Pages

Saturday, June 30, 2007

``စိတ်ကူးမယဉ်ဝံ့တဲ့သူ´´

ပိတောက်မြေမဂ္ဂဇင်း ၂၀၀၇ ခုနှစ် ဇန်န၀ါရီလထုတ်မှာ ဖော်ပြခံခဲ့ရတဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ပါ။
ဖတ်ကြည့်ကြပါဦး။

``စိတ်ကူးမယဉ်ဝံ့တဲ့သူ´´


``မင်းဟာ ငါ့အပေါ်မှာကျေးဇူးတွေအများကြီးရှိခဲ့ဖူးတယ်။ ဟိုးရှေးရှေးက ဘ၀တစ်ခုတုန်းကပေါ့ကွာ။
အဲဒီ့တော့ အခုငါက မင်းကိုကျေးဇူးဆပ်ဖို့လာခဲ့တာပဲ။ အခု ငါက အမျိုးအမည်ဖော်ပြလို့မရတဲ့ ဘုံတစ်ခု မှာ
တော်တော်အစွမ်းထက်တဲ့သူတစ်ယောက် ဖြစ်နေတယ်ကွ။ အဲဒါကြောင့် ငါလည်း မင်းကိုကျေးဇူးဆပ်စရာ
တွေရှိနေသေးတယ်ဆိုတာကို သတိရပြီး မင်းဆီကိုရောက်လာတာပဲ။ ရော့ ... ဒီဆေးပုလင်းလေးကို သောက်
လိုက် ... ပြီးတာနဲ့ မင်းတစ်ခုခုကို စိတ်ကူးယဉ်လိုက်ရင် အဲဒီ့စိတ်ကူးယဉ်နေတဲ့ကာလထဲကို မင်းချက်ချင်း
ရောက်သွား လိမ့်မယ်။ မင်းအတိတ်ကိုပဲ ပြန်သွားချင်သလား။ ဒါမှမဟုတ် အနာဂတ်ထဲကိုပဲ ကျော်သွား
ချင်သလား။ မင်းသွားချင်တဲ့ကာလတစ်ခုကို စိတ်ကူးယဉ်ပြီး တလိုက် မင်းအဲဒီ့ကာလထဲကို
မင်းပြန်ရောက်သွားလိမ့်မယ်။ ပြီရင် အဲဒီ့ကာလကနေစပြီး မင်းပြန်အသက်ဆက်လို့ရပြီ။ ဒါပေမယ့် တစ်ခုတော့
ရှိတယ်နော် ... ဒီဆေးပုလင်းက တစ်ခါသောက်စာပဲ ...´´

သူ့ကို ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး။ ဒါပေမယ့် သူကကျွန်တော့်ကို ကျေးဇူးဆပ်ချင်လို့ဆိုပြီး
သူ့လက်ထဲက ဆေးရည်ပုလင်းလေးကို အတင်းထိုးပေးနေတယ်။ ကျွန်တော် ဘာလုပ်ရမလဲ။ လက်ရှိ
ဘ၀ကြီးကို ဘယ်လိုမှ မကျေနပ်နိုင်မယ့် အတူတူ သူပြောသလို အတိတ် ဒါမှမဟုတ် အနာဂတ်တစ်ခုခု ထဲကို
စိတ်ကူးယဉ်ပြီး အမြန်ခုန်ကူးလိုက်ရင်ကောင်းမယ်လို့ တွေးမိပြီး သူပေးတဲ့ ဆေးပုလင်းလေးကို ကျွန်တော်ယူပြီး
မော့သောက် လိုက်တယ်။
``အေး ... ဟုတ်ပြီ။ မင်းသွားချင်တဲ့ ဘ၀တစ်ခုကိုသာစိတ်ကူးယဉ်ပြီး အမြန်သွားပေတော့
သူငယ်ချင်းရေ ...။ ငါလည်း မင်းကိုကျေးဇူးဆပ်လိုက်ရလို့ ကျေနပ်သွားပြီ ... သွားပြီဟေ့ ...´´
``၀ုန်း ... ဒုန်း ...´´
``၀ုန်း´´ ဆိုတာက ခုဏကလူ မီးခိုးလုံးကြီးဖြစ်ပြီး ပြန်ပျောက်သွားတဲ့အသံပါ ... ``ဒုန်း´´ ဆိုတာက ကျွန်တော်
ခုတင်ပေါ်ကပြုတ်ကျတဲ့အသံ ...
``ဒေါက် ... ဒေါက် ... ဒေါက် ...´´
``ဟေ့ကောင် ... ဘာဖြစ်တာလဲ... ´´
``ဘာမှမဖြစ်ဘူး ... ဘာမှမဖြစ်ဘူး ... စည်သူ။ ငါ အိပ်မက်မက်ပြီး ခုတင်ပေါ်ကပြုတ်ကျတာပါ ...´´
စိုးရိမ်တကြီးနဲ့လှမ်းမေးတဲ့ တဖက်ခန်းကသူငယ်ချင်းကို အိပ်မက်မက်တယ်လို့သာ
ပြောလိုက်ရပေမယ့် ... ကျွန်တော့်ရဲ့လက်ထဲမှာ ကိုင်လျက်သားလေးဖြစ်နေတဲ့ ပုလင်းအလွတ်လေးက ဒါ ...
အိပ်မက်မဟုတ်ဘူး လို့ ကျွန်တော့်ကိုပြောနေသလိုပဲ။ ငါ ... ညကများ ဒီပုလင်းလေးကိုကိုင်ပြီး အိပ်ခဲ့မိသလား။
ကျွန်တော် ပြန်စဉ်းစားကြည့်တယ်။ မဟုတ်ဘူး ...။ ဒီပုလင်းလေးက ဘယ်မှာမှ ရှာလို့မရနိုင်တဲ့ တြိဂံပုံပုလင်း
သေးသေးလေးပဲ။ တစ်ခါမှလည်း ငါ့အခန်းထဲမှာ မတွေ့မိပါဘူး။ ဒါဆို ... ဒီပုလင်း ထဲက ဆေးရည်တွေကို
ငါတကယ်ပဲ သောက်ခဲ့မိပြီလား ...။ ကျွန်တော် အဲဒီ့လိုတွေးမိပြီး ပုလင်းလေးကို နမ်းကြည့်လိုက်တယ် ...။
``အား ... မွှေးလိုက်တာ ´´
တစ်ခါမှ မရှုရှိုက်ဖူးတဲ့မွှေးရနံ့တစ်ခုက ဒီပုလင်းလေးထဲမှာ အရင်က ထူးဆန်းတဲ့ဆေးရည် တစ်မျိုးမျိုး
ရှိနေခဲ့တယ်ဆိုတဲ့အချက်ကို ထောက်ခံနေသလိုပါပဲ။ သေချာပြီ ... ဟိုလူပေးခဲ့တဲ့ ဆေးရည် တွေကို ငါတကယ်
သောက်လိုက်မိပြီ။ ဒါဆို ဟိုလူပြောသွားတာတွေကလည်း တကယ်ပဲပေါ့ ...။ ကျွန်တော်အဲဒီ့လို ယုံကြည်
လိုက်ပြီးတာနဲ့ နဲနဲတော့ ပျော်သလိုလိုဖြစ်သွားတယ်။ ဒီဘ၀မှာ မနေချင် နေတာနဲ့ အတော်ပဲလို့လဲ
ကျေနပ်နေမိတယ်။ ဒါပေမယ့် ကျွန်တော် မစဉ်းစားမဆင်ခြင်ပဲ အလော သုံးဆယ်နဲ့ ဘ၀တစ်ခုခုကို
စိတ်ကူးမယဉ်လိုက်မိဖို့ကို အရမ်းသတိထားနေရတယ်။
``ဒါ ... ငါ့အတွက် အထူးအခွင့်အရေးပဲ။ ဒီအခွင့်အရေးမျိုးကို နောက်ထပ်တစ်ခေါက် ... ဘယ်လိုမှ
ထပ်ရနိုင်တော့မှာ မဟုတ်ဘူး။ အဲဒီ့တော့ ငါ ... သေသေချာချာစဉ်းစားရမယ်။´´
ကျွန်တော် ... မျက်နှာကို ကမန်းကတမ်းသစ်၊ ကော်ဖီတစ်ခွက်ဖျော်၊ နောက် ... ပက်လက်ကုလားထိုင်
ပေါ်ထိုင်ချပြီး ကျွန်တော့်ရဲ့စဉ်းစားခန်းကိုစလိုက်တယ်။ အတိတ်တွေထဲကို ပြန်သွားပြီး ပစ္စုပ္ပန်ကိုပြန်ပြင်ယူရင်
ကောင်းမလား၊ ဒါမှမဟုတ် ပစ္စုပ္ပန်ကိုကျော်လွှားပြီး လိုချင်တဲ့အနာဂတ်တစ်ခုကို စိတ်ကူးယဉ်ရယူလိုက်ရ
ကောင်းမလား ...။ စဉ်းစားရင်း စဉ်စားရင်း ကျွန်တော်တစ်ယောက်တည်း အချင်းများနေတယ်။
``အရမ်းကိုခေတ်မီတိုးတက်ပြီး အချိန်တိုင်းအချိန်တိုင်း ဆန်းပြားတဲ့တီထွင်မှုတွေထပ်ထပ်ဖြစ်နေတဲ့
ဒီကမ္ဘာကြီးမှာ အနာဂတ်တစ်ခုထဲကိုသာ ငါခုန်ကူးလိုက်ရင် ငါ့ရဲ့အသိဥာဏ်တွေနဲ့ငါ့ရဲ့ဗီဇစိတ်တွေက
နောက်ကျကျန်နေခဲ့ပြီး ခေတ်နဲ့ အံဝင်တော့မယ်မထင်ဘူး။ နောက်ပြီး ... ဘာတွေဖြစ်နေမယ်မှန်းမသိတဲ့
အနာဂတ်တစ်ခု၊ ကိုယ့်ရဲ့ဖန်တီးစီမံထားမှု တွေဘာမှပါမနေတဲ့ အနာဂတ်တစ်ခုထဲကို အချောင်သမားစိတ်ဓါတ်
မျိုးနဲ့ ခုန်ဝင်ကျေနပ်လိုက်ဖို့လဲ ငါ့စိတ်ကမသန့်ဘူး´´
ကျွန်တော် အဲဒီ့လိုစဉ်းစားလိုက်မိတော့ အနာဂတ်သစ်တစ်ခုထဲကို စိတ်ကူးယဉ်ကူးပြောင်းလိုက်မယ်
ဆိုတဲ့ အတွေးတွေ နဲနဲအားပျော့သွားကြတယ်။ ဒါဆို အတိတ်နေ့ရက်တစ်ခုထဲကို ပြန်သွားပြီး လက်ရှိပစ္စုပ္ပန်
အခြေအနေတွေကို တတ်နိုင်သလောက် ပြန်ပြောင်းပစ်နိုင်ဖို့ကြိုးစားရင်ရော ...။ ကြီးနိုင်ငယ်ညှင်းစိတ်ဓါတ်တွေ
နဲ့ လူလူချင်း မစာမနာ မညှာမတာ ချုပ်ချယ်နှိပ်ကွပ်နေမှုတွေ၊ သဘာဝရဲ့ သယံဇာတတွေနဲ့ ကမ္ဘာရဲ့
နေရာဒေသတွေကို သူပိုင်တယ်၊ ငါပိုင်တယ်နဲ့ သတ်ဖြတ်လုယက်နေကြတာတွေ၊ လူမျိုးရေးမုန်းတီးမှုတွေနဲ့
လူသားအချင်းချင်း သူသေကိုယ်သေ ဆင်နွှဲနေကြတဲ့စစ်ပွဲတွေ၊ အဲဒီ့လို အခြေအနေတွေကို ကျွန်တော်
ဘယ်လိုများ ပြောင်းလဲပေးနိုင်မလဲလို့ စဉ်းစားနေခဲ့မိတာကြာပေါ့။
``ဟုတ်တယ် ... ဒီအကြံကောင်းတယ် ... ငါအတိတ်တွေထဲကိုပြန်သွားမယ်´´
သေသေချာချာစဉ်းစားတွေးတောပြီးတဲ့နောက်မှာ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချနိုင်ခဲ့ပေမယ့် ...
နောက်ထပ်စဉ်းစားရမယ့် ကိစ္စတွေကတစ်ခုပြီးတစ်ခု ကျွန်တော့်ခေါင်းထဲကို ထပ်ပြီးဝင်လာတယ်။
``အတိတ်တွေထဲကိုပြန်သွားတာကတော့ ဟုတ်ပါပြီ။ ဘယ်ကာလအထိပြန်သွားမှာလဲ။ ဒီစစ်ပွဲတွေ၊
သတ်ဖြတ်မှုတွေ၊ မငြိမ်းချမ်းမှုတွေ၊ မုန်းတီးမှုတွေရဲ့ အစကဘယ်မှာလဲ။ ဘယ်ကနေစပြီးပြင်ရမှာလဲ ... ။´´
တစီတတန်းကြီးဝင်လာတဲ့ မေးခွန်းတွေက ကျွန်တော့်ကို တော်တော်ဦးနှောက်ခြောက် သွားစေကြတယ်။
ပထမဆုံး စစဉ်းစားမိတာက အာဒမ်နဲ့ဧ၀တို့ရဲ့ခေတ်အထိပြန်သွားပြီး သူတို့စားလိုက်မိတဲ့ ပန်းသီးပင်ကို
သွားခုတ်မယ်ပေါ့။ ဒါပေမယ့် ကျွန်တော်စဉ်းစားကြည့်တယ်။ အဲဒီ့ကာလကိုသာ ကျွန်တော် တစ်ယောက်တည်း
ပြန်ရောက်သွားရင် ဧ၀ကို အာဒမ်နဲ့ အပြိုင်လုမိပြီး လူ့သမိုင်းရဲ့ ပထမဆုံးသော ကြာကူလီရယ်လို့
မှတ်တမ်းတင် ခံလိုက်ရနိုင်တယ်လို့ ... ။
``မဖြစ်သေးပါဘူး ... ကိုယ်ကလည်း ပုထုဇဉ်ဆိုတော့ စိတ်ထိန်းနိုင်မှာမဟုတ်ဘူး´´
အဲဒါနဲ့ ... ကျွန်တော်ထပ်စဉ်းစားတယ်။ ကျွန်တော့်ရဲ့အဓိကဆန္ဒက စစ်ပွဲတွေကိုရပ်ဆိုင်းစေဖို့၊
ငြိမ်းချမ်းရေးရှိဖို့၊ လူလူခြင်းစာနာနားလည်ကြဖို့ ... ဒါဆို စစ်ပွဲတွေရဲ့အစကဘာလဲ ...။ကမ္ဘာဦးကတည်းက
ကျောက်လက်နက်ပစ္စည်း တွေနဲ့ချခဲ့ကြတာပဲ။ အစားအသောက်ကိုလုကြတယ်၊ မိန်းမကိုလုကြတယ်၊
နေရာဒေသတွေကိုလုကြတယ်၊ မီးကိုလုကြတယ်၊ ဒါတွေဟာ ကမ္ဘာဦးကတည်းက ရှိခဲ့တဲ့ မပြေလည်မှုတွေပဲ။
လူတွေ တစ်ယောက်နဲ့တစ်ယောက်တိုက်ခိုက်နေကြတာ ကိုတော့ ရပ်သွားအောင် ငါလုပ်နိုင်မယ်မထင်ဘူး။
ဒါပေမယ့် ... လူတွေအစုလိုက်အပြုံလိုက်မသေရအောင် အင်းအားကြီးတဲ့ လူသတ်လက်နက်တွေကို
မတီထွင်ဖြစ်အောင် ငါလုပ်မယ်။ အဲဒီ့အတွေးကို တွေးမိတော့ တိုက်တေနီယမ်(Titanium)
သတ္တုကနေအနုမြူဗုံးအထိအဆင့်ဆင့်ရှာဖွေတွေ့ရှိခဲ့ကြတဲ့ သိပ္ပံပညာရှင်များစွာထဲက အခရာကျတဲ့
သိပံ္ပပညာရှင်ကြီး အဲလ်ဗက် အိုင်းစတိုင်း(Albert Einstein) ရဲ့မျက်နှာကြီး ကိုသွားမြင်ယောင်မိတယ်။
သိပ္ပံပညာရှင်တွေကတော့ ပညာရှင်တွေပီပီ အစစအရာရာကို အသေးစိတ် စူးစမ်းလေ့လာကြရင်း
တစ်ခုပြီးတစ်ခုရှာဖွေတွေ့ရှိကြ၊ နောက် သူတို့ရဲ့ တွေ့ရှိမှုတွေကို လူသားတွေဆီကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့
ချပြကြ ... အဲဒီ့မှာ လူသားတွေရဲ့ ဖောက်လွဲဖောက်ပြန်စိတ်သန္ဓေတွေကြောင့် သူတို့ရဲ့ရှာဖွေတွေ့ရှိမှုတွေဟာ
လူတွေကို အစုလိုက်အပြုံလိုက် သေစေမယ့် ကမ္ဘာဖျက်လက်နက်ကြီး တွေဖြစ်သွားကြ ... ဒါတွေဟာ
မငြိမ်းချမ်းခြင်းတွေအားလုံးရဲ့အစပဲလို့ ကျွန်တော်တွေးမိတယ်။ သဘာဝတရားကြီးထဲကနေ စစ်ထုတ်
ယူထားတဲ့စွမ်းအင်တွေနဲ့ သဘာဝတရားကြီးရဲ့ အချိုးညီနေမှုတွေကို ပြန်ဖျက်ဆီးပစ်နေတာ၊
လူသားအချင်းချင်း တိုက်ခိုက်သတ်ဖြတ်ဖို့အတွက် လူသတ်လက်နက်တွေအဖြစ်
အသုံးပြုနေကြတာတွေရပ်သွားဖို့ သိပံ္ပပညာဆိုတာကြီးကိုပဲ အမြစ်ကရှာဖြတ်ပစ်ရရင် ကောင်းမလား လို့လည်း
စဉ်းစားမိပြန်သေးတယ်။ အဲဒီ့လိုတော့လည်း မဟုတ်သေးပါဘူး။ သိပံ္ပပညာကပေးတဲ့
ကောင်းကျိုးတွေကလည်းအများကြီးရှိတာပဲလေ။ ဒါပေမယ့် သိပံ္ပပညာရှင်တွေအနေနဲ့ မတီထွင်ရရင်
မနေနိုင်တာကလွဲလို့ဆိုတဲ့ စိတ်ကလေးတွေကိုတော့ အထိမ်းအကွပ်လေးနဲ့ထားသင့်တယ်လို့တွေးမိတယ်။
ကျွန်တော် အဲဒီ့လို ဟိုဟိုဒီဒီ လျှောက်တွေးနေရင်း ဘယ်အချိန်ကာလကိုပြန်သွားရမလဲဆိုတာ မဆုံးဖြတ်နိုင်ပဲ
ဖြစ်နေတာနဲ့ ... ရေမိုးချိုး အ၀တ်အစားလဲပြီး အပြင်ကိုထွက်လာခဲ့တယ်။
ရွာတယ်ဆိုရုံလေးရွာနေတဲ့ မိုးဖွဲဖွဲလေးတွေအောက်မှာ လျှောက်သွားရင်း ဒီကိစ္စကို ဘယ်သူနဲ့
သွားတိုင်ပင်ရရင်ကောင်းမလဲလို့ ကျွန်တော်စဉ်းစားနေမိတယ်။ အဲဒီ့အချိန်မှာပဲ ...
``ဘားလမ်း ... ဆူးလေ ... အပေါ်လမ်း ...´´
`` ကျွီ ... ဒုန်း ´´
မှတ်တိုင်မှာရပ်ပြီးလူခေါ်နေတဲ့ ဟိုင်းလတ်ကားလေးကို ဒေ၀ူးကားကြီးက ဘရိတ်ပေါက်ပြီး နောက်ကနေ၀င်ဆောင့်တယ်။ ခုဏက ဟိုင်းလတ်ကားလေးရဲ့နောက်မှာ တွယ်ပြီး လူခေါ်နေတဲ့ စပါယ်ယာလေးရဲ့
အသံထာဝရပျောက်ကွယ်သွားတယ်။ အဲဒီ့အနိဋ္ဌာရုံမြင်ကွင်းကို ၀ိုင်းကြည့်နေကြတဲ့ လူတွေရဲ့ကြားကနေ
အသံတစ်သံ ထပ်ထွက်လာတယ်။
``ခါးပိုက်နှိုက်ဗျို့ ... ခါးပိုက်နှိုက် ... ဟိုမှာပြေးပြီ ... လိုက် ... လိုက် ...´´
ခါးပိုက်နှိုက်နောက်ကိုပြေးလိုက်သွားကြပြီး အမိမှာ ၀ိုင်းပြီးဆုံးမနေကြတဲ့ လူအုပ်ကြီးကို ကျွန်တော်မျက်နှာလွှဲပြီး
ကိုယ့်လမ်းကိုယ်ဆက်လျှောက်လာခဲ့တယ်။ ဗုဒ္ဓမြတ်စွာဘုရားဟောကြားခဲ့တဲ့
ပြုသူအသစ်ဖြစ်သူအဟောင်းဆိုတဲ့ သြ၀ါဒလေးကို ကျွန်တော်ပြန်ကြားယောင်နေမိတယ်။ ကျွန်တော်
ကိုယ့်အတွေးနဲ့ကိုယ် ဆက်လျှောက်လာနေတုန်းမှာပဲ ...
``မောင်လေး ... မောင်လေး ... မောင်လေးကဘာသွေးအမျိုးအစားလဲဟင် ... အမသားလေး ဆေးရုံမှာ
သွေးအသဲအသန် လိုနေတာ အဲဒါသွေးလှူရှင်အဆင်သင့်ရှိမနေလို့ ဖြစ်နိုင်ရင် အမကိုကူညီပါလား
မောင်လေးရယ်။ အမသားလေးက `O´ သွေးပါ။´´
``စိတ်မကောင်းပါဘူး အမရယ်။ ကျွန်တော်က `AB´ သွေးပါ။´´
စိတ်ပျက်အားလျော့သွားတဲ့မျက်နှာနဲ့ လှည့်ထွက်သွားတဲ့ ကလေးရဲ့မိခင်ကို ငေးကြည့်နေရင်း ...
ကျွန်တော့်ရဲ့ ရင်ခုန်နှုန်းတွေမြန်လာတယ်။ ဒါဟာ ... သဘာဝပဲလား ... ။ ကမ္ဘာလောကကြီးရဲ့ ဖြစ်ပျက်နေမှု
တွေထဲမှာ မလိုလားအပ်တဲ့ ဖြစ်စဉ်တွေရောယှက်ပါဝင်နေခြင်းဟာ ဘယ်လိုမှရှောင်လွှဲလို့မရနိုင်တဲ့
သဘာဝတစ်ရပ်လား။ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ၀င်ထိုင်ပြီး ဂြိုလ်တုကလွှင့်နေတဲ့သတင်းတွေကို
ကြည့်နေရင်း သတင်းတစ်ခုက ကျွန်တော်မျက်စိရှေ့ကိုရောက်လာတယ်။ လန်ဒန်မှာ ဗုံးပေါက်လို့တဲ့ ... လု ၅၀
ကျော်သေပြီး အများအပြားဒဏ်ရာရကြတယ်တဲ့ ... ။နောက်ပြီး ဗုံးခွဲမယ့်သူအမှတ်နဲ့ အပြစ်မဲ့တဲ့ ဘရာဇီးလူမျိုး
လျှပ်စစ်လုပ်သားတစ်ဦးကို မှားယွင်းပြီး ခေါင်းကို သေနတ်နဲ့ ၆ချက်ပစ်သတ်လိုက်ကြသတဲ့ ...။ ငြိမ်းချမ်းရေး၊
ငြိမ်းချမ်းရေး ဆိုတဲ့စကားကို ပါးစပ်ဖျားလေးကနေ ပြောနေကြတဲ့သူတွေရဲ့ ရင်ထဲက အမုန်းမီးတောက်တွေကို
ကျွန်တော်ဝမ်းနည်းစွာပဲမြင်တွေ့လိုက်ရတယ်။
အဲဒီ့အဖြစ်အပျက်တွေအားလုံးကို မြင်တွေ့လိုက်ရပြီးတဲ့နောက်မှာ ကျွန်တော်ပထမဦးဆုံးသွားစဉ်းစား မိတာက
ကံကြမ္မာဆိုတဲ့စကားလုံးပဲ။ ကမ္ဘာလောကကြီးရဲ့ ကံကြမ္မာကို လူတွေကပဲ ဖန်တီးပြဋ္ဌာန်း နေကြတာပဲ။
လူတိုင်းလူတိုင်းဟာ ကိုယ့်သမိုင်းကိုယ်ရေးပြီး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနေကြတာဆိုပေမယ့် အဲဒီ့လူတစ်ဦး
တစ်ယောက်စီရဲ့ ကံကြမ္မာတွေအားလုံး ၀ိုင်းသက်ရောက်မှုတွေကြောင့် ကမ္ဘာလောကကြီးရဲ့ ကံကြမ္မာဟာ
ဒီအခြေအနေအထိကိုရောက်ခဲ့ရတာပဲလို့ ကျွန်တော် မြင်လာတယ်။ ဒါဆို ကမ္ဘာလောကကြီးရဲ့ ကံကြမ္မာကို
ပြောင်းလဲပစ်ချင်ရင် လူတိုင်းရဲ့စိတ်တွေကို ငါလိုက်ပြောင်းရမှာပါလား ... ။ သေသေချာချာ စဉ်းစားကြည့်မှ
ကျွန်တော့်ရဲ့ အချိုးအဆကြီးမားလွန်းတဲ့ မတန်မရာမျှော်လင့်ချက်ကြီးကို ကြောက်လန့်
တကြားပြန်မြင်လိုက်ရတယ်။
အဲဒီ့လိုနဲ့ ... ညနေစောင်းအချိန်မှာ ကျွန်တော် ဘုရားပေါ်ကို ခြေဦးလှည့်ခဲ့တယ်။ ငြိမ်းချမ်းအေးမြတဲ့
ဘုရားရိပ်မှာခိုနေရင်း ဗုဒ္ဓမြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားတော်တွေဆီကို စိတ်ကရောက်သွားတယ်။
အစရှိခဲ့တဲ့ အရာတိုင်းဟာ အဆုံးသတ်လို့ထင်ရတဲ့ ပုံရိပ်ယောင်အဆုံးမှတ်တွေနဲ့ မလွဲမသွေကြုံကြရပြီး
နောက်ထပ်တစ်ဖန် ပြန်လည်ဖြစ်တည်လာကြဦးမှာပဲ ... ။ ဒါဆို ကမ္ဘာကြီးကရော ... အဆုံးတစ်ခုကိုသွားပြီး
အသစ်တစ်ဖန် ပြန်မွေးဖွားဖို့အတွက် အရှိန်ယူနေတာလား။ ကျွန်တော့်ရဲ့ အတွေးတွေ ရီဝေမှုန်ဝါးလာတယ်။
ဘယ်လောက်ပဲပြင်ပြင် တစ်နေ့နေ့မှာတော့ ပျက်ရမှာပဲဆိုတဲ့ သဘောတရားကို
ကျွန်တော်ဘာလို့မေ့ထားခဲ့မိပါလိမ့် ... ။ ကိုယ်ကိုယ်တိုင်ရေးထွင်းခဲ့တဲ့ ကိုယ့်ကံကြမ္မာရဲ့ စာသားတွေကိုတောင်
လုံးစေ့ပတ်စေ့ မသိနိုင်ခဲ့တဲ့ကောင်က ကမ္ဘာလောကကြီးရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်ဖို့ ကြိုးစားချင်တယ်တဲ့ ...
။ ကျွန်တော့်ရဲ့စိတ်တွေ အသေးငယ်ဆုံး ကြုံ့ဝင်သွားတယ်။ လက်ရှိဘ၀ကို တန်ဖိုးထားပြီး
လက်ရှိအချိန်တွေကိုပဲ အကောင်းဆုံး ဖြစ်အောင် အသုံးချရမယ်ဆိုတဲ့ အသိကို အလိုလိုရလိုက်တယ်။
ပစ္စည်းတစ်ခုကို ပြင်သလို ပိုနေတာတွေကို ဖြုတ်ပြီးလဲဖို့ရာ မဖြစ်နိုင်တော့လဲ နောက်ထပ်ဖြစ်လာမယ့်
အသစ်တွေကိုပဲ စစ်ယူဖို့ကြိုးစားရတော့မှာပေါ့။ ဗုဒ္ဓမြတ်စွာဘုရားကို ရင်ထဲကပေါက်ဖွားလာတဲ့
ကြည်ညိုစိတ်တွေနဲ့ ဦးသုံးကြိမ်ချပြီး ကျွန်တော့်အခန်းလေးဆီကို ကျွန်တော်ပြန်လာခဲ့တယ်။
ညကဖြစ်ခဲ့တဲ့ အိပ်မက်လိုလိုအဖြစ်အပျက်နဲ့ သောက်ခဲ့တဲ့ဆေးပုလင်းလေး အကြောင်းကို
မေ့လိုက်တယ်။ ငြိမ်းချမ်းရေးအတွက် ဒြပ်မဲ့လက်နက်တွေ အပြည့်အ၀တပ်ဆင်ပြီး ယုံကြည်ထားတဲ့လမ်းကနေ
ကျွန်တော် ခရီးဆက်မယ်။ ကျွန်တော့်ရဲ့ခြေလှမ်းတွေက ရောက်တဲ့ခရီး တိုကောင်းတိုနေလိမ့်မယ်။
ရိုင်းစိုင်းပြင်းထန်တဲ့ မုန်တိုင်းတွေလဲ စဲချင်မှစဲကြလိမ့်မယ်။ ဒါပေမယ့် စိတ်ဓါတ်တွေကို အဖြူစင်ဆုံးထားပြီး
မဆုံးသေးတဲ့ခရီးကို အခုအတိုင်းပဲ ပစ္စုပ္ပန်တည့်တည့်မှာ ကျွန်တော်ဆက်လျှောက်နေဦးမယ်။ တစ်ခုတော့
ရှိတယ် ... အဲဒီ့နေ့ကစပြီး ကျွန်တော်ဟာ သောက်ခဲ့မိတယ်လို့ ယုံကြည်ထားခဲ့တဲ့ ဆေးပုလင်းလေးကြောင့်
စိတ်ကူးယဉ်ရမှာကို ကြောက်နေတဲ့လူတစ်ယောက် ဖြစ်သွားခဲ့တယ် ...။
နေဘုန်းလတ်

