The Ladies အိမ်ရှင်မဂျာနယ်မှာ ဖော်ပြခံခဲ့ရတဲ့ ၀တ္ထုတိုလေးပါ။
နိုင်ငံတကာရုပ်သံလိုင်းတွေများစွာထဲမှာ
ယုံချင်ယုံ မယုံချင်နေ (Believe it or not) ဆိုတဲ့ ချန်နယ်တစ်ခု ရှိတယ်။ ကြည့်ဖူးတဲ့သူတွေကတော့
သိကြပါလိမ့်မယ်…။ အဲဒီချန်နယ်မှာ ယုံဖို့ခက်တဲ့ တကယ့် အဖြစ်အပျက်လေးတွေ အကြောင်း ရိုက်ပြတတ်တယ်ဆိုတာကိုလေ…။
အခုလို စကားဦးသန်းနေရတာကလဲ အကြောင်းရှိပါတယ်…။ ကျွန်တော့်မှာ ခင်ဗျားတို့အားလုံုး
ပြောပြချင်တဲ့ ကိုယ်တွေ့အဖြစ်အပျက်တစ်ခု ရှိတယ်…။ ပြီးတော့ ကျွန်တော်က ပြောပြတဲ့အခါမှာလဲ
ခင်ဗျားတို့ ယုံကြည်ဖို့ ခက်နေလိမ့်မယ်…။ အဲဒါကြောင့် ကျွန်တော်ရေးပြတာတွေကို ဆက်ဖတ်တဲ့အခါ
အထက်မှာ ကျွန်တော် စကားဦးသန်းခဲ့သလိုပဲ ယုံချင်ယုံ မယုံချင်နေဆိုတဲ့ တီဗွီချန်နယ်လေးကို
ရုပ်လဲမမြင် အသံလဲ မကြားဘဲ စကားလုံးတွေကို ဖတ်ရှုပြီး ခံစားနေရတယ်လို့ သဘောထားပေးဖို့ပါ…။
ပြီးရင် အဲဒီရုပ်သံလိုင်းရဲ့ အမည်လေးအတိုင်း ယုံချင်လဲ ယုံလိုက်… မယုံချင်လဲ နေလိုက်ပေါ့ဗျာ…။
ပြောရရင်တော့ အိပ်မက်တစ်ခုကနေ စ,ရမှာပဲ…။
အိပ်နေတုန်း မြင်မက်လို့သာ အိပ်မက်လို့ ခေါ်လိုက်ရတာ…။ တကယ်တမ်း အဲဒီညက ကြုံလိုက်ရတဲ့
မြင်မက်မှုရဲ့ ပြတ်သားထင်ရှားနေပုံမျိုးက တကယ်အပြင်မှာ ဖြစ်နေခြင်းနဲ့ ဘာမှမခြားသလိုပဲ…။
အဲဒီညတုန်းကတော့ အဲဒီအိပ်မက်ဟာ အိပ်စက်ခြင်း နယ်နိမိတ်ထဲကနေ ရှင်သန်နိုးထခြင်း နယ်ပယ်ထဲအထိ
ကူးစပ်နွယ်ယှက်လာလိမ့်မယ်လို့ ကျွန်တော် ဘယ်ထင်ခဲ့မှာလဲဗျာ….။ အိပ်မက်ဆိုတာက အိပ်မက်ပဲ
မဟုတ်လား…။ ထားပါ… ။ အိပ်မက်အကြောင်းကို ဆက်ရရင် ကျွန်တော်တစ်ယောက်တည်း ရှိနေတယ်ဆိုတာ
သေချာလွန်းမက သေချာတဲ့ အခန်းလေးထဲမှာ သူ့ကို တွေ့လိုက်ရတယ်။ သူဟာ လူတစ်ယောက်ပဲ…။ ဒီအခန်းလေးထဲမှာ
ကျွန်တော်တစ်ယောက်တည်း ရှိနေတယ်ဆိုတဲ့ အမှန်တရားဟာ ဘယ်လောက်ပဲ သေချာခဲ့ပါတယ်ပြောပြော…
