Pages

Monday, October 29, 2007

မြင်အောင်ကြည့်ရင် မြင်ပါတယ် ...

မြင်အောင်ကြည့်ရင် မြင်ပါတယ် ...

အခုတော့ ခင်ဗျားမြင်သွားပြီ ...။ ဒီခေါင်းစဉ်လေးကိုမြင်တဲ့အခါ အချို့ရဲ့စိတ်ထဲမှာတော့ နေဘုန်းလတ် တစ်ယောက် လုပ်ချလိုက်ပြန်ပြီဆိုပြီး အမြင်ကပ်ချင်ကပ်နေလိမ့်မယ်။ ဒါမှမဟုတ် ... ဒီကောင် စာလုံးတွေကို အမဲရောင်နဲ့မှားပြီးရိုက်လိုက်ပြီလို့လဲ ထင်သူတွေထင်ကြလိမ့်မယ် ...။ အချို့ကျတော့လဲ ... အမဲရောင် မျက်နှာပြင်ကြီးကနေ ဘာတွေများ ဘွားကနဲပေါ်လာမလဲလို့ အသဲအမဲ စူးစိုက်ကြည့်ကြလိမ့်မယ်။ အချို့ ဆို အဲဒီ့ မြင်နေရတဲ့ အမဲရောင်ကိုပဲ အဓိပ္ပါယ်တွေအမျိုးမျိုးဖွင့်ချင်ဖွင့်နေကြလိမ့်မယ်။ အချို့ကျတော့လဲ လွယ်လွယ်ကူကူနဲ့ ကျွန်တော်ရေးထားတာတွေကို ခင်ဗျားလိုပဲ ဖတ်နေရတာမျိုးဖြစ်ချင်ဖြစ်မယ် ...။ ကျွန်တော်ပြောချင်တာက ဒီလိုပါ ...။ အခုဆို ခေါင်းစဉ်တစ်ခုမြင်တယ် နောက်ပြီး ... ဘာမှမရေးထားတဲ့ အမဲရောင် စာမျက်နှာကြီး ... အဲဒီ့မှာ ခင်ဗျားစိတ်ထဲမေးခွန်းတစ်ခုဝင်လာမယ် ... ဘာလဲဟပေါ့ ။ အဲဒီ့ မေးခွန်းကို ဖြေဖို့အတွက် ခင်ဗျားဘယ်လိုစဉ်းစားမလဲဆိုတာက ဒီနေရာမှာ အခရာကျတယ် ...။ အပေါ်မှာ ကျွန်တော်တင်ပြခဲ့သလိုပဲ လူအမျိုးမျိုးက ပုံသဏ္ဍာန်အမျိုးမျိုးစဉ်းစားကြလိ့မ်မယ် ...။ သူတို့ရဲ့စဉ်းစားပုံတွေကို မူတည်ပြီး ကျွန်တော်တင်ပြတဲ့ အနုပညာလက်ရာတစ်ခုရဲ့ သူတို့အပေါ်သက်ရောက်မှုက ကွာခြား သွားလိမ့်မယ်။ ကျွန်တော်ပြောချင်တာကို အသေအချာသိသွားသူလဲရှိကောင်းရှိလိမ့်မယ် ...။ ဘာမှမသိလိုက်ရပဲ လှည့်ပြန်သွားသူလဲရှိနိုင်တယ် ...။ ကျွန်တော်ပြောချင်တာမဟုတ်ပဲ အခြားတစ်ခုခုကိုသိသွားပြီး ကျေနပ်သွား တာမျိုးလဲ ဖြစ်နိုင်တယ်။ ဘယ်လိုအခြေအနေမျိုးကိုပဲဖြစ်ဖြစ် လက်ခံနိုင်ဖို့ကျွန်တော်ကတော့ပြင်ဆင်ထားတယ် ...။

လူနဲ့ သူရဲ့ အနုပညာကို ခွဲမြင်ပေးဖို့လိုတယ်လို့တော့ ခင်ဗျားတို့ကို ပြောချင်တယ် ...။ ဘယ်လိုမျိုးလဲ ...။
အနုပညာပစ္စည်းတစ်ခုကို ခံစားတဲ့နေရာမှာ ဒါဘယ်သူဖန်တီးတာလဲဆိုတာကို ဖယ်ထားပြီး ခံစားမှ အနှစ်သာရ ပြည့်ဝမယ်လို့ ကျွန်တော်မြင်တယ် ...။ အဲဒီ့လိုမှမဟုတ်ပဲ ... ဖန်တီးတဲ့သူရဲ့ စိတ်တွေနဲ့ ယှဉ်ပြီး အနုပညာပစ္စည်းတစ်ခုကိုကြည့်မယ်ဆိုရင် ... ခင်ဗျားတို့ဟာ အနုပညာကိုခံစားသူတွေ မဟုတ်ပဲ အဓိပ္ပါယ် ဖွင့်ဆို သူတွေပဲဖြစ်သွားလိ့မ်မယ် ...။ ဥပမာတစ်ခုပေးမယ် ... ကျွန်တော်အခု မြင်ကွင်းတစ်ခုကို မြင်လိုက်ရပြီး ထိန့်လန့်ခြောက်ခြားနေတယ် ... အဲဒီ့ အချိန်မှာ ကျွန်တော် ပန်းချီကား တစ်ချပ်ကို ဆွဲတယ် ... အဲဒီ့ ပန်းချီကားမှာ အနီ(သွေး)ပါတယ် ... အပြာ(ကောင်းကင်)ပါတယ် ... အနက် (ကတ္တရာလမ်း)ပါတယ် ...။ အဲဒီ့ အနုပညာပစ္စည်းတစ်ခုကို ခင်ဗျားကကြည့်တယ် ... အဲဒီ့ အခါမှာ ခင်ဗျားက ကျွန်တော့်ရဲ့ခံစားချက်တွေကို သိနေစရာမလိုဘူး ... ကျွန်တော်ခံစားသလိုလဲ လိုက်ခံစားစရာမလိုဘူး ... ခင်ဗျားရဲ့အမြင်မှာ အနီက သွေးဖြစ်ချင်မှဖြစ်မယ် ... အပြာက ကောင်းကင်ဖြစ်ချင်မှဖြစ်မယ် ... အနက်ကလဲ ကတ္တရာလမ်းဖြစ်ချင်မှဖြစ်မယ် ...။ အဲဒါက ကျွန်တော့်အတွက်ရော ခင်ဗျားအတွက်ပါ ပြဿနာမဟုတ်ဘူး ...။ ခင်ဗျားကြိုက်သလို ခံစားလို့ရတယ် ...။ အနုပညာကိုခံစားချင်ရင် ဘာတွေဆွဲထားတာလဲဆိုတာကို လာမမေးနဲ့ ...။ ဒီအနုပညာကို အဓိပ္ပါယ်ဖွင့်ဆိုချင်တယ်ဆိုရင်တော့ ကျွန်တော်သိထားတဲ့ အဓိပ္ပါယ်တွေကို ကျွန်တော်ရှင်းပြလိုက်လို့ရတယ် ...။

အနုပညာဆိုတာဘာလဲ ... ခင်ဗျားတို့ မြင်အောင်ကြည့်ရင် မြင်နိုင်ပါတယ် ...။

Sunday, October 28, 2007

စစ်ပွဲတွေရပ်ကြပါ ...

စစ်ပွဲတွေရပ်ကြပါ ...

စင်ကာပူမှာ ခဏနေတုန်းက နားထောင်ဖြစ်ခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ပါ။ သီချင်းလေးရဲ့နာမည်က ပြည်တွင်းစစ် တဲ့ ...။ ကျွန်တော့်ရင်ထဲမှာ လတ်တလောဖြစ်ပေါ်နေတဲ့ ခံစားချက်လေးတွေနဲ့တိုက်ဆိုင်လို့ ဒီသီချင်းစာသားလေးကို တင်ပေးလိုက်ပါတယ် ...။ သီချင်းလေးရဲ့ လင့်ခ်ကို အခု မသိတော့ပါဘူး ... ။ သိတဲ့သူငယ်ချင်းတွေရှိရင် ... လက်တို့ပေးကြပါဦး ... နားထောင်ချင်သူတွေနားထောင်လို့ရအောင်ပါ ...။

ပြည်တွင်းစစ်

Beat: Slow Go Go
C F G C
ကြည်ပြာရောင်မိုးထက်မှာ ယမ်းငွေ့တွေဝေနေတယ်
C F G C
နေရောင်ခြည်အလင်းအောက်မှာ မီးခိုးတွေပိတ်မှောင်ဆဲ

ငိုယိုသံညည်းတွားသံ ဘုရားတသံညံနေတယ်

ကယ်ပါယူပါဘ၀ပျက်ကာ ဒုက္ခသည်တွေပြည့်နေဆဲ

C F G C

တစ်နေရာမှာကလေးတစ်ယောက်ဟာ အမိတကာငိုနေတယ်

ဒဏ်ရာရှင်မွေးမိခင် အသက်ဝိဥာဉ်ကင်းပြီကွယ်
C F G C
ရင်နာစရာအဖြစ်အပျက်တွေ စစ်မက်တွေကြုံရဆဲ
C F G C C7
ဘယ်အချိန်မှာပြီးဆုံးကာ ငြိမ်းချမ်းကြရမှာလဲ

F Em F Em
CHO (လူလူခြင်းသတ်ဖြတ်မှုတွေ လူလူခြင်းနှိပ်စက်မှုတွေ
Dm G C C7
ကမ္ဘာမြေကိုအကျည်းတန်စေပြီ
F Em F Em
လူလူခြင်းညှင်းပမ်းမှုတွေ လူလူခြင်းရက်စက်မှုတွေ
D7 G
ဒါတွေကိုရပ်ဖို့သင့်ပြီလေ)

ကြည်ပြာရောင် . . . . . . . . ပိတ်မှောင်ဆဲ

ရင်နာစရာ . . . . . . . . . ငြိမ်းချမ်းကြရမှာလဲ

C F G C

(CHO)

ကြည်ပြာရောင် . . . . . . . . ပိတ်မှောင်ဆဲ

တစ်နေရာမှာ . . . . . . . . . အသက်ဝိဥာဉ်ကင်းပြီကွယ်

Saturday, October 27, 2007

ဘုရင်ခဏဖြစ်သွားတဲ့ ကျွန်တော် ...

