Pages

Tuesday, June 19, 2007

အာဇာနည်ရဲ့အသံ

အန်တီ့ကိုရည်စူးပြီးရေးဖြစ်ခဲ့တဲ့ကဗျာလေးတစ်ပုဒ်ပါ။ အန်တီ့ရင်ထဲက စကားသံတွေကို အန်တီကပြောနေတဲ့ပုံစံနဲ့ရေးထားပါတယ်။ ဒီနေ့ အန်တီ့ရဲ့ ၆၂ နှစ်ပြည့်မွေးနေ့မှာ အမှတ်တရ ဒီပို့စ်လေးကိုတင်ပါတယ်။
ကော်နက်ရှင်မကောင်းလို့ အခု ည၉နာရီရောက်မှပဲ ဒီ့ပို့စ်ကိုတင်လို့ရတော့တယ်။

အာဇာနည်ရဲ့အသံ

အဝေးတစ်နေရာကနေ
မွေးရပ်မြေကိုပြန်ငေး
ပြည်သူတို့ရဲ့ ငိုကျွေးသံတွေ
ငါ့သွေးတွေကို ဆူပွက်စေခဲ့ပြီ။

မြင်ကွင်းရဲ့မလှပမှုတွေကို
တရားမျှတမှုနဲ့ချိန်ထိုး
တိုင်းပြည်ရဲ့အဖြစ်ဆိုးက
ငါ့ရင်ကို ၀င်တိုးခဲ့ပြီ။

အာဇာနည်ရဲ့သွေးနဲ့ဖွဲ့တဲ့
ငါ့နှလုံးအိမ်တည့်တည့်ကို
အာဏာရှင်ရဲ့မြားချက်တွေဖောက်ထွင်း
ငါ့ရဲ့ဆုံးဖြတ်ချက်တွေရှင်းခဲ့ပြီ။

တိတ်ဆိတ်ခြင်းတွေနဲ့ကြီးပြင်း
အနိဋာရုံတွေနဲ့ ပေါင်းသင်းခဲ့ရတဲ့
နိုင်ငံရဲ့သမိုင်းကြောင်း...
ပြောင်းကြဖို့အချိန်တန်ပြီ။

လွတ်လပ်ခြင်းရဲ့အနှစ်သာရ
အပြည့်အ၀မရသေးတဲ့တိုင်းပြည်
လူတစ်ဦးခြင်းစီရဲ့အခွင့်အရေး
ငါရယူပေးချင်ပြီ။

ငြိမ်းချမ်းရေးတေးကို
အပူအပင်ကင်းစွာဟစ်ကြွေး
ပြည်သူတို့ရဲ့ရှေ့ရေး
စိတ်အေးကြတာမြင်ချင်ပြီ။

ဘယ်သူတွေဘယ်လောက်မိုက်မိုက်
အကြမ်းမဖက်တဲ့နည်းနဲ့ဆက်တိုက်
အဲဒီ့အမှောင်တိုက်မှာ...
အလင်းမှတ်တိုင်ငါစိုက်မည်။

ချစ်စရာမြန်မာစိတ်ဓါတ်နဲ့
ဖြူစင်ကြတဲ့ ပြည်သူတို့ရဲ့အား
ငါ့နှလုံးသားမှာထည့်ထားပြီး
လွတ်မြောက်ခြင်းရဲ့ခရီးလမ်း
မဆုံးသရွေ့ငါဆက်လှမ်းမည်။ ။

Monday, June 18, 2007

အစည်းအဝေးဖိတ်ကြားခြင်း

မြန်မာဘလော့ဂ်ဂါများ၏ စုစည်းတင်ဆက်မှုဖြစ်သည့် `အနာဂတ်လှိုင်း၏ဆုံမှတ်များ´ ဟုအမည်ရသော မြန်မာဘလော့ဂ်မိတ်ဆက်စာအုပ် ရိုက်နှိပ်ထုတ်ဝေမည့် ကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးသမျှအခြေအနေများကို တင်ပြရန်နှင့် စာအုပ်ထုတ်ဝေရေးအတွက် လိုအပ်သော အခြားလုပ်ငန်းဆောင်တာများအတွက် ၀ိုင်းဝန်းဆွေးနွေးကြရန် ရန်ကုန်မြို့တွင် အစည်းအဝေးတစ်ရပ်ထပ်မံကျင်းပမည်ဖြစ်ပါသည်။
နေ့ရက် - ၂၄.၀၆.၂၀၀၇ (တနင်္ဂနွေနေ့)
အချိန် - နေ့လည် ၁ နာရီတိတိ
နေရာ - COFFEE KING ( ဗိုလ်အောင်ကျော်လမ်း ၊ အာလာဒင်ရှေ့)
အထူးအစီအစဉ်အနေဖြင့် လာမည့် ဇွန် ၂၈တွင်ကျရောက်မည့် မွေးနေ့ အကြိုအဖြစ် ကျွန်တော် နေဘုန်းလတ်မှ အစည်းအဝေးတက်ရောက်သူများအားလုံးကို အစား (အာလူးကြော် တစ်ချောင်း) အသောက် (ရေတစ်ခွက်) များဖြင့် ဧည့်ခံမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ( ဒါမှ လာကြမှာ၊ )