အဲဒီအခန်းလေးထဲကို အခြားသူတစ်ယောက်ယောက်က အချိန်မရွေး ရောက်လာနိုင်ပြီး အဲဒီသေချာမှုကို
ဖျက်ဆီးပစ်လိုက်နိုင်တာပဲ…။ ဟုတ်တယ်… အဲဒါကို ကျွန်တော် လက်ခံတယ်။ အဲဒီလိုမျိုး ဖြစ်နိုင်ချေကိုလဲ
ကျွန်တော် မျှော်လင့်ထားပြီးသားပါ…။ ဒါပေမယ့်… အခုဟာက…။ ကျွန်တော် တွေ့လိုက်ရတဲ့သူက
အခြားသူမဟုတ်ဘဲ ကျွန်တော်ကိုယ်တိုင် ဖြစ်နေတာပဲ…။ ဒီနေရာမှာ နည်းနည်းထပ်ရှင်းဖို့ လိုလိမ့်မယ်ထင်တယ်။
ကျွန်တော်နေရတဲ့ အခန်းလေးထဲမှာ မှန်မရှိဘူး…။ အဲဒီတော့ ကျွန်တော့်ကို ကျွန်တော် မှန်ရဲ့အကူအညီနဲ့
ပြန်မြင်ခွင့်မရှိဘူး။ ဒါပေမယ့် အခု ကျွန်တော်က ကျွန်တော့်ကို ပြန်တွေ့နေရတယ်ဆိုတော့…
ဒါ… မဖြစ်နိုင်ဘူး…။ တကယ်တမ်းကျတော့ သူက သူ၊ ကျွန်တော်က ကျွန်တော်ပဲ…။ ကျွန်တော်ကိုယ်တိုင်ရဲ့
အရှိတရားက သူဟာ ကျွန်တော်မဟုတ်ဘူးဆိုတဲ့ အဖြေပဲ…။ အဲဒီတော့ ခုနကပြောခဲ့တဲ့ စကားကို
ပြန်ပြင်ပြောရရင် ကျွန်တော်တွေ့လိုက်ရတဲ့သူက အခြားသူမဟုတ်ဘဲ ကျွန်တော့်မျက်နှာနဲ့လူ
ဖြစ်နေတယ်ဆိုရင် ပိုမှန်လိမ့်မယ်…။ အဲဒီလို တွေ့လိုက်တဲ့အခါ ကျွန်တော်က စ,ပြီး သူ့ကို
ပြုံးပြလိုက်သလား… သူကပဲ စ,ပြုံးပြတာလား… ဒါမှမဟုတ် နှစ်ယောက်စလုံး ပြိုင်တူပြုံးပြမိကြသလား
ဆိုတာကို ပြောရခက်ပေမယ့် သေချာတာကတော့ တစ်ယောက်ကို တစ်ယောက် ပြုံးပြ နှုတ်ဆက်ဖြစ်ကြတယ်ပေါ့…။
ပြီးမှ ကျွန်တော်က တအံ့တသြနဲ့ စ,မေးလိုက်တယ်။
“ခင်ဗျားက ဘယ်သူလဲ…”
“ငါက ညီလတ်လေ…”
“ကျုပ်က ညီလတ်ပဲ… ခင်ဗျားက ဘယ်လိုလုပ်ပြီး
ညီလတ်ဖြစ်နိုင်မှာလဲ…”
“အဲဒါကတော့ မင်းရဲ့ ထင်မြင်ယူဆချက်ပဲလေ…
ဒါပေမယ့် ငါရှိနေတာကလဲ အသေအချာပဲ မဟုတ်လား…”
သူက ကျွန်တော့်မျက်နှာကို ယူတပ်ထားရုံမကဘူး…
ကျွန်တော့်ရဲ့ နာမည်ကိုပါ သူ့ကိုယ်ပိုင်အဖြစ် ယူမှည့်ထားလိုက်သေးတယ်…။ ကျွန်တော့်မျက်နှာနဲ့
