Sunday, March 4, 2012
ဒီလမ်းမကြီးမှာ ...
Thursday, February 23, 2012
ကစားပွဲ
“ခင်ဗျားဘယ်သူလဲ….ဘာလို့ ကျွန်တော့်ရှေ့လာပြီး ငိုပြနေရတာလဲ…”
“အာ….ငါမင်းကို ငိုပြနေတာမဟုတ်ဘူး…ပြုံးပြနှုဆက်နေတာဟ….”
“ဗျာ…”
“တွေ့ရတာဝမ်းသာပါတယ်ဗျာ…ဒါနဲ့…ခင်ဗျားဘယ်သူဘယ်ဝါဆိုတာ ကျွန်တော့်ကို မပြောရသေးဘူးနော်…”
“သြော်…အေး…ဟုတ်သားပဲ၊ငါက …မကောင်းဆိုးဝါးကွ…မင်းနဲ့ ကစား ဖို့ အလှည့်ကျလို့ ရောက်လာတာ….”
“ဗျာ…”
နှစ်ခါရှိပြီ … ကျွန်တော်တအံ့တသြနဲ့ ‘ဗျာ’ နေရတာ။ မကောင်းဆိုးဝါးတဲ့… ကစားမလို့တဲ့…. ကိုယ့်ဘာသာ အေးအေးဆေးဆေးနေနေတာကို …တခြားသူ တွေဆီသွားပါတော့လား မကောင်းဆိုးဝါးရယ်….။
“တစ်ခြားသူတွေဆီသွားလို့မရဘူးကွ…သံသရာဆိုတာရှိတယ်၊ အဲဒီ သံသရာ ထဲမှာ မင်းရဲ့ကံကြမ္မာ ကလည်းလည်နေတယ်။ မင်းကံကြမ္မာထဲမှ ငါကလည်း ရှောင်လွဲလို့မရတဲ့ တစ်ခုသောနေရာကနေ ပါနေရတယ်။ဒါကြောင့်ပါ…ကဲ….ကဲ …မကစားဘူးလို့ မငြင်းနဲ့…ဘာလုပ်တန်းကစားကြမလဲ ဆိုတာကိုပဲ…စဉ်းစား …ဟုတ်ပြီလား…”
ကျွန်တော်ဖွင့်ပြောတာမဟုတ်ပဲနဲ့ သူကကြားတယ်…ဘာကောင်လဲဟ… ဒီကောင်မကောင်းဆိုးဝါး ဆိုတာကိုတော့ရုပ်မြင်ကတည်းက သိပါတယ်။ဒါပေမယ့် အဲဒီလောက်ဆိုးဝါးလိမ့်မယ်လို့တော့ မထင်ခဲ့ရိုးအမှန်။ အဲဒါကြောင့်ပြောတာပေါ့။ တစ်ခါတစ်ခါကျတော့လည်း လောကကြီးက ခက်တယ်လို့….။
“ခင်ဗျားကလည်း ဇွတ်ကြီးပဲ…ငယ်ငယ်တုန်းကလို ကစားမလား….နားမလားလို့တောင် မမေးရတော့ ဘူးလားဗျ…”
“ငါ ကနားနေတာကြာပြီကွ…ခုမှ အလှည့်ကျလို့ထွက်လာရတာ…”
“အင်”
ဘယ်လိုမှလည်း ဖျောင်းဖျလို့မရပါလားနော်….။ရုပ်ရှင်ရိုက်နေတာမဟုတ် တော့ “ကဒ်”လို့ အော်မယ့် ဒါရိုက်တာက မရှိ…အိပ်မက်မက်နေတာမဟုတ်တော့ “ထ….ထ”လို့ လာနှိုးမယ့်လူက မရှိနဲ့ … အဲဒါပေါ့….ဒုက္ခနဲ့ လှလှတွေ့တယ်ဆိုတာ။အင်း …ဒီမကောင်းဆိုးဝါးနဲ့ မကစား လို့မရတာတော့ သေချာသွားပြီ…ဒါပေမယ့်….ဘယ်လိုကစားနည်းမျိုးကစားမလဲ ဆိုတာ ကို ရွေးချယ်ခွင့်၇ှိနေလို့တော်သေးရဲ့…။
“ကြာတယ်ဟေ့….မြန်မြန်ပြော…ငါလည်းစောင့်ရတာမောလာပြီ”
အေးအေးဆေးဆေးထိုင်စောင့်နေရတာများ မောလို့တယ်ဗျာ…။မကြီးပဲ နဲ့ များ တော်တော်ကျယ်တဲ့ မကောင်းဆိုးဝါး။
“ဟေ့…ဟေ့..င့ါဘာသာ မကြီးပဲနဲ့ ကျယ်ကျယ် မင်းအပူမပါဘူး…. စဉ်းစားစရာ ရှိတာ မြန်မြန်စဉ်းစား ကြာတယ်….။”
“ရော…ဒီမကောင်းဆိုးဝါးနဲ့တော့ ခက်ပြီ…။စိတ်ကူးနဲ့တောင်မပြစ်မှားရဲပါ လားနော်…အရေးထဲမှ အကြံကလည်း ဘယ်လိုမှထုပ်လို့ မရဖြစ်နေတယ်။စဉ်းစားစမ်းပါအုံးဟ…။ရှုံးမယ့်အတူတူ ဦးနှောက်လည်း မစား သက်လည်းသက်သာမယ့် ကစားနည်း မျိုးကို မြန်မြန်စဉ်းစားစမ်းပါ….။အဲ… ဟုတ်ပြီ ….”