ဒီပုံလေးက စင်ကာပူမှာနေခဲ့စဉ်က ဇင်ကိုလတ်နဲ့ လျှောက်လည်ကြတုန်းရိုက်ခဲ့တဲ့ပုံလေးပါ ...။ ကျွန်တော်က ဘုရင်မကြီးရဲ့ဘေးနားမှာ ဘုရင်ကြီးအဖြစ်နဲ့ ခန့်ခန့်ကြီးရပ်နေတာပေါ့ ...။ တကယ်တမ်းပြောရရင် ... ချက်(Chess) ကစားဝိုင်းထဲက ဘုရင်တစ်ယောက်အဖြစ်ကို ကျွန်တော်မလိုချင်ပါဘူး ...။ သူက ဘေးဘီဝဲယာ တစ်ကွက်စီပဲရွေ့လို့ရတာလေ ...။ နောက်ပြီး အားလုံးက သူ့ကိုဝိုင်းဝန်းကာကွယ်နေကြရတာချည်းပဲ ... သူက ဘယ်သူ့ကိုမှ ဘာ အကာအကွယ်မှမပေးနိုင်သလို သူ့နားကို ရန်သူတွေကပ်လာရင် ဘယ်အပေါက်ကနေ ထွက်ပြေးရမလဲဆိုတာကို လိုက်ချောင်းနေရုံကလွဲလို့ ဘာမျှမှ မတတ်နိုင်တာလေ ...။ အမြင်တင့်တယ်ရုံလေး ထိုင်နေပေးရတယ်ဆိုတဲ့ အဖြစ်မျိုးလို့ပဲ ကျွန်တော်မြင်မိတယ် ...။ ဒါပေမယ့် တဘက်ကကြည့်မယ်ဆိုရင်တော့ ... ကျန်တဲ့သူတွေကို ဟိုဟာလုပ်၊ ဒီဟာလုပ်နဲ့ သူက အမိန့်ပေးစေခိုင်းနေတယ်လို့တော့ မြင်လို့ရပါတယ် ...။ အဲဒီ့လို ... အမိန့်ပေးစေခိုင်းရုံကလွဲလို့ ဘာမှမလုပ်နိုင်တဲ့ ဘုရင်အဖြစ်မျိုးကို လဲ ကျွန်တော်ကတော့ သဘောမကျပါဘူး ...။ ဖွဟဲ့ ... လွဲပါစေ ... ပယ်ပါစေ ... မတော်တဆများ တိုင်းပြည်တစ်ပြည်ပြည်မှာ ကျွန်တော်သာ ဘုရင်ဖြစ်ခဲ့မယ်ဆိုရင်ပေါ့ ... :-) (အားနေလို့ လျှောက်စဉ်းစားကြည့်တာပါ ...)

ကျွန်တော့်ရဲ့တိုင်းပြည်ထဲမှာ စိတ်ထားဖြူစင်သူတွေ၊ အမှန်အမှားကို ခွဲခြားဆုံးဖြတ်နိုင်လောက်အောင် အသိဥာဏ်ရှိသူတွေ၊ တရားမျှတမှုဆိုတဲ့စကားကို နားလည်ပြီး တရားတဲ့ဘက်က ရဲရဲဝံ့ဝံ့ရပ်တည်ရဲသူတွေ ၊ မလုပ်သင့်မလုပ်ထိုက်တဲ့အလုပ်တွေကို ဘယ်လိုအကြောင်းကြောင့်မှမလုပ်ဘူးလို့ စိတ်အားသတ္တိ ကောင်းကောင်းနဲ့ ငြင်းဆန်ရဲသူတွေ၊ အတွေးအခေါ်တွေအစွန်းမရောက်ပဲ နည်းမှန်လမ်းမှန်စဉ်းစားတွေးခေါ် နိုင်သူတွေ၊ အတတ်ပညာတွေကိုလဲကျွမ်းကျင်၊ အသိပညာတွေကိုလဲ အမှန်အတိုင်းသိမြင်ကြသူတွေ ၊ အမြင်အာရုံမှာ မောဟအမှောင်တွေမကာပဲ ... အစစအရာရာကို ကိုယ်ပိုင်ဥာဏ်နဲ့ ရှင်းရှင်းလင်းလင်း သိမြင်နိုင်ကြသူတွေ၊ နည်းဟောင်းလမ်းဟောင်းကြီးတွေထဲမှာပဲ တ၀ဲလည်လည်လုပ်မနေပဲ နည်းလမ်းကျကျ ဖောက်ထွက်တွေးနိုင်ကြသူတွေ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်ထားမျိုးမရှိပဲ အများအတွက် ရပ်တည်မယ် ဆိုတဲ့စိတ်ထားရှိသူတွေ၊ အများမိုးခါးရေသောက်တော့လဲ ကိုယ်လဲလိုက်သောက်ရုံပဲပေါ့ဆိုတဲ့ စကားကိုမပြောပဲ အငတ်ခံရဲတဲ့သူမျိုးတွေပဲ ရှိနေအောင် ကြိုးစားမယ် ...။ နောက်ပြီး Chess ကစားဝိုင်းထဲက ဘုရင်ကြီးလို ... ဟိုလူကို ဟိုလိုလုပ်၊ ဒီလူကို ဒီလိုလုပ်လို့ အမိန့်တွေထိုင်ပေးပြီး ... ပြေးပေါက်ကိုအမြဲတမ်းချောင်းနေရတဲ့ အဖြစ်မျိုးမဖြစ်ရအောင်လဲ ကြိုးစားမယ် ...။ ဘယ်လိုကြိုးစားမလဲဆိုတာကိုတော့ ခင်ဗျားတို့လဲ ၀ိုင်းစဉ်းစား ကြပေါ့ ...။ လူချင်းတွေ့ရင်လဲ ဆွေးနွေးကြ သေးတာပေါ့ဗျာ ...။

Friday, October 26, 2007

ဘောလုံးကွင်းထဲက သူငယ်ချင်းများ ...

World = Football field

The world is like a football field
We, The friends of same ambition,
Are a football team.
Our same aim is to score goals,
As much as we can hold.
You are a striker,
But sometime
You will play as a goalkeeper
You are a midfielder,
But if need
You will have to play as a defender.
Of course, defending not to be scored goals
Is as important as to score goal.
As the world's field is so wide,
Sometime, we can't see each other for a long life.
No matter what happened,
Our main theme is that
Our team to win the match
Let's try our best
Let's play with our heart
And let's take the cups
For leaving our marks
On the pages of the past.

Nay Phone Latt
(For all friends of same ambition)

Monday, October 22, 2007

သက်ရှိကွက်လပ်များ …

လက်ဖက်ရည်ဆိုင်ထဲကို သူဝင်လိုက်တဲ့အချိန်မှာပဲ အသက် ၁၃ နှစ်လောက်သာရှိဦးမယ့် ကောင်လေးက သူ့အနားကိုရောက်လာပြီးမေးတယ် …။
“ ဘာ သောက်မလဲ အကို …”
“ ပေါ့စိမ့်တစ်ခွက်လုပ် ညီလေးရာ …”
သူ့ဆီကအဖြေတစ်ခုကိုရတာနဲ့ ကောင်လေးက အဖျော်ဆရာကြားအောင်လှမ်းအော်လိုက်တယ် …။
“ ရှယ် ပေါ့စိမ့် ၀မ်း … ”
သူ … စားပွဲဝိုင်းတွေတစ်ခုပြီး တစ်ခုကို မလစ်ဟင်းရအောင် ၀န်ဆောင်မှုတွေပေးနေတဲ့ ကောင်လေးကို လိုက်ငေးရင်း ဟိုဟိုဒီဒီတွေတွေးနေမိတယ် …။
“ ဟေ့ … ရှင်းမယ် … ဘယ်လောက်ကျလဲ”
အလွတ်နီးပါးရနေပြီဖြစ်တဲ့ ကိန်းဂဏန်းတွေကို ကောင်လေး စိတ်ထဲကနေပဲ သွက်သွက်လက်လက် ပေါင်းလိုက်တာ … သိပ်မကြာလိုက်ပါဘူး …
“ ၉၀၀ ပါ … ဆေးလိပ်တစ်လိပ်ထပ်ယူလိုက်ပါလား … တစ်ထောင်ဖြစ်သွားအောင် …”
ကောင်လေးက အလုပ်ကိုပျော်ပျော်ရွှင်ရွှင်နဲ့ သွက်သွက်လက်လက်လုပ်နေတယ် … သူကသာ သက်ပြင်းတွေ ခိုးခိုးချရင်း … စိတ်ထဲကနေ ကဗျာလေးတစ်ပုဒ် ဖန်ဆင်းနေမိတယ် …