ကျွန်တော့်နာမည်ကို ပိုင်ရုံနဲ့တော့ သူ့ကို ကျွန်တော် နောက်တစ်ယောက် ဖြစ်ခွင့်မပေးနိုင်သေးပါဘူးလို့
တွေးပြီး ကျွန်တော် ထပ်မေးလိုက်တယ်။
“ညီလတ်ရဲ့ ညာဘက်လက်သူကြွယ် အရင်းနားမှာ
မှဲ့တစ်လုံး ရှိတယ်… ခင်ဗျားမှာ ရှိလို့လား…”
သူက ကျွန်တော့်ကို ညဘက်လက်သူကြွယ်
ထောင်ပြတယ်…။ သူ ထောင်ပြတဲ့ လက်သူကြွယ်ရဲ့ အရင်းမှာ မှဲ့နက်လေးတစ်လုံး…။
“ညီလတ်ရဲ့ ပခုံးမှာ ဆိုင်ကယ်မှောက်တုန်းက
ရခဲ့တဲ့ ဒဏ်ရာရဲ့ အမာရွတ်တစ်ခု ရှိတယ်…”
သူက အင်္ကျီကို ချွတ်ပြီး ကိုယ်ကို တစ်စောင်းလှည့်ပြတယ်…။
သူ့မှာလဲ အမာရွတ်ရှိတယ်။ စိတ်ကသိကအောင့် ဖြစ်မှုရဲ့ အတိုင်းအဆ ပမာဏက တဖြေးဖြေး ကြီး
ကြီးလာတယ်…။
“ညီလတ်ရဲ့ ညာဘက်ခြေသလုံး အနောက်ဘက်မှာ
အမှတ်တစ်ခု ရှိသေးတယ်…”
သူက ဂျင်းဘောင်းဘီကို ခေါက်တင်လိုက်ပြီး
ခြေထောက်ကို မြှောက်ပြပြန်တယ်။ ဒီကောင်ဟာ… ဘာကောင်လဲ….။ ကျွန်တော့်မျက်နှာ၊ ကျွန်တော့်နာမည်ပါ
မကဘူး…။ ကျွန်တော့်ခန္ဓာကိုယ်ကြီး တစ်ခုလုံးကို ပုံတူကူးယူထားတာပဲ…။
“ငါလဲ ညီလတ်… မင်းလဲ ညီလတ်… လောကကြီးမှာ
ညီလတ်နှစ်ယောက် ရှိနေတော့ရော ဘာဖြစ်သေးလို့လဲကွာ…. မင်းလဲ မင်းစိတ်ကြိုက် မင်းနေ… ငါလဲ
ငါ့စိတ်ကြိုက် ငါနေမှာပေါ့…”
အဲဒါတော့ လုံးဝ မဖြစ်နိုင်ဘူး…။ သူ
ဘာတွေကို ကြိုက်တတ်တယ် ဆိုတာကို ကျွန်တော် မသိဘူး။ သူက ကျွန်တော်အဖြစ်နဲ့ သူ့စိတ်ကြိုက်တွေ
လျှောက်လုပ်တဲ့အခါ သူရော ကျွန်တော်ပါ ဘယ်သူလုပ်သလဲ ဆိုတာကို သိနေပေမယ့် အခြားသူတွေကတော့
ဘယ်သိနိုင်မှာလဲ…။ တကယ်တမ်းက သူက သူ၊ ကျွန်တော်က ကျွန်တော် ဆိုပေမယ့် လူတွေရဲ့ အမြင်မှာက
သူကလဲ ကျွန်တော်၊ ကျွန်တော်ကလဲ ကျွန်တော်ပဲ ဖြစ်နေမှာ…။
“မဖြစ်ဘူး… လုံးဝ မဖြစ်နိုင်ဘူး… ညီလတ်နှစ်ယောက်
ရှိနေလို့လဲ မဖြစ်ဘူး… ခင်ဗျားက ကျုပ်ခန္ဓာကိုယ်နဲ့ လုပ်ချင်တာတွေ လျှောက်လုပ်နေလို့လဲ