“ဖြောင်း….”(လက်ခုတ်တီးသံ)
“ဟ…ဘာတုန်းဟ…လန့်သွားတာပဲ။”
“အကြံရပြီ…ခင်ဗျားနဲ့ ကျွန်တော် တူတူပုန်းတန်းကစားမယ်…”
ကျွန်တော်က အဲသလိုပြောလိုက်တော့ မကောင်းဆိုးဝါးက ရုတ်တရက် မျက်နှာတစ်ခုလုံး ထော်သွားတယ်။ပြီးတော့ ကျွန်တော့် ကို သနားသလိုကြည့် တယ်။
“တူတူပုန်းတန်း ကစားမယ် …ဟုတ်လား….မင်းက ငါရှာလို့မတွေ့အောင် ဘယ်လိုများ ပုန်းနိုင်မှာမို့ လို့လဲ….ဥာဏ်ကြီးးရှင်ရယ်…စဉ်းစားပြီးတော့ သောက် တလွဲလုပ်တာ မင်းလိုလူမျိုးပဲ ….ကဲ…ကဲ… ဆုံးဖြတ် ပြီးရင်လည်း ကစားပွဲလေး စလိုက် ကြဆို့…”
”ရှုံးမယ့် အတူတူတော့ သက်သာတဲ့ကစားနည်းပဲ ရွေးရတာပေါ့ ဗျာ….လုပ်….ခင်ဗျား.. မျက်စိမှိတ်…ကျွန်တော်ပုန်းမယ်…ခင်ဗျား ကျွန်တော့်ကို မတွေ့အောင်ရှာ…ဒါပဲ….”
ပထမတော့ မကောင်းဆိုးဝါးက “အေး..အေး…”ဆိုပြီး မျက်စိမှိတ်တယ်…။ ခဏနေတော့ ကျွန်တော့် စကားကို သေချာ ပြန်စဉ်းစားမိပြီး…
”ဘာကွ….ဘာလို့ မတွေ့အောင် ရှာရမှာလဲ…ရှာမှတော့ တွေ့အောင်ရှာမှာပေါ့…ဟေ့ ကောင် လူလည်မကျနဲ့….ဒီလိုလှိမ့်လုံးတွေ ရိုးလွန်းအားကြီးလို့တောင် သိုးတောင်သိုးနေပြီ။”
တော်တော်လည်တဲ့ မကောင်းဆိုးဝါး …ဘယ်လိုမှကို ပတ်လို့မရပါလား … ဒါနဲ့ ကျွန်တော်လည်း ပုန်းဖို့နေရာကိုပဲ ရှာရတော့တယ်။မကြီးမငယ်နဲ့ တူတူ ပုန်းတိုင်းကစားရတယ်လို့ ကိုယ့်ကိုယ်ကို လည်း ရယ်ချင်တယ်။ ဒီကောင်က မကောင်းဆိုးဝါးဆိုတော့အောက်လမ်းတွေလည်းတက်မှာ ဆိုတော့ကား ဘယ်လိုပုန်းပုန်းပြန်မိမှာသေချာတယ်။ဒါနဲ့ ကျွန်တော်လည်း ထွေထွေထူးထူး စဉ်းစားမနေတော့ပဲ …အသက်အောက်ပြီး သူ့ရဲ့ နောက်နားမှာ ကပ်ရပ်နေလိုက်တော့တယ်။
“ ၅…၁၀…၁၅….၂၀…၂၅………၁၀၀ တူပြီလား…။”
“၅…၁၀…၁၅….၂၀…၂၅………၁၀၀ တူပြီလား…။တူတူ…မတူတူ…. လိုက်ပြီဟေ့…”
ပထမတော့ သူ..ခေါင်းကုတ်ပြီး ဟိုရှာဒီရှာလုပ်တယ်။ ကျွန်တော်က လည်း သူသွားလေရာကို အသက်ကို ခိုးခိုးရှူပြီးလိုက်တယ်။သိပ်မကြာပါဘူး…။ သူ..ရိပ်မိသွားတယ်။ရုတ်တရက် ရပ်တန့်စဉ်းစားနေရင်းက နောက်ကို ဆက်ကနဲလှည့်ပြီး….။
“၀ါး ….”
အောင်မလေးဗျ…လန့်လိုက်တာ ဖြည်းဖြည်းလုပ်ပါ….
“ဟား…ဟား…ဟား….ဟား….”
“မလန့်ပါနဲ့ ဗိုလ်အောင်ဒင်ရယ်….မမြ၀င်းခြင်ထောင်ထောင်တာ ကလေးသိပ်မလို့ပါ….”
“အာ…ရွံစရာကြီးဗျာ….ဘာတွေလာပြောနေတာလဲ…ရုပ်ကြမ်းကြီးနဲ့ လာနွဲ့နေပြန်ပြီ….”