စာမူတွေအကုန်ဖတ်ပြီးကြောင်း


ကျွန်တော် ဒီနေ့စိတ်အနှောက်အယှက်တော်တော်ဖြစ်မိပါတယ်။ အဓိကက ကော်နက်ရှင်ကြောင့်ပါ။ စာမူတွေဒီနေ့ အပြီးဖတ်ရမှာဖြစ်ပေမယ့် ဖတ်လို့မပြီးသေးတဲ့သူတွေထဲမှာ ကျွန်တော်က ထိပ်ဆုံးကပါနေတာကလည်း တစ်ကြောင်းပါ။ ခက်တာက ကော်နက်ရှင်ဆိုတဲ့ငတိက ဂူဂယ်ကို စလိုးမိုးရှင်းနဲ့တက်လာအောင် ဆွဲတင်ပေးနိုင်ပေမယ့် www.mmblogbook2.blogspot.com ကတော့ ဘယ်လိုမှ ကိုတက်မလာပါဘူး။ တော်တော်ကိုစိတ်တိုဖို့ကောင်းပါတယ်။ မောင်ပွတ်တို့ ဘလာဂေါက် တို့ရဲ့ ဘလော့ဂ်တိုင်း သတင်းစာကိုတောင် ဒေါင်းလုပ်ဘယ်လိုမှလုပ်လို့မရလို့ မမယ်လိုဒီမောင် ဆီကနေလှမ်းတောင်းရတဲ့အထိ အဖြစ်ကဆိုးပါတယ်။ စိတ်တိုနေတဲ့အချိန်မှာ အဲဒီ့သတင်းစာလေး (ကြေးမုံ၊ မြန်မာ့အလင်း မဟုတ်ပါ) ဖတ်ပြီး တဟီးဟီးနဲ့ တော့ရယ်မိပါသေးတယ်။ ဒါပေမယ့် ခဏပါပဲ … စာမူတွေဖတ်ဖို့ ဘလော့ဂ်ကိုဝင်ဖို့ကြိုးစား … မရ … ဆိုင်မှာရှိတဲ့ စက်တွေလဲ တစ်လုံးပြီးတစ်လုံး လိုက်ဝင် … မရ … စိတ်ဓါတ် တောင်ကျချင်သလိုလို ဖြစ်လာပါတယ်။ အားပေးတဲ့သူကလည်း အားပေးပါတယ် no extention, no excuse တဲ့။ ကိုယ့်စကားနဲ့ကိုယ်ဆိုတော့လဲ အသာပဲငြိမ်ခံနေလိုက်ရတယ်။ ကိုယ်က သူများတွေကို ဆီဗုံးမှာလိုက်အော်မယ်လေး ဘာလေးလုပ်ပြီး … နောက်ဆုံးကျတော့ကိုယ်ကိုယ်တိုင်ကမပြီး ဖြစ်နေရင်တော့ မဟုတ်သေးဘူးလို့ … စဉ်းစားမိတာနဲ့ လဒမှိုင်မှိုင်မနေတော့ပဲ ဆင်ကြံကြံရပါတော့တယ် …။ လူကသာ အသုံးမကျတာ ကံကတော့ ကိုယ့်ဘက်မှာရှိပါတယ် …။ ပြီးခဲ့တဲ့ အပတ်တုန်းက ပရင့်အောက်ထုတ်မယ်ဆိုပြီး စာအုပ်ဘလော့ဂ်က စာတွေအားလုံးကို ကော်ပီကူးထားတဲ့ MS Office ဖိုင်တွေက ကျွန်တော့်ရဲ့ Thumb Drive လေးထဲမှာ အခန့်သားရှိနေတာကို သွားသတိရမိလိုက်ပါတယ်။ ဒါဆိုရင်တော့ နိပ်ပြီဟဆိုပြီး အဲဒါလေးတွေထုတ် ဖတ်လိုက် ပါတော့တယ် … ကြယ်ပေးစရာကျန်တဲ့ပို့စ်တွေကိုလဲ အဲဒီ့အထဲမှာပဲ ပေးထားလိုက်ပါတယ်။ မယုံရင် ကျွန်တော့်ကိုမေးကြည့်ပါ …။း-) အဲဒီ့လိုနဲ့ပဲ ဒီညလေးဟာ ကျွန်တော့်အတွက် ကြယ်တွေစုံတဲ့ညဖြစ်သွားပါတယ်။ အလုပ်တစ်ခုကို တာဝန်ကျေကျေနဲ့ လုပ်ပေးလိုက် နိုင်တဲ့အတွက် … စိတ်ထဲမှာကျေနပ်မှုတစ်ခုနဲ့ အတူပေါ့ပါးသွားပါတယ်။ မနက်ဖြန် ကျွန်တော်တို့ ကြယ်တွေရေကြမယ် … ပြီးတော့ … ပြီးတော့ … ပြီးတော့ … သိချင်ရင် မနက်ဖြန်ကျမှ ဖုန်းဆက်လိုက်ကြနော် …။

၃၀ ရက် ၆လ ၂၀၀၇ခုနှစ်
ည ၁၀ နာရီခွဲ

Wednesday, June 27, 2007

ငါဖြတ်သန်းပြီးခဲ့တဲ့ ဘ၀တစ်ခုထဲမှာ ...

ငါဖြတ်သန်းပြီးခဲ့တဲ့ ဘ၀တစ်ခုထဲမှာ ...

၂၈.၀၆.၂၀၀၇
အချိန်ကာလဆိုတာကြီးက
ငါ့ရဲ့ဘ၀ထဲကို
ကိန်းဂဏန်းတစ်ခုထပ်ပေါင်းထည့်တယ်
တစ်နှစ်တဲ့
ရက်ပေါင်း ၃၆၅ရက်
ငါနောက်ထပ်ဖြတ်သန်းခဲ့ပြီးပြန်ပြီ ...။

တစ်ခါတစ်ခါ
မနက်ဖြန်တွေကို မှန်းမှန်းမျှော်ရင်း
လွန်ခဲ့သောနေ့တွေကို လှမ်းလှမ်းခေါ်နေမိတယ်
ငါ့စိတ်တွေက ...
တစ်ခါတစ်ခါ
အနာဂတ်ကို ပုံဖော်နေရင်း
အတိတ်တွေထဲမှာ အိပ်ပျော်သွားတတ်တယ်
ငါ့အတွေးတွေက ...
အဲဒီ့လိုနဲ့ပဲ
ကုန်ခဲတဲ့အချိန်တွေ
တဖြုတ်ဖြုတ်ကြွေသွားလိုက်တာ
ငါ့အတွက် ဘာမှမကြာလိုက်သလို ...။

၂၇နှစ်တဲ့ ...
ကလေးငယ်တစ်ယောက်ဘဝ
ဘာလိုလိုနဲ့ပြုတ်ကျကျန်ခဲ့ပြီ ...
ခဏခဏဖြစ်တတ်တဲ့
ပြန်မရနိုင်တော့တာတွေ တနင့်တပိုးကို
ပြန်လိုချင်နေမိတဲ့ စိတ်တစ်ခု
နောင်တလို့ အမည်တပ်ပြီး စုထားလိုက်တယ်။

စိတ်ကူးတည့်ရာမှာရှိတဲ့
လမ်းတကာလမ်းတွေကို
ဦးနှောက်ရဲ့စေရာအတိုင်းလှမ်းရင်း
နှလုံးသားက
လွမ်းစရာရှိတာကိုလွမ်းတယ်
အဲဒီ့လိုပါပဲ ...
ငါနဲ့ ငါ့ရင်ခုန်သံတွေ
မလွတ်မလပ်ခမ်းနားခဲ့ရ ...
ငါဖြတ်သန်းပြီးခဲ့တဲ့ ဘ၀တစ်ခုထဲမှာ ...။

အတုနဲ့ အစစ်
အမုန်းနဲ့ အချစ်
အနိုင်နဲ့ အရှုံး
အငိုနဲ့ အပြုံး
အဆိုးနဲ့ အကောင်း
အကျိုးနဲ့ အကြောင်းတွေကို
ခွဲရင်းနဲ့လွဲ လွဲရင်းနဲ့ခွဲခဲ့
ငါဖြတ်သန်းပြီးခဲ့တဲ့ ဘ၀တစ်ခုထဲမှာ ...။

ခပ်မှိန်မှိန်မျှော်လင့်ချက်တွေအတွက်
ခပ်တိမ်တိမ် အတ္တတွေကို
အပြန်အလှန် မှီခိုနေကြတဲ့
ဟိုလိုဒီလိုလူတွေကြားမှာ
စိတ်ဓါတ်ကို ပိုးမွေးသလိုမွေးရင်း
ပုခုံးပေါ်ထမ်းတင်ထားခဲ့ရ ...
ငါဖြတ်သန်းပြီးခဲ့တဲ့ ဘ၀တစ်ခုထဲမှာ ...။

ကံကြမ္မာဆိုတာကပေးတဲ့
အသီးအပွင့်အခက်အလက်တွေထဲက
အဆိပ်အတောက်တွေကိုလိုက်ဖယ်ရင်း
ဖြူစင်သန့်ရှင်းခဲ့တဲ့
လွတ်ကျသွားတဲ့မြို့တော်တွေကိုတမ်းတ
ငါဖြတ်သန်းပြီးခဲ့တဲ့ဘ၀တစ်ခုထဲမှာ ...။

ကွက်လပ်တွေလိုက်ဖြည့်ဖို့
နှလုံးသားတွေကိုဆေးကြောဖို့
နောက် ... ကမ္ဘာလောကကြီးကိုထမ်းပိုးဖို့
မဖြစ်စလောက် ဦးနှောက်လေးနဲ့တက်ကြွ
ငါဖြတ်သန်းပြီးခဲ့တဲ့ ဘ၀တစ်ခုထဲမှာ ...။

အငြိမ်းချမ်းဆုံး စကားလုံးတွေနဲ့
သီကုံးချင်ခဲ့တဲ့အထ္တုပ္ပတိထဲမှာ
ကိန်းဂဏန်းတွေ နေရာဝင်ယူကြ
ငါဖြတ်သန်းပြီးခဲ့တဲ့ ဘ၀တစ်ခုထဲမှာ ...။

ပျော်ခဲ့ ငိုခဲ့ ပြုံးခဲ့ မဲ့ခဲ့
နိုင်ခဲ့ ရှုံးခဲ့ တက်ခဲ့ ကျခဲ့
ငါဖြတ်သန်းပြီးခဲ့တဲ့ ဘ၀တစ်ခုထဲမှာ ...။

သိခဲ့တာတွေများစွာထဲက မသိခြင်းတွေများစွာထွက်ထွက်ကျ
ငါဖြတ်သန်းပြီးခဲ့တဲ့ ဘ၀တစ်ခုထဲမှာ ...။

Monday, June 25, 2007

လူနှင့်ခေတ်သစ်ဘီလူး

သောင်းပြောင်းထွေလာမဂ္ဂဇင်းမှာ ဖော်ပြခံခဲ့ရဖူးတဲ့ ၀တ္ထုတိုလေးပါ။ ဘ၀ကိုစိတ်ပျက်လက်ပျက်ဖြစ်နေတဲ့လူတစ်ယောက် မီးခွက်လေးတစ်ခုကိုကောက်ရပြီး ခေတ်သစ်ဘီလူးတစ်ကောင်နဲ့တွေ့ကြပုံလေးကို ဇာတ်လမ်းဆင်ထားပါတယ်။ ဖတ်ပြီးဝေဖန်ပေးကြပါဦးခင်ဗျာ။