မရဘူး… ဟေ့လူ… နေဦးလေ… ကျုပ်စကား မဆုံးသေးဘူးဗျ… နေဦး…”
အိပ်မက်က အဲဒီမှာ ဆုံးတယ်…။ ဒါပေမယ့်
အဖြစ်အပျက်ကတော့ မဆုံးသေးဘူး။ သူက… ခပ်ရှင်းရှင်း ပြောရရင် ကျွန်တော့်ခန္ဓာနဲ့သူက အိပ်မက်ရဲ့
နယ်နိမိတ်စည်းကို သူ့သဘောနဲ့သူ ကျော်ခွပြီး ကျွန်တော့်ရဲ့ လက်တွေ့ဘ၀ထဲ အသေအချာကို ရောက်ချလာတော့တယ်…။
“ညီလတ်ရယ်… နင် အဲဒီလိုတော့ မလုပ်သင့်ပါဘူး…
ပြေပြေလည်လည်ပြောရင် ရရဲ့သားနဲ့… အခုတော့…”
“ကြော့… နင် ဘာတွေပြောနေတာလဲ… ငါ နားမလည်ဘူး…”
“သွားစမ်းပါဟာ… အခုမှလာပြီး မသိချင်ယောင်
ဆောင်မနေစမ်းပါနဲ့… နွေးမို့လို့ပေါ့… တခြားသူသာဆို ကိုယ်ထိလက်ရောက် စော်ကားမှုနဲ့ အခုလောက်ဆို
နင် အချုပ်ထဲ ရောက်နေလောက်ပြီ…”
“ဘာ…”
* * * * * * * *
“ကိုညီလတ်… ကျွန်တော်တို့နဲ့ စခန်းခဏလောက်
လိုက်ခဲ့ပါ…”
“ဗျာ… ဘယ်လိုဖြစ်လို့လဲဗျ”
“မနေ့က ခင်ဗျားရိုက်လိုက်လို့ ခေါင်းကွဲသွားတဲ့လူရဲ့
မိဘတွေက တိုင်ချက်ဖွင့်ထားလို့ပါ…”
“ဟာ… မဟုတ်ဘူး… ကျွန်တော် ရှင်းပြပါရစေဦး…”
“စခန်းရောက်မှ ရှင်းပါ…”
* * * * * * * *
“မင်းဘယ်သူလဲ…
ငါ့ခုတင်ပေါ် ဘယ်လိုလုပ်ရောက်နေတာလဲ…”
“အောင်မယ်…
သူပဲ ခေါ်တုန်းက ခေါ်ထားပြီးတော့… အခုမှ ဘာဖြစ်နေရတာလဲ…”
“အာ…
မင်းကိုငါ မခေါ်ပါဘူး… ငါ ဒါမျိုးတွေ စိတ်မ၀င်စားဘူး…”
“ရှင်
အူကြောင်ကြောင် မလုပ်နဲ့နော်… ကျွန်မ အော်လိုက်ရင် ရှင် ဘ၀ပျက်သွားမယ်…”
“မအော်ပါနဲ့ကွာ… တောင်းပန်ပါတယ်… ရော့.. ရော့…
ပိုက်ဆံ… မင်းပြန်ပါတော့နော်…”
ပထမတော့
ဘာတွေဖြစ်နေမှန်းကို အသေအချာ မသိဘူး ဖြစ်နေတယ်။ နောက်တော့မှ တဖြေးဖြေးနဲ့ ရိပ်မိလာတယ်…။
ဒါတွေဟာ ဒီကောင့်ကြောင့်ပဲ ဖြစ်ရမယ်လို့…။ အဲဒီလို ရိပ်မိမိလိုက်ချင်းပဲ ကျွန်တော်
သူ့ကို လိုက်ရှာတယ်…။ ခက်တာက အိပ်မက်ထဲမှာလို သူ့ကို အပြင်မှာ မျက်နှာချင်းဆိုင် ဆုံခွင့်မရတာပဲ…။
သူနဲ့ အပြင်မှာ ဆုံဖို့ ကြိုးစားတိုင်း တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ လွဲချော်နေတာချည်းပဲ…။
အဲဒီလိုနဲ့ သူ့ကို ရှာမတွေ့လေလေ… သူ တကယ်ရော ရှိရဲ့လား ဆိုတဲ့ သံသယစိတ်က ၀င်ပြီး နေရာယူလာလေလေ
ဖြစ်လာတယ်။ ကျွန်တော် လုပ်လေ့လုပ်ထ မရှိတဲ့ အလုပ်တွေ၊ ကျွန်တော်လုပ်ဖို့ စိတ်တောင်
မကူးခဲ့တဲ့ အလုပ်တွေကို ဒီကောင် လျှောက် လျှောက်လုပ်လို့ နောက်က လိုက်ရှင်းရတဲ့ ပြဿနာတွေ
တစ်စတစ်စနဲ့ ပွထ များပြားလာတယ်…။ ဒီကောင့်ကို ရှာတွေ့မှ ဖြစ်တော့မယ်…။ နို့မို့ဆို
ဒီပေါက်တက်ကရ အလုပ်တွေကို ကျွန်တော်ကပဲ လိုက်လုပ်နေသလိုလို ပတ်ဝန်းကျင်က မြင်လာရုံတင်မကဘူး…
ကျွန်တော် ကိုယ်တိုင်ကပါ အဲဒီလိုများ ဖြစ်နေသလားလို့ ယုံကြည်မိသွားနိုင်တယ်…။ အဲဒီလို
ဖြစ်သွားလို့ကတော့ သွားပြီ…။ ဘာဖြစ်လို့လဲဆိုတော့ ဒီကောင် လျှောက်လုပ်နေသမျှ လုပ်ရပ်တွေက
ကျွန်တော့်ရဲ့ အသိတရားအရ မလုပ်ရဘူးလို့ ကျွန်တော့်ကိုယ်ကျွန်တော် တားမြစ်ထားတဲ့ အလုပ်တွေချည်းပဲ…။
နောက်ပြီး… အဲဒီလို ကိုယ်ကျင့်တရား ပျက်ယွင်းတယ်လို့ ကျွန်တော်ယူဆထားတဲ့ အလုပ်တွေကို
ဘယ်သူပဲ လုပ်လုပ်… နောက်ဆုံး ကျွန်တော်ကိုယ်တိုင်က လုပ်မိဦးတော့… အဲဒီလို လုပ်မိတဲ့သူကို
ကျွန်တော့်အနေနဲ့ ခွင့်လွှတ်ဖို့ ခဲယဉ်းတာပဲ…။ ဆိုတော့ကာ… ဒီကိစ္စတွေကို ကျွန်တော် မလုပ်ခဲ့ဘူးဆိုတဲ့
အမှန်တရားကို သေချာစေဖို့ ဒီကောင့်ကို ကျွန်တော် တွေ့မှ ဖြစ်တော့မယ်…။
တွေ့ချင်စိတ် ပြင်းပြလွန်းနေလို့ မြင်တွေ့ရတာလို့ပဲ
ဆိုရလိမ့်မယ်… ဒါပေမယ့် သူနဲ့ကျွန်တော်ရဲ့ နောက်ထပ်တစ်ခါ တွေ့ဆုံခြင်းကလဲ အပြင်လောကမှာ
မဟုတ်ဘဲ အရင်ကလို အိပ်မက်တစ်ခုတည်းမှာပဲ ဖြစ်နေတာက ခက်တယ်။ ဘာပဲဖြစ်ဖြစ် တွေ့ပြီဆိုမှတော့
ပြောစရာရှိတာ ပြောပြီး ရှင်းစရာရှိတာကို အပြတ်ရှင်းရတော့မှာပဲလို့ ကျွန်တော် စိတ်ဆုံးဖြတ်လိုက်တယ်။