“မင်း…စိတ်ပြေလက်ပျောက်ဖြစ်အောင်စတာပါကွာ….ကဲ…ကဲ…ငါ တစ်ပွဲနိုင်သွားပြီ…အခု ငါ..ပုန်းအလှည့် ….မင်းတွေ့အောင်ရှာပေတော့…. မတွေ့လို့ကတော့ ၂ ဂိုး …ဂိုးမရှိနဲ့ ဂိုးပြတ်ပဲ…”
“တူပြီလား….”ဘာသံမှမကြားဘူး…။
ကျွန်တော် နောက်ထပ်တစ်ခါ ထပ်မံရည်တွက်တယ်။နောက်ထပ်၁၀၀ ပြည့်သွားတယ်။
“တူပြီလား…”ဘာသံမှမကြားပြန်ဘူး…။ကျွန်တော်မျက်စိဖွင့်လိုက်တယ်။ ပတ်ဝန်းကျင်တစ်ခွင်ဟာ တိတ်ဆိတ်ငြိမ်သက် ….နာရီလက်သံတစ်ချက်ချက် ပြန်ကြားနေရတယ်။ဒီမကောင်းဆိုးဝါးကို ဘယ်လိုတွေ့အောင် ရှာရမလဲ ။မလွယ်ဘူး..။ဘယ်လိုမှမလွယ်ဘူး။အင်း …မတွေ့ ရင် တော့ နောက်တစ်ပွဲ ထပ်ရှုံးရအုံးမယ်။တွေ့ရင်တော့ နိုင်ပြီ။သူတစ်ပွဲ…ကိုယ်တစ်ပွဲ …ကျွန်တော့် စိတ် တွေ ရှုပ်ရှက်ခက် လွန်ဆွဲနေကြတယ်။အတွေးထဲမှာ အရာရာ ဝေေ၀၀ါးဝါး အနိုင် ၊အရှုံး …မကောင်းဆိုးဝါး…တူပြီလား….။ အနိုင် ၊အရှုံး…မကောင်းဆိုးဝါး… တူပြီလား….။ အဲဒီ ဝေေ၀၀ါးဝါးအတွေးတွေကြားထဲက သေချာမှုအပိုင်းအစတွေကို ကျွန်တော် ကတိမ်းကပါး လိုက်ဖမ်း နေမိတယ်။ ရုတ်တရက်…အလင်းတစ်ချက် လက်….။ ထားလိုက်ပါတော့လေ…..။ ရှုံးချင်လည်း ….ရှုံးပါစေတော့ …ကျွန်တော်ပြုံး မိတယ်။မကောင်းဆိုးဝါးက တစ်နေရာမှာ ပုန်းလို့ကောင်းတုန်း….ပြီးတော့ …သူ့ကို ကျွန်တော် ရှာမတွေ့နိုင်လို့ဆိုပြီး …သူနိုင်ပြီဆိုပြီး …ပျော်လို့ကောင်း တုန်း…။
အဲဒီလိုနဲ့…ကျွန်တော့်ဘာသာကျွန်တော် နှစ်ကာလတွေကို ဖြတ်ကျော်ခဲ့တယ်….။ခင်ဗျားတို့ကိုလည်း ပြောထားရအုံးမယ်။အခန့်မသင့်လို့ များ ကျွန်တော့်ကို ပုန်းနေတဲ့ မကောင်းဆိုးဝါးကို ခင်ဗျားတို့များ တွေ့ခဲ့ရင် သူ့ကို ကျွန်တော် လိုက်ရှာနေတယ်ဆိုတဲ့ အကြောင်းလေး ပြောပေးကြပါ။ ကျွန်တော့်ကို နိုင်နေတယ်ဆိုတဲ့ ခံစားမှုနဲ့ သူပျော်နေပါစေဗျာ….။
ရယ်စရာ( ယခု- ပြုံးစရာ) မဂ္ဂဇင်းထဲမှာ ဘုန်းဦးမော်နာမည်နဲ့ ရေးခဲ့တဲ့ ၀တ္ထုတိုလေးပါ ...။
Monday, February 20, 2012
“မင်းသား… လက်ခုပ်သံများနဲ့ ကိုယ်ဝင်ကြည့်ခဲ့တဲ့ ဇာတ်ပွဲ”
Friday, February 17, 2012
Interview with Myanmar Tutorials
Thursday, February 16, 2012
Monday, February 13, 2012
၁၂.၀၂.၂၀၁၂ ပြည်ထောင်စုနေ့က ကျနော်တို့လမ်းထဲမှာ အုန်းနို့ခေါက်ဆွဲ စတုဒီသာ ကျွေးပါတယ်။ ပြီးတော့ ကလေးတွေကို ဗိုလ်ချုပ်ပုံရင်ထိုးလေးတွေဝေတယ်။ ဘားကမ့်ရန်ကုန်ဒုတိယနေ့ရဲ့ Beercampကိုမနွှဲတော့ပဲ အိမ်ကိုအပြေးပြန်ပြီး ဓါတ်ပုံလေးတွေရိုက်ဖြစ်ခဲ့တယ် ...။ ကလေးတွေ ပြုံးပျော်နေကြ တာကို မြင်ရတာ တကယ့်ကိုကြည်နူးကျေနပ်စရာပါပဲ။ ဒီလိုမျိုး ချစ်စရာ အလေ့အထလေးတွေကို တစ်ခုချင်းစီပြန်လည်အစဖော်ကြဖို့ ကျနော်တို့အားလုံးကြိုးစားသင့်ပါတယ်။ လမ်းထဲမှာ လုပ်တဲ့ အဲဒီ့ပွဲလေးအတွက် အားတက်သရောစီစဉ်ဆောင်ရွက်ကြတဲ့သူတွေ၊ ၀ိုင်းဝန်းလုပ်အားပေးကြတဲ့ အစ်ကိုတွေ၊ အစ်မတွေအားလုံးကို ကျေးဇူးအထူးတင်မိပါတယ်။ ကျနော်ကတော့ သူတို့လို ကိုယ်ထိ လက်ရောက် ဘာမှမလုပ်ပေးနိုင်ခဲ့ပေမယ့် အလှူငွေတစ်သောင်းနဲ့ အခြားလိုအပ်တဲ့ ဗာဟီရကိစ္စလေးတွေပဲ ကူညီပေးနိုင်ခဲ့ ပါတယ်။ မြန်မာ့ယဉ်ကျေးမှုကိုဖော်ဆောင်တဲ့ အခုလိုပွဲမျိုးလေးတွေ များများကျင်းပပေးနိုင်ခြင်းဟာ ရပ်ကွက်အတွင်းချစ်ကြည်ရင်းနှီးမှုတွေတိုးလာစေရုံမကပဲ ရပ်ကွက်အတွင်းမှာရှိကြတဲ့ လူကြီးလူငယ်အားလုံး ပူးပေါင်းဆောင်ရွက်မှုစွမ်းရည်ကိုလဲ တိုးတက်လာစေနိုင်တယ်လို့ ကျနော်မြင်ပါတယ် ...။