လူနှင့်ခေတ်သစ်ဘီလူး

သူဖြစ်စေချင်တာတွေတစ်ခုမှဖြစ်မလာပဲ သူ့ဖာသာသူဖြစ်ချင်တာတွေဖြစ်နေတဲ့လောကကြီးကို မကျေမနပ်နဲ့ တတွတ်တွတ်ကျိန်ဆဲနေရင်း သူဦးတည်ရာမဲ့ လျှောက်သွားနေမိတယ်။
``ဟွန်း စေတနာကို ဝေဒနာဖြစ်အောင်လုပ်ရုံနဲ့အားမရဘူး ကရေကရာပါလုပ်ပြီးစားကြဦးမလား မသိဘူး ´´
ရှူသိုးသိုးမျက်နှာပေါက်နဲ့သူ တောက်တခေါက်ခေါက်လုပ်ရင်း လျှောက်လာလိုက်တာတစ်နေရာ အရောက်မှာ ခလုတ်တိုက်ပါလေရော ...
`` ဖုန်း ´´
သူ့ရဲ့ဒေါသတွေအားလုံး သူ့ကိုဟတ်ထိုးလဲသွားစေတဲ့ မြေပြင်ပေါ်ငေါထွက်နေတဲ့ အရာတစ်ခုစီကို ရောက်သွားတယ်။ ခန္ဓာကိုယ်မှာကပ်ငြိနေတဲ့ဖုန်တွေကို တဖတ်ဖတ်ခါရင်း သူအဲဒီ့အရာကို စူးစိုက်ကြည့် လိုက်တယ်။
`` ဘာပါလိမ့် ...´´
သူသိချင်ဇောနဲ့ မြေကြီးတွေကိုတူးစွကြည့်လိုက်တော့ ချေးအထပ်ထပ်တက်နေတဲ့ ဆီမီးခွက်လေး တစ်ခု ...။ သူအဲဒီ့ မီးခွက်လေးကိုကိုင်ကြည့်နေရင်း ငယ်ငယ်တုန်းကသင်ခဲ့ဖူးတဲ့ အာလာဒင်နဲ့ မီးခွက်စောင့် ဘီလူးဆိုတဲ့ပုံပြင်လေးကို သွားသတိရလိုက်မိတယ်။ ဒါ အာလာဒင်ရဲ့ မီးခွက်လေးများ လားလို့ သူ့စိတ်ထဲမှာ မ၀ံ့မရဲတွေးမိတယ်။ ဘာပဲဖြစ်ဖြစ်ပွတ်တိုက်ကြည့်လိုက်တာ မမှားပါဘူး လေလို့တွေးပြီး သူ့အင်္ကျီစနဲ့ မီးခွက်လေးကို အသားကုန်ပွတ်လိုက်တယ်။ ဘာမှမထူးဘူး ...။ သူ့အင်္ကျီသာ မီးခွက်ကချေးတွေ ကြောင့်မဲညစ်သွားတယ် ဘာဘီလူးမှထွက်မလာဘူး။ သူ တော်တော် စိတ်တိုသွားတယ်။ မဆီမဆိုင် အခုမှ မြေကြီးထဲကနေထွက်လာတဲ့ မီးခွက်ကိုများ အာလာဒင်ရဲ့မီးခွက် လေလားလို့ထင်မိတဲ့ သူ့ကိုယ်သူလည်းပြန် အပြစ်တင်နေမိတယ်။
``သွားစမ်းကွာ ဒီမီးခွက် ´´
သူ ... ဘာမှအသုံးမ၀င်တဲ့မီးခွက်ကို မြေကြီးပေါ်ကို ဆောင့်ကြီးအောင့်ကြီးနဲ့ ကောက်ပေါက် လိုက်ပြီး လှည့်ထွက်လာခဲ့တယ်။
``ဟေ့လူ... ဟေ့လူ... နေဦးလေ ´´
သူ့နောက်ကနေ လူတစ်ယောက်ကသူ့ကိုလှမ်းခေါ်နေတဲ့အသံကို ကြားလိုက်မိတာနဲ့သူနည်းနည်း တွေဝေသွားတယ်။ ခုဏက ဒီလွင်တီးခေါင်ကြီးထဲမှာသူတစ်ယောက်တည်းပါ။ ဘယ်သူကဘယ်ကနေ ဘယ်လို ရောက်လာပါလိမ့်ဆိုပြီးတော့လည်းသူဇဝေဇ၀ါဖြစ်သွားတယ်။ သူ့နားကို သူမယုံကြည်စွာနဲ့ပဲ လှည့်ကြည့် လိုက်တော့ ရုပ်ဆိုးဆိုးနဲ့လူတစ်ယောက်သူ့နောက်ကို တကောက်ကောက်လိုက်လာနေတာကို တွေ့လိုက်ရတယ်။ အဲဒီ့လူရဲ့လက်ထဲမှာက သူခုဏကလွှင့်ပစ်လိုက်တဲ့မီးခွက်ကလေး ...။
`` နေပါဦး ... ခင်ဗျားကဘယ်သူလည်း ... ဘယ်ကရောက်လာတာလဲ´´
သူအဲဒီ့လိုမေးလိုက်တော့ ...
`` ငါကဘီလူးလေ ... ဒီမီးခွက်ထဲကနေထွက်လာတာ ´´
အဲဒီ့သူက သူ့ကိုယ်သူ ဘီလူးလို့ပြောနေပေမယ့်သူဘယ်လိုမှယုံလို့ မရဘူးဖြစ်နေတယ်။ ဘီလူးကို မှတ်ပုံတင်တောင်းကြည့်ရအောင်ကလည်း အခက်သား။ အဲဒီ့လူက ရုပ်တော်တော်ဆိုးတာနဲ့ သေသေချာချာ ကြည့်ရင် အစွယ်လေးခပ်ရေးရေးမြင်နေရတာကလွဲလို့ ကျန်တာဘာတစ်ခုမှ ဘီလူးအရည်အသွေးမမီဘူး။ ဒါပေမယ့် ဒီဘီလူးက ဒီမီးခွက်ထဲကနေထွက်လာတာဆိုလို့ သူနည်းနည်းတော့ စိတ်ဝင်စားသွားတယ်။ သူအရင်ကတွေးထားသလိုမျိုး အာလာဒင်ရဲ့လိုတရမီးခွက်ဖြစ်နေနိုင်သေးတယ်လေ။ အကယ်၍သာ ဒီဘီလူးစီက ဆုတွေတောင်းခဲ့လို့ရခဲ့ရင် ဒါ သူ့အတွက် မဟာအခွင့်အရေးပဲပေါ့။ လောကကြီးတစ်ခုလုံးကို စိတ်ပျက်လက်ပျက်ဖြစ်ပြီး လောကသစ်တစ်ခုကိုပြန်လည်မွေးဖွားပေးချင်နေတဲ့ သူ့ရဲ့စိတ်ကူးကို ဒီမှာ အကောင်အထည်ဖော်လို့ရမယ်လေ။ သူ အဲဒီ့လိုတွေးကြည့်မိပြီးကျေနပ်သွားတယ်။
``ကဲ ... ဟုတ်ပါပြီ ... ခင်ဗျားက ဒီမီးခွက်စောင့်ဘီလူးဆိုရင် ခင်းဗျားကို အပြင် ထွက်လာ နိုင်အောင် ကျွန်တော်ကလုပ်ပေးခဲ့တဲ့အတွက် ကျွန်တော်ကျေးဇူးတွေ ခင်ဗျားအပေါ်မှာရှိသွားပြီ။ အဲဒီ့တော့ ခင်ဗျား ကျွန်တော့်ကို ဘယ်လိုကျေးဇူးဆပ်မှာလဲ ... ပြော´´
သူ ဘီလူးရဲ့အပြောကိုတောင် မစောင့်နိုင်တော့ပဲ ဇွတ်ရော၊ အတင်းရော ဘီလူးကို ကျေးဇူးဆပ် ဖို့ပြော လိုက်မိတယ်။ သူထင်ထားတဲ့အတိုင်းပါပဲ ဘီလူးကသူ့ကို မင်းလိုရာဆု သုံးခုကိုတောင်းနိုင်တယ်တဲ့ ...။ သူအရမ်းပျော်သွားတယ်။ ဒီလိုကျတော့လည်းဒီဘီလူးက ဘယ်ဆိုးလို့လဲလို့သူတွေးမိတယ်။ သူဘယ်လို ဆုမျိုး တောင်းရင် ကောင်းမလဲလို့စဉ်းစားနေတုန်းမှာပဲ ... ဘီလူးကစကားဆက်တယ် ...
``နေဦးကွ ... နေဦး ... မင်းကိုပြောစရာတစ်ခုကျန်သေးတယ်။ ခေတ်တွေက ပြောင်းကုန်ပြီ ဆိုတော့ကွာ ဘီလူးလည်းစိတ်တွေနည်းနည်းပြောင်းသွားပြီကွ ...´´
မုန်းစရာကောင်းတဲ့ အိုင်တင်နဲ့ ဘီလူးကအဲဒီ့လိုပြောတော့ သူစိတ်မရှည်ဖြစ်သွားတယ်။
``ပြောစရာရှိမြန်မြန်ပြောဗျာ ... ဒီမှာ ကျွန်တော်ဆုစတောင်းတော့မှာဗျ ...´´
``မလောပါနဲ့ ဖြေးဖြေးပေါ့။ ဆုသုံးဆုလုံးမင်းတောင်းသမျှပြည့်မှာပါ ... မပူပါနဲ့။ ဒါပေမယ့် ... အရင်ကလို အလကားတော့ မရတော့ဘူးကွ။ ငါက အယူအဆအသစ်တွေနဲ့ ခေတ်သစ်ဘီလူးဖြစ်သွားပြီလေ ... ဟဲ ... ဟဲ ... ဟဲ ´´
ဆိတ်တစ်ကောင်လို တဟဲဟဲရယ်ရင်းပြောနေတဲ့ ဘီလူးရဲ့စကားကိုကြားတော့ သူ ဆုတောင်း ရမှာတောင် နည်းနည်းတွန့်သွားတယ်။ အေးလေ ဟုတ်တော့လည်းဟုတ်တာပဲ ဒီလောကကြီးမှာ ဘာမျှမှအလကား မရနိုင်တာ။ အပေးအယူတော့ ရှိရမှာပေါ့ ... ဒါပေမယ့် ...
``ကျွန်တော်က ခင်ဗျားရဲ့ကျေးဇူးရှင်လေဗျာ ... ခင်ဗျားကျွန်တော့်ကို ကျေးဇူးဆပ်ရမယ်လေ´´
သူအဲဒီ့လိုပြောတော့လည်း ဘီလူးကသူ့စကားကိုမငြင်းပါဘူး။
``အေးပါ ... ငါနားလည်ပါတယ် ...ငါကကျေးဇူးမသိတတ်တဲ့ ခပ်ရိုင်းရိုင်းဘီလူးမဟုတ်ပါဘူးကွ။ မင်းက ငါ့ကျေးဇူးရှင်ဖြစ်တဲ့အတွက် မင်းကိုငါကအခွင့်အရေးပေးမှာပါ။ မင်းဆုတစ်ခုတောင်းတိုင်း မင်းငါ့ကို တစ်ခုပြန်လုပ်ပေးရမယ်။ ဒါပေမယ့် မင်းပြန်လုပ်ပေးရမယ့်အရာဟာ မင်းတောင်းတဲ့ဆုရဲ့ တန်ရာတန်ဘိုး အောက်ကို အများကြီးလျှော့နည်းစေရမယ်။ အဲဒါ မင်းကို ကျေးဇူးရှင်မို့လို့ တောင်းဆုတွေကို လျှော့ဈေးနဲ့ ရောင်းပေးတဲ့သဘောပဲ ... ကဲ ... မင်းသဘောတူလား´´
သူတွေဝေသွားတယ်။ သူ့စိတ်ထဲမှာတော့ အဲဒီ့မျိုးမစစ်ဘီလူးကို နည်းနည်းအောင့်သက်သက်ဖြစ် နေမိတယ်။ ဒါပေမယ့် ဒီအခွင့်အရေးကိုလည်း သူလက်မလွှတ်ချင်ပြန်ဘူး။ ဘီလူးပြောပုံအရဆို သူ့ဘက်က နည်းနည်းသာပုံရတယ်လို့စဉ်းစားမိတာနဲ့ပဲ ဘီလူးရဲ့ကမ်းလှမ်းချက်ကို သူလက်ခံလိုက်တယ်။
``ကဲဗျာ ... ခင်ဗျားပြောတာကို ကျွန်တော်သဘောတူတယ် ...ကဲ ... ကျွန်တော်ဆုတောင်းလို့ရပြီလား´´
``ရပြီ ... ဒါပေမယ့် အဲဒီ့ဆုပြည့်ပြီးတာနဲ့ မင်းငါ့ကိုတစ်ခုခုပြန်လုပ်ပေးရမယ်ဆိုတာကိုတော့ မေ့မနေနဲ့နော်´´
ဆုစတောင်းတော့မယ့်သူတောင်နည်းနည်း လန့်သွားတယ်။ ဒါပေမယ့် ... သူ့ရင်ထဲကတောင်းချင် နေတဲ့ဆုကလည်း ပါးစပ်ဖျားကနေတစ်လစ်တစ်လစ်နဲ့ ထွက်တော့မယ်။ နောက်ဆုံး သူ ဘာကိုမှမစဉ်းစားတော့ ပဲ ဆုတစ်ဆုကို တောင်းလိုက်တယ်။
``ကျွန်တော့်ကို ဧဒင်ဥယာဉ်ကြီးထဲကိုပြန်ပို့ပေးဗျာ´´
သူ့ဆုတောင်းကိုကြားတော့ ဘီလူးမျက်လုံးပြူးသွားတယ်။ ဒါပေမယ့် မကြာပါဘူး ... ဒါလေးများ လို့ ပြောပြီး သူ့လက်ဝါးနှစ်ဖက်နဲ့ ပတ်ဝန်းကျင်ကြီးတစ်ခုလုံးကို ဖြေးဖြေးလေး သပ်ချ လိုက်တယ်။ သူဆို အသက်တောင်မရှူရဲဘူး။ တမဟုတ်ချင်းပါပဲ ခုဏက သူ ရောက်ရာပေါက်ရာ လျှောက်သွားနေ မိတဲ့ လွင်တီးခေါင်ကြီး ဟာ သစ်ပင်ပန်းမန်တွေ၊ စမ်းချောင်းလေးတွေ၊ ကျေးငှက်သာရကာတွေနဲ့ စိမ်းစိုစည်ကားလှပနေတဲ့ ဥယာဉ်ကြီး တစ်ခုအဖြစ်ကို ပြောင်းသွားတယ်။ သူ အများကြီးအံ့သြ သွားတယ်။ ဒီဘီလူးရဲ့ အစွမ်းကလည်း မသေးပါလား။ သူ အံ့သြ၀မ်းသာစွာနဲ့ ကျေနပ်အားရနေတုန်းမှာ ...
``ကဲ ... ကဲ ... မင်းရဲ့ဆုတစ်ခုကို ငါဖြည့်ပေးပြီးပြီ။ အဲဒီ့တော့ မင်းငါ့ကို တစ်ခုပြန်လုပ် ပေးပေတော့´´
ဘီလူးကအထက်စီးလေသံနဲ့ အဲဒီ့လိုပြောတယ်။ သူကလည်း အစကတည်းက သဘောတူထား ပြီးသား မို့ ဘာမှရှည်ရှည်ဝေးဝေးပြောမနေတော့ပဲ ဘာလုပ်ပေးရမလဲလို့မေးလိုက်တော့ ... ဘီလူးက ...
``ဘာမှထွေထွေထူးထူးမဟုတ်ပါဘူးကွာ။ မင်းဒီစမ်းချောင်းလေးဘေးမှာ ငါပေးတဲ့ သစ်ပင်လေးကို စိုက်ပေးရမယ်။ ဒါပါပဲ ...´´
ခုဏကနည်းနည်းရင်မောနေမိတဲ့သူ ဘီလူးရဲ့အဲဒီ့စကားကိုကြားတော့ တော်တော်လေးရင်အေး သွားတယ်။ လွယ်သားပဲပေါ့ ... ပထမဆုံးတောင်းဆုကတော့ တန်သွားပြီလို့သူစဉ်းစားမိတယ်။ ဒါပေမယ့် သူနားမလည်တာတစ်ခုက ဒီလောက်သစ်ပင်တွေအများကြီးရှိနေပြီးသားကို ဘာဖြစ်လို့များထပ်စိုက်ခိုင်းရလဲ ဆိုတာပဲ။ သူ့အတွေးကို ဘီလူးကရိပ်မိတယ်နဲ့တူပါတယ် သူဘာမှမမေးရသေးခင်မှာပဲ ...
``အခုရှိပြီးသားသစ်ပင်တွေက စားလို့ရတဲ့အသီးဘာအသီးမှ သီးမှာမဟုတ်ဘူးကွ။ မင်းကိုအခု ငါစိုက်ခိုင်းတဲ့ အပင်ကမှ စားလို့ရတဲ့အသီးတွေသီးမှာ။ ဘာသီးတွေသီးမှာလဲဆိုတာတော့ မမေးနဲ့ ... အစုံသီးလိမ့်မယ်။ စားကောင်းတဲ့အသီးရော ... မစားကောင်းတဲ့အသီးရော အစုံပဲ။ ဘယ်လိုအသီးမျိုး ပဲသီးသီး အဲဒါမင်းရဲ့ကံပဲ။ အကောင်း၊ အဆိုးခွဲခြားပြီးစားဖို့ကတော့ မင်းရဲ့ဥာဏ်ကအရေးကြီးတယ်။ ´´
ကိစ္စမရှိပါဘူး။ အကောင်း၊အဆိုးကိုခွဲခြားတတ်တဲ့အသိဥာဏ်တွေ သူ့ဦးနှောက်ထဲမှာ အပြည့်အသိပ် ပဲလေ။ အရင်ကဆို သူ အဲဒီ့အသိဥာဏ်တွေနဲ့ အရာရာကိုအဆိုးအကောင်းလိုက်ခွဲနေခဲ့လို့လည်း လောကနဲ့ သူနဲ့ အကြောမတည့်တာပေါ့။ အခုတော့ လောကသစ်ထဲမှာ အဆိုး၊အကောင်းဆိုတာတွေအားလုံးကို သူကိုယ်တိုင်ခွဲခြားဆုံးဖြတ်ပြီး အကောင်းဆုံးဆိုတဲ့ အရာတွေကိုပဲ သူဖန်တီးခွင့်ရတော့မယ်လေ။ သူ ပျော်ပျော်ရွှင်ရွှင်ပဲ ဘီလူးပေးတဲ့ သစ်ပင်ကို စမ်းချောင်းလေးဘေးမှာ စနစ်တကျလေးစိုက်ပေးလိုက်တယ်။ ပြီးတော့ သူနောက်ဆုတစ်ခုတောင်းဖို့ကို စဉ်းစားရတော့တယ်။ ဘာတောင်းမလဲ ...။ ကမ္ဘာလောကကြီးကို အသစ်ပြန်လည်တည်ဆောက်ဖို့ အလိုအပ်ဆုံးကဘာလဲ။ စဉ်းစား ... စဉ်းစား ...။ မိန်းမပေါ့ ...။ အဲဒီ့အဖြေကို သူသိပ်မကြိုက်ပေမယ့် ဒီ့ထက်ကောင်းတဲ့အဖြေကို သူစဉ်းစားလို့မရဘူးဖြစ်နေတယ်။ အဲဒါနဲ့ပဲ ...
``ကျွန်တော့်ကို နောက်ဆုတစ်ခုအနေနဲ့ မိန်းမတစ်ယောက်ဖန်ဆင်းပေးဗျာ။ ချောချောလေးနော် ...´´
နှစ်ယောက်တည်းဒီတောကြီးထဲမှာ ဘ၀စရမှာဆိုတော့ ရုပ်ဆိုးဆိုးကြီးဖြစ်မနေဖို့ အရေးကြီး တယ်လေ။ သူ့ရဲ့ဆုတောင်းကို ကြားတော့ ဘီလူးကခေါင်းကို တဗြင်းဗြင်းကုပ်ပြီးပြောတယ်။
``သက်ရှိတစ်ယောက်ကို ဖန်ဆင်းပေးရမယ်ဆိုတာကတော့ သိပ်မလွယ်ဘူးကွ။ အာဒမ်က ဧ၀ကိုရဖို့ အတွက် နံရိုးတစ်ချောင်း ပေးခဲ့ရတယ်ဆိုတာကို မင်းကြားဖူးတယ်မဟုတ်လား၊ အဲဒီ့တော့ မင်းကလည်း မိန်းမ တစ်ယောက်ကို ဖန်ဆင်းပေးဖို့အတွက် ငါ့ကိုတစ်ခုခုပေးရလိမ့်မယ်´´
သူနည်းနည်းစိတ်ညစ်သွားတယ်။ ဘီလူးပြောတာကလည်း အကျိုးအကြောင်းညီညွတ်နေတော့လည်း သူငြင်းရခက်နေတယ်။
``ဟုတ်ပြီဗျာ ... ဒါဆို ကျွန်တော်ကခင်ဗျားကို ဘာပေးရမှာလဲ နံရိုးတစ်ချောင်းပဲလား ...´´
``မဟုတ်ဘူး ... မဟုတ်ဘူး ... နံရိုးတစ်ချောင်းတည်းနဲ့ ဒီခေတ်မှာဘာမှလုပ်လို့မရတော့ဘူးကွ၊ အဲဒီ့တော့ မင်းကငါ့ကို ဦးနှောက်တစ်ခြမ်းပေးရမယ်။ ဒါကလည်း မင်းရဲ့ခေါင်းကိုခွဲထုပ်ပြီးပေးစရာ မလိုပါဘူး၊ ငါ့တန်ခိုးနဲ့ငါဖာသာငါထုတ်ယူလို့ရပါတယ်။ ကဲ ... ပြော။ မင်းသဘောတူတယ်ဆိုရင် အခုပဲ ငါမင်းအတွက် မိန်းမချောချောလှလှလေးတစ်ယောက်ဖန်ဆင်းပေးမယ်´´
မိန်းမတစ်ယောက်ရဖို့အရေး ဦးနှောက်တစ်ခြမ်းတောင် ထုတ်ပေး ရဦးမယ်ဆိုပါလား။ သူ အတော်လေးကို အကျပ်ရိုက်သွားတယ်။ ဒီဆုက သူ့ဆန္ဒတွေအတွက် မရှိမဖြစ်ကိုလိုအပ်နေတော့လည်းအခက်သား ...။ ပေါက်မယ့်နဖူး မထူးတော့ပါဘူးလေဆိုပြီး သူလက်ခံလိုက်တယ်။ အဲဒီ့မှာ ဘီလူးက တစ်ခုခုကိုထုတ်ယူ နေသလိုမျိုး သူ့ခေါင်းကိုလက်နဲ့ပွတ်ဆွဲပြီး မြေပြင်ပေါ်ကို ကိုင်ပေါက်ချလိုက်တယ်။ အဲဒီ့လိုလဲလုပ်လိုက်ရော ၀ုန်း ဆိုတဲ့အသံနဲ့အတူ မီးခိုးလုံးတွေကြားကနေ မိန်းကလေးတစ်ယောက် ထွက်လာတော့တာပဲ။ မိန်းကလေးရဲ့ အလှကိုကြည့်ပြီး သူဦးနှောက်တစ်ခြမ်းထုတ်ပေး လိုက်ရတယ်ဆိုတာကို မေ့သွားတယ်။
``ကဲ မင်းရဲ့ဆုတောင်းနောက်တစ်ခုပြည့်သွားပြန်ပြီ ...အဲဒီ့တော့ မင်းငါခိုင်းတာကိုလုပ်ပေးပေတော့´´
သူလည်း မိန်းကလေးရဲ့လက်ကို ကိုင်ဆွဲပြီး ပေါ့ပေါ့ပါးပါးပဲ ဘာလုပ်ပေးရမလဲလို့ ဘီလူးကို မေးလိုက်တယ်။
``ဒီတစ်ခါလည်းသိပ်မခက်ပါဘူးကွာ ... မင်းဒီနားမှာ ငါ့ကိုရေတွင်းတစ်တွင်းတူးပေးရမယ်´´
ဘီလူးကနေရာတစ်ခုကိုညွှန်ပြပြီး အဲဒီ့လိုပြောတော့ သူအံ့သြသွားတယ်။ ဒီဘီလူးပြန်လုပ်ခိုင်းနေတာ တွေက ငါတို့အတွက်ကောင်းတာတွေချည်း ပါပဲလားလို့လည်း စဉ်းစားမိတယ်။ ဒါပေမယ့် ဘီလူး ထပ်ပြောတဲ့ စကားကိုကြားတော့မှ သူစိုးရိမ်စိတ်တွေဝင်လာတယ်။
``မင်းအဲဒီနေရာမှာ ရေကြောကိုတွေ့တဲ့အထိတူးရမယ်။ ဘယ်လိုရေကြောမျိုးကိုတွေ့မယ်ဆိုတာ ကတော့ မင်းရဲ့ကံပဲ၊ သောက်သင့်မသောက်သင့်ဆုံးဖြတ်ဖို့ကတော့ မင်းရဲ့ဥာဏ်ပဲပေါ့´´
သူဘီလူးကို နည်းနည်းသံသယတွေဝင်လာတယ်။ အဲဒီ့ ကံ ... ကံ ဆိုတဲ့စကားကို ဒီဘီလူးပြောပြော နေတာ နှစ်ခါတောင်ရှိသွားပြီ၊ လောကသစ်တစ်ခုကို ကိုယ့်စိတ်ကြိုက်ဖန်တီးချင် ပါတယ်ဆိုမှ အဲဒီ့ကံကြမ္မာ ဆိုတာကြီးနဲ့က ဘယ်လိုမှ ရှောင်လွှဲလို့မရဖြစ်နေတယ်။ ဒါပေမယ့် ရပါတယ်လေ ... ဘယ်လိုရေကြောမျိုး တွေ့တွေ့ပေါ့ ... သူနဲ့ မိန်းကလေးမှာရှိတဲ့ နှစ်ယောက်ပေါင်း ဦးနှောက်တစ်ခုနဲ့ သောက်သင့်၊ မသောက်သင့်ကို သူတို့ဆုံးဖြတ်နိုင်မှာပဲ လို့တွေးမိပြီး ဘီလူးညွှန်ပြတဲ့ နေရာမှာ သူ ရေတွင်းတစ်တွင်းတူးပေးလိုက်တယ်။
``ကဲ ... ပြီးရင် မင်းရဲ့နောက်ဆုံးဆုတစ်ခုကို တောင်းပေတော့၊ စဉ်းစဉ်းစားစားတော့လုပ်နော်၊ ဒါနောက်ဆုံးပဲ´´
သူ သေသေချာချာစဉ်းစားနေတုန်းမှာ ဘီလူးကသူ့ကိုကပ်ပြီး သတိပေးနေသေးတယ်။ ဟုတ်တော့လည်း ... ဟုတ်တယ်။ ဒီနောက်ဆုံးဆုက အရမ်းအရေးကြီးတယ်။ သူ ဘယ်လိုကြီးကြီးမားမား ဆုမျိုးကိုတောင်းရပါ့မလဲလို့ အတော်စဉ်းစားယူလိုက်ရတယ်။ ပြီးတော့မှ ...
``ကျွန်တော့်ကို ဘယ်တော့မှ မကုန်ဆုံးနိုင်တဲ့စည်းစိမ်ဥစ္စာတွေဖန်ဆင်းပေးဗျာ ´´
`` ဟိုက် ...´´
သူ့ဆုတောင်းကိုကြားတော့ ဘီလူးမျက်ဖြူစိုက်သွားတယ်။ သူကတော့ ဒီဘီလူးကို ဒီလိုနှိပ်စက်လိုက် ရလို့ တော်တော်ကျေနပ်နေမိတယ်။ ဒီဆုတောင်းကို ဖြည့်မပေးနိုင်လို့ကတော့ ဒီဘီလူးကို ရစရာမရှိအောင်ကို ပြောပစ်လိုက်ဦးမယ်လို့လဲ စိတ်ထဲမှာကြိမ်းဝါးနေမိရဲ့ ...
``မင်းဆုတောင်းကလည်း တကယ့်ကိုဧရာမကြီးပါလားကွ။ လုပ်မပေးနိုင်ပြန်ရင်လည်း ဘီလူးသိက္ခာ ကျဦးမယ်။ ကဲ ... လာလေရော့လဟယ် ...´´
ဘီလူးကသူ့ရှိသမျှအစွမ်းတွေ အကုန်ထုတ်သုံးလိုက်ပုံပါပဲ။ ပတ်ဝန်းကျင်တစ်ခုလုံး ၃မိနစ်လောက် တုန်ခါယိမ်းထိုးသွားပြီးတဲ့နောက်မှာ သူတို့ရဲ့ရှေ့ကိုကျယ်ဝန်းလှတဲ့ ခြံကြီးတစ်ခုနဲ့ ခမ်းနားလှတဲ့အိမ်ကြီး တစ်လုံးဗြုန်းကနဲရောက်လာတော့တယ်။ သူက ပါးစပ်အဟောင်းသားနဲ့ အံ့သြနေတုန်းမှာ သူ့ဘေးနားက မိန်းကလေးက ၀မ်းသာအားရနဲ့ထခုန်နေတယ်။ ဘီလူးကတော့ ပင်ပန်းသွားဟန်နဲ့ သူ့ကိုလှမ်းပြောတယ်။
``ငါ့ကိုရေတစ်ခွက်လောက် တိုက်ပါလားကွာ´´
သူလဲမိန်းကလေးကို ရေခွက်တစ်ခွက်အမြန်သွားယူခိုင်းပြီး စမ်းချောင်းလေးထဲကရေကိုပဲ ဘီလူးကို ခပ်တိုက်လိုက်တယ်။ အမောပြေသွားတော့ ဘီလူးကသူ့ကို တစ်ခုခုခိုင်းဖို့ပြင်တယ် ...
``ခင်ဗျား ကျွန်တော့်ကို တစ်ခုခုထပ်ခိုင်းဖို့မပြင်နဲ့တော့ ခုဏက ကျွန်တော်ခင်ဗျားကိုရေတစ်ခွက် ခပ်တိုက် ပေးပြီးသွားပြီ။ အဲဒီ့တော့ ခင်ဗျားကိုကျွန်တော် ဘာမှထပ်လုပ်ပေးစရာမလိုတော့ဘူး´´
သူ အဲဒီ့လိုပြောလိုက်တော့ ဘီလူး ... အိုးတိုး ... အမ်းတမ်းနဲ့ ခုဏကသောက်ထားတဲ့ ရေတွေကိုပဲ ပြန်ထွေးထုတ်ရမလိုဖြစ်သွားတယ်။ သူမှားသွားမှန်းလဲ အခုမှသူပြန်သိသွားပုံပဲ။ သူလဲ လိုချင်တာတွေ အကုန်ရပြီးပြီ ဆိုတော့ ဘီလူးကိုမခံချင်အောင်ထပ်ပြောလိုက်တယ် ...
``ခင်ဗျားက လည်မလိုလိုနဲ့ တော်တော်အ တာပဲနော် ... ဟဲ ... ဟဲ ... ဟဲ ´´
``မင်း တော်တော်လည်တဲ့ကောင်ပဲ။ မင်းကလည်တာမဟုတ်ပါဘူး ... ငါကိုက မှားတာပါ´´
ဘီလူးလည်းစိတ်ပျက်လက်ပျက်နဲ့ ဆီမီးခွက်ထဲပြန်ဝင်မယ်လုပ်ရင်း မ၀င်ခင်မှာ သူ့ကိုတစ်ခွန်း လှမ်းပြောသွားသေးတယ်။
``နေဦး ... မင်းကိုအရေးကြီးတာတစ်ခုပြောစရာကျန်သေးတယ်။ ဒါတွေအားလုံးဟာ မင်းဆန္ဒရှိလို့သာ ငါဖန်ဆင်းပေးနိုင်ခဲ့တာဆိုတော့ မင်းကသာဒါတွေကိုမလိုချင်တော့ဘူးဆိုရင် အားလုံးပြန်ပျောက်ကွယ်သွား လိမ့်မယ်နော် ။ အဲဒီ့တော့ ဒါတွေအားလုံးဟာ အလကားပါတို့၊ ငါဘာမှမလိုချင်တော့ပါဘူးတို့စတဲ့စကားတွေ မပြောမိဖို့အရေးကြီးတယ် သိလား´´
ဘီလူးကသူ့ကို နောက်ဆုံးအနေနဲ့အဲဒီ့လိုပြောပြီး ဆီမီးခွက်လေးထံကိုပြန်ဝင် ပျောက်ကွယ်သွား တယ်။သူလဲ မိန်းကလေးရဲ့လက်ကိုဆွဲပြီး အိမ်ထဲကို ၀င်မယ်အလုပ်မှာ ထူးခြားမွှေးပျံ့တဲ့အနံ့တစ်ခုကသူ့ နှာခေါင်းထဲ ကိုဝင်လာတယ်။
``ဟယ် ... ဟိုမှာကြည့်စမ်း။ အသီးလေးတစ်လုံးသီးနေပြီ။ မွှေးလိုက်တာ ...´´
သူ့ဘေးနားက မိန်းကလေးက မြူးတူးခုန်ပေါက်ရင်း ခုဏကဘီလူး စိုက်ခိုင်းခဲ့တဲ့ အပင်အောက်ကို ပြေးသွားတယ်။ သူလည်းအမြန်လိုက်သွားပြီး အဲဒီ့အသီးကို ခူးပေးလိုက်တယ်။ ခူးနေရင်း ဒါဟာ မစားကောင်း တဲ့ အသီးများဖြစ်နေမလားလို့ စဉ်းစားမိတယ်။ ဒါပေမယ့် ... သေချာတဲ့အဖြေတစ်ခုကို သူမထုတ်နိုင်ခဲ့ဘူး။ သူ့ဦးနှောက်တစ်ခြမ်းကို မိန်းကလေးကိုပေးလိုက်ရပြီလေ။ အဲဒါနဲ့သူလဲ ... မိန်းကလေးကိုပါကူပြီး စဉ်းစားခိုင်းရတယ်။
``စားကောင်းလား၊ မစားကောင်းဘူးလားတော့မသိဘူး။ မွှေးတော့အရမ်းမွှေးတယ်။ အသီးကလည်း အရမ်းလှတယ်။ ဒီလိုအသီးမျိုးကို မစားကောင်းဘူးဆိုရင်ကော လွှင့်ပစ်လိုက်ဝံ့တဲ့သတ္တိ ရှင့်မှာရှိလို့လား။´´
မိန်းကလေးရဲ့အမေးက သူ့ကိုမှိုင်တွေငေးသွားစေတယ်။ အရင်ကလိုစိတ်မျိုးနဲ့ ဆိုရင်တော့ ဘယ်လောက်ပဲ အနံ့အရသာရှိရှိ မစားကောင်းတဲ့အသီးဆိုရင်တော့ လွှင့်ပစ်လိုက်ရမှာပဲလို့ သူပြောမိမှာပဲ။ ဒါပေမယ့် ... အခုသူစွန့်အနေတယ်။ အဆိုးလား၊ အကောင်းလားဆိုတာကို အပြတ်သားဆုံး ဆုံးဖြတ်လိုက် ဖို့လည်း သူ့ဦးနှောက်တစ်ခြမ်းတည်းနဲ့ မသေချာဘူးဖြစ်နေတယ်။ သူဘာမှ မပြောရသေးခင်မှာပဲ မိန်းကလေး က အဲဒီ့အသီးကို ကိုက်စားလိုက်တယ်။
``အား ... ချိုနေတာပဲ ... ကောင်းလိုက်တာ´´
သူ့ကိုယ်သူ မရိပ်မိလိုက်ခင်မှာပဲ သူလည်းအဲဒီ့အသီးကို တစ်ကိုက်စားပြီးဖြစ်နေတယ်။ အဲဒီ့အချိန်မှာပဲ အဲဒီ့အပင်က အသီးတွေတစ်လုံးပြီးတစ်လုံး တစ်ဖျစ်ဖျစ်နဲ့သီးလာလိုက်တာ ... သူတို့နှစ်ယောက်လည်း ဘာကိုမှ စဉ်းစားမနေကြတော့ပဲ သစ်ပင်အောက်မှာငြိမ့်ငြိမ့်လေးထိုင်၊ သစ်သီးတွေတစ်လုံးပြီးတစ်လုံးစား၊ ဧဒင်ဦးယျာဉ်ကြီးရဲ့အလှကို အပြည့်အ၀ခံစားနေလိုက်ကြတယ်။ သူကိုယ်တိုင် သူ့ကိုယ်သူ ပြန်အံ့သြယူ ရလောက်တဲ့အခြေအနေပါပဲ။ သူဘာဖြစ်သွားတာလဲ သူ့ကိုယ်သူပြန်မေးကြည့်ဖို့တောင် သူ့မှာစိတ်ကူးမရှိတော့ပါဘူး။ မိန်းကလေးကရေသောက်ချင်တယ် ဆိုတာနဲ့ ခုဏကဘီလူးတူးခိုင်းသွားတဲ့ ရေတွင်းထဲက ရေတစ်ဂျား သွားခပ်ပြီး သူတို့နှစ်ယောက် သောက်လိုက်ကြတယ်။ ဘီလူးပြောခဲ့တဲ့စကားကိုလည်းသူမေ့သွားပါပြီ။ ဒီရေတွေ ကို သောက်သင့် မသောက်သင့် စဉ်းစားဖို့ကိုလည်းသူသတိမရတော့ပါဘူး။ စားလို့သောက်လို့အပြီး ဗိုက်ဝ သွားတဲ့ အချိန်မှာ ဘေးနားကမိန်းကလေးကိုကြည့်ပြီး သူ့ရဲ့အချစ်စိတ်တွေနိုးထလာတယ်။ သူအရင်က စိတ်ကူးယဉ်ခဲ့တဲ့ လောကသစ်တစ်ခုကို သူတို့နှစ်ယောက်စတင်ဖန်တီးရမယ်ဆိုတဲ့ အသိကိုတော့ သူသတိရနေ လို့တော်သေးတယ်။ အဝေးကိုငေးနေတဲ့ မိန်းကလေးရဲ့မျက်နှာကို ဆွဲလှည့်ပြီး နမ်းဖို့ကြိုးစားလိုက်တယ်။
`` ဟင် ... ရှင် ... ရှင် ... ဒါဘာလုပ်တာလဲ။ လူကိုဘာများမှတ်နေလဲ။´´
`` ဖြန်း ...´´
သူ့ပါးပြင်တစ်ခုလုံး ပူနွေးသွားတယ်။ ဘာတွေဖြစ်ကုန်တာလဲ။ သူပြူးကြောင်ကြောင်မျက်လုံးတွေနဲ့ မိန်းကလေးကိုစိုက်ကြည့်နေရင်း ... ကမူးရှူးထိုးနဲ့ပြောမိတယ်။
``မင်းကိုငါလက်ထက်ဖို့ ငါ့ဦးနှောက်တစ်ခြမ်းလုံးကိုထုတ်ပေးပြီး ရယူခဲ့ရတာလေ။ မင်းကဘာဖြစ်လို့ အခုမှ ငါ့ကိုငြင်းဆန်နေရတာလဲ။ မင်းဟာငါနဲ့လက်ထက်ပြီး လောကသစ်တစ်ခုကို စတင်ဖန်တီးရမယ့် မိန်းကလေးလေ ...´´
သူ တုန်တုန်ယင်ယင်နဲ့အဲဒီ့လိုပြောတော့ မိန်းကလေးက ဒေါသမျက်လုံးတွေနဲ့ သူ့ကိုကြည့်တယ်။ ပြီးတော့ ...
``ဒီက ... ကိုယ့်ကျေးဇူးရှင်ဆိုပြီး ပစားပေးမိပါတယ် ... သူက အခွင့်အရေးယူဖို့စဉ်းစားနေပြီ။ ရှင့်ကို ကျမကဘာဖြစ်လို့ယူရမှာလဲ´´
မိန်းကလေးက အဲဒီ့လိုပြောတော့ သူတော်တော်စိတ်ညစ်သွားတယ်။ ဒေါသလည်းထွက်လာတယ်။ ဒီလိုဆို ငါစိတ်ကူးယဉ်ထားခဲ့တာတွေ အကုန်သွားပြီပေါ့လို့လည်း ၀မ်းနည်းပက်လက်ခံစားလိုက်ရတယ်။ သူငိုချင်စိတ်ကို မနည်းထိမ်းထားရတယ် ။
`` ငါက လောကသစ်တစ်ခုကို ငါကိုယ်တိုင်စတင်ပြီးဖန်တီးချင်တာလေ။ အဲဒါကြောင့်လဲ ဘီလူးကို ဧဒင်ဥယာဉ်ကြီးထဲကို ပြန်ပို့ခိုင်းပြီး သား၊သမီးတွေမွေးဖို့ မင်းကို ငါ့ရဲ့ဇနီးမယားတစ်ယောက်အဖြစ်နဲ့ တောင်းဆိုခဲ့တာလေ။ နောက်ပြီး မင်းနဲ့ငါနဲ့အတူတူနေကြဖို့ မကုန်နိုင်မခမ်းနိုင်တဲ့ စည်းစိမ်ဥစ္စာ တွေကိုလည်း ဘီလူးစီကနေ ငါတောင်းခဲ့တာမင်းအမြင်ပဲလေ။ ငါ့ကို မရက်စက်ပါနဲ့မိန်းကလေးရယ်။ ငါ အနှစ်နှစ်အလလထဲက ရူးခဲ့ရတဲ့ အဲဒီ့စိတ်ကူးလေးကိုမင်းမဖျက်ဆီးစမ်းပါနဲ့ကွာ။´´
သူ အသံကို အတတ်နိုင်ဆုံးလျော့ပြီး မိန်းကလေးကို တိုးလျှိုးတောင်းပန် နေပေမယ့် မိန်းကလေး ကတော့ ခပ်တင်းတင်းပါပဲ။
``ရှင် ဘာမှလာရှင်းပြမနေနဲ့ ကျမရှင့်ကိုမယူနိုင်ဘူး။ ဒီနေရာမှာ ရှင်နဲ့ကျမနှစ်ယောက်ရှိတဲ့အတွက် ဒီပစ္စည်းတွေအားလုံးကိုလည်းတစ်ယောက် တစ်ဝက်ပိုင်တယ် ... ဒါပဲ´´
မိန်းကလေးက အဲဒီ့လိုပြောပြီး ဆောင့်ကြီးအောင့်ကြီးနဲ့ အိမ်ကြီးပေါ်ကိုပြေးတက်သွားတယ်။ သူ့ရဲ့ ဒေါသတွေနဲ့ စိတ်ပျက်အားလျော့မှုတွေကို သူထိမ်းမထားနိုင်တော့ဘူး။ အဲဒါနဲ့ မိန်းကလေးကြားအောင် သူလှမ်းအော်ပြောလိုက်တယ်။
`` မင်းသာငါ့ကိုလက်မထက်ရင် ငါတောင်းထားတဲ့ ဒီဆုတွေအားလုံးကို ငါဘာသွားလုပ်ရမှာလဲ ... အားလုံးအလကားပဲပေါ့ ...´´
`` ၀ုန်း ...´´