စာကြွင်း ၁၊၊ ။မွေးနေ့လက်ဆောင်ယူမလာခြင်း သည်းခံပါ။း-)
စာကြွင်း ၂။ ။အစည်းအဝေး၏ ပထမ section အတွက်သာ တာဝန်ယူခြင်းဖြစ်ပါသည်။ ဒုတိယ section နှင့် တတိယ section များအတွက်မူ ကိုယ့်ဒေါသနှင့် ကိုယ်ဖြစ်ပါသည်။

Friday, June 15, 2007

ဘ၀ထဲကစကားလုံးများ

ဘ၀ထဲကစကားလုံးများ

``အခုအချိန်မှာ ဒုက္ခခံရတာ နောင်တစ်ချိန်မှာ ကောင်းစားဖို့ .´´ ဆိုတဲ့စကားကို လူတော်တော် များများပြောကြတာ ကျွန်တော်ကြားဖူးတယ်။ မရေရာတဲ့ မနက်ဖြန်တွေအတွက် အသေအချာရှိနေတဲ့ ဒီနေ့တွေကို မိုက်မိုက်မဲမဲစတေးပစ်သင့်ရဲ့လား ...။ ကျွန်တော် မသိဘူး။ လူတိုင်းဟာ မျှော်လင့်ချက်တွေနဲ့ အသက်ရှင်နေကြရတယ်ဆိုတဲ့စကားကို ကျွန်တော်တစ်ခါက တူးတူးခါးခါးကိုငြင်းခဲ့ဖူးပါတယ်။ ဒါပေမယ့် ... အခုတော့လဲ အဲဒီ့အယူအဆတွေအားလုံး အပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပါပြီ။ အခုတော့ ကျွန်တော်ကိုယ်တိုင် ကိုက မျှော်လင့်ခြင်းတွေနဲ့အားယူကုန်းထနေရတဲ့ လောကရဲ့ခရီးသွားတစ်ယောက်ဖြစ်နေခဲ့ပြီလေ။ တကယ်လို့သာ ကိုယ်လုပ်ချင်တာလေးတွေကို အေးအေးဆေးဆေးနဲ့လုပ်ခွင့်ရနေခဲ့မယ်ဆိုရင် မျှော်လင့်ချက်ဆိုတာ ကျွန်တော့်အတွက် မလိုအပ်ပါဘူး။ အခုတော့ လောကအလိုကျကပြနေရတဲ့ ဘ၀ရဲ့ဇာတ်ဝင်ခန်းတွေကို ကိုယ်တကယ်ယုံကြည်တဲ့ ဇာတ်သိမ်းခန်းတစ်ခုနဲ့ အဆုံးသတ်လိုက်နိုင်ဖို့အတွက် ကျွန်တော် မျှော်လင့်တတ်နေခဲ့ပါပြီ။ ဘ၀ဆိုတာကြီးကို အမှန်တကယ် တာဝန်ယူတည်ဆောက်ရတော့မယ်ဆိုတာကို သိလိုက်ရတဲ့အချိန်ကစပြီး အတွေးခေါ်အယူအဆတွေ တော်တော်များများ ပြောင်းလဲသွားခဲ့ကြတယ်။ ဒါဟာ ... ကျွန်တော့်ရဲ့စိတ်ဓါတ်မခိုင်မာမှုကြောင့်လည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ရင်ထဲက အပြင်းပြဆုံးအာသီသတစ်ခုအတွက် အသေးအဖွဲခံယူချက်တွေကို ပျော့ပြောင်းကွေးညွတ် ပေးလိုက်ခြင်းလဲဖြစ်နိုင်တယ်။ ဘ၀တစ်လျှောက်လုံး အသားလွတ်ကြီး ရုန်းကန်လှုပ်ရှားနေရမှာကို ပျင်းတဲ့ဗီဇစိတ် တစ်ခု ကြောင့်လဲဖြစ်နိုင်တယ်။ ဘာ့ကြောင့်လဲဆိုတာ သေချာဖို့အတွက် ကျွန်တော့်ကို ကျွန်တော်စောင့်ကြည့် ရဦးမယ်။