Monday, February 6, 2012
Happy Birthday " ကျွန်တော် လွတ်ကျခဲ့တဲ့မြို့တော် "
ကျွန်တော့်ဘလော့ဂ်လေးကို စတင်မွေးဖွားတဲ့နေ့တုန်းက တင်ခဲ့တဲ့ ပို့စ်လေးကို ဒီနေရာ မှာသွားဖတ်နိုင် ပါတယ်။
Wednesday, February 1, 2012
ဘီလူးတစ်ကောင်ရဲ့ ကကြိုး
ဘီလူးတစ်ကောင်ရဲ့ ကကြိုး
ကောင်းကင်ပြာကိုနောက်ခံထားပြီး …. တိမ်လွှာဖြူဖြူတွေက မသိမသာ လွင့် ပါးနေကြတယ်….သိပ်မကြာခင်အချိန်က ဒီကောင်းကင် ပြာကြီးကို သူမော့ကြည့်နေခဲ့ တာကို ပြန်သတိရလိုက်တယ်….အဲဒီ တုန်းက ကောင်းကင်ပြာကြီးက အနက်….ပြီးတော့ ကြယ်မှုန် ကြယ်မွှား လေးတွေက တလက်လက်….ပြီးတော့ လမင်းကြီးက ၀ိုင်းစက်စက်…. အခုတော့ …ကောင်းကင်က အပြာ…တိမ်ခိုးတွေမျှင်တွေက ပါးပါးလွှာလွှာ….နေခြည်နုနုလေးတွေကလဲ ယဉ်ယဉ်ကလေးဖြာလို့…. သူဘာကိုမှ ဆက်မတွေးတော့ပဲအဲဒီကောင်းကင် ရှုခင်းလေးကိုပဲငေးနေမိတယ်….။အဲဒီအချိန်မှာ…အဲဒီအခိုက်အ တန့် လေးမှာ……
********
အသံ….သာယာညင်ပြောင်းတဲ့အသံ…ဘယ်ကမှန်းမသိပေမယ့် သူ့ နားစည်ကို စည်းချက်ကျကျရိုက်ခတ်နေတဲ့အသံ….။ အဲဒီကြည်မြ မြ အသံကို ပိုပြီးပီသစေဖို့ နားစွင့်လိုက်ချိန်မှာပဲ….ခုဏက ခပ်ဝါးဝါး ပြေးနေတဲ့ တိမ်လွှာပါးပါးလေးတွေထဲက….လက်ခနဲ တစ်ချက်ဖြစ်သွား တယ်။ဘာလဲ….နားကိုစွင့်ထားရင်းက အကြည့်အာရုံကိုလဲ ပိုပြီးစူးနစ် အောင် မြှင့်လိုက်တဲ့အခါ…တိမ်လွှာပါးပါးတွေကြားမှာ….တလက်လက် တလက်လက်…. သန်လျက်။ဟုတ်တယ်….အဲဒါယိမ်းထိုးလှုပ်ရှားနေတဲ့ သန်လျက်တစ်လက်ပဲ။ သန်လျက် ကြီးပဲလား…. ဟင့်အင်း….မဟုတ်ပါဘူး….အဲဒီသန်လျက်ကို တစ်ယောက်က ကိုင်ထားတယ်….။ ပြီးတော့… အဲဒီတစ်ယောက်ကလည်း….နူးညံ့လှပတဲ့ တေးသွားတစ်ခုနဲ့ စည်းချက်ကျနစွာ ကနေသေး တယ်။ပထမတော့ဝိုးတ၀ါးပါပဲ။ဒါပေမယ့်တဖြည်းဖြည်း ပြတ်သားလာတယ်။ဘယ်သူလဲ?။ကြည်လင်ပြတ်သား လာတဲ့ မြင်ကွင်းကို သရုပ်ခွဲလို့ သူ …အာရုံတွေကို လိုတာထက်ပိုပြီး စုစည်းလိုက်တယ်။ဘယ်သူလဲ?
ဘီလူး…..သိပ်ဟုတ်တာပေါ့။ဒါဟာဘီလူးတစ်ကောင်ပဲ…တိတိကျကျထပ်ပြောရရင် အစိမ်းနုရောင်ဘီလူးတစ်ကောင်ပဲ။ပိုပြီးတိတိကျ ကျ ထပ်ပြောရရင်….သာယာညင်ေ ပြာင်းတဲ့ သံစဉ်နဲ့ ခမ်း နားပြေ ပြစ်တဲ့ ကကွက်တွေကိုပေါင်းစပ်ပြီး…အံ့သြစရာကောင်းတဲ့ ကကြိုးတစ် ခုကို လွတ်လွတ်လပ်လပ် ကနေတဲ့ အစိမ်းနုရောင်ဘီလူးတစ်ကောင်….
“ဟာ …..”