အရာအားလုံးသူ့မျက်စိရှေ့ကနေ ဟုတ်ခနဲ ပျောက်ကွယ်သွားကြတယ်။ မီးခွက်ကိုဘယ်လိုပဲ ထပ်ပွတ်ပွတ် ဘီလူးကလည်းပြန်ထွက်မလာတော့ဘူး။
ပူပြင်းခြောက်သွေ့တဲ့ ဟင်းလင်ပြင်တစ်ခုထဲမှာ ဖုန်အလူးလူးနဲ့ လမ်းလျှောက်နေရင် သူစဉ်းစားတယ်။
``ငါ မစားကောင်းတဲ့ အသီးကို စားခဲ့မိလို့လား ...´´
``ငါ မသောက်ကောင်းတဲ့ ရေကို သောက်ခဲ့မိလို့လား´´
``ဒါမှမဟုတ် ... ငါ့ရဲ့ ဒုတိယဆုတောင်းကပဲ မှားခဲ့တာလား´´
ဘာကြောင့်ပဲဖြစ်ဖြစ် သူကတော့ အရင်ကအတိုင်းပဲပြန်ဖြစ်နေခဲ့ပြီလေ။ ဆုံးရှုံးမှုခပ်ကြီးကြီးတစ်ခုကို ထပ်မံပိုက်ထွေးလိုက်ရတာတစ်ခု ပိုလာတာကလွဲရင်ပေါ့ ...။

နေဘုန်းလတ်

Sunday, June 24, 2007

ရန်ကုန်မှ မြန်မာဘလော့ဂ်ဂါများ၏ တတိယအကြိမ်အစည်းအဝေးမှတ်တမ်း

ရန်ကုန်မှ မြန်မာဘလော့ဂ်ဂါများ၏ တတိယအကြိမ်အစည်းအဝေးမှတ်တမ်း

အစည်းအဝေးတက်ရောက်သူများ

၁။ ကိုစိုးဇေယျ
၂။ ကိုနေဘုန်းလတ်
၃။ ကိုမျက်လုံး
၎။ ကိုညီလင်းဆက်
၅။ Mr.Pooh
၆။ ကိုစစ်အိမ်
၇။ ကိုဘလာဂေါက်
၈။ ကိုသန့်ဇော်မင်း
၉။ ကိုမိုးလှိုင်ည
၁၀။ ကိုချစ်စမ်း
၁၁။ ကိုဖိုးကျား
၁၂။ ကိုဖြိုး
၁၃။ မမေဓါဝီ
၁၄။ မမယ်လိုဒီမောင်

၁) စာမူများ ကဏ္ဍခွဲခြင်း

- ဘလော့ဂ်ဆိုသည်မှာ
- ကဗျာ
- ဟာသ
- ဆောင်းပါ - လူမှုဝန်းကျင်
အတွေးအမြင်
အထွေထွေဗဟုသုတ
ရသ
- အက်ဆေး
- ၀တ္ထုတို
- နည်းပညာ
အထက်ပါအတိုင်း ကဏ္ဍခွဲကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ စာမူအရေအတွက် အနည်းအများကိုတော့ အပြီးသတ်ရွေးချယ်ပြီးမှ ဆုံးဖြတ်မှာဖြစ်ပါတယ်။

၂) မျက်နှာဖုံးဒီဇိုင်းကိစ္စ

ကိုရန်အောင်၏ဘလော့ဂ်တွင်တင်ပေးထားသော ကိုချမ်းမြစိုး၏ ဒီဇိုင်းကို အများစုမှ နှစ်သက်ကြပါသည်။
ထို့ကြောင့် မျက်နှာဖုံးဒီဇိုင်းကိစ္စနှင့် ပတ်သက်၍ ကိုစစ်အိမ်နှင့် ကိုဖြိုးတို့အား ကိုချမ်းမြစိုးနှင့် လိုအပ်သလို ဆက်သွယ်ဆောင်ရွက်ရန်ဆုံးဖြတ်ခဲ့ပါသည်။

၃) စာစီစာရိုက် နှင့် အတွင်း Layout Design ၊ သရုပ်ဖော်ပုံကိစ္စ

မမယ်လိုဒီမောင် ၊ မောင်ပွတ် နှင့် ကိုမျက်လုံးတို့မှ အသိအကျွမ်းဆိုင်များမှ quotation များတောင်းရန်၊ အကောင်းဆုံးဆိုင်တွင် အပ်ရန်
သရုပ်ဖော်ပုံကို လိုအပ်လျှင် လိုအပ်သလို ထည့်သွင်းသွားရန် ဆုံးဖြတ်ပါသည်။

၎) စာလုံးပေါင်းစစ်ခြင်း နှင့် အမှာစာကိစ္စ

အပြီးသတ်ရွေးချယ်ပြီးသော စာမူများကို print out ထုတ်၍ ကိုစစ်အိမ်နှင့် ကို ညီလင်းဆက်တို့မှ အရင်ဦးဆုံးဖတ်ပေးရန် (စီစစ်ရေးတင်နေစဉ်ကာလအတွင်း )
ထို့နောက် ၄င်းတို့နှစ်ယောက်ဖတ်ပြီးပါက မမေဓာဝီမှ နောက်ဆုံးအချောသတ်ဖတ်ပေးရန်။

အမှာစာရေးပေးရန်အတွက် စာရေးဆရာမ ဂျူးအား ကိုစိုးဇေယျမှ request လုပ်ရန်။ ဆရာမဂျူး အဆင်မပြေပါက ဆရာတာရာမင်းဝေအား request လုပ်ရန်။

၅) စီစစ်ရေးအတွက် Nick နှင့် Post များကို ပြောင်းလဲ ပြင်ဆင်ခြင်း

nick name ပြောင်းရန်လိုအပ်သည့်သူများအား ဆက်သွယ်မေးမြန်းရန်။
post များပြောင်းလဲ ပြင်ဆင်ရန်အတွက်မူ ယခုလက်ရှိအယ်ဒီတာများမှပဲဆက်လက်တာဝန်ယူဆောင်ရွက်ရန်။ ရန်ကုန်ရှိ အယ်ဒီတာ ၈ ယောက်မှ on paper တည်းဖြတ်ပြီး ၊ နိုင်ငံရပ်ခြားရှိ အယ်ဒီတာများမှလည်း
mmblogbook2.blogspot.com တွင် *ပေးခြင်းမဟုတ်ပဲ။ အခြားလိုအပ်သော ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သတ်၍ ကွန့်မန်များဝင်ရေးရန်။ ( * များရေတွက်ပြီး နောက်လမှစတင်မည်)

၆) အကယ်၍ ကွာလတီစာမူများလိုအပ်ခဲ့ပါက ထပ်မံဖြည့်စွက်ရန်ကိစ္စ

စာမူများအပြီးသတ်ရွေးချယ်ပြီးချိန်တွင် စာအုပ်၏ကွာလတီအတွက် မြန်မာနိုင်ငံရှိစာဖတ်ပရိသတ်အတွက် အမှန်တကယ်လိုအပ်သော စာမူကောင်းများ ထပ်မံလိုအပ်နေပါက ထပ်မံထည့်သွင်းနိုင်ရန်
mmblogbook.blogspot.com တွင်လာရောက်တင်ထားခြင်း သို့မဟုတ် mmblogbook@gmail.com တို့သို့ email ပို့ခြင်းများ ပြုလုပ်နိုင်ကြောင်း။

၇) ခန့်မှန်းကုန်ကျစရိတ်နှင့် ရံပုံငွေအခြေအနေ

ခန့်မှန်းကုန်ကျစရိတ်မှာ ၁၃ သိန်းမှ ၁၅သိန်း အထိရှိမည်ဖြစ်ကြောင်း
ရံပုံငွေမှာ ယခုလက်ရှိတွင် ၇၄၀၃၀၀ ကျပ် ရှိသောကြောင့် နောက်ထပ် ၇သိန်းခန့်ထပ်မံလိုအပ်မည်ဖြစ်ကြောင်း ၊ ထို့ကြောင့် ကြော်ငြာများရှာဖွေသင့်ကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။

၈) စီးပွားရေးကြော်ငြာများ ထည့်သွင်းခြင်းကိစ္စ

စာအုပ်တွင် စာမျက်နှာ ၂၆၀ ရှိမည့် အနက် ကြော်ငြာကို အများဆုံး စာမျက်နှာ ၂၀ သာထည့်သွင်းသင့်ကြောင်း ဆုံးဖြတ်သည်။
ကြော်ငြာခများကို အကြမ်းမျဉ်း ခန့်မှန်းတွက်ချက်ရာ 1 colour full page (အတွင်းစာမျက်နှာ) - ၁၅၀၀၀ ကျပ်
4 colour full page (မျက်နှာဖုံးအတွင်း စာမျက်နှာ) - ၅၀၀၀၀ကျပ်
4 colour full page (အတွင်းစာမျက်နှာ) - ၄၀၀၀၀ ကျပ်
အကြမ်းမျဉ်း တွက်ချက်ထားခြင်းသာဖြစ်သည်။ အပြောင်းအလဲရှိနိုင်ပါသည်။

၉) Myanmar Bloggers Association ဖွဲ့စည်းရန်ကိစ္စ

အဆိုပါကိစ္စနှင့် ပတ်သတ်၍ ထပ်မံဆွေးနွေးရန်
08.07.2007 (တနင်္ဂနွေနေ့) မှာ Service + တွင် အစည်းအဝေးတစ်ခုထပ်မံပြုလုပ်ရန်ဆုံးဖြတ်ခဲ့ကြပါတယ်။

ကျွန်တော်လိုက်လံမှတ်တမ်းတင်ထားသလောက်လေးကို စုစည်းတင်ပြလိုက်ပါတယ်။ လိုအပ်ချက်များစွာရှိနေနိုင်ပါတယ်။ အစည်းအဝေးတက်ရောက်သူ ဘလော့ဂ်ဂါများရဲ့ ဘလော့ဂ်တွေအားလုံးကိုလိုက်ကြည့်မယ်ဆိုရင်တော့ ပြည့်ပြည့်စုံစုံလေးသိနိုင်လိမ့်မယ်လို့ယူဆကြောင်းပါခင်ဗျာ။
လေးစားစွာဖြင့်
နေဘုန်းလတ်

Tuesday, June 19, 2007

အာဇာနည်ရဲ့အသံ

အန်တီ့ကိုရည်စူးပြီးရေးဖြစ်ခဲ့တဲ့ကဗျာလေးတစ်ပုဒ်ပါ။ အန်တီ့ရင်ထဲက စကားသံတွေကို အန်တီကပြောနေတဲ့ပုံစံနဲ့ရေးထားပါတယ်။ ဒီနေ့ အန်တီ့ရဲ့ ၆၂ နှစ်ပြည့်မွေးနေ့မှာ အမှတ်တရ ဒီပို့စ်လေးကိုတင်ပါတယ်။
ကော်နက်ရှင်မကောင်းလို့ အခု ည၉နာရီရောက်မှပဲ ဒီ့ပို့စ်ကိုတင်လို့ရတော့တယ်။

အာဇာနည်ရဲ့အသံ

အဝေးတစ်နေရာကနေ
မွေးရပ်မြေကိုပြန်ငေး
ပြည်သူတို့ရဲ့ ငိုကျွေးသံတွေ
ငါ့သွေးတွေကို ဆူပွက်စေခဲ့ပြီ။

မြင်ကွင်းရဲ့မလှပမှုတွေကို
တရားမျှတမှုနဲ့ချိန်ထိုး
တိုင်းပြည်ရဲ့အဖြစ်ဆိုးက
ငါ့ရင်ကို ၀င်တိုးခဲ့ပြီ။

အာဇာနည်ရဲ့သွေးနဲ့ဖွဲ့တဲ့
ငါ့နှလုံးအိမ်တည့်တည့်ကို
အာဏာရှင်ရဲ့မြားချက်တွေဖောက်ထွင်း
ငါ့ရဲ့ဆုံးဖြတ်ချက်တွေရှင်းခဲ့ပြီ။

တိတ်ဆိတ်ခြင်းတွေနဲ့ကြီးပြင်း
အနိဋာရုံတွေနဲ့ ပေါင်းသင်းခဲ့ရတဲ့
နိုင်ငံရဲ့သမိုင်းကြောင်း...
ပြောင်းကြဖို့အချိန်တန်ပြီ။

လွတ်လပ်ခြင်းရဲ့အနှစ်သာရ
အပြည့်အ၀မရသေးတဲ့တိုင်းပြည်
လူတစ်ဦးခြင်းစီရဲ့အခွင့်အရေး
ငါရယူပေးချင်ပြီ။

ငြိမ်းချမ်းရေးတေးကို
အပူအပင်ကင်းစွာဟစ်ကြွေး
ပြည်သူတို့ရဲ့ရှေ့ရေး
စိတ်အေးကြတာမြင်ချင်ပြီ။

ဘယ်သူတွေဘယ်လောက်မိုက်မိုက်
အကြမ်းမဖက်တဲ့နည်းနဲ့ဆက်တိုက်
အဲဒီ့အမှောင်တိုက်မှာ...
အလင်းမှတ်တိုင်ငါစိုက်မည်။

ချစ်စရာမြန်မာစိတ်ဓါတ်နဲ့
ဖြူစင်ကြတဲ့ ပြည်သူတို့ရဲ့အား
ငါ့နှလုံးသားမှာထည့်ထားပြီး
လွတ်မြောက်ခြင်းရဲ့ခရီးလမ်း
မဆုံးသရွေ့ငါဆက်လှမ်းမည်။ ။

Monday, June 18, 2007

အစည်းအဝေးဖိတ်ကြားခြင်း

မြန်မာဘလော့ဂ်ဂါများ၏ စုစည်းတင်ဆက်မှုဖြစ်သည့် `အနာဂတ်လှိုင်း၏ဆုံမှတ်များ´ ဟုအမည်ရသော မြန်မာဘလော့ဂ်မိတ်ဆက်စာအုပ် ရိုက်နှိပ်ထုတ်ဝေမည့် ကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးသမျှအခြေအနေများကို တင်ပြရန်နှင့် စာအုပ်ထုတ်ဝေရေးအတွက် လိုအပ်သော အခြားလုပ်ငန်းဆောင်တာများအတွက် ၀ိုင်းဝန်းဆွေးနွေးကြရန် ရန်ကုန်မြို့တွင် အစည်းအဝေးတစ်ရပ်ထပ်မံကျင်းပမည်ဖြစ်ပါသည်။
နေ့ရက် - ၂၄.၀၆.၂၀၀၇ (တနင်္ဂနွေနေ့)
အချိန် - နေ့လည် ၁ နာရီတိတိ
နေရာ - COFFEE KING ( ဗိုလ်အောင်ကျော်လမ်း ၊ အာလာဒင်ရှေ့)
အထူးအစီအစဉ်အနေဖြင့် လာမည့် ဇွန် ၂၈တွင်ကျရောက်မည့် မွေးနေ့ အကြိုအဖြစ် ကျွန်တော် နေဘုန်းလတ်မှ အစည်းအဝေးတက်ရောက်သူများအားလုံးကို အစား (အာလူးကြော် တစ်ချောင်း) အသောက် (ရေတစ်ခွက်) များဖြင့် ဧည့်ခံမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ( ဒါမှ လာကြမှာ၊ )

စာကြွင်း ၁၊၊ ။မွေးနေ့လက်ဆောင်ယူမလာခြင်း သည်းခံပါ။း-)
စာကြွင်း ၂။ ။အစည်းအဝေး၏ ပထမ section အတွက်သာ တာဝန်ယူခြင်းဖြစ်ပါသည်။ ဒုတိယ section နှင့် တတိယ section များအတွက်မူ ကိုယ့်ဒေါသနှင့် ကိုယ်ဖြစ်ပါသည်။

