တချို့က… ငယ်ငယ်ရွယ်ရွယ်နဲ့ သမိုင်းထဲက မထွက်ချိန်
တချို့က… ကြီးတောင်ကြီးမားနဲ့ ကလေးကလားလုပ်တုန်း
မြင်ရတာ မတော်လို့ မျက်စိမှိတ်ထားရက်က
မတန်တဆ စကားလုံးတွေ နားဝကို လာလာရိုက်ကြ
အနေအထိုင်မတတ်တဲ့ ပါးစပ်ကနေ
ဖြစ်သင့်ဖြစ်ထိုက်တာတွေ ထွက်ကျလာ…။
လေထဲဆောက်တဲ့ တိုက်အိမ်တွေ
စ, ဖို့ အစီအစဉ်မရှိတဲ့ စိတ်ကူးတွေ
အာသာပြေတန်းတဲ့ လက်သီးလက်မောင်းတွေ
အသံကျယ်ပြီး အလုပ်မဖြစ်တဲ့ သင်္ကြန်အမြောက်တွေ
အလွတ်ကျက် ရွတ်ရွတ်နေတတ်တဲ့ ဆင်ခြေဆင်လက်တွေ
နေရာဒေသကလဲ… ပစ်မလွဲ ရှောင်မလွတ်…။
ကျွန်တော်… နားတွေထဲ ဂွမ်းသွတ်ထားလိုက်တယ် (မကြားရအောင်)
ကျွန်တော်… မျက်မှန်ကို ချွတ်ပစ်လိုက်တယ် (မမြင်ရအောင်)
ပြီးတော့… မေတ္တာသုတ် နာနာရွတ်တယ် (မပြောမိအောင်)
ဟိုသီချင်းလေးထဲကလိုပေါ့…
ကုသိုလ်ရပါတယ် … ကုသိုလ်ရပါတယ် …။ ။