လက်တစ်ဖက်က သံလျက်….နောက်လက်တစ်ဖက်က တင်းတင်း ဆုပ်ထားတဲ့ လက်သီး….အဲဒီလက်နှစ်ဘက်ကို အနုပညာ မြောက်စွာ ချိုးဆစ်ဝှေ့ယမ်းလိုက်တိုင်းမှာ… .နေရဲ့ အလင်းနဲ့ သံလျက် ကိုထိတွေ့ပြီး တစ်လက်လက်ဖြစ်သွားပုံက…. သိပ်ကိုလှလွန်းတယ်….။ ခြေထောက် အနင်းအကြွ….အဖိ အပေါ့….ပြီးတော့ ကိုယ်လိုသလို ရွေ့နေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတို့ရဲ့ အရွေ့….လှတယ်…..ဘာလို လှနေမှန်း မသိအောင်ကိုလှတယ်…..နောက်…မျက်နှာ….ဘီလူးရဲ့ ပြုံး နေတဲ့မျက်နှာ…. အထူးသဖြင့်….. နှုတ်ခမ်းလွှာရဲ့ အစွန်းနှစ်ဘက်က ဖြူ စင်းတောက်ပနေတဲ့ အစွယ်နှစ်ချောင်း……။ အဲဒီအစွယ်တွေနဲ့ပဲ နူးညံ့စွာပြုံးလိုက်တဲ့ အပြုံးတစ်ပွင့်….အာ…ဒါ ဘီလူးအစစ်ရော ဟုတ်ရဲ့လား.....။ဘီလူးက…ကတယ်။သူကငေးတယ်…..။သူကငေး တယ် ….ဘီလူးက ….ကတယ်။ဘီလူးကနေတာကို သူသိပေမယ့် ။ သူငေးနေတာကို ဘီလူးသိချင်မှ သိလိမ့်မယ်။ဒါက ကိစ္စမရှိပါဘူး။ကိစ္စရှိ တာက ဘီလူးတစ်ကောင်ကနေတာကိုကြည့်ပြီး ဖြစ်လာတဲ့သူ့စိတ်ထဲ က ဒွိဟတွေပေါ့။ပြုံးနေတဲ့ဘီလူး…။ကနေတဲ့ဘီလူး…။ဒီထက်ပိုတာက သူ့ စိတ်ထဲမှာ လှနေတဲ့ဘီလူး…..။သူသိဘူးတဲ့ဘီလူးကခက်ထန်ကြမ်းတမ်းမှုတို့ရဲ့ ပြယုဂ်….။ဒေါသတရားတွေကိုဘယ်တော့ မှ မထိမ်းချုပ်တဲ့ အမြဲတမ်း သုန်မှုန်စူပုတ်နေတဲ့ သတ္တ၀ါ…။အခုတော့… သူက ပြုံးလို့….အစွယ်ကြီးတကားကားနဲ့ ပြုံးလို့…..။သူသိခဲ့ဖူးတဲ့ ဘီ လူးက ကတဲ့အခါမှာတောင် လက်သီးလက်မောင်းတန်း၊သန်လျက်ကြီး တရမ်းရမ်းနဲ့ လောဘဒေါသမာန်မာနတွေကို အထင်းသားမြင်ရနိုင်တဲ့ အကွက်တွေနဲ့ ခြေတဆောင့်ဆောင့် ကတတ်သူ….။ အခုတော့….သူက နူးညံ့ပြေပြစ်စွာကလို့….. လှပပျော့ပျောင်းစွာကလို့….. သူ့အတွေးတွေဒွိဟတွေနဲ့ ဖရိုဖရဲဖြစ်နေပေမယ့်…ဘီလူးကတော့ကကောင်းနေတုန်း.။
ဘာပဲဖြစ်ဖြစ်…ကြည့်လို့ကောင်းတာကတော့ သေချာတယ်….။ ပြီး တော့ ….တစ်ခါမှ မခံစားရဖူးတဲ့ခံစားမှုတစ်ခုကို ခံစားနေရတာလဲသေ ချာတယ်…။အတွေးတွေကို ခဏချိတ်ပြီး…. သူ…ကောင်းကင်ကို မော့ ကြည့်နေမိတယ်….။တေးသံသာက တဖြေးဖြေး….. သူနဲ့ ဝေးလာတယ်…။နောက်ဆုံး….တေးသွားကလုံးဝတိတ်သွားသလို…ဘီလူးလဲ သူ့ အမြင်အာရုံထဲကနေလုံးဝပျောက်ကွယ်သွားတယ်…..။
“ဟင်….”
ရင်ဘတ်ထဲ ထည့်မြိုထားတဲ့ခံစားချက်တနင့်တပိုးကို သူရှိုက်ထုတ်လိုက်တယ်….။ အဲဒီသက်ပြင်းရှည်ကြီးရဲ့ အဆုံးမှာပဲ… သူ့ မျက်လုံးတွေပွင့်ထွက်သွားတယ်….. မျက်စိရှေ့မှာက မီးချောင်းရဲ့ အလင်းစူးစူး…..။
“သြော်….ဒါ…အိပ်မက်ပဲ…..”
လန့်နိုးခဲ့တာမဟုတ်ပေမယ့်….အိပ်မက်ကတော့ပြီးသွားခဲ့ပြီ….။သူ့ ရင်ထဲမှာ တော့ ဘီလူးတစ်ကောင်နဲ့ ကကြိုး၊အဲဒီဘီလူးရဲ့ နှုတ်ခမ်းပေါ်က အစွယ်နဲ့ အပြုံး၊ ခက်ထန်ကြမ်းတမ်းမှုနဲ့ နူးညံ့သိမ်မွေ့မှု၊စူးရှထက်မြတ်မှုနဲ့ အေးမြလှပမှု….ဆန့်ကျင်ဘက် တွေရဲ့ မျှတစွာပေါင်းစပ်မှုက အလှတရားတစ်ခု မွေးဖွား….ပြီးတော့ အဲ ဒီအလှတရားကပဲ ခံစားချက်အသစ်တစ်ခုကို လူငယ်တစ်ယောက်ရဲ့ နှလုံးသားထဲကနေ ချူချပေးလိုက်သလို……
ဟုတ်တယ်…အချို့အိပ်မက်တွေက….အိပ်မက်ထက်ပိုတယ်…။
Monday, January 30, 2012
ဆန့်ကျင်ခြင်းတွေထဲကအလှတရား
၁.၀ တိတ်ဆိတ်ခြင်းရဲ့ အသံ