“ခင်ဗျား ပေါက်ကရတွေ လျှောက်လုပ်နေတာက
အကြောင်းမဟုတ်ဘူး… ခင်ဗျားလုပ်သမျှကို ကျုပ်လုပ်တယ်ထင်ပြီး အခုဆို လူတော်တော်များများက
ကျုပ်ကို ရှောင်ဖယ် ရှောင်ဖယ် လုပ်နေကြပြီဗျ… ခင်ဗျားလုပ်ရပ်တွေကို ရပ်တန်းက ရပ်လိုက်စမ်းပါဗျာ…”
“စိတ်လျှော့ပါဦး ကိုယ့်လူရာ… တကယ်တမ်းကျတော့
မင်းက မင်း၊ ငါက ငါ သီခြားစီ ဖြစ်တည်နေကြတာ ဆိုပေမယ့် မင်းနဲ့ငါ့ကြားမှာ သိပ်ကို သေချာတဲ့
အဆက်အစပ်တစ်ခုတော့ ရှိနေတယ်ကွ… ငါ့သဘောဆန္ဒအရတော့ အခု ငါလုပ်နေတာတွေက ငါကြိုက်လို့ လုပ်နေတာ
ဖြစ်တဲ့အတွက် ပြင်ဖို့၊ ရပ်လိုက်ဖို့ သဘောထား မရှိဘူး… အေး… တစ်ခုတော့ရှိတယ်… မင်းက
မင်းနဲ့ငါ့ကြားမှာ ရှိတဲ့ အဆက်အစပ်ကို တွေ့အောင် ရှာနိုင်ပြီး အဲဒါကို အသုံးချနိုင်ခဲ့မယ်ဆိုရင်တော့
မင်းကိုယ်တိုင်က ငါ့လုပ်ရပ်တွေကို တားနိုင်လာလိမ့်မယ်… အဲဒီလိုမဟုတ်ဘဲ ဒီအတိုင်း ဆက်လွှတ်ထားမယ်ဆိုရင်တော့
ငါ့ရဲ့ မင်းဘ၀အပေါ် လွှမ်းမိုးထားမှုတွေ တဖြည်းဖြည်း စိပ်လာပြီး မင်းကိုယ်တိုင် ပျောက်ဆုံးသွားလိမ့်မယ်…”
ဒီတခါ အိပ်မက်က တိုတယ်… သူ အဲဒီလို
ပြောပြောပြီးချင်းပဲ ကျွန်တော် အိပ်မက်ကနေ ထိတ်လန့်တကြား လန့်နိုးလာခဲ့တယ်…။ ကျွန်တော်ကိုယ်တိုင်
ပျောက်ဆုံးသွားလိမ့်မယ်တဲ့…။ သူပြောခဲ့တဲ့ အဲဒီ နောက်ဆုံးစကားက ကျွန်တော့်နားထဲမှာ
ပဲ့တင်ထပ် မြည်ဟည်းနေတယ်…။ သေချာနားစိုက်ထောင်တော့ အသံက ကျွန်တော့်ရဲ့ အသံပဲ…။ သူနဲ့ကျွန်တော့်ကြားက
အဆက်အစပ် တဲ့…။ အဲဒါကို ကျွန်တော် ဘယ်လိုရှာရမလဲ…။ ပြဿနာတစ်ခုရှင်းလို့ မပြီးသေးခင်မှာပဲ
နောက်ထပ်ပြဿနာတစ်ခုက ထပ်ရောက်လာတယ်…။ သူပြောသွားတယ်… သူကတော့ ရပ်တန့်မှာ မဟုတ်ဘူး တဲ့…။
သူ့ကို ရပ်တန့်ပစ်နိုင်တဲ့ သူက ကျွန်တော်ကိုယ်တိုင်ပဲတဲ့…။ ဒီအတိုင်းသာ ဆက်လွှတ်ထားရင်…..