ဝ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ဝ

အိမ်အပြန်လမ်းမှာ လိုင်းကားတွေမရှိတော့လို့ ကြားကားတစ်စီးစီးအလာကို သူစောင့်နေမိတယ် … ။ အဲဒီ့ အချိန်မှာပဲ ၁၀၅ နံပါတ် ကားတစ်စီး သူ့ရှေ့ကို ထိုးစိုက်လာတယ် …။
“ တာမွေ … တာမွေ … တစ်ယောက် ၁၅၀ ထဲနော် … သူများလို့ ၂၀၀ မတောင်းဘူး”
ကောင်လေးရဲ့ အသက်က ရှိလှ ၁၂ နှစ်ပေါ့ … စပါယ်ယာလုပ်နေတာများ တကယ့်ကို ၀ါ့ရင့်ကြီးတစ်ယောက်လို …။ ပတ်ဝန်းကျင်မှာရှိတဲ့ အခြားလူကြီး စပါယ်ယာတွေရဲ့ ပေါက်တတ်ကရ စကားလုံးတွေကလည်း တခါတခါ အဲဒီ့ကောင်လေးရဲ့ ပါးစပ်ဖျား က ထွက်ထွက်ကျလာသေးတယ်။
“ x x x x x x x x x x x x x x”
လူကြီးတစ်ယောက်က ငါးရာတန်တစ်ရွက်ထုတ်ပေးတော့ …
“ အစ်ကိုကြီး ၅၀ တန်တစ်ရွက်လောက်ထည့်ပေးလေ ကျွန်တော် ၄၀၀ ပြန်အမ်းလိုက်မယ် … နှစ်ဦးနှစ်ဖက် အဆင်ပြေတာပေါ့”
ကောင်လေးက ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါးပါးပါပဲ … ကျွန်တော့်မှာသာ … ရင်ထဲက ကဗျာတစ်ပုဒ်အတွက် စကားလုံးတွေထပ်ပြီးထွက်ကျလာတယ် …

ဝ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ဝ

သက်ရှိကွက်လပ်များ …

စာတွေအော်ကျက်နေရမယ့် မင်းတို့နှုတ်ဖျားက
တူးတီး ပေါ့ကျတဲ့ …
တာမွေ တာမွေ တစ်ယောက် ၁၅၀ ပဲတဲ့ …
ညီလေးရယ် … ၀မ်းရေးဆိုတဲ့စကားလုံးအောက်မှာ
မင်းတို့ရဲ့အနာဂတ်တွေပျောက်
မင်းတို့ရဲ့စိတ်ထဲမှာတော့ …
ငွေစတွေကသာ မင်းတို့ဘ၀တွေရဲ့တည်ဆောက်ရာပေါ့
အပေါင်းအနှုတ်အမြှောက်အစား
ကိန်းဂဏန်းအက္ခရာတွေများစွာကို
ကိုယ်လိုရာအသုံးချနိုင်ဖို့
တွက်ချက်ရွတ်ဆိုနေရမယ့်အစား
မင်းတို့နှုတ်ဖျားက
ဖန်တရာတေနေတဲ့ ဈေးနှုန်းတွေကို
အသေမှတ်ထားတဲ့ ဈေးတွက်နဲ့တွက် …
မင်းတို့ရဲ့ နောက်တစ်နေ့ မနက်ဟာလဲ …
ဒီလို မပြည့်စုံတဲ့ ၀ဲဂယက်တစ်ခုပဲနော် …
စာသင်ကျောင်းတွေက မင်းတို့ကိုမျှော်နေတယ်
ကျောင်းတက်ခေါင်းလောင်းသံတွေက မင်းတို့ကိုခေါ်နေတယ်
ဆရာ၊ ဆရာမတွေက မင်းတို့ကိုမျှော်နေတယ်
စာသင်ခုံတွေက မင်းတို့ကိုခေါ်နေတယ်
နိုင်ငံရဲ့ အနာဂတ်ကို
မျိုးဆက်သစ်တွေရဲ့လက်ထဲကိုအပ်ဖို့
လူကြီးသူမတွေခမျာလဲ
မျက်ရည်စို့စို့နဲ့
မင်းတို့ကို မျှော်လင့်နေကြရဲ့ …။ ။

Sunday, October 21, 2007

ကျွန်တော်နှင့် ပညာရွာ

ချယ်ရီမဂ္ဂဇင်းမှာ ဖော်ပြခံခဲ့ရဖူးတဲ့ ကျွန်တော့်ရဲ့ဝတ္ထုတိုလေးတစ်ပုဒ်ပါ ...။ ဒီဝတ္ထုတိုလေးထဲမှာပါတဲ့ ပညာရွာလို့ နာမည်ရတဲ့ ရွာလေးထဲကရွာသားတွေရဲ့ တလွဲဆံပင်ကောင်းနေကြပုံလေးတွေက ခင်ဗျားတို့ကို ပြုံးစစဖြစ်စေလိမ့်မယ်လို့ထင်ပါတယ် ...။

ကျွန်တော်နှင့် ပညာရွာ


ဟိုးတစ်နေ့က ဘာရယ်ညာရယ်မဟုတ်ပဲဖတ်လိုက်ရတဲ့ဗေဒင်စာအုပ်လေးထဲမှာ ထူးခြားဆန်းပြားတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံရမယ်တဲ့။ ၉နှစ်မှတစ်ကြိမ်ရနိုင်တဲ့ ကံကောင်းခြင်းတွေ ကိုယ့်ဆီကို ရောက်လာလိမ့်မယ်တဲ့ ...။ အဲဒါလေးကိုဖတ်ပြီး သိပ်မကြာတဲ့တစ်နေ့မှာပဲ ကျွန်တော်ခရီးတစ်ခုထွက်ရဖို့ အကြောင်းဖန် လာတယ်။ နိုင်ငံခြားက သူငယ်ချင်းတစ်ယောက်က အလည်လာဖို့လှမ်းခေါ်တာလေ။ အဲဒီ့လို့နဲ့ လေယာဉ်ပျံကြီးစီးပြီး ခရီးထွက်လာလိုက်တာ ကျွန်တော့်ရဲ့ထူးခြားဆန်းကြယ် တယ်ဆိုတဲ့ အဖြစ်အပျက်တွေက စတော့တာပဲ။ ကျွန်တော်စီးလာတဲ့လေယျာဉ်ကြီး ဘယ်နေရာမှာသွားဆိုက်ကပ်တယ် ဆိုတာကို ကျွန်တော်မသိပေမယ့် ကျွန်တော့်သူငယ်ချင်းလှမ်းခေါ်တဲ့ နိုင်ငံကို မဟုတ်တာတော့ သေချာပါတယ်။ ခရီးဆုံးပြီဆိုလို့ ကျွန်တော်လည်း လေယာဉ်ပေါ်ကဆင်းလိုက်ရော ခမ်းနားကြီးကျယ်တဲ့ မြို့ကြီးတစ်မြို့က ကျွန်တော့်ကို မားမားကြီး ရပ်ပြီးစောင့်ကြိုနေလေရဲ့ ...။ ကျွန်တော်လည်း ရှေ့ကလမ်းကလေးအတိုင်း ဟိုဟိုဒီဒီလျှောက်လာလိုက်တာ မြို့အ၀င်ဝမှာ ရေးထားတဲ့ဆိုင်းဘုတ်ကြီးကိုလဲတွေ့လိုက် ရရော အံ့သြခြင်း တွေနဲ့အတူ လှိုက်လှဲဝမ်းသာသွားမိတယ်။

`ပညာရွာ´ တဲ့ ...။

သူတို့ကရွာသာဆိုတယ် ခမ်းနားထည်ဝါနေလိုက်ပုံက မြို့ကြီးပြကြီးတွေတောင် သြချရလောက်တယ်။ သြော် ... ပညာရှင်တွေ၊ ပညာရှိကြီးတွေချည်းပဲ စုနေတာဆိုတော့လည်း ဒီလောက်တော့ရှိမှာပေါ့လို့ ကျွန်တော် စဉ်းစားမိတယ်။ အဲဒါနဲ့ ကျွန်တော်လည်း ဘာမှ ရှည်ရှည်ဝေးဝေးတွေတွေးမနေတော့ပဲ အဲဒီ့ပညာရွာကြီးထဲကို သိချင်နေတဲ့မေးခွန်းတွေ တပုံတခေါင်းကိုဆွဲပြီး ၀င်ခဲ့ လိုက်တော့တယ်။
ရွာထဲကိုဝင်ဝင်ခြင်းမှာပဲ ပထမဦးဆုံးစတွေ့တဲ့မြင်ကွင်းက ကျွန်တော့်ရဲ့စိတ်အာရုံတစ်ခုလုံးကို ဖမ်းစား လိုက်တယ်။ လူတွေအယောက် နှစ်ရာလောက်နီးပါးဟာ အဆောက်အအုံကြီးတစ်ခုရဲ့ရှေ့မှာ တန်းစီ နေကြတာပဲ။ ကျွန်တော်လည်း ထူးဆန်းတာနဲ့ အဲဒီ့အဆောက်အအုံကြီးအနားကိုသွားပြီး အထဲကိုလှမ်းကြည့် လိုက်တော့ အထဲမှာ ခုဏက တန်းစီနေကြတဲ့သူတွေ အမည်စာရင်းတွေပေးသွင်း၊ နောက်တော့ ခွက်တစ်ခွက်ထဲကအရည်တွေကို သောက်သောက်ပြီး လဲလဲကျသွားကြတာ ကိုမြင်လိုက်ရတယ်။ အဲဒီ့အချိန်မှာပဲ ကျွန်တော့်ကိုအနောက်ကနေ လူတစ်ယောက်က လက်လာတို့တာနဲ့ လှည့်ကြည့်လိုက်တော့ ... ဂရိတွေးခေါ်ပညာရှင်ကြီး ဆော့ခရတ္တိ (Socrates) ... ။ ကျွန်တော်မမှားဘူးဆိုရင်ပေါ့ ... သူ့ပုံတွေကို ကျွန်တော်စာအုပ်တွေမှာ မြင်ဖူးနေတာပဲ ...။