တခါက ကျွန်တော်ဘာလုပ်ရမယ်မှန်းမသိပဲ တွေဝေမိနေချိန်မှာ လူတစ်ယောက်က ကျွန်တော့်ကို အကြံပေးဖူးတယ်။ ``မင်းဘ၀အတွက် အရေးအကြီးဆုံးကဘာလဲဆိုတာ မင်းကိုမင်းသေသေချာချာပြန်မေးကြည့်ပြီး ... ပြီးရင် အဲဒါကိုရနိုင်မယ့်လမ်းကိုရွေးပေါ့ .´´ တဲ့ ...။ အကြံဥာ ဏ်ပေးတဲ့အတွက်တော့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ... ကျွန်တော်သူမသိအောင် တိတ်တိတ်လေးပြုံးမိတယ်။ လူတစ်ယောက်အတွက် အရေးအကြီးဆုံးအရာဟာ ဘ၀တစ်လျှောက်လုံးမှာ တစ်ခုတည်းရှိနေတာမှ မဟုတ်တာလေ။ အခုအချိန်မှာ ဒါဟာ ငါ့အတွက် အရေးအကြီးဆုံးပါပဲ ဆိုတဲ့စိတ်တစ်ခုနဲ့ အရယူခဲ့ပေမယ့် နောင်တစ်ချိန်ချိန်ကျတော့လဲ ဒါကငါ့ဘ၀အတွက် ဒီလောက်လဲ အရေးမကြီးပါလား ဆိုတဲ့အတွေးနဲ့ လူတိုင်းနောင်တတွေရခဲ့ကြဖူးတာပဲမဟုတ်လား ...။ တကယ်တမ်းကျတော့လည်း လူတွေသုံးစွဲနေကြတဲ့ ``နောင်တရတယ် .´´ ဆိုတဲ့အသုံးအနှုံးဟာလည်း နောင်တသေးသေးလေးတစ်ခုကနေ နောင်တကြီးကြီးတစ်ခုဆီကို ကူးပြောင်းဖို့အားယူတဲ့ လှေကားထစ်တစ်ခု ဖြစ်သွားတတ်ကြတာပဲလေ။ ကျွန်တော်ကတော့ ``တကယ်လို့များ ...´´ ဆိုတဲ့ စကားကို လူ့လောကကြီးကနေ အပြီးအပိုင်ထွက်ခွာသွားရတော့မယ့် နောက်ဆုံးအချိန်မှာ မပြောလိုက်ရစေဖို့ အမြဲတမ်းသတိထားနေမိတယ်။ ဒါပေမယ့်လဲ ... မနက်ဖြန်သာကျွန်တော်သေသွားခဲ့ရင် လောကကြီးကို အဲဒီ့စကားလုံးနဲ့ပဲ ကျွန်တော်နှုတ်ဆက် ရဦးမှာပါပဲ။
သေခြင်းတရားဆိုတာဟာ ကွေးသောလက်မဆန့်မီ၊ ဆန့်သောလက်မကွေးမီကိုယ့်ဆီကိုရောက်လာနိုင်တယ် ဆိုတာကို ခိုင်ခိုင်မာမာသိထားပေမယ့် လောကကြီးထဲမှာ မောဟမီးတွေတညီးညီးနဲ့ ဘ၀ခရီးကိုလျှောက်လှမ်း ကြရတဲ့ အခါ အဲဒီ့သေခြင်းတရားဆိုတာကြီးကို ကျွန်တော်တို့မေ့ထားကြရတာပဲလေ။ ကျွန်တော်ကတော့ ဖြစ်နိုင်မယ်ဆိုရင် ကိုယ်သေရမယ့်နေ့ကို တစ်ရက်လောက်ကြိုပြီးသိချင်မိတယ်။ အဲဒီလို သိကြရပြီဆိုရင်ရော ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ။ မနက်ဖြန်ဆိုတာကို ပိုင်ဆိုင်ခွင့်မရှိတော့တာသေချာသွားပြီဆိုရင် ဒီနေ့ကို ကျွန်တော်တို့ ဘယ်လိုကုန်ဆုံးပစ်ကြမလဲ။ လူတော်တော်များများကတော့ ငါတကယ်သေရတော့မယ်ဆိုတဲ့ အသိတစ်ခုကို တည်တည် ငြိမ်ငြိမ်နဲ့ လက်ခံနိုင်ဖို့ဆောက်တည်ရာမဲ့ကြိုးစားနေကြရင်းနဲ့ပဲ သေသွားကြရလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အချို့ဆိုရင်လည်း မသေရပါဘူးကွာလို့ငြင်းပြီး ရှင်သန်ခွင့်တစ်ခုကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ရှိသမျှစည်းစိမ်တွေပုံပေြး့ပီး ပြန်ယူနိုင်ဖို့ကြိုးစားကြလိမ့်မယ်ထင်ပါတယ်။ အခြေအနေတစ်ခုကို ကိုယ်က ဘယ်လောက်ပဲ မလိုချင်ပေမယ့် ဘယ်လိုမှ ရှောင်လွှဲလို့မရနိုင်တော့တာသေချာသွားပြီဆိုရင်တော့ တည်တည်ငြိမ်ငြိမ်နဲ့ လက်ခံလိုက်ခြင်းဟာ အားလုံးအတွက် အကောင်းဆုံးပါ။ အဲဒီလို လက်ခံလိုက်ရင် ပူပင်သောကတွေတစ်ဝက်လောက်ငြိမ်းသွားနိုင်ပါတယ်။ ဒါပေမယ့် ... လောကထဲက အကြီးမားဆုံးသောပြဿနာတွေရဲ့အစက ရှောင်လွှဲလို့မရနိုင်တဲ့ပြောင်းလဲမှုတွေရဲ့ သဘောသဘာဝတွေကို အပြည့်အ၀လက်မခံနိုင်ကြခြင်းပဲ မဟုတ်လား။ ``မနက်ဖြန် မင်းသေရတော့မယ်ဆိုရင် ... မင်း ဒီနေ့ဘာလုပ်မှာလဲ .´´ ဆိုတဲ့မေးခွန်းကို အခုအချိန်မှာ ကျွန်တော်အားလုံးကို လိုက်မေးချင်ပေမယ့် အဖြေမှန်တွေ ရမှာမဟုတ်တဲ့အတွက် ကျွန်တော်မမေးဖြစ်ခဲ့ပါဘူး။ မေးဖြစ်ခဲ့ရင်လည်း ``ဘာလို့သေရမှာလဲကွ .´´ ဆိုပြီး ဆွဲထိုးသွားတာ ခံရနိုင်သလို ...။ ``နမိတ်မရှိ နမာမရှိပြောရက်လိုက်တာ .´´ ဆိုပြီး ပါးဆွဲချတာကိုလည်း ခံလိုက်ရနိုင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း မှန်ကန်တဲ့အဖြေတစ်ခုကိုထုတ်နိုင်မှာ မဟုတ်တဲ့အတွက် အဲဒီ့မေးခွန်းကို မဖြေဖြစ်ခဲ့ပါဘူး။ တချို့ စိတ်အခြေအနေတွေက လုပ်ယူခံစားကြည့်လို့မှ မရနိုင်တာလေ။
လူတစ်ယောက်ရဲ့မဖြစ်စလောက်ဆန္ဒလေးတစ်ခုပြည့်ဖို့အတွက် သုံးစွဲလိုက်ရတဲ့ အသုံးစရိတ်ဟာ ... အခြားသူတစ်ယောက်ရဲ့ဘ၀တစ်လျှောက်လုံးမှာ ဘယ်လိုမှ မျှော်လင့်ခွင့်မရှိတဲ့ ငွေကြေးပမာဏနဲ့ သွားပြီး ထပ်တူညီနေရတာ ဘာ့ကြောင့်လဲ ...။ မှန်ကန်ခဲ့ဖူးတဲ့ညီမျှခြင်းတွေကို ဒီလောက်အထိချွတ်ချော်လွဲမှား သွားရလောက်အောင် ဘယ်လိုပုံသေနည်းတွေနဲ့များ ကျွန်တော်တို့တွေမှားယွင်းတွက်ချက်မိခဲ့ကြသလဲ။ လောကရဲ့ ချိန်ခွင်လျှာ မညီမျှမှုအောက်မှာ ဘ၀တွေတစ်ခုပြီးတစ်ခု ဖျက်ဆီးလုယက်ခံနေရတာ အစဉ်အလာတစ်ခုပါလို့ ဘယ်လိုအားမျိုးနဲ့ သက်မှတ်ပစ်လိုက်ရမှာလဲ။ တွေ့နေ၊ မြင်နေရတဲ့ မြင်ကွင်းတွေကနေ အဖြေမရှိတဲ့ မေးခွန်းတွေထွက်ထွက်ကျလာတယ်။ အဲဒီ့ ဖြေရှင်းချက်မရှိတဲ့မေးခွန်းတွေနဲ့ပဲ အသားကျကျေနပ်နေရခြင်းဟာ လူများစွာရဲ့ ဘ၀ဖြစ်လာတယ်။ ကျွန်တော်တို့လက်မခံချင်ကြပေမယ့် ငြင်းဆန်ဖို့လဲခက်တယ် ...။