ဒီအတိုင်းသာ ဆက်လွှတ်ထားခဲ့မယ်ဆိုရင်…..။ ကျွန်တော်ကိုယ်တိုင် ပျောက်ဆုံးသွားရလိမ့်မယ်
တဲ့…။ ကြားနေရပြန်ပြီ… အဲဒီအသံ…။ သူ့အသံ… ကျွန်တော့်အသံ…။ ကျွန်တော်ကိုယ်တိုင်ရဲ့ အသံ…။
ကျွန်တော် ကြံရာမရ ဖြစ်နေတုန်းမှာပဲ…
သူ့ရဲ့လုပ်ရပ်တွေ ထပ်ထပ်ပြီး ပေါ်လာတယ်…။ ကျွန်တော် ဂရုတစိုက် ဆောက်တည်ပျိုးထောင်နေတဲ့
ကျွန်တော့်ရဲ့ ဖြစ်တည်မှုထဲကို သူ စိတ်ရှိတိုင်း လျှောက်လုပ်နေတဲ့ လုပ်ရပ်တွေရဲ့ အကျိုးဆက်တွေက
တတိတိနဲ့ နေရာယူ လှိုက်စားလာတော့တယ်…။
“ညီလတ်က တော်တယ်နော်… ဒါပေမယ့် အရမ်းမာန်တက်တယ်…
ပြီးတော့ မောက်မာတယ်…”
“သာမန်အချိန်မှာ စကားပြော ချိုသာသလောက်
အရက်ကလေး ၀င်သွားပြီဆို သိပ်သွေးဆိုးတာပဲ… ရိုင်းလဲ သိပ်ရိုင်းတယ်…”
“ဒီကောင်က စိတ်ကောင်းဝင်နေလို့သာ ငြိမ်နေတာ…
စိတ်ဖောက်လာပြီဆိုရင် တွေ့ကရာ မိန်းမ ရှောင်တော့တာ မဟုတ်ဘူး… ညည်း ကြပ်ကြပ် သတိထား…”
“မင်းကိုငါ နားကို မလည်တော့ဘူး ညီလတ်…
မင်းက ကိစ္စတော်တော်များများကို ဆင်ခြင်တွေးဆပြီး လုပ်သလောက် တစ်ခါတစ်ခါကျတော့လဲ မင်းလုပ်ရပ်တွေက
ဆင်ခြင်တုံတရား ကင်းမဲ့လွန်းတယ်ကွာ…”
“သားလတ်…
မင်း စိတ်အလိုလိုက်တာတွေ များလွန်းနေပြီနော်… နည်းနည်းပါးပါးလဲ သတိလေးဘာလေး ထားဦး…”
ပထမတော့
ကျွန်တော် ရှင်းပြဖို့ ကြိုးစားသေးတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ အဖြစ်အပျက်က ယုံကြည်နိုင်လောက်တဲ့
အနေအထားရဲ့ အခြားတစ်ဖက်မှာ ရောက်နေတယ်ဆိုတာကို သိမြင်လာပြီးတဲ့နောက် ရှင်းပြနေခြင်းအလုပ်ကို
ရပ်တန့်ပစ်လိုက်ပြီး သူ့ကို ရပ်တန့်ပစ်ဖို့ကိုပဲ ဖိပြီး ကြိုးစားနေမိတယ်။ အချိန်ကာလတွေ
ဖြတ်သန်းလွန်မြောက်ခဲ့ခြင်းနဲ့အတူ ကျွန်တော် အခိုင်အမာ သိမြင်လာခဲ့တာတစ်ခုက သူရော ကျွန်တော်ရောဟာ
တစ်ယောက်ကိုတစ်ယောက် အပြီးသတ် ချေမှုန်းပြီး အပြတ်အသတ် အနိုင်ယူလိုက်ဖို့ ဆိုတာဟာ တစ်ဘ၀စာ
ကာလတစ်ခုတည်းနဲ့ မလုံလောက်နိုင်ဘူးဆိုတာပဲ…။ နောက်ပြီး… သူ ပုံတူကူး ရယူထားနိုင်တဲ့
ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကြီးအပေါ်မှာပဲ ကျွန်တော့်ရဲ့ အရှိတရားကို ကျွန်တော်က တည်ဆောက်