တိတ်ဆိတ်မှုက အေးစက်တဲ့ အထိအတွေ့တစ်ခုနဲ့ ကိုယ့်ရဲ့စိတ်ကို ချောက်ချားစေတယ်။ အသံတစ်ခုတစ်လေရဲ့ နွေးထွေးမှု တစ်စုံတစ်ရာက ကိုယ့်ရဲ့ အေးစက်နေရခြင်း ဒုက္ခကို ပါးလျသွားစေမလား ဆိုတဲ့ ၀ိုးတ၀ါးအတွေးနဲ့… ကိုယ် မပီမသ စကားတစ်ပိုင်းတစ်စကို တိုးတိုးလေး ရေရွတ်လိုက်တယ်။ တိုးတိုးလေး ဆိုပေမယ့် အသံက ကိုယ့်ပါးစပ်ဆီကနေ ကိုယ့်နားထဲကို ကျယ်လောင်ဆူပွက်စွာနဲ့ ရောက်လာတယ်။ ကိုယ့်အသံတစ်ခုတည်းကိုပဲ… သီးသီးသန့်သန့် ကိုယ်တိုင် ပြန်ကြားနေရခြင်းက… တစ်ယောက်တည်းဆိုတဲ့ လက်တွေ့ဘ၀ရဲ့ အထီးကျန်ဆန်မှုကို ပိုပြီး ထင်ရှားပီပြင်လာစေတယ်။ အခုအချိန်မှာ… အထူးသဖြင့် အခုလိုအချိန်မျိုးမှာ… ကိုယ့်အတွက် တိတ်ဆိတ်ငြိမ်သက်မှုကို လိုအပ်တယ်… အဲဒီလိုချင်မှုနဲ့ တစ်ချိန်တည်းမှာပဲ နှလုံးသားကို နွေးထွေးသက်ဝင်နေစေမယ့် အသံတစ်ခုတစ်လေကိုလဲ ကြားချင်နေမိပြန်တယ်။ ကိုယ်… ပါးစပ်တွေကို ပိတ်ပြီး အမှောင်ထဲ တိတ်ဆိတ်နေလိုက်တယ်။ ဘာသံကိုမှ မကြားရတော့ဘူး…။ ဘာအသံကိုမှ မပြုမိအောင် ထိန်းရင်း တိတ်ဆိတ်ခြင်းထဲမှာ အသံတစ်ခုကို လိုက်ရှာကြည့်မိတယ်။ တွေ့တယ်…။ အသံတစ်ခုကို နားနှစ်ဖက်နဲ့ ရှာတွေ့လိုက်ချိန်မှာပဲ… တိတ်ဆိတ်ခြင်းဆိုတာက ပျောက်သွားတယ်။ မဟုတ်ဘူး…။ ကိုယ်လိုချင်နေတာ ဒီလို အခြေအနေမျိုး မဟုတ်ဘူး…။ ကိုယ်ကြားချင်နေတာက တိတ်ဆိတ်ခြင်းကို ချေဖျက်ပစ်ပြီးမှ ဖြစ်တည်လာနိုင်တဲ့ အသံမဟုတ်ဘူး…။ ကိုယ်ကြားချင်နေတာက တိတ်ဆိတ်ခြင်းကိုယ်တိုင်ရဲ့… တိတ်ဆိတ်သောအသံ…။
“နားတွေကို ပိတ်ထား … နှလုံးသားကို ဖွင့်ထား
အပြင်ကို လျှောက်မသွားစေနဲ့ … အထဲမှာ စုစည်းထား … ”
ဟိုးအဝေးကြီးက ဆိုတာပဲ သေချာပြီး ဘယ်ကမှန်း မသိတဲ့ အသံတစ်ခုက အလင်းတစ်ခုလို လက်လာတယ်။ လျှပ်ပြက်သလို… နောက်ထပ် ကြားရပြန်တယ်…။
“တိတ်ဆိတ်ခြင်းက… လှိုင်းမဲ့အသံနဲ့ စကားတွေ ပြောတယ်
အဲဒီစကားသံကို နားတွေနဲ့တော့ မကြားနိုင်ဘူး… နှလုံးသားနဲ့ ခံစားနားလည်ရတယ်”
တိတ်ဆိတ်မှုရဲ့ အေးစက်သော အထိအတွေ့ကို ကိုယ် မခံစားရတော့ဘူး။ တိတ်ဆိတ်ခြင်းရဲ့ အသံကလဲ ကိုယ့်စိတ်တွေကို ဆူညံပေါက်ကွဲပြရင်း… ချောက်ချားစေတာမျိုး မဖြစ်ခဲ့ဘူး။ ကိုယ့်နှလုံးသားဟာ… နွေးထွေးစွာ သက်ဝင်လှုပ်ရှားနေရင်းကကိုပဲ… တိတ်ဆိတ်ငြိမ်သက်ခဲ့ပါပြီ…။
သူတို့ပြောနေကြတဲ့ စကားတွေကို မကြားလို့ တဲ့…။ လူအချို့က ကိုယ့်ကို နားပင်းနေပြီ လို့ ပြောကြတယ်…။ တကယ်တမ်းက… တိတ်ဆိတ်ခြင်းရဲ့အသံကို မကြားနိုင်လောက်အောင်ကို သူတို့ရဲ့ နှလုံးသားတွေ ပင်းနေကြတာ…။ အဲဒီအတိုင်းပဲ ထားလိုက်ပါတယ်… ဘာသာစကားချင်း တူပေမယ့် ရင်ခုန်သံစည်းချက်ချင်း ကွဲနေတဲ့အခါ နားမလည်နိုင်ခြင်းတွေဖြစ်တတ်တာ သဘာဝပဲလေ…။ ခံစားနားလည်ပေးနိုင်မယ့်သူတွေ ရှိရင်တော့ တိတ်ဆိတ်ခြင်းရဲ့ အသံတွေအကြောင်း ကိုယ် နှလုံးသားနဲ့ စာလုံးပေါင်းပြချင်ပါသေးတယ်…။
၁.၁ အေးမြသော အလင်း
ကိုယ်က… လင်းနေရတာကို သဘောကျတယ်။ အမှောင်ရဲ့ နှောင်ကြိုးမဲ့ တွယ်ရစ်မှုတွေကို မလူးသာ မလွန့်သာ ကြိတ်မှိတ်သည်းခံခဲ့ရတာ ကြာပြီလေ။ အမှောင်ကို ခွင်းနိုင်ဖို့ ကိုယ်ကိုယ်တိုင် လင်းနေချင်ပေမယ့် အပူကိုတော့လဲ မုန်းပြန်တယ်။
“ခက်တော့တာပဲ…”