လူအများက အခွင့်အရေးတွေလို့ယူဆထားကြတဲ့ အချို့အရာတွေက ကျွန်တော့်အတွက်တော့ ခပ်နက်နက်တူးထားတဲ့ တွင်းတွေလိုပါပဲ။ ကျွန်တော်ပြန်လည်ရုန်းထွက်ဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ရတယ်။ အချို့တွင်းတွေထဲမှာဆို အချို့စိတ်ကူးအပိုင်းအစတွေ နစ်မြုပ်ကျန်ရစ်ခဲ့ကြတယ်။ အချို့တွင်းတွေမှာဆို မျှော်လင့်ခြင်းအစစ်အမှန်တွေိကု ဖြုတ်ချစတေးပစ်ခဲ့ရဖူးတယ်။ တစ်ခုခုကိုလိုချင်ရင် တစ်ခုခုကိုပြန်ပေးရတယ်တဲ့ ...။ ကျွန်တော်ကတော့ ဘယ်လိုမှထပ်တူမကျနိုင်တဲ့ လိုအပ်မှုနဲ့ လိုချင်မှုတွေကို ရှိစုမဲ့စုအားနဲ့ အတင်းဆွဲကိုင်ညှိယူဖို့ ကြိုးစားရင်း ဖြစ်သင့်တာတွေအတွက် ဖြစ်ချင်တာတွေများစွာကို ထိုးကျွေးခဲ့ရဖူးတယ်။ ငါမျှော်လင့်ခဲ့တဲ့ဘ၀က ဒီလိုမျိုးမဟုတ်ပါဘူးလို့ စိတ်ထဲကအခါခါငြင်းနေမိပေမယ့် ဒီလိုပါပဲ ဆိုတဲ့စကားကို နှုတ်ဖျားက တဖွဖွရွတ်ဆိုရင်း အကြိမ်ကြိမ်ပြန်အားတင်းခဲ့ရတယ်။ လုပ်ချင်တာတွေလုပ်ခွင့်ရချိန်အထိတော့ ရှင်သန်ခွင့်တစ်ခုကို မျှော်လင့်မိတယ်။ ဒါဟာ ဘ၀ကို တပ်မက်ခြင်းပုံသဏ္ဍာန်တစ်ခုလား ...။
ရင်ထဲမှာပြည့်သိပ်ဝေဆာနေတဲ့ အဖြူရောင်စိတ်ဆန္ဒတွေကို ခင်းဖြန့်စိုက်ပျိုးခွင့်တော့ရချင်သေးတယ်။ လောကရဲ့ မရေရာမှုတွေများစွာထဲမှာ ကျွန်တော်တကယ်သေချာခဲ့တာက ကျွန်တော့်ရင်ထဲက ဆန္ဒတွေဖြူစင်ဝင်းပ နေခဲ့တယ် ဆိုတာပါပဲ။ ဘာဆိုဘာမှ လက်ဆုပ်လက်ကိုင်ပြစရာမရှိတော့လဲ မတိမ်းစောင်းခဲ့ဖူးတဲ့ ရင်ခုန်သံ စည်းချက်တွေနဲ့ပဲ လောကထဲကို မ၀ံ့မရဲထိုးခွဲဝင်ရောက်နေဆဲပါ။ ကျွန်တော် ဘယ်သူ့ကိုမှ မကောင်းတဲ့ စိတ်ထား တစ်ခုနဲ့ မဆက်ဆံခဲ့ဖူးပါဘူး။ ကျွန်တော့်ကြောင့် ညှိုးခဲ့ရတဲ့ ပန်းတွေရှိခဲ့ရင်လည်း သူတို့ရှေ့မှာ ဒူးပြန်ထောက်ပြီး ကျေနပ်အောင်တောင်းပန်ဖို့ အဆင်သင့်ပါ။ ကျွန်တော့်ကြောင့် ကျခဲ့ရတဲ့ မျက်ရည်တွေရှိခဲ့ရင်လည်း အဲဒီ့ မျက်ရည်တွေရဲ့ပမာဏကို ကျွန်တော့်နှလုံးသွေးတွေနဲ့ ပြန်လည်အစားထိုးပေးခွင့်ရချင်ပါတယ်။ ကျွန်တော့်ရဲ့ တောင်းဆုတွေပြည့်ဖို့အရေး ကြွေပေးခဲ့ရတဲ့ ကြယ်စင်တွေရှိခဲ့ရင်လည်း သူတို့ရဲ့ကိုယ်စား ကျွန်တော် လင်းလက်တောက်စားပေးချင်ပါသေးတယ်။ အခွင့်ရှိမယ်ဆိုရင်ပေါ့လေ ... ။ ပေးဆပ်ခွင့်ရှိသရွေ့ ပြန်ပေးခဲ့ပါရစေ။ ရယူခြင်းတွေနဲ့ပဲ ပြန်လည်ထွက်ခွာသွားဖို့ ကျွန်တော့်စိတ်က မ၀ံ့ရဲလို့ပါ။
လောကကြီးထဲမှာ ဘယ်လိုအရာတွေက ရယူသိမ်းပိုက်လိုက်ဖို့ အသင့်တော်ဆုံးပါလဲ။ အရာအားလုံးကို မေ့ထားပြီး ကျွန်တော်တို့တွေ သဲကြီးမဲကြီးရှာဖွေဖြည့်ဆည်းနေကြတဲ့ အရာတွေကရော ဘယ်လို နောက်ဆုံးသော ရည်ရွယ်ချက်မှာ အဆုံးသတ်ကြပါသလဲ။ ဘ၀မှာ မရေရာမသေချာတဲ့ စိတ်တွေနဲ့ လုံးလည်ချာလည်လိုက်နေရတာ အဖြေမပါတဲ့ သင်္ချာပုစ္ဆာတစ်ပုဒ်ကို သီအိုရီမပါပဲတွက်နေရသလိုပါပဲ။ အမှန်တရားနဲ့ ဘယ်လိုမှ မနီးစပ်နိုင်တဲ့လမ်းမှာ ဇွတ်မှိတ်လျှောက်နေရင်း မှားယွင်းမှုတွေနဲ့ပက်ပင်းတိုးရတာ ကိုယ့်မျက်နှာကိုယ် ဖြန်းကနဲ ဖြတ်ရိုက်ခံရသလို အခံရခက်ပါတယ်။ တွေးကြည့်လိုက်တိုင်း ရေးရေးလေးပေါ်ပေါ်လာတတ်တဲ့ အမှန်တရားကို ဆင်ခြေ၊ ဆင်လက်တွေများစွာက ပြန်ဖုံးကာသွားကြတယ်။ တကယ်တမ်းကျတော့လည်း ကိုကိုယ်တိုင် ဘာဖြစ်ချင်မှန်းကို တိတိကျကျ အဖြေမထုတ်နိုင်ခြင်းတွေကပဲ ဘ၀ရဲ့ချွတ်ချော်လွဲမှားခြင်း တွေရဲ့အစဖြစ်မှာပါ။ ဘာကို ယုံကြည်ရမယ်မှန်းမသိလို့ ဘာကိုမှ မယုံကြည်ဘူးဆိုပြီး လောကကိုအရွဲ့တိုက် ပြန်ရင်လည်း ခံရတဲ့သူက ကိုယ်ပဲ ဖြစ်မှာလေ။ ဒါပေမယ့် ... အခုအချိန်မှာ တကယ်သေချာနေတာက ကျွန်တော့်ရဲ့ယုံကြည်ချက်တွေ ထွေပြားေ၀၀ါးနေကြတယ်ဆိုတာပါ။ အသက်အရွယ်အပိုင်းအခြားကိုလိုက်ပြီး ဘ၀အတွက် ဖြည့်ဆည်းရမယ့် အရာတွေကို ခွဲခြားသတ်မှတ်ပေးထားတာတွေ ကြားဖူးပါတယ်။ ဒါပေမယ့် ... တကယ့်လက်တွေ့ဘ၀ဆိုတာတွေက အဲဒီလို ပုံသေနည်းတစ်ခုထဲမှာ အလွယ်တကူ အံဝင်ခွင်ကျဖြစ်သွားနိုင်တာမှ မဟုတ်တာ ...။ ဘာပဲဖြစ်ဖြစ်ပါ ... ။ အသေအချာကို ရှိခဲ့ဖူးတဲ့ အခိုင်မာဆုံးယုံကြည်ချက်တွေကိုတော့ မပျောက်ပျက်အောင် ကျွန်တော် ထိန်းသိမ်းထားပါ့မယ်။ ကံကြမ္မာဆိုတာကို တစ်ခုပဲ တောင်းဆိုချင်တာက ... ကျွန်တော့်ရဲ့ဘ၀ကိုကျွန်တော် တန်ဖိုးရှိတဲ့ အဓိပ္ပါယ်တစ်ခုနဲ့ ဖွင့်ဆိုထားရစ်ခဲ့ ပါရစေလို့ ...။ ။