ဖန်တီးယူနေမယ်ဆိုရင်… သူက အချိန်မရွေး အဲဒီ ဖြစ်တည်မှု အရှိတရားကို လိုက်လံဖျက်ဆီးပစ်နေဦးမှာ
သေချာတယ်…။ အဲဒီတော့ ကျွန်တော် ဘာလုပ်ရမလဲ…။ အဖြေက… အခုထက်ထိတော့ေ၀၀ါးနေဆဲပဲ…။
သူနဲ့ ကျွန်တော်နဲ့ကြားက အဆက်အစပ်…။
အခုတော့… အဲဒါကို ကျွန်တော် ရှာတွေ့ခဲ့ပြီ ထင်ပါတယ်။ ဒါပေမယ့် အဲဒါကို အသုံးချပြီး
သူ့လုပ်ရပ်တွေကို ရပ်တန့်ပစ်နိုင်ဖို့တော့ ဆက်ကြိုးစားရဦးမယ်…။ အခုထိတော့ ၅၀-၅၀ အဆင့်မှာပဲ
ရှိပါသေးတယ်။ သူက ကျွန်တော့်ဘ၀ကို လုံးလုံးလျားလျား လွှမ်းမိုးသွားပြီး ကျွန်တော် ပျောက်ဆုံးသွားမှာလား…။
ကျွန်တော်က သူ့လုပ်ရပ်တွေကို အပြီးအပိုင် ရပ်တန့်ပစ်လိုက်နိုင်ပြီး ကျွန်တော်လိုလားတဲ့
ဖြစ်တည်မှုပုံစံနဲ့ ကျွန်တော့်ဘ၀ကို ကျွန်တော့်စိတ်တိုင်းကျ ဖန်တီးတည်ဆောက်နိုင်မလား…။
ဒါမှမဟုတ်… သူ့ကို ကျွန်တော် လုံးဝဖယ်ထုတ်ပစ်လို့ မရဘဲ သူဟာ ကျွန်တော့်အတ္တရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်နဲ့
ကျွန်တော့်ဘ၀ထဲ အမြဲတမ်း ပေါင်းစပ်တည်ရှိနေမှာလား…။ အခုအချိန်အထိတော့ ဘယ်အခြေအနေကမှ
ကျွန်တော့်အတွက် မပြတ်သားသေးဘူး။
ကျွန်တော့်အဖြစ်အပျက်ကတော့ ဒါပါပဲဗျာ…။ ယုံချင်လဲ
ယုံ… မယုံချင်လဲ နေပိုင်ခွင့် ခင်ဗျားတို့အားလုံးမှာ ရှိပါတယ်။ ဒါပေမယ့် သေချာတာကတော့
တစ်နေ့နေ့ပေါ့… ခင်ဗျားတို့တွေလဲ ကျွန်တော့်လိုပဲ ကိုယ့်ခန္ဓာနဲ့ တခြားလူတစ်ယောက် ရှိနေပြီလို့
ယူဆလာရတဲ့ အခါမျိုးတွေမှာ ကျွန်တော် အခုပြောခဲ့တာတွေကို ယုံကြည်လာနိုင်မှာပါ…။ အဲဒီအခါ
ခင်ဗျားတို့နဲ့ ခင်ဗျားတို့ရဲ့ ခန္ဓာနဲ့ တည်ရှိနေတဲ့ အခြားလူတွေရဲ့ကြားက အဆက်အစပ်ကို
ခင်ဗျားတို့ ကိုယ်တိုင်က ရှာဖွေဖို့ လိုအပ်လာပြီဆိုမှ ခင်ဗျားတို့ ကျွန်တော့်ကို ပြန်သတိရလိမ့်မယ်…။
အဲဒီအခါ ကျွန်တော် ရှာဖွေတွေ့ရှိခဲ့တဲ့ သူနဲ့ ကျွန်တော်ရဲ့ကြားက အဆက်အစပ်အကြောင်းကို
ခင်ဗျားတို့ သိချင်တယ်ဆိုရင် ကျွန်တော်က လိုလိုလားလားနဲ့ကို အသေးစိတ် ပြောပြချင်ပါသေးတယ်။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က လူတိုင်းကို ဖြစ်တည်မှု ပျောက်ဆုံးနေတဲ့ ဘ၀တစ်ခုနဲ့
ရှင်သန်နေကြရတာမျိုး မဖြစ်စေချင်ဘူးလေ…။
နေဘုန်းလတ်
18.02.2011(Friday)
10:15