိုင်းပြည်ဟာ အမှန်တကယ်ဒီမိုကရေစီရပါပြီလို့ ရဲရဲဝံ့ဝံ့ ကြုံးဝါးနိုင်ကြဦးမှာ မဟုတ်ဘူး။ ဒီလိုမျိုးသူတွေရဲ့ မသိနားမလည်မှုကို လည်စင်းမခံကြရဖို့လဲ ကိုယ်တို့လိုပြည်သူတွေဘက်က ဒီမိုကရေစီစနစ်တစ်ခုကနေ ကိုယ့်ကိုပေးထားတဲ့ ကိုယ့်ရဲ့ အခွင့်အရေးတွေက ဘာလဲ၊ ကိုယ့်ရဲ့တာဝန်တွေကရောဘာတွေလဲဆိုတာကို သိအောင် ကြိုးစားကြသင့်တယ် နောက်ပြီး ကိုယ့်အခွင့်အရေးကို မရရင် ရအောင်တောင်းယူတတ်ဖို့နဲ့ ကိုယ့်ရဲ့ တာဝန်ကို ကျေကျေပွန်ပွန်ဆောင်ရွက်ကြဖို့ လဲ အရေးကြီးသေးတယ်လို့ ပြောဖြစ် တယ်။ 

Friday, April 6, 2012

ပွင့်ရဲတဲ့ပန်း

မကြာမီ ပန်းပွင့်ချိန်ရောက်တော့မယ်…အခုတောင် အရောင်အသွေးစုံလင်တဲ့ အဖူးအငုံလေးတွေ စီရရီနဲ့ နေရောင်အောက်မှာ ပန်းခင်းကြီးက ယိမ်းနွဲ့လှပလို့…..။တိုးတိုးလွှ လွှ တိုက်ခတ် လာတဲ့ လေညင်းဖွဖွကလည်း ရနံ့အပိုင်းအစလေးတွေကိုသယ်ဆောင်ရင်း…. ပန်းတွေ ပွင့်တော့မယ်ဆိုတဲ့ သတင်းကို ….ပန်းဥယျဉ်မှူးကြီး ဆီသယ်ဆောင်သွားတယ်….။ အဲဒီ လိုနဲ့….တစ်ရက်…နှစ်ရက်….သုံးရက်…. ရေလောင်း၊ပေါင်းသင်၊ ပိုးရှင်း…….။သူ့ဘက်ကတာဝန် တွေ မလစ်ဟင်းပါပဲနဲ့ဘာကြောင့်များ ဒီပန်းတွေ အခုထိ အဖူးအငုံဘ၀က မတက်ကြတာပါ လိမ့်?။ ဥယာဉ်မှူးနဲနဲစိတ်ညစ်လာတယ်။တစ်ခုခုတော့လွဲနေပြီလို့ပဲ စိတ်ထဲကနေ မ၀ံမရဲ ထင်နေမိတယ်။ သူထင်သလိုပါပဲ…..ပန်းခင်းကြီးထဲမှာလဲ တစ်ခုတည်း ကပ်လွဲပြီး မပွင့်နိုင်ပဲ ဖြစ်နေကြ တယ်။ အနီရောင်အဆင်းကို ဆောင်ထားတဲ့ နှင်းဆီနီရဲ့ စကားတစ်ခွန်းကနေစတဲ့ ပြ ဿနာပေါ့….။

“နှင်းဆီနီနီကို ဥယျာဉ်မှူးရဲ့ကောင်မလေးကအရမ်းကြိုက်တာကွ…..ဒီအပင်ကပွင့် သမျှပန်းတိုင်း အရင်ဆုံးအခူးခံရပြီး…အဲဒီကောင်မလေးရဲ့ကေသာကို အမြန်ဆုံးရောက်သွားရ တာ ချည်းပဲ…..လူတစ်ယောက်ရဲ့ ဆံပင်ပေါ်တင်ပြီး သွားလေရာကိုပါနေရတော့…..ပန်း သက်မရှည်ရှာ ဘူးပေါ့ကွာ….အဲဒါကြောင့် ငါလဲပွင့်လိုက်ဖို့အရေးတွေးကြောက်နေမိတယ်….. သူငယ်ချင်းတို့ရေ…..”

နှင်းဆီနီရဲ့စကားကိုကြားတော့…အရင်ကဘာမှမစဉ်းစားမိကြတဲ့ပန်းတွေအားလုံးလဲ တွေဝေမှိုင်ငေးသွားကြပြီး….သူတို့အပင်မှာပွင့်ခဲ့တဲ့ အတိတ်ကပန်းတွေ အကြောင်းကို ကိုယ်စီ ကိုယ်စီပြန်တွေးမိကြတယ်။ကိုယ့်အတွေးနဲ့ကိုယ်…..။ သူတို့တွေ တိုးတိုးလေးစီးမျောနေကြ တုန်းမှာ အ၀ါရောင်နှင်းဆီဖူးတွေများစွာထဲက တစ်ဖူးက သူ့မှတ်ဥာဏ် ထဲက စကားတစ်စကို ထုတ်ပြောပြတယ်…။

“မနေ့တုန်းက ဟိုဘက်ခြံထဲက အဘွားကြီး ဥယျာဉ်မှုးကြီးဆီကို မနက် အစောကြီး ရောက်ချလာတယ်။ပြီးတော့ အ၀ါရောင်နှင်းဆီတွေကို ဘယ်သူ့ကိုမှမရောင်းနဲ့လို့ …..ပွင့်ပွင့်ချင်း အကုန်လုံးသူယူမယ်လို့ပြောတာ…..ငါသေသေချာချာကြီးကို ကြားလိုက်ရ တယ်ကွ”

Saturday, March 31, 2012

http://goldenmyanmarparadise.ning.com/ ရွှေမြန်မာဥယျာဉ် ဆိုဒ်လေးမှာ ဖော်ပြထားတဲ့ အင်တာဗျူးလေးပါ ...