တဖျစ်ဖျစ် တဖျောက်ဖျောက်နဲ့ ထွန်းပမြင့်မောက်နေတဲ့ မီးတောက်ကြီးတစ်ခုက ကိုယ့်ကို အားမလို အားမရနဲ့ လှမ်းပြောတယ်…။ သူ့ခြေရင်းမှာ စုပုံလောင်မြိုက် ပေးနေကြရရှာတဲ့ ထင်းတုံးတွေကို ကြည့်ရင်း ကိုယ် မဲ့ပြုံးပြုံးမိတယ်။ ပိုဆိုးပါတယ်… သူတပါးကို လောင်ကျွမ်းပြာချပစ်ပြီးမှ တောက်ပခွင့်ရမယ့် ဘ၀မျိုးကို ကိုယ်မှ မလိုချင်ပဲလေ…။
“ငါ့လိုရော မဖြစ်ချင်ဘူးလား…”
နေက… အကွာအဝေးကို ၀တ်ရုံတစ်ခုလို ခြုံထားရင်း ကိုယ့်ကို အယောင်ယောင် အမှားမှားဖြစ်အောင် သိမ်းသွင်းတယ်…။ အကွာအဝေးဆိုတဲ့ ၀တ်ရုံကို ခွာလိုက်တဲ့အခါ… သူက… အရာရာကို ဆွဲယူလောင်မြိုက်ပစ်တတ်တာကို ကိုယ် မသိတာမှ မဟုတ်ပဲလေ…။ ပြီးတော့… သူက… သူ့အားသူ့အင်ကို သူကိုယ်တိုင် ထိန်းကွပ်ချိန်ညှိနိုင်သူမှ မဟုတ်ပဲ…။ သူ့ကြောင့် နွေးထွေးခဲ့ရသူတွေ ရှိပေမယ့်… သူ့ကြောင့်… ပူလောင်နေရသူတွေလဲ ဒုနဲ့ဒေးလေ…။
“လင်းနေချင်မှတော့ ပူမှာကို ကြောက်မနေပါနဲ့တော့ကွာ…”
အငွေ့တလူလူထွက်နေတဲ့ ဖယောင်းတိုင်လေးက သူတတ်စွမ်းသမျှ တုန်ခါလင်းမြပြနေရင်း ကိုယ့်ကို လှမ်းပြီး ဖျောင်းဖျတယ်။ လင်းလင်းနေရင်းက တိုတိုလိုက်လာတဲ့ ဖယောင်းတိုင်လေးကို ငေးကြည့်ရင်း ဒီလိုအဖြစ်မျိုးဟာ အမြဲတမ်းအတွက် လိုအပ်သော အမှန်တရားတစ်ခုလားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်မိတယ်။ ဘယ်သူ့အတွက်မှ… ဘယ်သူကမှ အနစ်နာခံစရာ မလိုတဲ့… အပြန်အလှန် အကျိုးပြုနေနိုင်သော ၀န်းကျင်မျိုးကိုပဲ ကိုယ် လိုလားပါတယ်…။
ကိုယ်… အားလုံးကို ခေါင်းခါပြခဲ့တယ်…။ အလင်းရဲ့ အကြောင်းရင်းဟာ ပူလောင်ခြင်းတစ်ခုတည်း ရှိတယ် ဆိုတဲ့ သိမှတ်မှုတစ်ခုကို ကိုယ့်ရဲ့ မသိစိတ်က ငြင်းနေတယ်။ ယုံကြည်မှုတစ်ခုနဲ့… ကိုယ့်စိတ်ကို ရဲဆေးတင်လိုက်တယ်။ အဲဒီအချိန်မှာပဲ… ကိုယ့်လက်ပေါ်မှာ တလက်လက် ဖြစ်နေတဲ့ အလင်းစိမ်းလေးတစ်ခုကို တွေ့လိုက်ရတယ်။ ပိုးစုန်းကြူးလေးတစ်ကောင်ပဲ…။ သူ့ရဲ့ ခန္ဓာကိုယ်ထဲကနေ အစိမ်းရောင် အလင်းစလေးတစ်ခု တဖျတ်ဖျတ် တောက်ပနေတာကို ကြည့်ရင်း… ကိုယ် ကြည်နူးပျော်ရွှင်လာတယ်။ သူနားနေတဲ့ ကိုယ့်ရဲ့လက်က ဘယ်လိုပူလောင်မှုမျိုးကိုမှ မခံစားရဘူး။ သူကိုယ်တိုင်ကရော… အလင်းတစ်ခုကို ရင်ခွင်ထဲ ကိုက်မြိုထားပါရက်က ပျံသန်းရင်း စိမ်းမြလှပနေနိုင်တုန်း…။ ပိုးစုန်းကြူးလေးက ကိုယ့်ကို… လှမ်းပြောတယ်။
“အေးမြတဲ့အလင်း ဆိုတာက… မင်းနှလုံးသားရဲ့ အတွင်းထဲမှာပဲ ရှိတယ်
အဲဒီအလင်းကို ဘယ်လိုလောင်စာမျိုးမှ မရှိတော့ခြင်းနဲ့ ထွန်းညှိရတယ်…”
ပိုးစုန်းကြူးလေး ကိုယ့်လက်ပေါ်ကနေ ထပျံသွားချိန်မှာ… ကိုယ်လဲ ပေါ့ပါးလန်းဆန်းစွာနဲ့ ကျန်ခဲ့တယ်။ ဘ၀အတွက် လောင်စာတွေကို တပ်မက်ခြင်း ကင်းသထက်ကင်းအောင် ကြိုးစားရင်း… တဖြည်းဖြည်းနဲ့ နှလုံးသားဟာ လင်းလင်းလာနိုင်လိမ့်မယ် လို့ ကိုယ် ယုံကြည်ပါတယ်။ ဒါပေမယ့်… ကိုယ် ကြိုးစားရဦးမယ်။
၁.၂ ချိုမြိန်သော ခါးသီးမှု