Friday, June 15, 2007

ဘ၀ထဲကစကားလုံးများ

ဘ၀ထဲကစကားလုံးများ

``အခုအချိန်မှာ ဒုက္ခခံရတာ နောင်တစ်ချိန်မှာ ကောင်းစားဖို့ .´´ ဆိုတဲ့စကားကို လူတော်တော် များများပြောကြတာ ကျွန်တော်ကြားဖူးတယ်။ မရေရာတဲ့ မနက်ဖြန်တွေအတွက် အသေအချာရှိနေတဲ့ ဒီနေ့တွေကို မိုက်မိုက်မဲမဲစတေးပစ်သင့်ရဲ့လား ...။ ကျွန်တော် မသိဘူး။ လူတိုင်းဟာ မျှော်လင့်ချက်တွေနဲ့ အသက်ရှင်နေကြရတယ်ဆိုတဲ့စကားကို ကျွန်တော်တစ်ခါက တူးတူးခါးခါးကိုငြင်းခဲ့ဖူးပါတယ်။ ဒါပေမယ့် ... အခုတော့လဲ အဲဒီ့အယူအဆတွေအားလုံး အပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပါပြီ။ အခုတော့ ကျွန်တော်ကိုယ်တိုင် ကိုက မျှော်လင့်ခြင်းတွေနဲ့အားယူကုန်းထနေရတဲ့ လောကရဲ့ခရီးသွားတစ်ယောက်ဖြစ်နေခဲ့ပြီလေ။ တကယ်လို့သာ ကိုယ်လုပ်ချင်တာလေးတွေကို အေးအေးဆေးဆေးနဲ့လုပ်ခွင့်ရနေခဲ့မယ်ဆိုရင် မျှော်လင့်ချက်ဆိုတာ ကျွန်တော့်အတွက် မလိုအပ်ပါဘူး။ အခုတော့ လောကအလိုကျကပြနေရတဲ့ ဘ၀ရဲ့ဇာတ်ဝင်ခန်းတွေကို ကိုယ်တကယ်ယုံကြည်တဲ့ ဇာတ်သိမ်းခန်းတစ်ခုနဲ့ အဆုံးသတ်လိုက်နိုင်ဖို့အတွက် ကျွန်တော် မျှော်လင့်တတ်နေခဲ့ပါပြီ။ ဘ၀ဆိုတာကြီးကို အမှန်တကယ် တာဝန်ယူတည်ဆောက်ရတော့မယ်ဆိုတာကို သိလိုက်ရတဲ့အချိန်ကစပြီး အတွေးခေါ်အယူအဆတွေ တော်တော်များများ ပြောင်းလဲသွားခဲ့ကြတယ်။ ဒါဟာ ... ကျွန်တော့်ရဲ့စိတ်ဓါတ်မခိုင်မာမှုကြောင့်လည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ရင်ထဲက အပြင်းပြဆုံးအာသီသတစ်ခုအတွက် အသေးအဖွဲခံယူချက်တွေကို ပျော့ပြောင်းကွေးညွတ် ပေးလိုက်ခြင်းလဲဖြစ်နိုင်တယ်။ ဘ၀တစ်လျှောက်လုံး အသားလွတ်ကြီး ရုန်းကန်လှုပ်ရှားနေရမှာကို ပျင်းတဲ့ဗီဇစိတ် တစ်ခု ကြောင့်လဲဖြစ်နိုင်တယ်။ ဘာ့ကြောင့်လဲဆိုတာ သေချာဖို့အတွက် ကျွန်တော့်ကို ကျွန်တော်စောင့်ကြည့် ရဦးမယ်။
တခါက ကျွန်တော်ဘာလုပ်ရမယ်မှန်းမသိပဲ တွေဝေမိနေချိန်မှာ လူတစ်ယောက်က ကျွန်တော့်ကို အကြံပေးဖူးတယ်။ ``မင်းဘ၀အတွက် အရေးအကြီးဆုံးကဘာလဲဆိုတာ မင်းကိုမင်းသေသေချာချာပြန်မေးကြည့်ပြီး ... ပြီးရင် အဲဒါကိုရနိုင်မယ့်လမ်းကိုရွေးပေါ့ .´´ တဲ့ ...။ အကြံဥာ ဏ်ပေးတဲ့အတွက်တော့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ... ကျွန်တော်သူမသိအောင် တိတ်တိတ်လေးပြုံးမိတယ်။ လူတစ်ယောက်အတွက် အရေးအကြီးဆုံးအရာဟာ ဘ၀တစ်လျှောက်လုံးမှာ တစ်ခုတည်းရှိနေတာမှ မဟုတ်တာလေ။ အခုအချိန်မှာ ဒါဟာ ငါ့အတွက် အရေးအကြီးဆုံးပါပဲ ဆိုတဲ့စိတ်တစ်ခုနဲ့ အရယူခဲ့ပေမယ့် နောင်တစ်ချိန်ချိန်ကျတော့လဲ ဒါကငါ့ဘ၀အတွက် ဒီလောက်လဲ အရေးမကြီးပါလား ဆိုတဲ့အတွေးနဲ့ လူတိုင်းနောင်တတွေရခဲ့ကြဖူးတာပဲမဟုတ်လား ...။ တကယ်တမ်းကျတော့လည်း လူတွေသုံးစွဲနေကြတဲ့ ``နောင်တရတယ် .´´ ဆိုတဲ့အသုံးအနှုံးဟာလည်း နောင်တသေးသေးလေးတစ်ခုကနေ နောင်တကြီးကြီးတစ်ခုဆီကို ကူးပြောင်းဖို့အားယူတဲ့ လှေကားထစ်တစ်ခု ဖြစ်သွားတတ်ကြတာပဲလေ။ ကျွန်တော်ကတော့ ``တကယ်လို့များ ...´´ ဆိုတဲ့ စကားကို လူ့လောကကြီးကနေ အပြီးအပိုင်ထွက်ခွာသွားရတော့မယ့် နောက်ဆုံးအချိန်မှာ မပြောလိုက်ရစေဖို့ အမြဲတမ်းသတိထားနေမိတယ်။ ဒါပေမယ့်လဲ ... မနက်ဖြန်သာကျွန်တော်သေသွားခဲ့ရင် လောကကြီးကို အဲဒီ့စကားလုံးနဲ့ပဲ ကျွန်တော်နှုတ်ဆက် ရဦးမှာပါပဲ။
သေခြင်းတရားဆိုတာဟာ ကွေးသောလက်မဆန့်မီ၊ ဆန့်သောလက်မကွေးမီကိုယ့်ဆီကိုရောက်လာနိုင်တယ် ဆိုတာကို ခိုင်ခိုင်မာမာသိထားပေမယ့် လောကကြီးထဲမှာ မောဟမီးတွေတညီးညီးနဲ့ ဘ၀ခရီးကိုလျှောက်လှမ်း ကြရတဲ့ အခါ အဲဒီ့သေခြင်းတရားဆိုတာကြီးကို ကျွန်တော်တို့မေ့ထားကြရတာပဲလေ။ ကျွန်တော်ကတော့ ဖြစ်နိုင်မယ်ဆိုရင် ကိုယ်သေရမယ့်နေ့ကို တစ်ရက်လောက်ကြိုပြီးသိချင်မိတယ်။ အဲဒီလို သိကြရပြီဆိုရင်ရော ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ။ မနက်ဖြန်ဆိုတာကို ပိုင်ဆိုင်ခွင့်မရှိတော့တာသေချာသွားပြီဆိုရင် ဒီနေ့ကို ကျွန်တော်တို့ ဘယ်လိုကုန်ဆုံးပစ်ကြမလဲ။ လူတော်တော်များများကတော့ ငါတကယ်သေရတော့မယ်ဆိုတဲ့ အသိတစ်ခုကို တည်တည် ငြိမ်ငြိမ်နဲ့ လက်ခံနိုင်ဖို့ဆောက်တည်ရာမဲ့ကြိုးစားနေကြရင်းနဲ့ပဲ သေသွားကြရလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အချို့ဆိုရင်လည်း မသေရပါဘူးကွာလို့ငြင်းပြီး ရှင်သန်ခွင့်တစ်ခုကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ရှိသမျှစည်းစိမ်တွေပုံပေြး့ပီး ပြန်ယူနိုင်ဖို့ကြိုးစားကြလိမ့်မယ်ထင်ပါတယ်။ အခြေအနေတစ်ခုကို ကိုယ်က ဘယ်လောက်ပဲ မလိုချင်ပေမယ့် ဘယ်လိုမှ ရှောင်လွှဲလို့မရနိုင်တော့တာသေချာသွားပြီဆိုရင်တော့ တည်တည်ငြိမ်ငြိမ်နဲ့ လက်ခံလိုက်ခြင်းဟာ အားလုံးအတွက် အကောင်းဆုံးပါ။ အဲဒီလို လက်ခံလိုက်ရင် ပူပင်သောကတွေတစ်ဝက်လောက်ငြိမ်းသွားနိုင်ပါတယ်။ ဒါပေမယ့် ... လောကထဲက အကြီးမားဆုံးသောပြဿနာတွေရဲ့အစက ရှောင်လွှဲလို့မရနိုင်တဲ့ပြောင်းလဲမှုတွေရဲ့ သဘောသဘာဝတွေကို အပြည့်အ၀လက်မခံနိုင်ကြခြင်းပဲ မဟုတ်လား။ ``မနက်ဖြန် မင်းသေရတော့မယ်ဆိုရင် ... မင်း ဒီနေ့ဘာလုပ်မှာလဲ .´´ ဆိုတဲ့မေးခွန်းကို အခုအချိန်မှာ ကျွန်တော်အားလုံးကို လိုက်မေးချင်ပေမယ့် အဖြေမှန်တွေ ရမှာမဟုတ်တဲ့အတွက် ကျွန်တော်မမေးဖြစ်ခဲ့ပါဘူး။ မေးဖြစ်ခဲ့ရင်လည်း ``ဘာလို့သေရမှာလဲကွ .´´ ဆိုပြီး ဆွဲထိုးသွားတာ ခံရနိုင်သလို ...။ ``နမိတ်မရှိ နမာမရှိပြောရက်လိုက်တာ .´´ ဆိုပြီး ပါးဆွဲချတာကိုလည်း ခံလိုက်ရနိုင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း မှန်ကန်တဲ့အဖြေတစ်ခုကိုထုတ်နိုင်မှာ မဟုတ်တဲ့အတွက် အဲဒီ့မေးခွန်းကို မဖြေဖြစ်ခဲ့ပါဘူး။ တချို့ စိတ်အခြေအနေတွေက လုပ်ယူခံစားကြည့်လို့မှ မရနိုင်တာလေ။
လူတစ်ယောက်ရဲ့မဖြစ်စလောက်ဆန္ဒလေးတစ်ခုပြည့်ဖို့အတွက် သုံးစွဲလိုက်ရတဲ့ အသုံးစရိတ်ဟာ ... အခြားသူတစ်ယောက်ရဲ့ဘ၀တစ်လျှောက်လုံးမှာ ဘယ်လိုမှ မျှော်လင့်ခွင့်မရှိတဲ့ ငွေကြေးပမာဏနဲ့ သွားပြီး ထပ်တူညီနေရတာ ဘာ့ကြောင့်လဲ ...။ မှန်ကန်ခဲ့ဖူးတဲ့ညီမျှခြင်းတွေကို ဒီလောက်အထိချွတ်ချော်လွဲမှား သွားရလောက်အောင် ဘယ်လိုပုံသေနည်းတွေနဲ့များ ကျွန်တော်တို့တွေမှားယွင်းတွက်ချက်မိခဲ့ကြသလဲ။ လောကရဲ့ ချိန်ခွင်လျှာ မညီမျှမှုအောက်မှာ ဘ၀တွေတစ်ခုပြီးတစ်ခု ဖျက်ဆီးလုယက်ခံနေရတာ အစဉ်အလာတစ်ခုပါလို့ ဘယ်လိုအားမျိုးနဲ့ သက်မှတ်ပစ်လိုက်ရမှာလဲ။ တွေ့နေ၊ မြင်နေရတဲ့ မြင်ကွင်းတွေကနေ အဖြေမရှိတဲ့ မေးခွန်းတွေထွက်ထွက်ကျလာတယ်။ အဲဒီ့ ဖြေရှင်းချက်မရှိတဲ့မေးခွန်းတွေနဲ့ပဲ အသားကျကျေနပ်နေရခြင်းဟာ လူများစွာရဲ့ ဘ၀ဖြစ်လာတယ်။ ကျွန်တော်တို့လက်မခံချင်ကြပေမယ့် ငြင်းဆန်ဖို့လဲခက်တယ် ...။
လူအများက အခွင့်အရေးတွေလို့ယူဆထားကြတဲ့ အချို့အရာတွေက ကျွန်တော့်အတွက်တော့ ခပ်နက်နက်တူးထားတဲ့ တွင်းတွေလိုပါပဲ။ ကျွန်တော်ပြန်လည်ရုန်းထွက်ဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ရတယ်။ အချို့တွင်းတွေထဲမှာဆို အချို့စိတ်ကူးအပိုင်းအစတွေ နစ်မြုပ်ကျန်ရစ်ခဲ့ကြတယ်။ အချို့တွင်းတွေမှာဆို မျှော်လင့်ခြင်းအစစ်အမှန်တွေိကု ဖြုတ်ချစတေးပစ်ခဲ့ရဖူးတယ်။ တစ်ခုခုကိုလိုချင်ရင် တစ်ခုခုကိုပြန်ပေးရတယ်တဲ့ ...။ ကျွန်တော်ကတော့ ဘယ်လိုမှထပ်တူမကျနိုင်တဲ့ လိုအပ်မှုနဲ့ လိုချင်မှုတွေကို ရှိစုမဲ့စုအားနဲ့ အတင်းဆွဲကိုင်ညှိယူဖို့ ကြိုးစားရင်း ဖြစ်သင့်တာတွေအတွက် ဖြစ်ချင်တာတွေများစွာကို ထိုးကျွေးခဲ့ရဖူးတယ်။ ငါမျှော်လင့်ခဲ့တဲ့ဘ၀က ဒီလိုမျိုးမဟုတ်ပါဘူးလို့ စိတ်ထဲကအခါခါငြင်းနေမိပေမယ့် ဒီလိုပါပဲ ဆိုတဲ့စကားကို နှုတ်ဖျားက တဖွဖွရွတ်ဆိုရင်း အကြိမ်ကြိမ်ပြန်အားတင်းခဲ့ရတယ်။ လုပ်ချင်တာတွေလုပ်ခွင့်ရချိန်အထိတော့ ရှင်သန်ခွင့်တစ်ခုကို မျှော်လင့်မိတယ်။ ဒါဟာ ဘ၀ကို တပ်မက်ခြင်းပုံသဏ္ဍာန်တစ်ခုလား ...။
ရင်ထဲမှာပြည့်သိပ်ဝေဆာနေတဲ့ အဖြူရောင်စိတ်ဆန္ဒတွေကို ခင်းဖြန့်စိုက်ပျိုးခွင့်တော့ရချင်သေးတယ်။ လောကရဲ့ မရေရာမှုတွေများစွာထဲမှာ ကျွန်တော်တကယ်သေချာခဲ့တာက ကျွန်တော့်ရင်ထဲက ဆန္ဒတွေဖြူစင်ဝင်းပ နေခဲ့တယ် ဆိုတာပါပဲ။ ဘာဆိုဘာမှ လက်ဆုပ်လက်ကိုင်ပြစရာမရှိတော့လဲ မတိမ်းစောင်းခဲ့ဖူးတဲ့ ရင်ခုန်သံ စည်းချက်တွေနဲ့ပဲ လောကထဲကို မ၀ံ့မရဲထိုးခွဲဝင်ရောက်နေဆဲပါ။ ကျွန်တော် ဘယ်သူ့ကိုမှ မကောင်းတဲ့ စိတ်ထား တစ်ခုနဲ့ မဆက်ဆံခဲ့ဖူးပါဘူး။ ကျွန်တော့်ကြောင့် ညှိုးခဲ့ရတဲ့ ပန်းတွေရှိခဲ့ရင်လည်း သူတို့ရှေ့မှာ ဒူးပြန်ထောက်ပြီး ကျေနပ်အောင်တောင်းပန်ဖို့ အဆင်သင့်ပါ။ ကျွန်တော့်ကြောင့် ကျခဲ့ရတဲ့ မျက်ရည်တွေရှိခဲ့ရင်လည်း အဲဒီ့ မျက်ရည်တွေရဲ့ပမာဏကို ကျွန်တော့်နှလုံးသွေးတွေနဲ့ ပြန်လည်အစားထိုးပေးခွင့်ရချင်ပါတယ်။ ကျွန်တော့်ရဲ့ တောင်းဆုတွေပြည့်ဖို့အရေး ကြွေပေးခဲ့ရတဲ့ ကြယ်စင်တွေရှိခဲ့ရင်လည်း သူတို့ရဲ့ကိုယ်စား ကျွန်တော် လင်းလက်တောက်စားပေးချင်ပါသေးတယ်။ အခွင့်ရှိမယ်ဆိုရင်ပေါ့လေ ... ။ ပေးဆပ်ခွင့်ရှိသရွေ့ ပြန်ပေးခဲ့ပါရစေ။ ရယူခြင်းတွေနဲ့ပဲ ပြန်လည်ထွက်ခွာသွားဖို့ ကျွန်တော့်စိတ်က မ၀ံ့ရဲလို့ပါ။
လောကကြီးထဲမှာ ဘယ်လိုအရာတွေက ရယူသိမ်းပိုက်လိုက်ဖို့ အသင့်တော်ဆုံးပါလဲ။ အရာအားလုံးကို မေ့ထားပြီး ကျွန်တော်တို့တွေ သဲကြီးမဲကြီးရှာဖွေဖြည့်ဆည်းနေကြတဲ့ အရာတွေကရော ဘယ်လို နောက်ဆုံးသော ရည်ရွယ်ချက်မှာ အဆုံးသတ်ကြပါသလဲ။ ဘ၀မှာ မရေရာမသေချာတဲ့ စိတ်တွေနဲ့ လုံးလည်ချာလည်လိုက်နေရတာ အဖြေမပါတဲ့ သင်္ချာပုစ္ဆာတစ်ပုဒ်ကို သီအိုရီမပါပဲတွက်နေရသလိုပါပဲ။ အမှန်တရားနဲ့ ဘယ်လိုမှ မနီးစပ်နိုင်တဲ့လမ်းမှာ ဇွတ်မှိတ်လျှောက်နေရင်း မှားယွင်းမှုတွေနဲ့ပက်ပင်းတိုးရတာ ကိုယ့်မျက်နှာကိုယ် ဖြန်းကနဲ ဖြတ်ရိုက်ခံရသလို အခံရခက်ပါတယ်။ တွေးကြည့်လိုက်တိုင်း ရေးရေးလေးပေါ်ပေါ်လာတတ်တဲ့ အမှန်တရားကို ဆင်ခြေ၊ ဆင်လက်တွေများစွာက ပြန်ဖုံးကာသွားကြတယ်။ တကယ်တမ်းကျတော့လည်း ကိုကိုယ်တိုင် ဘာဖြစ်ချင်မှန်းကို တိတိကျကျ အဖြေမထုတ်နိုင်ခြင်းတွေကပဲ ဘ၀ရဲ့ချွတ်ချော်လွဲမှားခြင်း တွေရဲ့အစဖြစ်မှာပါ။ ဘာကို ယုံကြည်ရမယ်မှန်းမသိလို့ ဘာကိုမှ မယုံကြည်ဘူးဆိုပြီး လောကကိုအရွဲ့တိုက် ပြန်ရင်လည်း ခံရတဲ့သူက ကိုယ်ပဲ ဖြစ်မှာလေ။ ဒါပေမယ့် ... အခုအချိန်မှာ တကယ်သေချာနေတာက ကျွန်တော့်ရဲ့ယုံကြည်ချက်တွေ ထွေပြားေ၀၀ါးနေကြတယ်ဆိုတာပါ။ အသက်အရွယ်အပိုင်းအခြားကိုလိုက်ပြီး ဘ၀အတွက် ဖြည့်ဆည်းရမယ့် အရာတွေကို ခွဲခြားသတ်မှတ်ပေးထားတာတွေ ကြားဖူးပါတယ်။ ဒါပေမယ့် ... တကယ့်လက်တွေ့ဘ၀ဆိုတာတွေက အဲဒီလို ပုံသေနည်းတစ်ခုထဲမှာ အလွယ်တကူ အံဝင်ခွင်ကျဖြစ်သွားနိုင်တာမှ မဟုတ်တာ ...။ ဘာပဲဖြစ်ဖြစ်ပါ ... ။ အသေအချာကို ရှိခဲ့ဖူးတဲ့ အခိုင်မာဆုံးယုံကြည်ချက်တွေကိုတော့ မပျောက်ပျက်အောင် ကျွန်တော် ထိန်းသိမ်းထားပါ့မယ်။ ကံကြမ္မာဆိုတာကို တစ်ခုပဲ တောင်းဆိုချင်တာက ... ကျွန်တော့်ရဲ့ဘ၀ကိုကျွန်တော် တန်ဖိုးရှိတဲ့ အဓိပ္ပါယ်တစ်ခုနဲ့ ဖွင့်ဆိုထားရစ်ခဲ့ ပါရစေလို့ ...။ ။

Monday, June 11, 2007

ကျွန်တော်လွှတ်ချခဲ့တဲ့မြို့တော်

ဒီဘလော့ဂ်လေးကို စလုပ်မယ်လို့ကြံတဲ့အချိန်က ကျွန်တော် ဒီဝတ္ထုတိုလေးကိုရေးနေတဲ့အချိန်ပါ။
ဒါကြောင့် ဒီဘလော့ဂ်လေးရဲ့နာမည်ကိုလဲ ဒီဝတ္ထုတိုလေးရဲ့ ခေါင်းစဉ်နဲ့ခပ်ဆင်ဆင်လေးပေးဖြစ်ခဲ့ပါတယ်။ ဒီဝတ္ထုတိုလေးကတော့ ကျွန်တော့်ရဲ့ ရှားရှားပါးပါး အချစ်ဝတ္ထုတိုတွေထဲက တစ်ပုဒ်လို့ပြောလို့ရပါတယ်။ ဖတ်ကြည့်ကြပါဦးဗျာ။