`` ခင်ဗျား ... ဆော့ခရတ္တိမဟုတ်လား ´´

ကျွန်တော် အဲဒီလိုမေးလိုက်တော့သူက မအီမသာမျက်နှာနဲ့ ခေါင်းညိတ်ပြတယ်။ ကျွန်တော်လည်း ခုဏက ခေါင်းထဲမှာ ရှုပ်နေတဲ့ကိစ္စကို အမြန်အဆန်ပဲ ထုတ်မေးလိုက်တယ်။

``အဲဒီ့လူတန်းကြီးက ဘာလုပ်နေကြတာလဲဗျ ...´´

``အဆိပ်သောက်ဖို့ တန်းစီနေကြတာလေ ...´´

သူက ကလေးတွေကိုပြောမရလို့ဒီအတိုင်းလွှတ်ထားရတဲ့ ဖခင်တစ်ယောက်ရဲ့လေသံနဲ့ပြောတယ်။ သူ့အဖြေကို ကြားတော့ ကျွန်တော်လည်း တော်တော်လေးကို အူကြောင်ကြောင်ဖြစ်သွားတယ်။

``ဘယ်လိုဖြစ်ကြတာတုန်းဗျ ... ကျွန်တော့်ကိုလည်း သေသေချာချာရှင်းပြပါဦး ၊ အဆိပ်ခွက်ကိုသောက်ဖို့ အတွက် သူတို့တွေဘာလို့ဒီလောက်တောင်အလုအယက်ဖြစ်နေကြတာလဲဗျ ... ကျွန်တော်နားမလည် တော့ဘူး´´

`` နာမည်ကြီးချင်ကြလို့တဲ့ဟေ့ ...၊ ဆော့ခရတ္တိနာမည်ကြီးတာ အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကို တည်တည်ငြိမ်ငြိမ်နဲ့ အဆုံးစီရင်ရဲလို့ဆိုပြီး သူတို့လဲ အဲဒီလိုလိုက်လုပ်နေကြတာလေ´´

``ဟိုက် ...´´

လွဲချက်ကတော့ တော်တော်လေးကိုဆိုးသွားပါပြီ။ ဆော့ခရတ္တိရဲ့မျက်နှာကိုလှမ်းကြည့်လိုက်တော့လည်း လူပုံအလယ်မှာ အဆိပ်ခွက်ကိုသောက်ခဲ့မိတဲ့အတွက် နောင်တရနေပုံပါပဲ။

``အမှန်တရားအတွက် လိုအပ်ရင် အသက်ကိုစွန့်ဝံ့ရမယ်ဆိုတဲ့ ဥဒါန်းကို ငါကပြဠာန်းချင်ခဲ့တာ ... အခုတော့ ... လွဲကုန်ပြီ ... လွဲကုန်ပြီ ...´´

စိတ်ပျက်လက်ပျက်နဲ့ တစ်ယောက်တည်း ညည်းတွားရေရွတ်နေတဲ့ သူကို့ကျွန်တော်လည်း ဘယ်လိုဖြောင်းဖျ ရမယ်မှန်းတောင်မသိတော့ပါဘူး။ သူ့နေရာမှာ ကျွန်တော်ဆိုရင်လည်း သူ့လိုပဲဝမ်းနည်းပတ်လက် ဖြစ်မိမှာပဲလေ။ အဲဒါနဲ့ ကျွန်တော်လည်း သူနဲ့လူတန်းကြီးကိုထားခဲ့ပြီး ရှေ့ဆက်လှမ်းခဲ့တော့တယ်။ ``ပညာရွာ´´ ကြီးရဲ့ပထမဆုံး ဆီးကြိုနှုတ်ဆက်မှု ကတော့ အဲဒီလိုမလှမပနဲ့ပြီးဆုံးသွားတယ်။ နောက်ထပ်ဘာတွေများ ဆန်းဆန်းပြားပြားတွေ ထပ်တွေ့ရဦးမလဲဆိုတဲ့ အတွေးနဲ့ ကျွန်တော်နဲနဲတော့ တက်ကြွနေခဲ့သေးတယ်။ သိပ်မကြာပါဘူး ... နောက်ထပ် ထူးခြားတဲ့ မြင်ကွင်းတစ်မျိုးနဲ့ ကျွန်တော်ဝင်တိုးမိပြန်ပါတော့တယ်။

လူတွေ ... လူတွေ ... နေ့ခင်းကြောင်တောင်ကြီးမှာ ဟိုနားတစ်ယောက်၊ ဒီနားတစ်ယောက် ၊ တချို့က လက်နှိပ်ဓါတ်မီးတွေနဲ့ ၊ တချို့က မီးလုံးတပ်ဦးထုပ်တွေနဲ့ ၊ တချို့က မီးအိမ်လေးတွေနဲ့ ဘာတွေကိုလိုက်ရှာ နေကြတယ် မသိပါဘူး။ ကျွန်တော်လည်း အဲဒီ့လူတွေထဲက ဘယ်သူ့ကိုများလှမ်းမေးရရင်ကောင်းမလဲလို့ စဉ်းစားနေတုန်းမှာ သူတို့တွေ အားလုံးကို ကျောက်တုံးကြီးတစ်တုံးပေါ်ကနေထိုင်ကြည့်ပြီး သက်ပြင်းတွေ မပြီးမစီး ချနေတဲ့ အဘိုးကြီးတစ်ယောက် ကိုတွေ့လိုက်တယ်။ သူ့ရဲ့နံဘေးမှာက မီးအိမ်တစ်လုံးနဲ့ တောင်ဝှေးတစ်ချောင်း ...။ ဟိုက်ပိုကလိုက်တပ်စ် ဆိုတဲ့ ပညာရှိကြီးပဲဖြစ်ရမယ်လို့ကျွန်တော်သိလိုက်တယ်။ သူ့ရဲ့မအီမသာ၊ မချမ်းမမြေ့ဖြစ်နေတဲ့ မျက်နှာကြီးကိုကြည့်နေရင်း ခုဏကလူတွေရဲ့အဖြစ်ကို ကျွန်တော်တဖြည်းဖြည်းနဲ့ရိပ်မိလာတယ်။

``သြော် ... သူတို့တွေလည်း အဘလိုပဲ အမှန်တရားကို လိုက်ရှာနေကြတာတဲ့လားဟင် ´´

ကျွန်တော်အဲဒီလိုမေးလိုက်တော့ သူက ကျွန်တော့်ကို ရီဝေေ၀ပြန်ကြည့်ရင်းဖြေတယ်။

``အေးလေကွာ ... ရွဲ့လို့ရွဲ့မှန်းလည်းမသိ ... အဟုတ်မှတ်ပြီးလိုက်လုပ်နေကြတယ်။ အမှန်တရားဆိုတာက ဒီလိုမီးထွန်းရှာရုံနဲ့ ဘယ်တွေ့မှာလဲကွ။ တကယ်တမ်းက ကိုယ့်ကိုယ်ကို အလင်းလက်ဆုံးဖြစ်အောင် ထွန်းညှိနိုင်မှ အမှန်တရားနဲ့ နီးစပ်နိုင်မှာလေ။ ဟင်း ... လွဲချက်ကတော့ဆိုးပါတယ်ကွာ ...´´

ဟုတ်တော့လည်း ဟုတ်တာပဲ။ သူ့အစားကျွန်တော်တောင် ငိုချင်လာတယ်။ ဒီလူတွေလုပ်နေပုံက သူ့ကိုပဲပြန်ပြီး အရွဲ့တိုက်နေသလိုကြီးလေ။

``အဘ ... သူတို့ကတကယ်ယုံယုံကြည်ကြည်နဲ့ ရှာနေကြတာလားဟင်´´

``ဟုတ်တယ်ကွ ... သူတို့တွေ အမှန်တရားကိုရှာနေကြတာပဲ။ ဒါပေမယ့် နည်းလမ်းတွေကလွဲနေတော့ အမှန်တရားကိုမတွေ့ကြပဲ အခြားမလိုလားအပ်တာတွေကိုပဲ တွေ့တွေ့နေကြတာပေါ့။ သူတို့ဟာနဲ့ သူတို့ကတော့ ဟုတ်နေကြတာပါပဲကွာ ´´

သူ့ဒုက္ခကလည်း တော်တော်မသေးပါလားလို့ ကျွန်တော်တွေးမိတယ်။ အခုလို မဟုတ်က ဟုတ်ကဇာတ်လမ်းကို သူကပဲစလှမ်းခဲ့သလိုဖြစ်နေတာကို ...။ နောက်ကျနေပြီဖြစ်တဲ့နောင်တကြီးကို ရင်မှာပိုက်ပြီး သူဆက်လက်ကြေကွဲနေတာနဲ့ ကျွန်တော်လည်း ရှေ့ဆက်ပြီးထွက်လာခဲ့လိုက်တယ်။ ပညာရှိကြီးတွေကိုတော့ တွေ့ပါရဲ့ ဒါပေမယ့် အခြားရွာသားတွေက တော်တော်တုံးကြပါလားလို့ ကျွန်တော်စဉ်းစားမိတယ်။ အဲဒီလိုနဲ့ တစ်နေရာ အရောက်မှာ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ကျွန်တော်လန့်ဖြန့်ပြီး ပါးစပ်အဟောင်းသားဖြစ်သွားတယ်။ လူတွေလေ ... အ၀တ်မပါကိုယ်ဗလာနဲ့ အောင်ပြီ ... အောင်ပြီလို့ အော်အော်ပြီးလျှောက်ပြေးနေကြတာ ရှုပ်ယှက်ကိုခတ်နေတာပဲ။ အဲဒီ့အချိန်မှာပဲ ...

``အမလေးလေး ... ရှက်စရာကောင်းလိုက်တာ ... ရှက်စရာကောင်းလိုက်တာ ... ငါ့မျက်နှာကို ဘယ်နား သွားထားရပါ့မလဲ ´´

ကျွန်တော်အနားမှာ မျက်နှာကိုလက်ဝါးကြီးနဲ့အုပ်ပြီး အလန့်တကြားငိုညည်းနေတဲ့သူကို ကြည့်လိုက်တော့ ... အတွေးအခေါ်ပညာရှင်ကြီး အာခီမိဒိ (Archimedes) ... ။ ကျွန်တော်လည်း ရှက်နေတဲ့သူ့ကိုအားနာနာနဲ့ပဲမေးလိုက်ရတယ်။

``သူတို့တွေက ဘယ်လိုဆန်းသစ်တဲ့အတွေးအခေါ်တွေ၊ တွေ့ရှိချက်တွေကို ဖော်ထုတ်နိုင်လိုက်ကြလို့ အဲဒီ့လို အော်ပြီးလျှောက်ပြေးနေကြတာလဲဟင် ...´´

``ဘာမှလည်း ထွေထွေထူးထူးရှာတွေ့ကြတာမဟုတ်ပါဘူးကွာ ...။ ငါ့ရဲထူးခြားတဲ့ အပြုအမူတစ်ခုကို လိုက်လုပ်နိုင်ရုံနဲ့ ငါ့လိုဖြစ်ပြီလို့ထင်နေကြတဲ့သူတွေလေ။ သူတို့လုပ်မှပဲ ငါလည်း ငပေါကြီးလုံးလုံး ဖြစ်တော့တယ်။´´

ကျွန်တော် သူ့ကိုကြည့်ပြီး နဲနဲရယ်ချင်သွားတယ်။ တခါက သတိလက်လွတ်ဖြစ်ပြီး လွန်လွန်ကျူးကျူး ပျော်မြူးခဲ့မိတဲ့ သူ့ကိုယ်သူ မကျေမနပ်တွေဖြစ်နေတဲ့သူ့ကို ကြည့်ပြီး ပြုံးလိုက်မိတဲ့အတွက် ကျွန်တော် အားတော့နာသွားတယ်။ သူ့ကို ဘာပြောရမှန်းမသိပဲ အူကြောင်ကြောင်နဲ့ ကြည့်နေမိတဲ့ကျွန်တော့်ကိုသူက ထပ်ပြောတယ်။

``ဘယ်အရာကိုမဆို အပေါ်ယံကြောပဲ ရှပ်ပြီးကြည့်တတ်ကြတာ ဒီရွာသားတွေရဲ့အကျင့်ပဲကွ။ ငါနဲ့ ပတ်သက်ရင် ပဲကြည့်လေ ...။ ငါရှာဖွေတွေ့ရှိခဲ့တဲ့ အမှန်တရားတွေမှာ ဆက်ပြီးတွေးစရာတွေ၊ ထပ်ပြီးစူးစမ်း လေ့လာ စရာတွေ အများကြီးကျန်နေသေးတယ်ကွ။ တချို့တွေကတော့ အပေါ်ယံအမြင်တွေမှာတင်ရပ်မနေပဲ ဆက်တွေးကြ၊ ကြံဆကြ၊ တီထွင်ဖန်တီးကြတော့ ငါပေးချင်တဲ့အနှစ်သာရကို အပြည့်အ၀ရကြပြီး အဆင့်အတန်းတွေမြင့် ကုန်ကြတာပေါ့။ ဒီရွာလေးကတော့ မင်းမြင်တဲ့အတိုင်း ဒုံရင်းကဒုံရင်းပဲလေ။ ´´

သူလဲပြောချင်တာတွေပြောပြီး ကျွန်တော့်အနားကနေထွက်သွားတာနဲ့ ကျွန်တော်လည်း ကိုယ့်လမ်းကိုယ် ဆက်လျှောက်လာလိုက်တယ်။ စိတ်ထဲမှာတော့ သံသယတချို့တ၀က်နဲ့အတူ ဒီရွာကို ဘာကြောင့်များ `ပညာရွာ´လို့ နာမည်ပေးထားတာလဲမသိဘူးလို့ စဉ်းစားနေမိတယ်။ ကျွန်တော် အဲဒီ့လိုစဉ်းစားနေတုန်းမှာပဲ လူတစ်ယောက်က ကျွန်တော့်ကို ၀င်တိုက်လိုက်လို့ ကျွန်တော်ဖင်ထိုင်ရက်ကြီးလဲကျသွားတယ်။ ကျွန်တော်လည်း ကမမ်းကတန်းပြန်ထပြီး ၀င်တိုက်တဲ့သူကို ရန်တွေ့မလို့လှမ်းကြည့်လိုက်တော့ သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်း(Estein)ဖြစ်နေတယ်။

``ဟာ ... အန်ကယ်က အိုင်းစတိုင်းမဟုတ်လား ... ဘာတွေဖြစ်လာတာလဲဗျ ...´´

ကျွန်တော်ကအဲဒီလိုမေးလိုက်တော့ သူက ခေါင်းညိတ်ပြပြီး မောကြီးပမ်းကြီးနဲ့ပြန်ဖြေတယ်။

``ဟုတ်တယ် ... ငါကသူတို့ကို သိပ္ပံပညာရှင်တွေအဖြစ်နဲ့ လောကကောင်းကျိုးဆောင်ရွက်နိုင်အောင် ရှေ့ဆောင်လမ်းပြခဲ့တယ်။ အခု သူတို့က အဏုမြူဗုံးတွေပဲထွင်ပြီး တစ်ယောက်တစ်လုံးစီဆောင်ထားကြတယ်။ အဲဒါကြောင့် ငါလဲ သူတို့နားမှာမနေရဲတော့လို့ထွက်ပြေးလာတာကွ ...´´

သူလဲ ကျွန်တော့်ကိုရှင်းပြပြီးတာနဲ့ ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင် ဆက်ပြေးသွားတယ်။ ပထမတော့ ကျွန်တော်လည်း သူ့နောက်ကလိုက်ပြေးရရင်ကောင်းမလားလို့စဉ်းစားမိသေးတယ်။ နောက်တော့မှ ... ဒီရွာသားတွေ ကိုယ့်အသက်ကိုမနှမြောပဲနဲ့တော့ မိုက်ရူးရဲမလုပ်လောက်ပါဘူးလို့တွေးပြီး လေ့လာရအောင်ဆက်လျှောက် လာခဲ့တယ်။ အိုင်းစတိုင်းပြောသွားသလိုပါပဲ ... ရွာသားတွေက ခင်ခင်မင်မင်ရှိကြပေမယ့် အားလုံးလိုလိုရဲ့လက်ထဲမှာ လက်တစ်ဆုပ်စာ အဏုမြူဗုံးလေးတွေ ကိုင်ထား ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက်နှုတ်ဆက်ရင်တောင် လက်နှစ်ဖက်နဲ့ လှိုက်လှိုက်လှဲလှဲ ပွေ့ဖက်နှုတ်ဆက်လို့မရကြဘူး။ အဏုမြူဗုံးတွေကိုင်ထားတဲ့လက်တွေကို နောက်ပစ်ပြီး ကျန်လက်တစ်ဖက်တည်းနဲ့ လက်ဆွဲနှုတ်ဆက်ကြတယ်။ အဲဒါနဲ့ ကျွန်တော်လည်း သူတို့တွေ ဘယ်လိုစိတ်ထားတွေကြောင့်များ ဒီလိုမျိုးဖြစ်နေကြရတာလဲဆိုတာကို သိချင်လာတာနဲ့ ... အနီးဆုံး လူတစ်ယောက်ကို လှမ်းမေးလိုက်တယ်။

``ဟေ့လူ ... ခင်ဗျားတို့ဟာက မဟုတ်သေးပါဘူးဗျာ ... ခင်ဗျားတို့ကိုကြည့်ရတာ အင်္ဂါမစုံတဲ့ ရင်းနှီးမှုတွေနဲ့ တစ်ယောက်ကိုတစ်ယောက် နောက်ပြောင်ကျီစယ်နေကြသလိုတောင်ဖြစ်နေပြီ ... ဘယ်လိုဖြစ်ကြတာလဲဗျာ ...´´