ကိုယ် ဒဏ်ရာတစ်ခု ရခဲ့ဖူးတယ်…။ အဲဒီဒဏ်ရာရဲ့ နာကျင်မှုက… ကိုယ့်ကို မျက်ရည်ကျစေခဲ့တယ်။ နာကျင်ခံစားရခြင်းရဲ့ နောက်ကလိုက်လာတဲ့ ၀မ်းနည်းပူဆွေးမှုက ကိုယ့်ကို ခါးသီးသော ရသတစ်ခုနဲ့ မိတ်ဆက်ပေးခဲ့တယ်။ မျှော်လင့်ချက် ကင်းမဲ့ခြင်း၊ ယုံကြည်မှု ပျက်သုဉ်းခြင်း၊ သံသယစိတ်များ ပေါက်ဖွားရှင်သန်လာခြင်း… ဆိုတဲ့ အကြောင်းပြချက်မျိုးစုံနဲ့ ကိုယ့်စိတ်ဓါတ်တွေ ယိုယွင်းပြိုလဲခဲ့ရတယ်။ အခန်းက အကျယ်ကြီး ဆိုပေမယ့် ကိုယ်က ဒေါင့်တစ်နေရာမှာပဲ ငြိမ်ပြီး ကုပ်နေရတဲ့သူလိုပဲ…။ ကြောက်စိတ်၊ သိမ်ငယ်စိတ်၊ မလုံမလဲစိတ်၊ မ၀ံ့မရဲစိတ်တွေနဲ့… ကိုယ်က ပျောက်ဆုံးသွားမတတ်ကို သေးငယ်ကျုံ့ဝင်နေတယ်…။ ဒဏ်ရာဟောင်းပေါ်မှာပဲ ဒဏ်ရာအသစ်တစ်ခု ထပ်ရတယ်…။ ဒီတစ်ခါတော့… ယုန်သူငယ်တစ်ကောင်ရဲ့ သေးနုပ်သိမ်ငယ်မှုနေရာမှာ ကျားနာတစ်ကောင်ရဲ့ ခံပြင်းဒေါသက အစားထိုး ၀င်ရောက်လာခဲ့တယ်…။ နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာမှာ အလိုလို ပျိုးမိနေတဲ့ နာကျင်မှု အစို့အညှောင့်က မထီမဲ့မြင်ပြုမှုအဖြစ်နဲ့ အပင်ပေါက်လာတယ်။
“မင်းက ငါ့ကို အိမ်မှာမွေးထားတဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေလို သဘောထားနေတာပဲ…”
အဲဒီစကားက… ပေါက်ကွဲမှုရဲ့အစဖြစ်တယ်…။
“ရှင်ဟာ… သိပ်ကြောက်စရာကောင်းတဲ့ နတ်ဆိုးတစ်ကောင်ပဲ…”
အဲဒီစကားက… ပေါက်ကွဲမှုရဲ့ အလယ်ဖြစ်တယ်…။
“အဲဒီမိန်းကလေးတွေနဲ့ ပတ်သက်ခဲ့မှုတွေအားလုံးဟာ… ချစ်ခြင်းမေတ္တာမပါတဲ့ ဆက်ဆံရေးတွေချည်းပဲ…”
အဲဒီစကားက… ပေါက်ကွဲမှုရဲ့ အဆုံးဖြစ်တယ်…။ ဓါတ်ဆီကုန်သွားတဲ့ကားလို လမ်းဘေးထိုးရပ်သွားချိန်မှာ… ကိုယ့်ဘ၀တစ်ခုလုံးလဲ အစွန်းအထင်း အညစ်အကြေးတွေနဲ့ မဲမှောင်ညစ်ပတ်လို့…။ ပင်လယ်ကမ်းစပ် မဟုတ်ပေမယ့်… ကြယ်ငါးလေးတစ်ကောင်နဲ့… ကိုယ် ဆုံတွေ့ခဲ့တယ်။ သူက ပြောတယ်…
“ငါ့ရဲ့ လက်ငါးဖက်စလုံးဟာ တစ်ခုမှ ဒဏ်ရာဒဏ်ချက် မကင်းခဲ့ဘူး… အချို့သော လက်တွေဆို ပြတ်တောင် ထွက်သွားခဲ့ဖူးတယ်… နာကျင်မှုကို ကြိတ်ခံရင်း နောက်တော့လဲ ပြန်ထွက်လာတာပါပဲ…”
စိုးစိုးစီစီနဲ့ အော်မြည်ပျံသန်းနေတဲ့ ငှက်ကလေးတွေကလည်း… ကိုယ့်ကို ၀ိုင်းပြောကြတယ်။
“နာကျင်ခံစားရတာတွေကို သီချင်းလုပ်ဆိုပစ်လိုက်ပေါ့ကွာ… စိတ်သက်သာရာ ရရုံမကဘူး… ကံကောင်းရင် နာမည်တောင် ကြီးသွားဦးမယ်…”
ကိုယ် ပြုံးမိပြီး စာရေးဆရာ သစ္စာနီ ပြောခဲ့တာကိုလည်း သွားသတိရမိတယ်…။
“အသည်းကွဲလို့ ကဗျာဆရာဖြစ်လာတာ…” တဲ့လေ။
ဒဏ်ရာတွေကြောင့် အရာရာကို ကြောက်သွားပြီး အချိန်တိုင်း တုန်လှုပ်ချောက်ချားနေရတဲ့ ယုန်သူငယ်လို ဘ၀မျိုးလဲ ကိုယ် မရောက်ချင်ပါဘူး။ ခါးသီးတဲ့ ဒဏ်ရာဒဏ်ချက်တွေရဲ့ ထိုးနှက်တိုက်ခိုက်မှုကြောင့် အထိန်းအကွပ်မဲ့ ရိုင်းစိုင်းရက်စက်သွားတဲ့ ကျားနာတစ်ကောင်လဲ မဖြစ်ချင်ဘူး…။
ကိုယ်… ဒဏ်ရာတစ်ခု ရပြန်တယ်။ အခုတော့… အဲဒီဒဏ်ရာရဲ့ နာကျင်မှုကို အရသာတစ်ခုလို ခံစားသာယာနေတတ်ခဲ့ပြီ။ ဒဏ်ရာက အနာကျက်သွားခဲ့တာတောင်… ကျန်ခဲ့တဲ့ အမာရွတ်ကလေးကို ပွတ်သပ်ရင်း တစ်ခါတုန်းက ခံစားခဲ့ရတဲ့ ခါးသီးသော နာကျင်မှုတွေကို တသသနဲ့ ပြန်တွေးရင်း အရသာ ခံတတ်နေပြီ…။ ကိုယ့်ဒိုင်ယာရီ စာအုပ်လေးရဲ့ တစ်ခုသော စာမျက်နှာမှာ… ဒီလို ချရေးလိုက်တယ်။
“နာကျင်မှုမှာ ပျော်ရွှင်နိုင်ပါစေ
ခါးသီးမှုမှာ အရသာခံတတ်စေ
ရှုံးနိမ့်ခြင်းမှာ သာယာချမ်းမြေ့စေ…”