ကျွန်တော်လွှတ်ချခဲ့တဲ့မြို့တော်

တဖွဲဖွဲကျနေတဲ့ ဆောင်းနှင်းတွေကြားထဲမှာ ကျွန်တော့်ရဲ့မြို့တော်လေးကို ကျွန်တော်သဲသဲကွဲကွဲမြင်ခဲ့ရတာပါ ...။
နူးညံတယ်ဆိုတာထက်ပိုတဲ့ ညင်သာမှုတွေရဲ့အထိအတွေ့မှာ ကျွန်တော့်ရဲ့လက်ဖ၀ါးတွေ နွေးထွေးသက်ဝင်လာရာက စခဲ့တယ် ...။
သူမဟာ ကျွန်တော့်ကို မြို့တော်လေးအကြောင်းတွေ ဖွင့်ဆိုပြခဲ့တဲ့ အသံမဲ့ကဗျာတစ်ပုဒ်ဖြစ်တယ် ...။
သူမကမိုးရာသီကိုချစ်တယ် ...။ ကျွန်တော်ကမိုးရာသီမှာမွေးတယ် ...။ အဲဒီတော့ သူမကကျွန်တော့်ကိုချစ်တယ် ...။သိပ်တော့
မဆိုင်လှပေမယ့် အဲဒီအတိုင်းပဲဖြစ်ခဲ့တယ် ...။ မရေရာမှုတွေသာ တကယ့်ကိုသေချာခဲ့တဲ့လောကထဲမှာ သူမနဲ့ကျွန်တော် အသေအချာကိုချစ်ခဲ့ကြဖူးပါတယ်..။
အသဲပုံဖဲချပ်လေးတွေကို ဆွဲတိုင်း စပိတ်နဲ့ညှင်းတွေပဲ ကျကျလာတတ်တဲ့ ဖဲချပ်တွေကိုကျွန်တော်မုန်းတယ်..။ ကျွန်တော်သူမကိုလွမ်းနေပါတယ် ...။လွမ်းတယ်ဆိုတဲ့ စကားကို အပိုစာသားတွေမပါပဲ ကျွန်တော် ထပ်ပြောပါ့မယ် ...။ ကျွန်တော် သူမကို လွမ်းနေပါတယ် ...။
ကျွန်တော်ကအပြုံးတုတွေကြားမှာ အတုံးအရုံးကျဆုံးတယ်။ သူမကပါးချိုင့်ကလေးပေါ်အောင် ပြုံးရင်းကျွန်တော့်ကိုအားပေးတယ် ...။ ကျွန်တော်မထင်မှတ်ခဲ့ပေမယ့် ကျွန်တော့်ရဲ့ရင်ဘတ်ထဲကိုသူမရောက်လာတယ် ...။ အနက်ရှိုင်းဆုံး ... အနူးညံ့ဆုံး ... နှလုံးသားရဲ့တစ်နေရာမှာ လှလှပပပဲ သူမနေရာယူခဲ့တယ် ...။ သိပ်ကိုသိမ်မွေ့လွန်းတဲ့အတွက် ကျွန်တော် ရုတ်တရက်မသိခဲ့လိုက်ဘူး ...။
ချစ်စရာပါးချိုင့်လေးအတွက်လို့ ရေးထားတဲ့ ကျွန်တော့်ရဲ့စာသားတွေကို သူမဆုတ်ဖြဲပစ်ခဲ့ပြီလား..။ ဘာပဲဖြစ်ဖြစ် သူမနဲ့ကျွန်တော် အတူတူမှန်းမျှော်ခဲ့ကြဖူးတဲ့ ကျွန်တော်တို့ရဲ့မြိုတော်လေးဆီကို အရောက်သွားဖို့ သူမရဲ့နာမည်ကို ကျွန်တော် တိုးတိုးလေး အော်ခေါ်နေမိတယ်...။
နားလည်မှုဆိုတဲ့စကားလုံးကိုကြားတိုင်း ကျွန်တော်ပြုံးမိတယ်...။ ကျွန်တော်ပျော်နေရင် သူမကျေနပ်တယ်၊ ကျွန်တော်ပြုံးတာကို သူမနှစ်သက်တယ်၊ ကျွန်တော်မျက်ရည်ကျရင် သူမငိုတယ်၊ ကျွန်တော်စိတ်ညစ်တဲ့အခါ ... ဟင့်အင်း ... မဟုတ်ဘူး ... သူမကြောင့်ကျွန်တော်တစ်ခါမှ ... စိတ်မညစ်ခဲ့ဖူးဘူး ...။ ကျွန်တော်စိတ်ဓါတ်ကျတဲ့အခါ ... သူမကအားအင် တွေပေးတယ် ...။ သူမရဲ့ရင်ခွင်ထဲကိုတိုးဝင်ပြီး ... နားစွင့်ကြည့်လိုက်တဲ့အခါတိုင်း ... ကြားရတဲ့ရင်ခုန်သံတွေက ကျွန်တော့်ကိုချစ်ခြင်းမေတ္တာအကြောင်း စာလုံးပေါင်းပြတယ်။ သူမကကျွန်တော့်ကိုချစ်တယ် ...။ တူညီတဲ့တုံပြန်မှုပြန်ပေးတာ မဟုတ်ပါဘူး ...။ ဒါပေမယ့် ကျွန်တော်လည်း သူမကိုသိပ်ချစ်ပါတယ် ...။
မျက်လုံးကိုမှိတ်ပြီးသူမအကြောင်းကိုစဉ်းစားတိုင်း ... ကျွန်တော့်ရဲ့ရင်ခုန်သံတွေမြန်မြန်လာတယ်. ... အဆုံးအစမရှိဘူးလို့ထင်ရတဲ့ ကျွန်တော့်ရဲ့အတွေးတွေက သူမနဲ့စပြီးသူမနဲ့ဆုံးတယ်...။ သူမသီကုံးဖွဲ့ဆိုခဲ့ဖူးတဲ့ မြို့တော်လေးတစ်ခုရဲ့အသွင်သဏ္ဍာန်တွေက ကျွန်တော့်ရဲ့စိတ်ကူးပုံရိပ်ထဲမှာ ... မပီဝိုးတ၀ါးနဲ့ ... လှပသက်ဝင်နေတုန်းလေ...။ ကျွန်တော်ဖြေလျှော့လိုက်တဲ့လက်တွေကိုသူမဘာလို့ပြန်ဆွဲမယူခဲ့လဲလို့ ... ကျွန်တော်မိုက်မိုက်ကန်းကန်းတွေးဖူးတယ်...။ ဝေဒနာဆိုတာခံနိုင်ရည်ရှိမှုနဲ့မဆိုင်ဘူးတဲ့...။ နူးညံ့လွန်းတဲ့သူမရဲ့နှလုံးသားဟာ ကျွန်တော့်ကြောင့်မာကျောသွားခဲ့တာလား ...။
ရင်ခုန်သံနဲ့တစ်ထပ်တည်းကျတဲ့ စကားလုံးတွေကိုသုံးပြီး သူမ ကဗျာလေးတွေ သီကုံးတတ်တယ် ...။ သူမ ရွတ်မပြခဲ့ဖူးပေမယ့် ... သူမရဲ့ကဗျာတွေကိုဖတ်တိုင်း သူမရဲ့အသံကို ကျွန်တော်ကြားတယ်...။ ကျွန်တော်တစ်ယောက်တည်း အတွက်ဆိုတာ အတိအကျကိုသေချာတဲ့ ... အဲဒီကဗျာလေးတွေထဲမှာ ဖြူစင်အေးမြတဲ့ချစ်ခြင်းမေတ္တာကို ကျွန်တော်တွေ့ရတယ်...။ သူမနဲ့ကျွန်တော် နှစ်ယောက်အတူရေးစပ်ခဲ့ဖူးတဲ့ ... ကဗျာလေးတစ်ပုဒ်ထဲက ... စာသားလေးလိုပေါ့ ... ကျွန်တော်က ဖြူလွှလွှတိမ်စလေးဖြစ်တယ် ... သူမက တိုက်ခတ်လေပြေလေးဖြစ်တယ်...။ သူမဟာ ကျွန်တော်နဲ့ပတ်သက်လာရင် ... အတ္တနဲလွန်းတယ်...။ သူမရဲ့စိတ်ကျေနပ်မှုအတွက် ... ကျွန်တော့်ကိုစိတ်ညစ်အောင်မလုပ်ဘူး...။ သူမရဲ့သာယာပျော်ရွင်မှုအတွက် ... ကျွန်တော့်ကို အချုပ်အနှောင်တွေထဲကို မထည့်ဘူး...။ ကြားစကားတွေ...၊ လေလှိုင်းထဲက အတင်းအဖျင်းတွေကို သူမက ယုံကြည်မှုတစ်ခုနဲ့ ရိုက်ချိုးနိုင်စွမ်းတယ်...။ သူမဟာ သိပ်ကိုချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တယ်...။
ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော်လေးကို သူမကတည်ဆောက်တယ်...။ အဲဒီမြို့တော်လေးမှာ အခြေအမြစ်မရှိတဲ့ သံသယတွေအစား နားလည်ယုံကြည်မှုတွေရှိတယ်...။ အစွန်းရောက်တဲ့ ချုပ်နှောင်တားမြစ်မှုတွေအစား မျှတပြေပြစ်တဲ့ ကိုယ်ပိုင်လွတ်
လပ်ခွင့်တွေရှိတယ်...။ မရေရာတဲ့ မေးခွန်းပုစ္ဆာတွေအစား သေချာတဲ့အမှန်တရားတွေရှိတယ်...။ တစ်ဦးကိုတစ်ဦး အထင်သေးနှိမ့်ချမှုတွေအစား အပြန်အလှန် ချစ်ခင်လေးစားမှုတွေရှိတယ်...။ ကျွန်တော်တို့ရဲ့မြို့တော်လေးမှာ ... အလှဆုံးဆိုတဲ့ပန်းတွေသာ ဝေေ၀ဆာဆာကို ဖူးပွင့်ကြိုင်လှိုင်ခဲ့တာပါ...။
ကျွန်တော့်ရဲ့အားနည်းချက်တစ်ခုမှာ ကျွန်တော် ညင်ညင်သာသာ ကျဆုံးခဲ့ချိန်ပေါ့...။ ကျွန်တော့်ရဲ့ခြေလှမ်းတွေက
အာသာဆန္ဒတွေနောက်ကို လိုက်တယ်...။ ကျွန်တော့်ရဲ့အာရုံတွေက ပြင်းထန်လွန်ကဲတဲ့ ရမ္မက်တွေရှိရာကို ရောက်တယ် ...။ အနီးဆုံးမှာရှိနေတဲ့သူမကို ကျောခိုင်းပြီး မာယာတွေအပြိုင်းအရိုင်းထနေတဲ့ လောကထဲကို ကျွန်တော် အရိုင်းအစိုင်း တစ်ယောက်လို ၀င်တိုးမိခဲ့တယ်။ သူမမကြားချင်ဆုံးဖြစ်တဲ့ ဝေး.. ဆိုတဲ့စကားတစ်ခွန်းက ကျွန်တော်တို့နှစ်ယောက်ရဲ့ ဘ၀ထဲကိုပြုတ်ကျလာတယ်...။ အနမ်းတွေနေရာကို အလွမ်းတွေက အစားဝင်တယ်..။ အပြုံးတွေနေရာကို အရှုံးတွေက အစားဝင်တယ် ... အဲဒီလို ... အဲဒီလိုနဲ့ ... ဝေးခဲ့ကြတယ်...။ ကျွန်တော်တို့ ဝေးခဲ့ကြတယ်...။
လှောင်ရယ်သံတွေကိုမုန်းမိတဲ့အခါတိုင်း သူမရဲ့ချစ်စဖွယ်အပြုံးလေးကို သတိရတယ်...။ အမိန့်တွေကို စက်ရုပ်တစ်ရုပ်လို နာခံရတိုင်း သူမပေးခဲ့ဖူးတဲ့ အချုပ်အနှောင်ကင်းတဲ့ချစ်ခြင်းတွေကိုတမ်းတတယ်...။ ရုန်းထွက်ဖို့ခက်တဲ့ဒြပ်မဲ့အကာအရံတွေကြားမှာ ပိတ်လှောင်မွန်းကြပ်မိတဲ့အခါတိုင်း အရာအားလုံးကိုမေ့ပျောက်စေတဲ့ သူမရဲ့ရင်ခွင်ကို လွမ်းတယ်...။ သူမ ပေးနိုင်တော့မှာ မသေချာပေမယ့် ကျွန်တော် အားလုံးကို ပြန်လိုချင်နေခဲ့တာကတော့ သိပ်ကိုသေချာပါတယ်...။
ကျွန်တော်ဟာ ... ငြိမ်းချမ်းအေးမြတဲ့မြို့တော်လေးတစ်ခုကို လွှတ်ချမိခဲ့တဲ့ကောင်ပါ...။ ကျွန်တော် လွှတ်ချထားခဲ့တဲ့ မြို့တော်လေးရဲ့တံခါးဝမှာ ... ချစ်ခြင်းတွေပြည့်သိပ်နေတဲ့ရင်ခွင်တစ်ခုနဲ့ သူမကျွန်တော့်ကိုမျှော်နေမှာလား ...။ ဒါမှမဟုတ်... မြို့တော်လေးရဲ့ တံခါးကိုပိတ် ... အတိတ်တွေအားလုံးကို ဘေးနားမှာချိတ်ထားပြီး ... သူမတစ်ယောက်တည်း နူးညံ့တိတ်ဆိတ် နေမှာလား...။ဒါမှမဟုတ် ... မြို့တော်လေးရဲ့ ... အရေခွံဟောင်းတွေကိုခွာချ ... အသစ်အသစ်သောရင်ခုန်သံအပိုင်းအစတွေနဲ့ ... မြို့တော်အသစ်တစ်ခုကို သူမတည်ဆောက်စပြုနေပြီလား...။
ကျွန်တော်နဲ့ဝေးရာကို ရွက်လွှင့်သွားခဲ့တဲ့သူမ ... ကျွန်တော့်မျက်စိရှေ့ကို ပြန်ရောက်လာပါ့မလား..။ နှလုံးသားထဲကနေ တမ်းတမိတဲ့အခါတိုင်း စိတ်ထဲကနေ လှမ်းလှမ်းခေါ်နေမိတဲ့ ... ကျွန်တော့်ရဲ့ အသံမပါတဲ့ဟစ်အော်မှုတွေကို သူမ ကြားမှကြားပါ့မလား...။ ပြောစရာစကားတွေ ဆွံ့အပျက်သုန်းနေပေမယ့် ... အဝေးတစ်နေရာကနေ ခဏလေးပဲဖြစ်ဖြစ် ငေးကြည့်ကျေနပ်ချင်မိတဲ့စိတ်တစ်ခုနဲ့ လိုက်ရှာနေမိတဲ့ ကျွန်တော့်ရဲ့မျက်ဝန်းတွေကို သူမ လက်ခံချင်စိတ်ရှိမှရှိပါ့မလား...။ မေးခွန်းတွေရော၊ ပုစ္ဆာတွေရော ... ကျွန်တော့်ရဲ့အာရုံထဲမှာ ပေါက်ကွဲလွင့်မျောနေကြတယ်။
လွမ်းမိတဲ့အခါတိုင်း ... ကျွန်တော့်ရဲ့နှုတ်ဖျားကနေ ဖုံးမနိုင်ဖိမရ ထွက်ထွက်ကျလာတတ်တဲ့ ... သူမရဲ့နာမည်ကို
အိမ်ရှေ့ကအုတ်ခုံလေး မှတ်မိနေလိမ့်မယ် ...။ လွမ်းမိတဲ့အခါတိုင်း ... ဖွင့်ဖွင့်ဖတ်မိတဲ့ ... သူမရဲ့ကဗျာစာအုပ်လေးထဲမှာ ... ကျွန်တော့်ရဲ့မျက်ရည်စတွေရှိလိမ့်မယ်...။ ဘယ်သူမှမသိပေမယ့် ကျွန်တော် ခိုးခိုးကြည့်နေမိတဲ့ သူမရှိတတ်တဲ့နေရာလေးတွေက ... ကျွန်တော့်ရဲ့အဖြစ်ကို လှောင်ရယ်နေကြလိမ့်မယ်...။ သိပ်မဝေးတဲ့နေရာတစ်ခုမှာ ဟစ်အော်ဆိုညည်းနေမိတဲ့ ကျွန်တော့်ရဲ့ သီချင်းသံတွေ သူမမကြားနိုင်ပေမယ့် ... ကျွန်တော့်ရဲ့ဂစ်တာလေးကတော့ အလွတ်ရနေလိမ့်မယ်...။
ကျွန်တော့်ဘ၀တစ်ခုလုံးစာအတွက် သိပ်ကိုသေချာတဲ့ စကားတစ်ခွန်းကို သူမကြားမှာမဟုတ်ပေမယ့် ကျွန်တော်ထပ်ပြီးပြောချင်ပါတယ်...။ ကျွန်တော် သူမကိုသိပ်ချစ်တယ်...။
နေဘုန်းလတ်
( ၅.၀၂.၀၆ )

Wednesday, June 6, 2007

Thanlwinainmat issue 11

ကျွန်တော်တို့ရဲ့ သံလွင်အိပ်မက် Issue 11က လာမယ့် ဇူလိုင်လမှာ ထွက်ရှိမှာပါ။ အဲဒီသံလွင်အိပ်မက်အတွက် စာမူတွေပို့လို့ရပါပြီ။ စာမူလက်ခံမယ့်ရက်ကတော့ ဒီလ ၁၅ရက်နေ့အထိပါ။ ဘလော့ခ်လာဖတ်တဲ့ အပြင်ကလူတွေရော၊ ဘလော့ခ်ဂါ မောင်နှမတွေအားလုံးကိုပါ စာမူတွေပို့ပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ပို့ရမယ့် အီးမေးလ်ကတော့ thanlwinainmat@gmail.comပါ။

ကျွန်တော်တို့စာမူတွေကို ရွေးတဲ့အခါ တော်ရုံတန်ရုံ အရေးအသားပြေပြစ်ပြီး အကြောင်းအရာလေးကောင်းနေရင် ရွေးလိုက်တာပါပဲ။ ဒါပေမယ့် စာရေးတဲ့အခါမှာ တချို့တွေဖြစ်တတ်တဲ့အတိုင်း ဆောင်းပါးနဲ့ ၀တ္ထုနဲ့ရောနေတာတို့ အက်ဆေးလိုလို ၀တ္ထုလိုလိုဖြစ်နေတာတို့ကိုတော့ ကျွန်တော်တို့ ဘယ်လိုမှ လုပ်လို့မရပါဘူး။

စာမူမပို့ချင်တဲ့သူတွေကတော့ ကျွန်တော်တို့ရဲ့ စကားဝိုင်းမှာ အောက်ပါအကြောင်းအရာလေးကို ဆွေးနွေးနိုင်ပါတယ်။ အခုမြန်မာပြည်မှာ ရှိနေတဲ့ ဆယ်တန်းအောင်ပြီးစ ညီငယ်၊ ညီမငယ်လေးတွေအတွက် ရည်ရွယ်ပြီး ကျွန်တော်တို့ ဒီအကြောင်းလေးကို ရွေးဖြစ်ခဲ့တာပါ။ သူတို့ကို ကိုယ့်ရဲ့ ညီ၊ ညီမတွေသာဆို ဘယ်လိုအကြံပေးမယ် ဆိုတာမျိုး၊ ကိုယ်သာ ၁၀တန်းအောင်ကာစ အချိန်ကို ပြန်ရောက်ခွင့် ရခဲ့ရင် ဘယ်လိုလုပ်မယ်ဆိုတာမျိုး သဘောထားပြီး ဆွေးနွေးနိုင်ပါတယ်။

"ကိုသံလွင် မြန်မာပြည်ပြန်စဉ်က ဆယ်တန်းအောင်ပြီးစ လူငယ်လေးတစ်ယောက်နဲ့တွေ့တယ်။ အမှတ်ပေါင်းကလည်း ကောင်းနေတော့ ကြိုက်တဲ့လိုင်း ရွေးလို့ရတယ်ပေါ့။ ဒါပေမယ့် ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး ဖြစ်နေတယ်။ သူဘာလုပ်သင့်တယ်ဆိုတာ ကူညီပြီး အကြံပေးကြပါဦး" အကြံပေးချင်တယ်ဆိုရင်တော့ thanlwinainmat.blogspot.comမှာ ပေးနိုင်ကြောင်းပါ။

ကျွန်တော်နှင့်သုတေသနမြို့

ဒီဝတ္ထုတိုလေးဟာလဲ အများပြည်သူဖတ်ရှုရန်မသင့်တော်ဆိုတဲ့ စာရင်းထဲမှာ အထည့်ခံခဲ့ရတဲ့ တစ်ပုဒ်ပါပဲ …။ သံလွင်အိပ်မက် ထဲမှာတော့ဖော်ပြခဲ့ဖူးပါတယ်…။