ကျွန်တော်က အဲဒီလိုပြောတော့ သူကတစ်ခွန်းမခံပါဘူး။ ကျွန်တော့်ဘက်ကို ဒေါကြီးမောကြီးနဲ့လှည့်လာပြီး အဏုမြူဗုံးကြီးတမြှောက်မြှောက်နဲ့ ကျွန်တော့်ကိုရှင်းပြပါတယ်။

``မင်းဘာနားလည်လို့လဲကွ ... လူဆိုတဲ့အမျိုးက ဘယ်လောက်ပဲခင်မင်ရင်းနှီးတယ်ပြောပြော ယုံရတာ မဟုတ်ဘူးကွ။ တစ်ခါတစ်ခါ ... ကိုယ့်ဒူးခေါင်းနဲ့ကိုယ်ပြန်တိုက်မိပြီး နှုတ်ခမ်းပေါက်တဲ့အဖြစ်မျိုးတောင် ရှိသေးတယ် မဟုတ်လားကွ။ အဲဒီ့တော့ ကိုယ့်ကိုယ်ကိုကာကွယ်နိုင်ဖို့ အကောင်းဆုံးပြင်ဆင်ထားတာ မမှားပါဘူးကွာ´´

တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုကင်းမဲ့နေတာကို ဒီလိုနည်းနဲ့ဖြေရှင်းလို့မရဘူးဆိုတဲ့အကြောင်း ...။ သံသယတွေကို ယုံကြည်မှုအသွင်ပြောင်းနိုင်မှ အနာဂတ်ဆက်ဆံရေးလမ်းကြောင်းတွေ ဖြောင့်ဖြူးနိုင်မယ်ဆိုတဲ့အကြောင်း ...။ ကာကွယ်ဖို့ ကာကွယ်ဖို့နဲ့ အင်အားကြီးမားလာတဲ့အခါ အနိုင်ကျင့်မှု၊ ဗိုလ်ကျမှု၊ ကျူးကျော်ရန်စလိုမှုတွေ ဖြစ်လာနိုင်တဲ့အကြောင်း စတဲ့ ... စတဲ့ ... အကြောင်းတွေ သူ့ကိုကျွန်တော်မပြောပြဖြစ်ခဲ့ပါဘူး။ တော်တော်ကြာ ပြောပြလိုက်လို့ ဒေါပွသွားပြီး သူ့လက်ထဲက အဏုမြူဗုံးကြီးနဲ့ ဆုံးမလွှတ်လိုက်မှ ဒုက္ခဖြစ်နေဦးမှာကို တွေးမိတာနဲ့ ကျွန်တော် သူတို့ကိုထားပြီး အိုင်းစတိုင်းရဲ့လမ်းစဉ်အတိုင်း ဝေးရာကိုပြေးထွက်လာခဲ့လိုက်တယ်။

အဲဒီလိုနဲ့ တစ်နေရာကိုအရောက်မှာ သူကိုယ်တိုင်ဖြတ်ပစ်ခဲ့တဲ့နားရွက်ကို သူ့ဖာသာသူ ပြန်တပ်ဖို့ကြိုးစား နေတဲ့ ဗင်းဆင့်ဗန်ဂိုး (Vincent Vangoe)နဲ့သွားတွေ့တယ်။ ကျွန်တော် အနားကပ်သွားတာတောင် ဂရုမစိုက်နိုင်အားပဲ နားရွက်တစ်ဖက်နဲ့ အလုပ်တွေရှုပ်နေတဲ့ သူ့ကို ကျွန်တော်ကပဲ စကားစလိုက်တယ်။

``ကိုဗန်ဂိုးကြီး ... ဘယ်လိုဖြစ်နေတာလဲဗျ ... အခုမှ နားရွက်ကိုပြန်တပ်ချင်စိတ်တွေပေါက်နေပြီလား´´

``နောင်လာနောင်သားတွေ အတုခိုးမှားကြမှာစိုးလို့ဟေ့ ...။ နုံနုံအအရွာသား ငတုံးတွေကတော့ နားရွက်တွေ မရှိကြတော့ဘူးကွ´´

သူပြောမှ ဘေးဘီဝဲယာကိုကျွန်တော်အကဲခတ်ကြည့်လိုက်တော့ ... ဟုတ်သားပဲ ... နားရွက်တစ်ဖက်ပြတ်နဲ့ ရွာသားတွေ ... မှင်နဲ့ မောင်းနဲ့ ဗန်ဂိုးစတိုင်ဖမ်းနေလိုက်ကြတာ သူတို့ကိုကြည့်ပြီး ကျွန်တော် တော်တော်ရယ်ချင် သွားတယ်။ ရွာသားတွေကတော့ ဘယ်လိုသဘောနဲ့ နားရွက်တွေဖြတ်ကြတယ်ဆိုတာကို ကျွန်တော်စိတ်မ၀င်စားပေမယ့် ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးဗန်ဂိုးကိုတော့ တွေ့တုန်းတွေ့ခိုက်လေး ဘာ့ကြောင့် နားရွက်ဖြတ်ပစ်ရတာလဲဆိုတာမေးကြည့်ဖို့ ကျွန်တော်စဉ်းစားမိလိုက်တယ်။

``ဒါနဲ့ ... ခင်ဗျားက ... ဘာဖြစ်လို့ကိုယ့်နားရွက်ကိုယ် ဖြတ်ပစ်လိုက်ရတာလဲဗျ ...´´

``ဒီလိုပါပဲကွာ ... အချို့စကားလုံးတွေကိုလည်း မကြားချင်၊ သူတို့ရဲ့ပါးစပ်တွေကို ပိတ်ပစ်နိုင်ဖို့ကလည်း မတတ်နိုင်တော့ ... ကိုယ့်နားရွက်ကိုယ်ဖြတ်ပစ်လိုက်တာပဲကောင်းပါတယ်ကွာလို့ ဂွကျကျတွေးမိလို့ပါ။ ဒါပေမယ့် ... နားရွက်ဖြတ်ပစ်လိုက်တာ အသံတွေကိုတားမြစ်နိုင်ခြင်းမှမဟုတ်တာပဲကွ။ နာတာပဲ အဖတ်တင်တာပဲ ...။ အဲဒါကြောင့်လည်း ငါနောက်နားရွက်တစ်ဖက်ကို ဆက်မဖြတ်တော့တာပေါ့ ´´

သူပြောတာကိုကြားတော့ ကျွန်တော်ပြုံးစိစိဖြစ်သွားတယ်။ နောင်တအရမြန်ပေလို့တော်သေးတယ်လို့လဲ စဉ်းစားမိတယ်။ နို့မို့ဆို ... နားရွက်လုံးဝမရှိတဲ့ သတ္တ၀ါကြီးဆိုပြီး ဒီ့ထက်တောင်နာမည်ကြီးသွားနိုင်သေးတယ်။ အဲဒီလိုနဲ့ ကျွန်တော်သူ့ကိုထားခဲ့ပြီး ပြန်ရင်ကောင်းမယ်ဆိုတဲ့အတွေးနဲ့ နောက်ကြောင်းပြန်လှည့်လာခဲ့တယ်။ လမ်းတစ်လျှောက်လုံးမှာ ကျွန်တော်စဉ်းစားတယ်။ ဒီရွာလေးက ရွာသားတွေဘာလို့များ ဒီလိုဖြစ်နေကြ ရတာလဲလို့ ...။ သေချာတာတစ်ခုကတော့ သူတို့တွေအားလုံး နာမည်ကြီးချင်ကြတယ်၊ ပညာရှိကြီးတွေ ဖြစ်ချင်ကြတယ်။ နောက်ပြီး သူတို့အားလုံး ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတွေကို အတုခိုးကြတယ်။ ဒါပေမယ့် ... သူတို့လုံးဝမစဉ်းစားမိတာတစ်ခုက ကမ္ဘာကျော်ပညာရှိကြီးတွေ၊ အောင်မြင်ကျော်ကြားကြသူတွေ အားလုံးဟာ နာမည်ကြီးချင်တဲ့စိတ်၊ အောင်မြင်ကျော်ကြား ချင်တဲ့စိတ်တွေနဲ့ ကြိုးစားခဲ့ကြတာမဟုတ်ပဲ သူတို့အလုပ်ကိုပဲ သူတို့ အကောင်းဆုံးဖြစ်အောင်လုပ်ခဲ့ကြတယ် ဆိုတာပဲ။

ကျွန်တော့်ရဲ့အပြန်လမ်းမှာ တစ်နည်းမဟုတ်တစ်နည်း လွဲချော်နေကြတဲ့ ရွာသားတွေနဲ့ ပြန်တွေ့ပါသေးတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့အတွေးစတွေအကြောင်း သူတို့ကို ကျွန်တော်မပြောဖြစ်ခဲ့ပါဘူး။ တိတ်တိတ်လေးပဲ ကျွန်တော့်ကို စောင့်နေတဲ့ လေယာဉ်ကြီးပေါ်ကိုပြန်တက်ပြီး `ပညာရွာ´ လေးကို လက်ပြနှုတ်ဆက်လိုက်တယ်။ အဆင်ပြေရင်တော့ ရွာသားတွေနဲ့ စကားပြောဖို့ ဒီရွာလေးကို နောက်ထပ်တစ်ခေါက်ထပ် လာချင်ပါသေးတယ်။