အကိုရေ မင်္ဂလာပါရှင်..........ခိုင်လေးတို့ ရွှေမြန်မာဥယျာဉ် မိသားစုဆိုဒ်လေးအတွက် အကိုကို အင်တာဗျူးလေး လုပ်ချင်လို့ပါ။




ကျွန်တော့်အမည်ရင်းက နေမျိုးကျော်ပါ။ ရန်ကုန်ဇာတိပါပဲ။ အခုလောလောဆယ်တော့ အိုင်စီတီကို စိတ်ဝင်စားတဲ့သူငယ်ချင်းတွေနဲ့အတူ MIDO (Myanmar ICT Development  Organization) ဆိုတဲ့ အဖွဲ့လေးတစ်ခုဖွဲ့ပြီး မြန်မာနိုင်ငံတစ်ဝှမ်းမှာ အိုင်စီတီနည်းပညာပြန့်ပွားရေး အတွက် ကြိုးစားဆောင်ရွက်နေပါတယ်။  www.nayphonelatt.com ဘလော့ဂ်ပေါ်မှာနဲ့  Facebook (Nay P Latt) ပေါ်မှာ စာတွေရေးနေသလို ၊ နောက်ပိုင်းမှာ Press Media တွေဖြစ်တဲ့ မဂဇင်းတွေ ဂျာနယ်တွေပေါ်မှာလဲ စာတွေရေးဖြစ်အောင်ကြိုးစားသွားမှာပါ။ ရေးခဲ့ဖူးတဲ့ ၀တ္ထုတိုတွေ၊ ဆောင်းပါးတွေ၊ အက်ဆေးတွေ၊ ကဗျာတွေကို စာအုပ်ထုတ်သွားဖို့လဲရှိပါတယ်။


2. အကို ရေးတဲ့ စာတွေ က လူငယ်တွေ အတွက် တခုခု အမြဲကျန်နေစေပါတယ်အကို။ လူငယ်တွေအတွက်ကို အင်ဖော်မေးရှင်းတွေ ဘယ်လိုများပေးနေသလဲ ဆိုတာလဲ သိပါရစေ။


အခုလိုကြားရတဲ့အတွက် ၀မ်းသာပါတယ်။ ကျွန်တော်သိထားတာလေးတွေ၊ ကျွန်တော်ခံစား မိတာလေးတွေကို မျှဝေတဲ့သဘောနဲ့ ကျွန်တော်စာရေးတာပါ။ နည်းပညာခေတ်မှာ Sharing မျှဝေခြင်းရဲ့ အခန်းကဏ္ဍဟာ အများကြီးအရေးပါတယ်လို့ယူဆပါတယ်။ ဒါကြောင့်လဲ  … ကိုယ်ကိုယ်တိုင်လဲ သင်ယူလေ့လာရင်း၊ သူများတွေကိုလဲ ကိုယ်သိတာ၊ တတ်တာတွေ ပြန်လည်မျှဝေဖို့ ကြိုးစားရင်းနဲ့ ဘ၀ကိုရှင်သန်နေထိုင်နေပါတယ်။ လူငယ်တွေကို တစ်ခုခုပြောနိုင်ဖို့ကတော့ မီဒီယာမျိုးစုံကို တတ်နိုင်သလောက်သုံးပါတယ်။ ကျွန်တော့်မှာ ပြောစရာတွေအများကြီးရှိပါတယ် … အဲဒါတွေကို စာနဲ့ရေးပြီးတော့ဖြစ်စေ၊ စကားလုံးနဲ့ပြောပြီးဖြစ်စေ၊ အနုပညာတစ်ခုခုဖန်တီးပြီးဖြစ်စေ ကျွန်တော်ပြောပါတယ်၊ ပြပါတယ်။ မီဒီယာတွေရဲ့ အကူအညီကလဲ ကျွန်တော်တို့ ပြောချင်၊ ပြချင်တာတွေကို ပြောနိုင်၊ ပြနိုင်ခွင့်ရဖို့အတွက် အလွန်ကိုပဲအရေးကြီးပါတယ်။

Monday, March 26, 2012

MIDO (Myanmar ICT Development Organization) ရဲ့ ဒုတိယခြေလှမ်းအဖြစ်နဲ့ ကရင်ပြည်နယ် ၊ ဘားအံမြို့မှာ စာသွားသင်ခဲ့စဉ်က








ခခရီးစဉ်အတွင်း ကြုံခဲ့၊ တွေ့ခဲ့၊ စဉ်းစားမိခဲ့၊ ခံစားမိခဲ့သမျှတွေကို ပြန်မျှဝေထားတဲ့ အက်ဆေးလေးကိုတော့ နောက်မှ တင်ပေးပါဦးမယ်။