ကျွန်တော်နှင့်သုတေသနမြို့



ငါဟာလူတစ်ယောက်ပဲဆိုတာကို စသိလိုက်ရတဲ့အချိန်ကစပြီး လူဆိုတာဘာလဲဆိုတဲ့မေးခွန်းရဲ့ အဖြေကိုပါ ကျွန်တော်သိချင်လာခဲ့တယ်။ အဲဒီ့သိချင်စိတ်တစ်ခုဟာ ကျွန်တော့်ကို အဲဒီ့သုတေသနမြို့ကြီး စီကို တွန်းပို့လိုက်တဲ့အဓိက လှုံ့ဆော်မှုကြီးလည်းဖြစ်ခဲ့တယ်။ ကိုကိုယ်တိုင်လည်းစဉ်းစားပြီး တွေ့ကရာလူ ကို လူဆိုတာဘာလဲလို့ လိုက်မေးနေမိတဲ့ ကျွန်တော့်ကို ရှေ့မီနောက်မီ ပုဂ္ဂိလ်ကြီးတစ်ဦးက မြေပုံတစ်ခုဆွဲပြပြီး ...
`ကောင်လေး ... မင်းမေးတဲ့မေးခွန်းရဲ့အဖြေကို အတိအကျသိချင်ရင်တော့ အဲဒီ့မြို့ထဲကိုသွား ...။အဲဒီ့မြို့က မင်းအခုလိုက်မေးနေတဲ့ လူဆိုတာဘာလဲဆိုတဲ့မေးခွန်းရဲ့အဖြေကို အတိကျဆုံးထုတ်နိုင်ဖို့အတွက် သိပ္ပံပညာရှင်ကြီးတွေစုပြီး တည်ဖွဲ့ထားတဲ့မြို့ပဲ။ အဲဒီ့မြို့ထဲမှာ သိပ္ပံပညာရှင်တွေအများကြီးက စက်ပစ္စည်း အစုံအလင်နဲ့ စက်ရုပ်တွေရဲ့ အကူအညီကိုယူပြီး လူဆိုတာရဲ့အဓိပ္ပါယ်ကို အပြည့်ဝဆုံးဖွင့်နိုင်ဖို့ ကြိုးစား နေကြတယ်လို့ကြားတာပဲ။´
သူကအဲဒီ့လိုပြောလိုက်တော့ ကျွန်တော်လည်းအရမ်းပျော်သွားပြီး သူပေးတဲ့မြေပုံကိုလက်ကဆွဲ အဲဒီ့မြို့တော်ကြီးစီကို မျှော်လင့်ခြင်းတွေတရွှဲရွှဲနဲ့ တစ်ယောက်တည်းထွက်လာခဲ့တယ်။ အကြံအဖန်လုပ်လာ ခဲ့တဲ့ မြို့ဝင်ခွင့်လက်မှတ်လေးကိုကိုင်လို့ပေါ့ ...။
ရောက်ပါပြီ။ ကျွန်တော့်ရဲ့မျက်စိရှေ့မှာ အလုံပိတ်မြို့ကြီးက ခန့်ခန့်ညားညားကြီးနဲ့ တည်ငြိမ်ရင့်ကျက်ပြနေလိုက်တာ ကျွန်တော့်ရဲ့စိတ်တွေတောင် တက်ကြွပျော်မြူးလာတယ်။ ကျွန်တော် မြို့အ၀င်ကသံတံခါးကြီးရဲ့ရှေ့မှာ မတ်တပ်ရပ်လိုက်တယ်ဆိုရင်ပဲ အနားမှာ တီဗွီဖန်သားပြင်တစ်ခုပေါ်လာ ပြီး အဲဒီ့အထဲက လူတစ်ယောက်က ကျွန်တော့်ကိုလှမ်းမေးတယ်။
`ဘာကိစ္စရှိပါသလဲ၊ ဒါကန့်သတ်နယ်မြေပါ။ အခွင့်မရှိပဲ မ၀င်ရပါဘူး။´
ကျွန်တော်လည်း သူ့ကိုဘာမှဖြေရှင်းချက်တွေထုတ်မနေတော့ပဲ ယူလာတဲ့လက်မှတ်ကလေးကို စက်ကလေးတစ်ခုမှာ သွားကပ်လိုက်တယ်။ ချက်ခြင်းပါပဲ အထပ်ထပ်ကာထားတဲ့ တံခါးတွေအားလုံး တဖျပ်ဖျပ်ပွင့်သွားကြတယ်။ ကျွန်တော်က ဒီမြို့တော်ကြီးကို တည်ထောင်နိုင်ဖို့အကောင်းဆုံးအကြံဥာဏ်တွေ ပေးခဲ့တဲ့ ပုဂ္ဂိုလ်ကြီးရဲ့လက်မှတ်ကို အကြံအဖန်လုပ်ပြီး မရ ရအောင် ယူလာခဲ့တာလေ။ အဲဒီ့လိုနဲ့ ကျွန်တော် အဲဒီ့သုတေသနမြို့ကြီး ထဲကိုရောက်သွားတယ်။ အထဲကိုရောက်တော့လည်း မြို့ကြီးက သူလိုကိုယ်လိုပါပဲ၊ ဖန်တီးထားတာသိပ်မကြာသေးတဲ့အတွက် နည်းနည်းသစ်လွင်နေတာကလွဲလို့ပေါ့...။ ကျွန်တော် ဟိုဟိုဒီဒီငေးရင်း ဘယ်ကိုသွားရရင်ကောင်းမလဲလို့စဉ်းစားနေတုန်းမှာပဲ ...။ ခုဏက တီဗွီထဲကလူက လူကိုယ်တိုင်ကျွန်တော့်အနားကိုရောက်လာတယ်။
`မင်းက အကြီးအကဲရဲ့ လက်မှတ်နဲ့အတူရောက်လာတာဆိုတော့ ငါတို့အတွက် အထူးဧည့်သည် တော်ပဲပေါ့။ လာ ... လာ ... ငါတို့ရဲ့ပင်မဌာနချုပ်ကိုသွာကြမယ်။´
အဲဒီ့လိုနဲ့ သူခေါ်တဲ့နောက်ကို တကောက်ကောက်လိုက်သွားရင်း သူပြောတဲ့ပင်မဌာနချုပ်ဆိုတဲ့နေရာ ကိုရောက်သွားတယ်။ အားလုံးကကျွန်တော့်ကို လိုလိုလားလားနဲ့ပဲ ခရီးဦးကြိုပြုကြပါတယ်။ လက်မှတ်ရဲ့ တန်ခိုးတွေပဲနေမှာပေါ့...။ သူတို့တွေက ကျွန်တော့်ကို အခန်းတစ်ခုထဲကိုခေါ်သွားပြီး အဲဒီ့အခန်းထဲက လူကြီးနဲ့မိတ်ဆက်ပေးတယ်။ အဲဒီ့လူကြီးက ...
`ကဲ ... ကဲ ... ထိုင်ပါ။ မင်းကဒီကိုရောက်လာတာတော့ ဟုတ်ပါပြီ။ ဘာကိစ္စနဲ့များရောက်လာ တယ်ဆိုတာကို ရှင်းစမ်းပါဦး။´
`ဒီလိုပါ အန်ကယ် ... ကျွန်တော်က လူတွေရဲ့ပတ်ဝန်းကျင်အပေါ်တုံ့ပြန်မှုနဲ့ပတ်သက်ပြီး စာတမ်းတစ်စောင်တင်စရာရှိလို့ပါ။ အဲဒါ အန်ကယ်တို့အဖွဲ့ကလည်း လူဆိုတာရဲ့အဓိပ္ပါယ်ကို အပြည့်စုံဆုံး ဖွင့်ဆိုနိုင်ဖို့ ဒီမြို့ကြီးကိုဖန်တီးတည်ဆောက်ပြီး သုတေသနတွေလုပ်နေကြတယ်ဆိုတာ ကြားရလို့ ဒေါက်တာရော်ဂျာရဲ့အကူအညီနဲ့ဒီကိုရောက်လာတာပါ။´
ဒေါက်တာရော်ဂျာဆိုတဲ့ အသံကိုကြားတော့မှ အဲဒီ့လူကြီးနည်းနည်းဖြုံသွားတယ်။ ဒေါက်တာရော်ဂျာဆိုတာက ကျွန်တော်ယူလာတဲ့လက်မှတ် ပိုင်ရှင်လေ...။
`အေးပေါ့လေ ... ဒေါက်တာရော်ဂျာကလွှတ်လိုက်တာဆိုတော့လဲ ... ငါတို့ကဧည့်ဝတ်ကျေပြွန်ရမှာ ပေါ့...။ အဲဒီ့တော့ မင်းကိုအရင်ဆုံး ငါတို့ရဲ့သုတေသနအကြောင်းပြောပြမယ် ... သေသေချာချာနားထောင် ပါ။ ပြီးတော့မှ မင်းလေ့လာချင်တဲ့အပိုင်းကို ငါတို့အသေးစိတ်လျှောက်ကြည့်ကြတာပေါ့။´
သူအဲဒီ့လိုပြောလိုက်တော့မှ ကျွန်တော့်ရင်ထဲကအလုံးကြီးကျသွားတော့တယ်။ တော်ကြာ သူတို့က ချောချောချူချူနဲ့လက်မခံရင် လာမောကြီးဖြစ်နေမှာလေ။
`ဒီလိုကွ ... ဒီမြို့ကြီးမှာ ငါတို့ရဲ့အစမ်းသပ်ခံလူသားအဖြစ်ရှိနေတဲ့ တကယ့်လူအစစ်တွေက နည်းနည်းပဲရှိတယ်။ ကျန်တာတွေအားလုံးက စက်ရုပ်တွေပဲ။ ဒါပေမယ့် အဲဒီ့လူအစစ်တွေကိုတော့ သူတို့အစမ်းသပ်ခံနေရတယ်ဆိုတာရယ်၊ နောက်ပြီး ကျန်တဲ့သူတွေအားလုံးဟာစက်ရုပ်တွေဖြစ်ကြတယ်ဆိုတာ ရယ်ကို မသိရအောင် သူတို့ရဲ့ဦးနှောက်အကန့်တစ်ခုကို ခဏပိတ်ထားပြီး သူတို့ကို ဒီမြို့ကြီးထဲခေါ်ထည့် ထားတာပဲ။ ငါတို့အနေနဲ့က အဲဒီ့လူအစစ်တွေရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့စက်ရုပ်တွေကို လိုသလိုစေခိုင်းပြီး သူတို့ရဲ့ စိတ်အခြေအနေတွေ၊ ပတ်ဝန်းကျင်အပေါ်တုံ့ပြန်မှုတွေနဲ့ ခံစားချက်အတိမ်အနက်တွေကို စောင့်ကြည့်လေ့လာ သုတေသနပြုနေကြတာပဲကွ။´
သူက အဲဒီ့လိုရှင်းပြလိုက်တော့ ကျွန်တော် တော်တော်လေးကိုစိတ်ဝင်စားသွားတယ်။ အဲဒီ့လူတွေ စက်ရုပ်တွေကြားထဲမှာ ဘာတွေများ ကဂျိုးကဂျောင်လုပ်ပြဦးမလဲဆိုတဲ့ သိချင်စိတ်တစ်ခုကလည်းတားမရ အောင်ပေါ်လာတယ်။ သူက ရှင်းပြပြီးတာနဲ့ ကျွန်တော့်ကိုအခန်းကြီးတွေတန်းစီရှိနေတဲ့အထဲက ပထမဆုံး အခန်းတစ်ခုထဲကို ခေါ်သွားတယ်။ အဲဒီ့အခန်းက ရုပ်ရှင်ရုံကြီးလိုပဲ ရှေ့ကကွန်ပျူတာဖန်သားပြင်ကြီးပေါ်မှာ က မြို့ကြီးရဲ့တစ်နေရာမှာ လူတွေသွားလာလှုပ်ရှားနေကြတဲ့ပုံတွေကိုရိုက်ပြထားတယ်။
`အဲဒီ့မှာ တိုက်ပုံအနက်ဝတ်ထားတဲ့သူက လူအစစ်ပဲ။ သူ့ဘေးက ကျန်တဲ့သူတွေအားလုံးကတော့ စက်ရုပ်တွေပေါ့ ...။ အဲဒီ့လူက `တရားသူကြီး´ အလုပ်လုပ်တယ်။ အခု သူ ကားလမ်းဖြတ်ကူးဖို့ လူကူးမီး လေးစိမ်းလာမှာကို အားလုံးနဲ့အတူစောင့်နေတယ်နော်။ အခုပဲငါတို့ သူ့ရဲ့စိတ်ကိုစမ်းကြည့်ကြရအောင် ...´
သူကပြောရင်းဆိုရင်းပဲ သူ့မျက်စိရှေ့က ခလုတ်တွေအများကြီးပေါ်မှာ လက်တွေကိုပြေးကစား လိုက်တယ်။ ကျွန်တော်လည်း ဖန်သားပြင်ကြီးပေါ်က ဟိုလူ့ကို ဘာတွေများဖြစ်လာမလဲလို့ စိတ်ဝင်တစား နဲ့ ငေးကြည့်နေမိတယ်။ အဲဒီ့အချိန်မှာပဲ ကားတွေအတွက်မီးက နီသွားပြီး၊ လူတွေအတွက်ထားတဲ့မီးလေးက စိမ်းသွားတယ်။ အဲဒီ့တော့ ဟိုလူကလည်းကားလမ်းကိုဖြတ်ကူးဖို့ပြင်လိုက်တယ်။ ဒါပေမယ့် ... ခက်တာက သူနဲ့အတူ ကားလမ်းကူးဖို့စောင့်နေကြတဲ့ ဘေးနားကစက်ရုပ်လူတွေအားလုံးက ကားလမ်းကိုဖြတ်မကူးကြပဲ ကားတွေကိုလှမ်းကြည့်တဲ့သူကကြည့်၊ ကားတွေအတွက်ပြထားတဲ့မီးပွိုင့်အနီကြီးကို သူတို့ကိုပဲပြနေသလိုနဲ့ မော့ကြည့်တဲ့သူကကြည့်၊ အိတ်ထဲကို ဟိုနှိုက်ဒီနှိုက်နဲ့ အလုပ်ရှုပ်နေတဲ့သူကရှုပ်နဲ့ ဖြစ်နေကြတာပဲ။ သူလဲ ဘာလုပ်လို့လုပ်ရမှန်း မသိပဲ အဲဒီ့လူတွေရဲ့မျက်နှာတွေကို နားမလည်သလိုငေးကြည့်လိုက်၊ လမ်းလျှောက် နေတဲ့လူပုံလေးနဲ့စိမ်းနေတဲ့မီးပွိုင့်ကလေးကို လှမ်းကြည့်လိုက်၊ သူ့ခေါင်းကိုသူတဗျင်းဗျင်းကုတ်လိုက်လုပ်နေ တုန်းမှာ ကားတွေရဲ့မီးပွိုင့်ကစိမ်းသွားတာနဲ့ သူလမ်းဖြတ်မကူးလိုက်ရဘူးဖြစ်သွားတယ်။ ကျွန်တော်လည်း ဖန်သားပြင်ပေါ်ကနေမြင်နေရတဲ့သူ့အဖြစ်ကိုကြည့်နေရင်း ရယ်ရမလို၊ ငိုရမလိုဖြစ်သွားတယ်။ ဒီလူ့နှယ် တော်တော်ခက်တာပဲလို့လည်းတွေးမိတယ်။ ကျွန်တော့်ဘေးက သိပ္ပံပညာရှင်ကြီးကတော့ အဲဒီ့လူရဲ့အဖြစ်ကို ကြည့်ပြီး အချက်အလက်တွေကို ကွန်ပျူတာတစ်လုံးနဲ့ရေးမှတ်နေတယ်။ ပြီးတော့ ကျွန်တော့်ကိုလည်း လှမ်းပြောသေးတယ်။
`ဒီလူရဲ့ အဖြစ်ကိုမင်းကြည့်စမ်း ...၊ သူ့ဘက်ကအစစအရာရာမှန်နေတာပဲ သူလမ်းဖြတ်ကူးရုံပေါ့၊ ဒါပေမယ့် သူနဲ့အတူရှိနေကြတဲ့သူတွေအားလုံးက သူလက်ခံထားတဲ့အမှန်တရားတစ်ခုကို သဘောမတူသလို လုပ်နေကြတော့ သူကိုယ်တိုင်တောင် တွေဝေသွားတယ်။ ငါသိထားတာများ မှားနေသလားလို့ သူ့ကိုယ်သူ တောင် မယုံသင်္ကာပြန်ဖြစ်လာတယ်။ အကယ်၍များ တစ်ယောက်ယောက်ကသာ သူနဲ့အတူတူလမ်းဖြတ်ကူး ကြည့်ပါလား ... သူအဲဒီ့လိုဖြစ်တော့မှာမဟုတ်ဘူး။´
သူက ကျွန်တော့်ကိုပြောနေရင်း နောက်တစ်ခါ လူကူးမီးပွိုင့်အစိမ်းမှာ စက်ရုပ်လူတစ်ယောက်ကို လမ်းဖြတ်ကူးခိုင်းလိုက်တယ်။ အဲဒီ့တော့မှ ဟိုလူလည်း လမ်းမကူးပဲကျန်နေခဲ့တဲ့ စက်ရုပ်လူတွေကို လှည့်ကြည့်လှည့်ကြည့်လုပ် ပါးစပ်ကပွစိပွစိပြောပြီး လမ်းဖြတ်ကူးသွားတယ်။ သိပ္ပံပညာရှင်ကြီးက ကျွန်တော့်ကို စကားတစ်ခွန်းထပ်ပြောတယ်။
`လူဆိုတာ ကိုယ်ဘယ်လောက်ပဲ မှန်နေမှန်နေ ကိုယ့်ရဲ့အယူအဆကိုထောက်ခံမယ့်၊ ကိုယ့် ဘက်က ရပ်တည်ပေးမယ့်သူ အနည်းဆုံးတစ်ယောက်ယောက်တော့ မရှိမဖြစ်လိုအပ်တယ်ကွ ´ တဲ့။
ကျွန်တော်ကတော့ ခေါင်းတညိတ်ညိတ်လုပ်ရင်း ဒီလူ ဘယ်တော့မှ တရားသူကြီးစစ်စစ် တစ်ယောက်ဖြစ်လာမှာ မဟုတ်ဘူးလို့တွေးနေမိတယ်။ ကျွန်တော်တို့ အဲဒီ့အခန်းထဲကထွက်ပြီး ဒုတိယ အခန်းထဲကိုဝင်လိုက်တယ်။ ဒီတစ်ခါတွေ့ရတဲ့မြင်ကွင်းကတော့ နည်းနည်းထူဆန်းတယ်။ ကလေးတွေကို စာသင်နေတဲ့ ဆရာတစ်ယောက်ပါ။ ဒါပေမယ့် သူက စာကိုကောင်းကောင်းမသင်ပဲ ကင်းမြီးကောက်ထောင်ပြီး သင်နေတယ်။ ကျွန်တော်လဲ လူနဲ့စက်ရုပ်ကိုမခွဲတတ်သေးတာနဲ့ပဲ ဘေးကသိပ္ပံပညာရှင်ကြီးကိုပဲလှမ်းမေးလိုက် တယ်။
`အဲဒီ့ ကင်းမြီးကောက်ထောင်နေတဲ့ဆရာက လူလား´
`မဟုတ်ဘူး ... အဲဒါကစက်ရုပ်၊ အဲဒဲီ့လို ကင်းမြီးကောက်ထောင်ပြီးစာသင်နေအောင် ငါတို့လုပ်ထားတာ။ အောက်မှာထိုင်နေတဲ့ကျောင်းသားတွေထဲက ရှေ့ဆုံးတန်းအလယ်မှာ ထိုင်နေတဲ့ ကလေးကမှ လူအစစ်။´
သူအဲဒီ့လိုပြောလိုက်မှ ကျွန်တော်လည်းအဲဒီ့လူသားစစ်စစ်ကောင်လေးကို စိတ်ဝင်တစားနဲ့ ကြည့်လိုက်မိတယ်။ သူကလည်းဆရာသင်ကြားနေတဲ့စာတွေထက် ဆရာ့ရဲ့ ကင်းမြီးကောက်ထောင်နေပုံကို ပိုပြီးစိတ်ဝင်စားနေပုံပေါ်ပါတယ်။ မျက်တောင်တောင်ခတ်ဖို့သတိမရပဲ သူ့ဆရာကို စူးစိုက်ကြည့်နေတယ်။ ကျွန်တော်အဲဒီ့လိုကြည့်နေတုန်းမှာပဲ ကျောင်းဆင်းခေါင်းလောင်းသံထိုးလို့ ကျောင်းသားတွေအားလုံးအိမ်ပြန်သွားကြတယ်။ အဲဒီ့ကောင်လေးလဲ အိမ်ပြန်တာပေါ့...။ ဒါပေမယ့် သူ့မျက်နှာက မှုန်ကုပ်ကုပ်နဲ့ တစ်ခုခုကို အပြင်းအထန်စဉ်းစားနေသလိုပါပဲ။ နောက်ပြီး ပါးစပ်ကနေလဲ တစ်ယောက်တည်း ရေရွတ်နေသေးတယ်။
`ဆရာ ဒီလောက်တောင်တော်နေတာ ကင်းမြီးကောက်ထောင်ပြီး စာကျက်လို့ပဲ ဖြစ်ရမယ် ´
အဲဒီ့လိုနဲ့ အိမ်ပြန်အရောက်မှာ အဲဒီ့ကောင်လေးဟာ အခန်းထဲကိုတန်းဝင်ပြီး ကင်းမြီးကောက်ထောင် နိုင်ဖို့ကို အပြင်းအထန်ကြိုးစားတော့တာပါပဲ။ အပြိုပြိုအလဲလဲ၊ ဒဏ်ရာတွေအတော်အတန်ရသွားအပြီးမှာ သူ ကင်းမြီးကောက်ထောင်နိုင်သွားပါတယ်။ ခက်တာက ဆရာသင်လိုက်တဲ့စာတွေကို သူကင်းမြီးကောက်ထောင်ပြီး ပြန်ကြည့်မယ်အလုပ်မှာ ဆရာသင်လိုက်တာတွေကို သူတစ်ခုမှနားမလည်လိုက်ဘူးဖြစ်နေတာပါပဲ။ ကျွန်တော် လည်းအဲဒီ့ကျောင်းသားလေးကိုကြည့်ပြီး တော်တော်လေးစိတ်ပျက်သွားမိတယ်။
`တစ်ခါတစ်ခါ လူဆိုတာအဲဒီ့လိုပဲကွ၊ ပေးကားပေး၏မရဆိုသလိုပေါ့၊ အနှစ်နဲ့အကာကို မခွဲခြား တတ်ရာက တကယ့်အနှစ်သာရတွေနဲ့ ဝေးဝေးလိုက်လာကြတာလေ´
ဘေးက သိပ္ပံပညာရှင်ကြီးကတော့ အဲဒီ့ကျောင်းသားလေးရဲ့အဖြစ်ကို ကြည့်ပြီး အဲဒီ့လိုကောက်ချက်ချ ပါတယ်။ ကျွန်တော်ကတော့ စဉ်းစားမိတယ် ဒီကျောင်းသားလေးကို ကျောင်းတက်ခိုင်းဖို့ထက် ဆပ်ကပ်အဖွဲ့ထဲ ထည့်လိုက်ရင်ကောင်းမယ်လို့ ...။
အဲဒီ့လိုနဲ့ သူနဲ့ကျွန်တော် နောက်အခန်းတစ်ခုဆီကို ကူးလာခဲ့ကြတယ်။ ကျွန်တော်စိတ်လှုပ်ရှားမှု တစ်ခုနဲ့ အတူနည်းနည်းတော့ပျှော်နေမိတယ်။ လူတွေရဲ့အူကြောင်ကြောင် အဖြစ်အပျက်တွေကို အဲဒီ့လို စောင့်ကြည့်ပြီး သုံးသပ်နေရတာ ပျှော်စရာတော့အကောင်းသားလေ ...။
`အဲဒီ့သူကတော့ ကုမ္ပဏီတစ်ခုမှာလခစားလုပ်နေတဲ့ မန်နေဂျာတစ်ယောက်ပဲ ။ သူအခု သူ့ရဲ့ ရုံးခန်းကို သွားနေတာလေ။ အခု ငါသူ့စိတ်ကိုစမ်းတဲ့အနေနဲ့ သူ့ရဲ့အလုပ်မှာ အပြောင်းအလဲလေးတွေ လုပ်ထားလိုက်မယ်။´
သိပံ္ပပညာရှင်ကြီးက ဖန်သားပြင်ပေါ်ကလူတစ်ယောက်ကို လက်ညှိုးထိုးပြပြီး ကျွန်တော်ကိုပြောတယ်။ကျွန်တော်ကြည့်နေတုန်းမှာပဲ ဟိုလူက သူ့ရုံးခန်းထဲကို ရောက်သွားပြီး သူ့ရှေ့ကကွန်ပျူတာကိုဖွင့်ကြည့် နေပါပြီ။ သူက သူ့ရှေ့က ကွန်ပျူတာကြီးကို တစ်ခါမှမမြင်ဖူးတဲ့အထူးအဆန်းသတ္တ၀ါတစ်ကောင်ကို တွေ့နေရသလိုမျိုး မျက်လုံးကြီးပြူးပြီးတော့ ကြည့်နေတာပါ။ ပြီးတော့ ခေါင်းတွေကုပ်လိုက်၊ မျက်မှောင်ကြီး ကျုပ်လိုက်နဲ့ တစ်ယောက်တည်းရေရွတ်နေပါတယ်။
`ကုမ္ပဏီက စတော့ရှယ်ယာတွေရောင်းမထွက်လို့ ၀န်ထမ်းတွေကို လခလျှော့မယ်ဆိုပါလား။ မဖြစ်ဘူး ... မဖြစ်ဘူး ... ဟိုတလောက ငါ့ကို အလုပ်ပြောင်းပြီးလာလုပ်ဖို့ကမ်းလှမ်းထားတဲ့ ကုမ္ပဏီကို အမြန်ဆက်သွယ်မှပဲ ...´
ချက်ချင်းကြီးပါပဲ သူက နောက်ကုမ္ပဏီတစ်ခုနဲ့ အမြန်ဆက်သွယ်ညှိုနှိုင်းပြီး ဒီကုမ္ပဏီအတွက် အလုပ်ထွက်စာကို ခဏချင်းကို ရိုက်တော့တာပါပဲ။
`ဒီလူ တော်တော်တကိုယ်ကောင်းဆန်တာပဲ၊ ကုမ္ပဏီရဲ့အကျပ်အတည်းကို ဘယ်လို ကူညီဖြေရှင်းပေး မယ်မစဉ်းစားဘူး ချက်ချင်းကို အလုပ်တန်းပြောင်းတော့တာပဲ ကြည့်စမ်း ...´
သိပံ္ပပညာရှင်ကြီးက ကျွန်တော့်ရဲ့စကားကို ခေါင်းတညိတ်ညိတ်လုပ်ပြီးထောက်ခံတယ်။
`လူဆိုတာ ဒီလိုပဲလေကွာ၊ လွယ်တာကိုမှ လုပ်ချင်ကြတာကို၊ မကောင်းတာကို ကောင်းအောင် ကြိုးစားပြင်ဖို့ထက် ကောင်းတာတစ်ခုကို အစားထိုးသုံးစွဲကျေနပ်ခြင်းက ပိုလွယ်တာကိုကွ။´
သူက ပြောပြောဆိုဆိုနဲ့ အဲဒီ့အချက်အလက်တွေကို ကွန်ပျူတာနဲ့ ရိုက်မှတ်နေပြန်ပါတယ်။ကျွန်တော် နည်းနည်းတော့ ဘ၀င်မကျဖြစ်လာတယ်။ ဒီအူကြောင်ကြောင်လူနည်းစုလေးရဲ့ ကမောက်ကမဖြစ်ရပ်လေးတွေ ကိုကြည့်ပြီး လူဆိုတဲ့ အဓိပ္ပါယ်ကို ဖွင့်နေလို့ကတော့ လူဆိုတာ ဘယ်လိုမှသုံးစားလို့မရတဲ့သတ္တ၀ါတစ်ကောင်
ဖြစ်သွားမှာပဲ လို့လဲတွေးမိတယ်။ ကျွန်တော်နောက်တစ်ခန်းကိုတောင် ဆက်ကြည့်ချင်စိတ်တွေ ခြောက်ခန်း သွားတယ်။ အဲဒါနဲ့ ...
`အန်ကယ်တို့ရဲ့ သုတေသနကြီးက ဟုတ်မှဟုတ်ပါ့မလားဗျာ။ ကျွန်တော်အခုကြည့်ခဲ့သမျှသူတွေ ကတော့ တစ်ယောက်မှကိုအချိုးမပြေဘူး။ အဲဒီ့သူတွေဆီကရတဲ့ အချက်အလက်တွေအတိုင်းသာ `လူ´ ဆိုတဲ့ အဓိပ္ပါယ်ကိုဖွင့်မယ်ဆိုရင်တော့ တကယ်မလွယ်ဘူးဗျ´
ကျွန်တော်အဲဒီ့လိုပြောလိုက်တော့ သူက ခေါင်းတခါခါ၊ လည်တခါခါနဲ့ ...
` ဒါတော့ ငါတို့လည်းမတတ်နိုင်ဘူးလေ။ ဒါတကယ့်လူအစစ်တွေရဲ့ တကယ့်တုံ့ပြန်မှု အစစ်အမှန် တွေပဲဟာ။ အဲဒါတွေကို မင်းခေါင်းထဲကခဏထုတ်ထားစမ်းပါ။ အခုငါတို့ နောက်အခန်းတစ်ခုစီကိုသွားကြ မယ်။´
ကျွန်တော်ဆက်မသွားချင်တော့ဘူး။ သူက အဲဒီ့အူကြောင်ကြောင်လူတွေရဲ့ အဖြစ်အပျက်တွေကို ကြည့်ကြည့်ပြီး လူဆိုတာ ဟိုလိုပဲ၊ ဒီလိုပဲနဲ့ သုံးသပ်ပြနေတာ ကြာတော့ ကျွန်တော်လူဖြစ်ရတာကိုတောင် တဖြေးဖြေးသိမ်ငယ်လာသလိုပဲ။ ဒါပေမယ့် ရောက်လက်စနဲ့ မထူးတော့ပါဘူးဆိုပြီး နောက်တစ်ခန်းစီကို လိုက်ကူးသွားလိုက်တယ်။ ဒီတစ်ခါမြင်ရတဲ့ မြင်ကွင်းကတော့ အင်မတန်ကို ကြည်နူးစရာပါပဲ။ အဒေါ်ကြီး တစ်ယောက်လေ စားဖွယ်ပစ္စည်းတွေကို ဘူးလေးတွေနဲ့ ထည့်ပြီး အခြားသူတွေကို လိုက်လှူနေတာ...။
သူလှူလိုက်တဲ့ မုန့်ဘူးတွေကို ရသွားကြတဲ့သူတွေက သူ့ကိုဆုတွေအမျိုးမျိုးပေးနေကြတာကို သူကလည်း ပြုံးလို့ပျှော်လို့ ...။ ခုဏကညစ်နေတဲ့စိတ်တွေ အခုမှ နဲနဲသက်သာရာရသွားတယ်။
`လူတွေက စေတနာသဒ္ဓါတရားထက်သန်ကြပြီး အလှူအတန်းရက်ရောကြတယ်လို့မှတ်သားလိုက် ဦးလေ´
ကျွန်တော်က ပြုံးပြုံး ပြုံးပြုံး နဲ့ သိပ္ပံပညာရှင်ကြီးကို လှမ်းပြောတော့ သူက ...
`နေပါဦးကောင်လေးရဲ့ ... ဆန္ဒတွေမစောပါနဲ့ဦး ငါစမ်းသပ်ကြည့်ပါဦးမယ် ...´
သူကပြောလည်းပြော ကွန်ပျူတာခလုတ်တွေကိုလည်း လက်ကနှိပ်လိုက်ပြန်တယ်။ သူလည်းအဲဒီ့လို လုပ်လိုက်ရော အဲဒီ့အဒေါ်ကြီးရဲ့ မုန့်ဘူးတွေကိုအလှူခံနေကြတဲ့သူတွေအားလုံးရဲ့ ပါးစပ်တွေဟာ ပိတ်သွားကြ ပြီး ခပ်တည်တည်ကြီးတွေ ဖြစ်သွားကြတယ်။ သူတို့က မျက်နှာသေကြီးတွေနဲ့ မုန့်ဘူးတွေကိုလာယူလိုက် ပြီးတော့ ဘာမှမပြောပဲ လှည့်ပြန်သွားလိုက်နဲ့ လုပ်နေကြတော့ ခုဏကပြုံးပျှော်ကျေနပ်နေတဲ့ အဒေါ်ကြီးရဲ့ မျက်နှာကလည်း တဖြေးဖြေးတည်လာရာကနေ စူပုပ်လာပါတော့တယ်။ ပြီးတော့ ချက်ချင်းပဲ သူ့လှူဘွယ် ပစ္စည်းတွေကို ကမမ်းကတန်းပြန်သိမ်းပြီး အိမ်ထဲကိုပြန်ဝင်သွားပါတယ်။ ပါးစပ်ကလည်းပြောသွားသေးတယ်။
`ဘယ်လိုလူတွေလည်းမသိပါဘူး။ ဒီကပေးသမျှတော့ ယူနေကြပြီး ဆုလေးတစ်ဆုတောင် ပြန်ပေးဖို့ ကို မသဒ္ဓါကြဘူး ဟွန်း...´
သိပ္ပံပညာရှင်ကြီးက ကျွန်တော့်ကို ဘယ်လိုလဲဆိုတဲ့အကြည့်နဲ့ လှမ်းကြည့်တယ်။ ကျွန်တော်လည်း ဘာပြန်ပြောရမှန်းမသိတာနဲ့ မဲ့ပြုံးတစ်ခုပဲ ပြန်ပြုံးပြလိုက်တယ်။ နောက်ပြီး သူကပြောသေးတယ် ...
`ပေးကမ်းမှုတွေတိုင်းမှာ ရယူလိုတဲ့မျှော်လင့်ချက်တွေ ကပ်ပါနေတတ်တာ လူတွေရဲ့သဘာဝပဲကွ´
ကျွန်တော်လည်းသူ့ရဲ့စကားကို ငြင်းချင်ပေမယ့် အခုလောလောဆယ်မှာ သူ့ဘက်ကသက်သေ သာဓက ပိုခိုင်လုံနေတော့လည်း ဒီအတိုင်းပဲနှုတ်ဆိတ်နေလိုက်ရတယ်။ နောက်ထပ်အခန်းတွေကို လည်းဆက်ကြည့်ချင်စိတ်လုံးဝမရှိတော့တာနဲ့ `ပြန်မယ်´ လို့ဆုံးဖြတ်ပြီး အဲဒီ့အခန်းထဲကထွက်လာခဲ့တယ်။
`ကဲလာ နောက်တစ်ခန်းကိုသွားကြမယ် ´
`တော်ပြီ တော်ပြီ ... မသွားတော့ဘူး။ ကြည့်လည်းမကြည့်ချင်တော့ဘူး၊ ပြန်တော့မယ်၊´
အဲဒီ့လိုနဲ့ ဘ၀င်မကျမှုတွေ၊ မကျေနပ်မှုတွေကို ရင်မှာပိုက်ပြီး ကျွန်တော်သုတေသနမြို့ကြီးကနေ ပြန်ထွက်လာခဲ့တယ်။ စိတ်ထဲမှာလည်း ဒီသုတေသနကြီးများပြီးဆုံးသွားလို့ လူဆိုတာ ဒါပါပဲဆိုပြီး အဓိပ္ပါယ် သက်မှတ်ချက်ကြီးတစ်ခုများထွက်လာတဲ့အခါ ဘယ်နေရာမှာများ သွားပုန်းနေရရင်ကောင်းမလဲလို့ စဉ်းစား နေမိတယ်။ ကျွန်တော်စိတ်ရှုပ်ရှုပ်နဲ့ လျှောက်တွေးနေရင် စိတ်ကူးတစ်ခုရလိုက်တယ်။ သုတေသနကြီးပြီး ဖို့က ရက်တွေအများကြီးလိုပါသေးတယ်။ အဲဒီ့တော့ သုတေသနကြီးမပြီးခင်မှာ ခပ်ကြောင်ကြောင်လူအချို့ကြောင့် လွဲချော်ကွေ့ကောက်ခဲ့ရတဲ့ လူ့အဓိပ္ပါယ်တွေအတွက် စိတ်ဓါတ်ကိုအမြင့်မားဆုံးမြှင့်တင်ပြီး အစမ်းသပ်ခံလူသား တစ်ယောက်အဖြစ်နဲ့ ဒီသုတေသနမြို့ကြီးကို ကျွန်တော် နောက်ထပ်တစ်ခေါက် ထပ်လာခဲ့ဦးမယ်လို့ ...။ ။