နေဘုန်းလတ်

Monday, October 15, 2007

အတောင်ပံတွေရဲ့လမ်း

အတောင်ပံတွေရဲ့လမ်း
သူ၏အချိန်နာရီများ အဓိပ္ပါယ်မဲ့နေရသည့်အဖြစ်ကိုသူမသက်မသာထိုင်ကြည့်နေရသည်။ ပြင်းရိ ဖွယ် ကောင်းလှသည့် ပတ်ဝန်းကျင်ကသူ့စိတ်နှင့် သဟဇာတမဖြစ်ခဲ့။ ငွေကလွဲလို့ ကျန်တာဘာမှမရတဲ့ အလုပ်ဟာ အလကားပဲဆိုသည့်စကားကို သူအခါခါကြားနေမိသည်။ အဲဒီ့လိုတော့ သူအဖြစ်မခံနိုင်ပါ။ ကံကြမ္မာက ဖန်တီးပေးလိုက်သော အခြေအနေတစ်ခုတွင် အံဝင်ခွင်ကျဖြစ်နိုင်ရန်အတွက် သူ ရေလိုကျင့်ဖို့ ကြိုးစား ရပေတော့မည်။ ပုံစံခွက်အမျိုးမျိုးတို့တွင် လဲလှယ်ထည့်သွင်းခြင်းခံခဲ့ရသော ရေစင်တို့ ညစ်ညမ်းဖိတ်စင်သွားကြရသည့် အဖြစ်များကို သူမြင်ဖူး၊ ကြားဖူးခဲ့သည်။ သူကတော့ အမြဲတမ်း အေးမြသန့်စင် ချင်ခဲ့တာ အသေအချာပင်။ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် ပျော့ပြောင်းကွေးညွတ်ပေး နေရင်းက ပုံသဏ္ဍာန်အမှန်ကို ပြန်မရနိုင်တော့သည့် ဖလက်စေဘယ် (Flexible) ဖြစ်လွန်းသူများနှင့်လည်း သူဆုံဖူးခဲ့သည်။ သူကတော့ မြွေတစ်ကောင်ထက် မြားတစ်စင်းပိုဖြစ်ချင်ခဲ့သူဖြစ်သည်။ လမ်းကြောင်းတွေ ဘယ်လောက်ပဲ ရှည်လျားရှည်လျား ပစ်မှတ်စီကိုတော့ တစ်နေ့အရောက်သွားမည်ဟု သူယုံကြည်မျှော်လင့် ထားခဲ့သည်။ မျှော်လင့်ခြင်းများစုဝေးရာ အရပ်တစ်ခုတွင် သူယုံကြည်ရာကောင်းကင်က ဖြူစင်လင်းမြနေ လိမ့်မည်။ သူနှလုံးသား၏ အနက်ရှိုင်းဆုံးတစ်နေရာ၌ တိတ်တိတ်ကလေး ၀င်းပနေသည့် အနုပညာအလင်း တစ်စကို သူတယုတယထိန်းသိမ်းစောင့်ရှောက်ရပေမည်။ သူမျှော်ရည်ရာတစ်နေ့နေ့ကို အနာဂတ်ထဲတွင် သူတွေ့ကိုတွေ့ရမည်။
အရှင်သန်ဆုံးအပင်တစ်ပင်အတွက် အနက်ရှိုင်းဆုံးတွင်းတစ်တွင်းလိုအပ်ကောင်း လိုအပ်လိမ့်မည် ဟု သူတွေးသည်။ မြေကြီးများပိတ်လှောင်နေသည့် လေးဖက်လေးလံနံရံများက သူ့ကိုခြောက်ခြားစေကြတာ တော့အမှန်ပင် ...။ ရင်ထဲကမျိုးစေ့ကို အဆင့်အတန်းမြင့်မြင့် ပျိုးချင်နေသည့်စိတ်က သူ၏ အားငယ်ပျော့ညံ့မှု များကို ခါချသည်။ ဒီလိုနှင့်ပဲ ... သူ အနက်ရှိုင်းဆုံးထိုးဆင်း ခဲ့သည်။ လူတို့၏ သတ်မှတ်ချက် များတွင် သူ သုညအဆင့်ကမတက်ခဲ့ပေ။ အမြင့်ကိုတိုင်းချင်သူများကြားမှာ သူက ဘ၀ကိုအလျားလိုက် ဖြန့်ခင်းချလိုက်မိ ခြင်းကြောင့်ဖြစ်မည်။ မိုးသို့မျှော်ကြသူများ သူ့ကိုမြေပြင်နှင့်မှား၍ နင်းဖြတ်သွားကြသည်။ သူနားနှင့် မဆံ့အောင် ကြားခဲ့ရသည့် ဟားတိုက်ရယ်မောသံများ တဖြည်းဖြည်းနှင့် ပါးလျသွားပေလိမ့်မည်။ မပြည့်စုံ သည့်အပြုံးတစ်စကို စနစ်တကျတပ်ဆင်ရင်း သူ အားလုံးကိုကျောခိုင်းခဲ့သည်။ ``ငါ ... ပြန်လာမှာပါ ´´ သူ၏ ရင်ထဲကကြုံးဝါးသံကို သူတို့တွေဘယ်လိုမှ ကြားနိုင်မည်မထင် ...။ ``အတောင်ပံတွေရှိတာခြင်းတူရင် ငါကတော့ ငှက်တစ်ကောင်ပဲဖြစ်ချင်တယ်´´။ သတ်မှတ်ထားပြီးသားလမ်းမှာ ထပ်ခါထပ်ခါပျံသန်းနေရသည့် လေယာဉ်ပျံကြီးကသူကို စကားမပြန်ပေ။ ပြောချင်ရက်နဲ့ မပြောရပါများတဲ့အခါ ပါးစပ်တွေဟာ စွန့်အသွားတတ်ပါသလား။ သူစဉ်းစားသည် ...။ သူစဉ်းစားသည်။ အသံမပါသော စကားလုံးများစွာက သူ့ကိုအဖြေတွေတလဟော သွန်ထုတ်ပြကြ၏။ သူကတော့ ... တိတ်ဆိတ်ခြင်းတွေနဲ့ နေသားကျနေခဲ့သော ဘ၀များအတွက် အသံတွေကိုနှမြောနေခဲ့မိသည်။ ကျောက်တောင်ကိုပေါက်ဖို့ပန်းတွေ သူ့ရင်မှာအပြိုင်းအရိုင်းဝေနေသည်။ ကျောက်တောင်ကိုပန်းနဲ့ သွားပေါက်လို့ကတော့ ဘာမှဖြစ်လာမှာမဟုတ်ဘူးဟုပြောကြ၏။ ပန်းနဲ့ပေါက်သူတွေများလာတဲ့အခါ ကျောက်တောင်က ပန်းတောင်ဖြစ်သွားနိုင်သည်ပဲလေ။ သူအများကြီးရှင်းပြမနေချင်တော့ပါ။ သေးငယ်လွန်း လှသော သဲမှုန်ကလေးများ၏အင်အားက ပင်လယ်ကြီးကိုအနားသတ်ပေးနေကြသည်လေ။ သူအများကြီး ရှင်းပြမနေချင်တော့ပါ။
အရာရာကိုစတေးခဲ့ပြီးမှ ရခဲ့သောတစ်စုံတစ်ခုသည်လည်းစတေးခံပစ္စည်းတစ်ခုပင်ပြန်ဖြစ်သွားလိမ့် မည်ဟု သူတစ်ခါမှ တွေးမထားခဲ့ဘူးပေ။ လောက က အမှန်တရားတွေကို တစ်ခုခြင်းစီခြွေချပြီး သူ့ကို သင်ခန်းစာတွေပို့ချနေရော့သလား ...။ ရင်ထဲက မျိုးစေ့လေးပျောက်ဆုံးမသွားတော့ရုံတမယ် သူအရာရာ ကို ဆုံးရှုံးခဲ့ရပြန်ပြီလေ။ တစ်ကပြန်စရပါများတဲ့ဘ၀မှာ တစ်ခါတစ်ခါ ကျတော့လည်း ကိန်းဂဏန်းများကို ဘေးချထားခဲ့ချင်သည်။ နောက်တစ်ခါ လူဖြစ်ခွင့်ရလျှင် အစာအိမ်ကိုထုတ်ထားခဲ့ပေးဖို့ အဘယ်နတ်ဘုရား ထံ သူတောင်းပန်ရမည်နည်း။ အမှောင်မိုက်ဆုံးနေရာအရောက်မှာ မီးအိမ်ကလေးငြိမ်းခဲ့ရသည့်အဖြစ်ပင်။ ကံကြမ္မာကအဆိပ်သုတ် ထားသောနှုတ်ခမ်းနှင့် သူ့ကိုလာလာနမ်းတိုင်း သူဘ၀တစ်ခုလုံး ပြာနှမ်းသွားတတ်သည်။ အရူးမီးဝိုင်းသည် ဟု သူ့ကိုပြောကြသူများရှိသည်။ မီးမ၀ိုင်းသူများကို သူ လက်ညှိုးထောင်ခိုင်းချင်သည်။ ကိုယ့်စိတ်ဓါတ်ကို ကိုယ်ပြန်ဆွဲတင်နေရသည်နှင့်ပင် သူ့အတွက်အတော်ကို ပင်ပန်းနေခဲ့ပြီ။ ကောင်း၎ပါး၊ ဆိုး၎ပါးရှိသော လောကဓံတရား တွေက သူ့ဆီကို အဆိုးတွေချည်းစုပြီးများရောက်လာကြသလား ...။ နာကျင်ခြင်းအမျိုးမျိုး တို့တွင် ရင်ထဲကအနာက အဆိုးဆုံးဖြစ်လိမ့်မည်။ သကြားအုပ်ထားသည့် ဆေးခါးများကလည်း အနာကို ခဏတာမျှသာ သက်သာစေကြ၏။ ဘာပဲဖြစ်ဖြစ် ... သူပြန်ထရမည်။ အဲဒိ့ကံကြမ္မာဆိုတာကို မျက်ရည် ကလွဲလို့ ကျန်တာသူဘာမှ မပေးနိုင်...။ တသောသောဝင်လာမယ့် ဘ၀အမောတွေ ခဏလောက် အိပ်စက်နေပါဦးကွယ်...။