နေဘုန်းလတ်

Sunday, June 3, 2007

ဘ၀မကူးချင်သူများ

ဇွန်လထုတ် Fashion Image မဂ္ဂဇင်းမှာ ရွေးချယ်ဖော်ပြခြင်းခံခဲ့ရတဲ့ ကျွန်တော့်ရဲ့ ၀တ္ထုတိုလေးပါ။ မှတ်မှတ်ရရပါပဲ နေဘုန်းလတ်ကို နေဘုန်းလက်လို့ မှားပေါင်းထားတယ်ဗျာ ...။ မေးလ်ကနေတဆင့်ပို့ထားတာ ဘယ်တုန်းကမှန်းတောင်ကိုယ့်ဖာသာ့ကိုယ်မမှတ်မိတော့ပါဘူး ... အမေက ဒါမင်းရေးတာမဟုတ်လားလို့ ပြတော့မှ သြော် ဟုတ်သားဆိုပြီး စာမူခသွားထုတ်ရပါတယ်။ ကွာလတီမဂ္ဂဇင်းအချို့ကို စာမူတွေပို့ ဖူးပါတယ်။ ကိုယ့်စာမူနဲ့ပတ်သက်ပြီး တစ်ခုခုများသိရမလားလို့ ဖုန်းဆက်ပဲဖြစ်ဖြစ် ၊ ကိုယ်တိုင်သွားပြီးတော့ပဲဖြစ်ဖြစ် မေးတဲ့အခါ တော်တော်များများက မဂ္ဂဇင်းပဲစောင့်ဖတ်ပါလို့ ပြောကြပါတယ်။ အဲဒီ့တုန်းကတော့ အောင့်သက်သက်နဲ့ ဘာမှပြန်မပြောဖြစ်ခဲ့ပါဘူး ...။ ဒါပေမယ့် ကျွန်တော်ဖြစ်စေချင်တာကတော့ စာရေးသူဟာ နာမည်ကြီးပဲဖြစ်ဖြစ်၊ တက်သစ်စပဲဖြစ်ဖြစ်၊ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ... အတိုင်းအတာတစ်ခုအထိတော့ လေးစားမှုရှိသင့်တယ်ဆိုတာပါ။ ဒီစာမူလေးဆိုရင် ကျွန်တော် ဆရာဦးဝင်းငြိမ်းဆီပို့ဖူးပါတယ်။ ဆရာက ဖောင့်မမြင်ရလို့ဆိုပြီးစာပြန်လို့ ဒုတိယတစ်ခေါက်တောင်ထပ်ပို့ရပါသေးတယ်။ ဆရာက ဒီဝတ္ထုကို မရွေးပါဘူး။ အရေးအသားပြေပြစ်တယ် ဒါပေမယ့် နဲနဲတိုနေတယ်လို့ မှတ်ချက်ပေးပါတယ်။ ကျွန်တော် အရမ်းကိုကျေနပ်ပီတိဖြစ်ရပါတယ်။ ကျွန်တော့်စာမူကိုရွေးရွေး မရွေးရွေး အလုပ်အရမ်းများတဲ့ ဆရာဦးဝင်းငြိမ်းက ကျွန်တော့်ကို အဲဒီ့လို အရေးတယူနဲ့ စာပြန်ပေးတယ်ဆိုတာကိုပဲ ကျွန်တော်ကတော့ကျေနပ်ပါတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော်ရေးခဲ့တဲ့ဝတ္ထုတိုတိုင်းဟာ ဘယ်တစ်ခုမှပစ်စလပ်ခတ်ရေးလိုက်တယ်ဆိုတာမပါပါဘူး။ အဲဒီ့အတွက်လဲ ကျွန်တော့်ရဲ့ ၀တ္ထုတိုလေးတွေအားလုံးကို ကျွန်တော် တန်ဖိုးထားပါတယ်။ မဂ္ဂဇင်းတိုက်တွေအနေနဲ့ လဲ စာရေးသူတွေရဲ့ ရင်ခုန်သံတွေ၊ စိတ်ခံစားမှုတွေ၊ အတွေးအခေါ်အယူအဆတွေ များစွာ များစွာ ကို ရင်းနှီးပုံဖော်ထားရတဲ့ အနုပညာလက်ရာတွေကို လေးစားသမှုပြုသင့်ပါတယ်။ ကျွန်တော်ပြောချင်တာက စာရေးသူတွေအားလုံးကို လေးစားမှုရှိရှိနဲ့ စာမူတွေကို စနစ်တကျစုစည်းပြီး နည်းစနစ်ရှိရှိနဲ့ လုပ်ကြဖို့ပဲဖြစ်ပါတယ်။






ဘ၀မကူးချင်သူများ


ကျွန်တော် မှတ်မိနေသေးတယ်။ အဲဒီနေ့က မိုးတွေ သဲကြီးမဲကြီး ရွာနေခဲ့တယ်။ အုံလိုက်ကျင်းလိုက်နဲ့ ရွာသွန်း ဆင်းသက်လာတဲ့ မိုးရေတွေက အမှိုက်သရိုက်တွေနဲ့အတူ ကျွန်တော့်ကိုပါ တိုက်စား သယ်ဆောင် သွားကြတယ်။
`ကျွီ... ဒုံး.... .......... ..........´
အဲဒီနောက်မှာ... မယုံနိုင်စရာကောင်းတဲ့ တကယ့်အဖြစ်အပျက်တွေ ဆက်တိုက် ဆက်တိုက် ဆက်ဆက်ပြီး ဖြစ်လာခဲ့တယ်။

xxxxxxxxxx

ကျွန်တော့်ရဲ့ ရုပ်ခန္ဓာကြီး မရှိတော့ဘူး၊ သုံးလို့ မရတော့ဘူး ဆိုတာကို ကျွန်တော်မြင်နေရသလို၊ ကျွန်တော်ရှိနေသေးတယ် ဆိုတာကိုလည်း ကျွန်တော် သိနေရတယ်။ စိတ်တစ်ခုတည်း လွင့်မျောနေရသလိုပဲ။ အဲဒါနဲ့ ... ကျွန်တော်လည်း လေနဲ့အတူ ပေါ့ပေါ့ပါးပါးပဲ လျှောက် စီးမျော နေလိုက်တယ်။ အဲဒီလိုနဲ့ ကျွန်တော်... အိမ်ကြီးတစ်အိမ်နားကို ရောက်သွားတယ်။
အိမ်ကြီးက အရမ်းလှတယ်။ အဖြူရောင်တွေ နင့်နင့်သီးသီး သုတ်ထားပုံက အဝေးကကြည့်ရတာတောင် လင်းတောက်နေသလိုမျိုး...။ ခြံထဲကမြက်ခင်းတွေကလည်း စိမ်းစိုလန်းဆန်း နေလိုက်တာ... ဘောလုံးကွင်းကြီးလား အောက်မေ့ရတယ်...။ အဲ... ထူးခြားတာက... အဲဒီအိမ်ကြီးကို သော့တွေအများကြီးနဲ့ ဆင့်ခတ်ထားတာပဲ...။ ပြူတင်းပေါက်တွေကအစ အပေါက်တွေအားလုံးကို တစ်ခုမကျန် သော့တွေသော့တွေနဲ့ ခတ်ထားတယ်။ အဲဒီလောက်အထိ အလုံခြုံဆုံးဖြစ်အောင် သိမ်းထုတ်ထားခြင်းခံရတဲ့ အဲဒီအိမ်ကြီးထဲမှာ ဘာတွေများ ရှိနေမလဲလို့ ကျွန်တော် သိချင်လာခဲ့တယ်။ ကျွန်တော့်ကိုတော့ အဲဒီ သော့အထပ်ထပ်တွေကလည်း မတားနိုင်ခဲ့ပါဘူး။ အဲဒီလိုနဲ့ပဲ...
ကျွန်တော် အိမ်ကြီးထဲကို ရောက်သွားခဲ့တယ်။ ဘယ်လို ပရိဘောဂပစ္စည်းမှ ရှိမနေတဲ့ အိမ်ကြီးရဲ့ အတွင်းခန်းတွေကို ကျွန်တော် လှည့်ပတ်စပ်စုနေတုန်းမှာ...
`မင်းက ဒီအထဲကို ဘာကိစ္စ၀င်လာရတာတုန်း။ ´
ကျွန်တော် ရုတ်တရက် လန့်သွားတယ်...။ ကျွန်တော်က အဲဒီအိမ်ကြီးထဲမှာ တစ်ယောက်ယောက် ရှိနေလိမ့်မယ်လို့မှ တွက်မထားတာလေ။ အဲဒါနဲ့ ကျွန်တော်လည်း အသံလာရာဘက်ကို ကြောက်ကြောက်နဲ့ပဲ လှည့်ကြည့်လိုက်တယ်။
`ဟိုက်... ဦးဘောဂ... အန်ကယ်ကရော ဒီအိမ်ကြီးထဲကို ဘယ်လိုလုပ် ရောက်နေရတာလဲ´
ဦးဘောဂ ဆိုတာ ကျွန်တော်တို့ ရပ်ကွက်ထဲက သူဌေးကြီးပါ...။ သူက တစ်နှစ်လောက် လေဖြတ်နေပြီး ဟိုတလောကမှ ဆုံးပါးသွားတာလေ။
`ငါက ဒီမှာ လာပုန်းနေတာကွ။´
`ဘယ်သူ့ကို ပုန်းနေတာလဲ´
`ငါ့ကို ဘ၀ကူးခိုင်းမယ့် သူတွေကို´
သူ့ရဲ့အဖြေကြောင့် ကျွန်တော် နည်းနည်း လည်ထွက်သွားတယ်။ သေပါပြီဆိုမှ သံသရာ မဆုံးသရွေ့တော့ ဘ၀တွေ တစ်ခုပြီးတစ်ခု ကူးပြောင်းနေရမှာပဲလေ။ အဲဒါကို ဘာဖြစ်လို့ ရှောင်လွှဲချင်နေရတာလဲ မသိဘူး...။
`အန်ကယ် က ဘာဖြစ်လို့ ဘ၀မကူးချင်ရတာလဲ´
တကယ်တမ်းက သူအခုရောက်နေတာကလည်း ဘ၀တစ်ခုထဲမှာပါပဲ...။ အခြားဘ၀တစ်ခုကို မကူးပဲ ၀ိဥာဉ်ဘ၀နဲ့ အကြာကြီးရှောင်လွှဲနေလို့မှ မရနိုင်တာ။
`ငါက ကောင်းကောင်းမွန်မွန်နဲ့ သေခဲ့ရတာ မဟုတ်ဘူးကွ... အာဃာတတွေ၊ အမုန်းတွေ၊ နာကြည်းမှုတွေ တနင့်တပိုးနဲ့ လောကထဲက ထွက်လာခဲ့ရတာလေ..။ သေချာတယ်... ငါ...ကောင်းတဲ့ဘ၀ကို ဘယ်လိုမှ ရောက်မှာမဟုတ်ဘူး...။ အဲဒါကြောင့် ငါ ဘ၀မကူးချင်တာ´
ဦးဘောဂက သူ့မယားကြီးဆုံးသွားတော့ မယားငယ်ငယ်လေးကို ကောက်ယူထားတာလေ...။ သူ့ဘ၀က အပြင်ပန်းကကြည့်ရင်တော့ သိပ်ကို ကျေနပ်အားရစရာကောင်းပါတယ်။ ဘာကြောင့်များ သူက အဲဒီလို ဖြစ်နေရတာလဲ မသိဘူး။
`အန်ကယ့်ဘ၀က အစစအရာရာ အဆင်ပြေနေတာပဲ။ စည်းစိမ်ဥစ္စာဆိုလည်း အလျှံအပယ် ဇနီးငယ်ငယ် အချောအလှလေးကလည်း ရှိသေးတယ်။ ဘာစိတ်ညစ်စရာရှိလဲဗျာ...။´
`ဟုတ်ပါတယ်...မင်းပြောသလိုပါပဲ...။ ငါလေမဖြတ်ခင်အထိတော့ အဲဒီလိုပဲ ပြေပြေလည်လည် ပျော်ပျော်ရွှင်ရွှင် ပေါ့ကွာ။ ငါလေဖြတ်ပြီးအချိန်ကစလို့ အကုသိုလ်တွေ အတုန်းလိုက် အတစ်လိုက်ကို ၀င်တော့တာပဲ။ မင်းလည်းသိမှာပေါ့... ငါ့မိန်းမက သူတို့မြို့က အမျိုးပါဆိုပြီး ကောင်လေးငယ်ငယ်လေး တစ်ယောက်ကို အိမ်ပေါ် ခေါ်တင်လာတာလေ...။´
`ဟုတ်တယ်လေ... အားလုံးသိနေကြတာပဲ... သူတို့က မောင်နှမတွေ မဟုတ်လား´
ကျွန်တော် အဲဒီလိုပြောလိုက်တော့ ဦးဘောဂက ဒေါသတွေ တလိပ်လိပ်တက်လာပြီး မကျေမနပ်လေသံနဲ့ ဆက်ပြောပါတယ်။
`ပတ်ဝန်းကျင် အမြင်မှာတော့ မောင်နှမတွေပေါ့ကွာ... ငါ့အိမ်ထဲမှာတော့ ... ...´
ဦးဘောဂဟာ သူ့စကားကို မဆက်နိုင်တော့ပါဘူး။ အဲဒါနဲ့ ကျွန်တော်ကပဲ အလိုက်တသိနဲ့ စကားလွှဲပေးလိုက်ရတယ်။
`ဒါနဲ့ နေပါဦး.. ဒီအိမ်ကြီးထဲမှာ အန်ကယ် တစ်ယောက်တည်းရှိတာလား...။ ဒါမှမဟုတ် အခြားတစ်ယောက်ယောက်များ ရှိနေသေးလား။´
`ရှိတယ် ရှိတယ် ဟောဟိုထောင့်စွန်းက အခန်းထဲမှာ သူရဆိုတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ သူက ဒီအိမ်ကြီးကို စရောက်ကတည်းက ရှက်တယ်... ရှက်တယ် လို့အော်ရင်း အဲဒီအခန်းထဲကကို မထွက်တော့ဘူး...။ နောက်တစ်ယောက်လည်း ရှိသေးတယ် သူက ဟိုးအပေါ်ထပ်မှာ ဘယ်တော့မှ အောက်ဆင်းမလာဘူး။´
အဲဒီလိုနဲ့ ကျွန်တော်လည်း ဦးဘောဂနဲ့ စကားဖြတ်ပြီး ထောင့်စွန်းခန်းထဲက သူရဆီကို လျှောက်လာခဲ့တယ်။ သူရက သင်္ဘောသားလေ... ကျွန်တော်တို့ရဲ့တစ်လမ်းကျော်ကပေါ့...။ ဟို အရင်တစ်ခေါက် ဒီကောင် သင်္ဘောလိုက်ရာကပြန်လာပြီး အိမ်တွင်းပုန်းနေလိုက်တာ... သေမှပဲ အိမ်ထဲက ပြန်ထွက်လာတော့တယ်။
ကျွန်တော် အခန်းထဲဝင်သွားတော့ အခန်းရဲ့ထောင့်မှာ သူရက သူ့ဒူးသူဖက်ပြီး ထိုင်ငိုင်နေတယ်။ ကျွန်တော် သူ့အနားကို ကပ်သွားတော့ သူက ကမန်းကတန်းလက်ကာပြီး...
`ခင်ဗျား... ကျွန်တော့် အနားမကပ်နဲ့ ကျွန်တော့်ဆီက HIVပိုးတွေ ခင်ဗျားဆီ ကူးကုန် လိမ့်မယ်´
သူက စေတနာနဲ့ ပြောတာပါ။ ဒါပေမယ့် ကျွန်တော် နည်းနည်း ဒေါသထွက်သွားတယ်။
`မင်းကလည်း ရူးနေလား...။ စကားပြောရုံနဲ့ ဘယ်လိုလုပ်ပြီး ရောဂါ ကူးမှာလဲကွ... နောက်ပြီး ငါတို့က သေပြီးသားလူတွေ... မင်းဆီက ရောဂါတွေ ဘယ်သူ့ဆီကိုမှ မကူးနိုင်တော့ပါဘူး´
ကျွန်တော် အဲဒီလို ပြောလိုက်မှ သူနည်းနည်း ငြိမ်သွားတယ်။ ပြီးတော့ ကျွန်တော့်ကိုမေးတယ်။
`ခင်ဗျားက ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ... ဘာရောဂါနဲ့ သေတာလဲ။´
`ကားတိုက်တာကွ... မိုးရွာထဲ လမ်းလျှောက်နေတုန်း ကားက လမ်းချော်ပြီး ငါ့ကို ၀င်တိုက်တာ´
ကျွန်တော့် အဖြေကိုကြားတော့ သူရက အားကျတဲ့လေသံနဲ့ ပြောတယ်။
`ကျွန်တော်လည်း ခင်ဗျားလို သေချင်လိုက်တာဗျာ...။ အခုတော့...´
ပြောရင်း ဆိုရင်း... ခေါင်းငိုက်စိုက်ကျသွားတဲ့ သူရကို ကျွန်တော် မေးခွန်းတစ်ခု မေးလိုက်တယ်။
`မင်းက ဘာဖြစ်လို့ ဒီအိမ်ကြီးထဲမှာ လာပြီး ထိုင်နေရတာလဲကွ...။ ငါတို့တွေ အခြားဘ၀တစ်ခုကို ကူးပြီး... လုပ်စရာရှိတာတွေ ဆက်လုပ်ဖို့ရှိသေးတယ်လေ။´
`ကျွန်တော် မကူးချင်ဘူးဗျာ... ကျွန်တော်ကြောက်တယ်။ ဒီဘ၀မှာဆို အသိုင်းအ၀ိုင်းတွေက အတင်းစီစဉ်လို့ ကျွန်တော် သင်္ဘောလိုက်ခဲ့ရတယ်။ သူတို့က ပိုက်ဆံတွေ ဖောဖောသီသီရတာကိုပဲ မြင်ကြတာလေ။ ကျွန်တော် တစ်ယောက်တည်း ကမ်းမမြင် လမ်းမမြင် ပင်လယ်ကြီးထဲမှာ အထီးကျန် အဖော်မဲ့ နေရတဲ့ ခံစားချက်တွေကိုကျတော့ ဘယ်မြင်ကြမှာလဲ...။ အခုဆိုလည်း ကျွန်တော် တစ်ခေါက် တစ်ခါလေး မဆင်ခြင်မိတဲ့ အမှားတစ်ခုကနေ ဒီရောဂါ ရခဲ့ပြီ... ရှက်ဖို့ကောင်းလိုက်တာဗျာ။ ကျွန်တော် တကယ် စိတ်ကူးယဉ်ခဲ့တဲ့ ဘ၀က ဒီလို မဟုတ်ဘူးဗျ။´
သူရက မိဘနှစ်ပါးမရှိတော့လို့ ဦးလေးတွေ၊ အဒေါ်တွေနဲ့ နေရတာလေ။ သူက ဆယ်တန်း အောင်ပြီး စက်မှုတက္ကသိုလ် ၀င်ခွင့် ရခဲ့ပေမယ့်... သူ့အသိုင်းအ၀ိုင်းရဲ့ အလိုကျ သင်္ဘောသားဘ၀ကိုပဲ ရွေးချယ်ခဲ့ရတယ်။
`ကျွန်တော်... အခုအချိန်ရောက်မှတော့ ဘယ်သူ့ကိုမှလည်း အပြစ်မတင်ချင်တော့ပါဘူး...။ ဒါပေမယ့်... ကျွန်တော် နောက်ဘ၀ တစ်ခုကို ကူးချင်စိတ် မရှိတော့ဘူးဗျာ။ မိမိစိတ်တိုင်းကျ ပုံဖော်ခွင့်မရတဲ့ ဘ၀တစ်ခုကို ထပ်ပိုင်ဆိုင်ရမှာ ကြောက်တယ်။´
စိတ်ဓါတ်ကျပြီး ဘ၀ တစ်ခုကို မပိုင်ဆိုင်ချင်တော့တဲ့ သူရကို အားပေးဖျောင်းဖျပြီး ကျွန်တော် အပေါ်ထပ်ကို တက်ခဲ့တယ်။ အပေါ်ထပ်ကိုရောက်တော့ ဘုရားခန်းလို့ထင်ရတဲ့ အခန်းကြီး တစ်ခုထဲမှာ လက်နောက်ပစ်ပြီး ဘယ်ပြန်ညာပြန် လျှောက်နေတဲ့ လူတစ်ယောက် ကိုတွေ့တယ်။
`သြော်... ခုနက အောက်မှာ ဦးဘောဂနဲ့ စကားပြောနေတာ ဘယ်သူများလဲလို့ မင်းကို...´
သူက ကျွန်တော့်ကိုမြင်တော့ အထင်သေးတဲ့ မျက်လုံးတွေနဲ့ ကြည့်ရင်း ပြောတယ်။ သူက ရပ်ကွက်ထဲက အင်မတန်မှ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးလေ။ မိဘတွေရဲ့ ချမ်းသာ ကြွယ်ဝတဲ့ အရှိန်အ၀ါအောက်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှု အကြီးအကျယ်ရနေတဲ့ သူတစ်ယောက် ပေါ့...။ ဟိုးတစ်လောက သူအရက်တွေမူးပြီး ကားမှောက်လို့ ဆုံးသွားတယ်လို့ ကြားရတာပဲ...။
`အစ်ကိုက ဘာဖြစ်လို့ ဘ၀မကူးသေးပဲ ဒီအိမ်ကြီးထဲမှာ လာနေ နေရတာလဲ။´
ကျွန်တော့်ရဲ့ အမေးကို သူက တော်တော်နဲ့ မဖြေပါဘူး။ သူ့ဖာသာသူ တစ်ယောက်တည်း စဉ်းစားနေဟန်နဲ့ အကြာကြီးရပ်ပြီး မျက်နှာကျက်တွေကို ငေးနေပါတယ်။ တော်တော်ကြာမှ...
`နောက်ဘ၀တစ်ခုမှာ ဒီလိုအောင်မြင်မှုမျိုးကို ဒီလို မြန်မြန်ဆန်ဆန်နဲ့ ရဖို့ဆိုတာ သေချာပါ့မလား။ ဒီဘ၀က ငါ့မိဘတွေလို အစစအရာရာ ပြီးပြည့်စုံတဲ့သူတွေရဲ့ ၀မ်းထဲမှာ ငါပြန်သန္ဓေတည်ရဖို့ကရော သေချာပါ့မလား...။ ဘာမှ မသေချာဘူး။´
`အစ်ကိုက စီးပွားရေးလုပ်ငန်းတွေမှာ အရမ်းစွန့်စားတယ်လို့ နာမည်ကြီးနေပြီး အခုမှဘာဖြစ်လို့ ဒီလောက်တွေဝေနေရတာလဲ´
`မတူဘူးလေကွာ... စီးပွားရေးလုပ်တယ်ဆိုတာ ငွေနဲ့ အလောင်းအထပ် လုပ်ရတာကွ...အခုဟာက... ဘ၀...ဘ၀။ ဘ၀တစ်ခုလုံးကို လောင်းကြေးထပ်လိုက်ရမှာ... သေသေချာချာ စဉ်းစားရမယ်ကွ´
သူ့ရဲ့ တလွဲတချော် အတွေးအခေါ်တွေကို နားထောင်လိုက်ရတော့ ကျွန်တော် တော်တော်စိတ်ပျက်သွားတယ်။ ခေါင်းကို တသွင်သွင်ခါရင်း သူ့ကို ကျွန်တော် ပြောလိုက်မိတယ်...
`ကံကြမ္မာရဲ့ ကစားပွဲက အရှည်ကြီးဗျ၊ နောက်ပြီး အဲဒီကစားပွဲရဲ့ ထူးခြားချက်က တဒင်္ဂလေးကိုကြည့်ပြီး ကြိုက်ရာအကွက်မှာကြိုက်သလောက် ၀င်လောင်းလို့ မရတဲ့အချက်ပဲ...။ အစ်ကို ဘယ်အချိန်မှသွားသွား အစ်ကိုသွားရမယ့် နေရာတစ်ခုကတော့ ဘယ်တော့မှ မပြောင်းလဲတဲ့ နေရာတစ်ခု အဖြစ် အဆင်သင့် ရှိနေပြီးသားပဲ...။´
ကျွန်တော် စကားမဆုံးခင်မှာပဲ သူက ကြားဖြတ်ပြီး ၀င်မေးတယ်။ သူ့ကြည့်ရတာ တော်တော့်ကို မကျေမနပ် ဖြစ်နေပုံပဲ။
`ငါတို့မှာ ရွေးချယ်ခွင့် မရှိတော့ဘူးလား...။ ရှိရမှာပေါ့ကွ´
`ရွေးချယ်ခွင့်မရှိတာ မဟုတ်ဘူး... ရွေးချယ်ပြီးသားဖြစ်နေတာ...။ ကျွန်တော်တို့ ကုန်လွန် ဖြတ်သန်းပြီးခဲ့တဲ့ ကျွန်တော်တို့ရဲ့ အတိတ်နေ့ရက်တွေထဲက နေထိုင်၊ ဆုံးဖြတ်၊ လုပ်ကိုင်မှုတွေ အားလုံးက အဲဒီ နောက်ဘ၀ဆိုတာတွေကို ရွေးချယ်ခဲ့ပြီးသားဖြစ်နေခဲ့တာ အခုမှလာပြီး ဘယ်ဘ၀ကိုသွားရရင် ကောင်းမလဲလို့ စဉ်းစားနေလို့ကတော့ အပိုပဲ။ တကယ်တမ်းက အစ်ကို အခု စဉ်းစားသလိုမျိုး မသေခင်ကတည်းက ကျွန်တော်တို့ စဉ်းစားခဲ့ကြရမှာ...။´
ကျွန်တော်ပြောတဲ့ စကားတွေရဲ့ အဓိပ္ပါယ်ကို သူနားလည်လား၊ နားမလည်ဘူးလားဆိုတာ သူကိုယ်တိုင်ပဲသိမှာပါ။ ကျွန်တော်ကတော့ သူ့ကိုကျောခိုင်းပြီး အောက်ထပ်ကို ဆင်းလာခဲ့ပါပြီ။ ကျွန်တော်ပြောတဲ့ စကားတွေကို အောက်ထပ်ကနေ နားထောင်နေခဲ့တဲ့ သူရက ကျွန်တော့်အနားကို ရောက်လာပါတယ်။ ပြီးတော့...
`ကျွန်တော် ဒီအိမ်ကြီးထဲက ထွက်တော့မယ်...။ ကျွန်တော် နောက်ဘ၀တစ်ခုကို ရဲရဲဝံ့ဝံ့သွားပြီး လျှောက်စရာရှိတဲ့ လမ်းကို ပြတ်ပြတ်သားသား ဆက်လျှောက်တော့မယ်´
အဲဒီလိုနဲ့ သူရနဲ့ ကျွန်တော် အိမ်ဖြူကြီးကို ကျောခိုင်းပြီး နောက်ဘ၀တစ်ခုဆီသွားဖို့ အဆင်သင့် ပြင်လိုက်ကြတယ်။
`ဒါပဲပေါ့ကွာ... သူဌေးပဲဖြစ်ဖြစ်... ခွေးပဲဖြစ်ဖြစ်ပေါ့... ငါတို့ကိုယ်တိုင်ရွေးချယ်ထားခဲ့တဲ့ မနက်ဖြန်တွေဆီကို ငါတို့ မတွန့်မဆုတ်ပဲ လျှောက်ရဲရမှာပေါ့´




နေဘုန်းလတ်