အမှောင်တွေခင်း ထားတဲ့လမ်းမှာ စမ်းတ၀ါးဝါးလျှောက်နေရင်း သူ့စိတ်တွေ တဖြေးဖြေးလင်းလာသည်။ လျှောက်ပါ ... ဆက်လျှောက်စမ်းပါ... ဘယ်သူမှမလျှောက်ကြလည်း မင်းလမ်းမင်းဖောက်ပြီး မင်းတစ်ယောက်တည်း ဆက်လျှောက်စမ်းပါ။ ဘယ်သူမှမပြောတဲ့စကားကို သူနားနှင့်ဆက်ဆက်ကြားနေရ၏။ ခြေလှမ်းတွေကို သယ်ဆောင်ဖို့အားတွေ သူ့နှလုံးသားထဲကစီးဆင်းလာကြသည်။ သူတစ်စုံတစ်ခုကို ခပ်ဝါးဝါး လှမ်းမြင်နေရ ပြီ။ မျှော်လင့်ခြင်းအလင်းများနှင့်သက်ဝင်လှုပ်ရှားလာသည့်ကောင်းကင်က သူ၏ပျံသန်းချင်စိတ် များကို တို့ထိနှိုးဆွ၏။ အတောင်ပံတွေကိုတဖြန်းဖြန်းခတ်ရင်း သူ့ကိုယ်သူ လေထုထဲပစ်သွင်းကြည့်ချင်သည့် စိတ်များ ပေါ်လာသည်။ တိမ်ညစ်တွေကိုတိုးမိသည့် အမြင့်ပျံငှက်များ သူ့ရှေ့သို့တဖုတ်ဖုတ်ပြုတ်ကျလာ ကြ၏။ ကောင်းကင်တနံတလျားမှာ အဲဒီ့တိမ်ရောင်စုံတွေခမ်းနားနေကြပုံက ပြာလွင်ရှင်းသန့်ခဲ့ဖူးသည့် ကောင်းကင်ကို တသသလွမ်းစေသည်။ သူအနှစ်နှစ်အလလပြုစုပျိုးထောင်ယူခဲ့ရသည့် အတောင်ပံများကို တိမ်ညိုညစ်တွေက လွယ်လင့်တကူ တိုက်စားသွားကြမည်လား ...။ အခြေခံမြေထုကို အနက်ရှိုင်းဆုံး ထိုးဖောက်ပြီး မြင့်မားစွာ ရှင်သန်ကြီးထွားလာခဲ့သည့် သစ်ပင်က သူ့အရုဏ်ဦးအလှကို အပြည့်ဝဆုံးဖြစ်စေ သည်။ အသီးအပွင့်တွေ အလျှံအပယ်ပွင့်ဝေပစ်လိုက်ဖို့အတွက် သူအမွန်မြတ်ဆုံးစိတ်ကူးထားခဲ့ပြီးဖြစ်သည်။ မပွင့်ခင်ကြွေခဲ့ရသော ပန်းများနှင့် မမှည့်ခင်အခြွေခံခဲ့ရသော အသီးများက သူ့အတွေးစများကို ရှည်လျားစေကြ၏။ သူ့ရင်ခုန်သံများနှင့်ရင်းနှီးစိုက်ပျိုးခဲ့ရသည့် သစ်တစ်ပင်၏အသီး၊ အပွင့်များကို လေညစ်တွေကခြွေ၊ လူညစ်တွေကကြွေစေကြမည်လား ...။ သံစဉ်ညီနေခဲ့သော ရင်ခုန်သံစည်းချက်များက အတွေးများကြောင့် ကစဥ့်ကလျားဖြစ်ကုန်၏။ အားအင် အပြည့်စိမ့်ဝင်နေသည့် ပထမဆုံးခြေလှမ်းကိုပင် သူအခုအထိမကြွနိုင်ခဲ့သေး ...။ ဒီလိုနဲ့ပဲ ... ဝေးကြရ တော့မည်လား အဖြူရောင်ဆန္ဒတို့ရယ်။
အဝေးဆုံးအရပ်မှ ပြေးလာခဲ့ရ၍ အမောမပြေသေးသော သူ့ကို လောကမှော်ရုံတောက အမောတွေထပ်ပေးပြန်ပြီလေ။ နိုးလျက်နှင့်အိပ်နေကြသူများက မိုးခါးရေအတူသောက်ကြဖို့ သူ့ကိုလက်တို့ကြ၏။ သူကတော့ မျက်ကွယ်ပြုကျောခိုင်း ခပ်ရိုင်းရိုင်းပဲနေခဲ့သည်။ မြေမှုန်လက်တစ်ဆုပ်စာကို ကောက်ယူနမ်းရှိုက်ရင်း သူ့ စိတ်တွေကို အပြတ်သားဆုံးရှင်းထုတ်လိုက်သည်။ သူနိုးထကြီးပြင်းခဲ့သော ဤမြေပြင်တွင်ပဲ သူရုန်းကြွ ရှင်သန်ချင်သည်။ လေယာဉ်ပျံသံတ၀ူးဝူးက သူ့ကိုဤမြေမှ သယ်ဆောင်ယူသွားကြဖို့စိုင်းပြင်းနေကြ၏။ ခက်သည်က သူ့နှလုံးသား၏ တောင့်တရာသည် နံနက်တိုင်းရထားဥသြသံများဖြင့် ဝေစီနေတတ်သည့် ဤမြို့လေးဖြစ်နေခြင်းပင်။ အပြန်လက်မှတ်မပါပဲ ဤမြိုလေးမှသူမခွာရဲတော့ပါ။ ရွှေပုံပေါ်မှာတစ်ယောက် တည်း နေနေရခြင်းထက် မြေပြင်ပေါ်ဒူးထောက်ပြီး အမျိုးကောင်းသားများနှင့်အတူ ထမင်းရည်ပူပူကို သောက်မည်။ ရင်ခွင်မှာ ကွက်လပ်တွေအပြည့်အသိပ်နှင့် သူအထွတ်အထိပ်သို့မရောက်ချင်ပါ။ ကြည်နူးမှု တွေပြည့်ဝေနေသည့် နှလုံးသားတစ်စုံနှင့် ဘ၀များ၏လိုအပ်ချက်များကိုလိုက်ဖြည့် သူ့မေတ္တာတရားနှင့် ချမ်းမြေ့ချင်သည်။ ငါ့ကိုထားခဲ့ပြီး ... မင်းပျံပါတော့ လေယာဉ်ကြီးရယ်။ လောကအလိုကျ သူကပြခဲ့ပြီးသည့် အတိတ်နေ့အပိုင်းအစများရှိခဲ့ဖူးသည်။ ဤမျှနှင့် ကျေနပ်သင့် ပြီလေ။ သိပ်မကျန်တော့သည့် အနာဂတ်နေ့များသည်သူ့စိတ်ဝိဥာဉ်၏စေလိုရာအတိုင်းသာ ဖြစ်သင့်သည် မဟုတ်လား။ ရေဆန်မှာလည်းကူးခဲ့ပြီးပါပြီ၊ လေဆန်မှာလည်း ပျံခဲ့ပြီးပါပြီ။ အခုတော့ ဆန္ဒများနှင့်အတူ လွတ်လပ်ခြင်းရှိရာသို့ သူပျံချင်ပြီ။ အဖြူရောင်တွေ ကိုယ်မှာလိမ်းသုတ်ပြီး ဘ၀များကိုပွေ့ဖက်နှုတ်ဆက်မည်။ တတ်စွမ်းသမျှ အသိအမြင်နှင့် ကောင်းကင်ကိုပြာလွင်သန့်စင်စေမည်။ အနုပညာသစ်ပင်တွင် အလင်းပွင့်တွေပွင့်ဝေစေရင်း အမှောင်များကို တတိတိခွင်းမည်။ တစ်နေ့နေ့တွင် အက်ဆစ်တိမ်ခိုးတို့လွင့်ပျောက် ကြည်လင်သောမိုးစက် မိုးပေါက်တို့နှင့် ဤမြေသည် စိုပြည်ငြိမ်းချမ်းခြင်း အဖြစ်သို့ရောက်ရမည်။
သူ ... ယုံ ... ကြည် ... ခဲ့ ... သည် ...
သူ ... ယုံ ... ကြည် ... သည် ...
သူ ... ယုံ ... ကြည် ... နေ ... ဦး ... မည် ...။
နေဘုန်းလတ်

Wednesday, October 10, 2007

ငြိမ်းချမ်းရေး ...

ငြိမ်းချမ်းရေးဆိုတာ ဒီလိုတည်ဆောက်ယူမှရနိုင်မှာတဲ့လားဗျာ ...


ကျွန်တော်တို့လိုချင်တာ ဒီလိုငြိမ်းချမ်းရေးမျိုးပါ ...။