Monday, June 11, 2007

ကျွန်တော်လွှတ်ချခဲ့တဲ့မြို့တော်

ဒီဘလော့ဂ်လေးကို စလုပ်မယ်လို့ကြံတဲ့အချိန်က ကျွန်တော် ဒီဝတ္ထုတိုလေးကိုရေးနေတဲ့အချိန်ပါ။
ဒါကြောင့် ဒီဘလော့ဂ်လေးရဲ့နာမည်ကိုလဲ ဒီဝတ္ထုတိုလေးရဲ့ ခေါင်းစဉ်နဲ့ခပ်ဆင်ဆင်လေးပေးဖြစ်ခဲ့ပါတယ်။ ဒီဝတ္ထုတိုလေးကတော့ ကျွန်တော့်ရဲ့ ရှားရှားပါးပါး အချစ်ဝတ္ထုတိုတွေထဲက တစ်ပုဒ်လို့ပြောလို့ရပါတယ်။ ဖတ်ကြည့်ကြပါဦးဗျာ။

ကျွန်တော်လွှတ်ချခဲ့တဲ့မြို့တော်

တဖွဲဖွဲကျနေတဲ့ ဆောင်းနှင်းတွေကြားထဲမှာ ကျွန်တော့်ရဲ့မြို့တော်လေးကို ကျွန်တော်သဲသဲကွဲကွဲမြင်ခဲ့ရတာပါ ...။
နူးညံတယ်ဆိုတာထက်ပိုတဲ့ ညင်သာမှုတွေရဲ့အထိအတွေ့မှာ ကျွန်တော့်ရဲ့လက်ဖ၀ါးတွေ နွေးထွေးသက်ဝင်လာရာက စခဲ့တယ် ...။
သူမဟာ ကျွန်တော့်ကို မြို့တော်လေးအကြောင်းတွေ ဖွင့်ဆိုပြခဲ့တဲ့ အသံမဲ့ကဗျာတစ်ပုဒ်ဖြစ်တယ် ...။
သူမကမိုးရာသီကိုချစ်တယ် ...။ ကျွန်တော်ကမိုးရာသီမှာမွေးတယ် ...။ အဲဒီတော့ သူမကကျွန်တော့်ကိုချစ်တယ် ...။သိပ်တော့
မဆိုင်လှပေမယ့် အဲဒီအတိုင်းပဲဖြစ်ခဲ့တယ် ...။ မရေရာမှုတွေသာ တကယ့်ကိုသေချာခဲ့တဲ့လောကထဲမှာ သူမနဲ့ကျွန်တော် အသေအချာကိုချစ်ခဲ့ကြဖူးပါတယ်..။
အသဲပုံဖဲချပ်လေးတွေကို ဆွဲတိုင်း စပိတ်နဲ့ညှင်းတွေပဲ ကျကျလာတတ်တဲ့ ဖဲချပ်တွေကိုကျွန်တော်မုန်းတယ်..။ ကျွန်တော်သူမကိုလွမ်းနေပါတယ် ...။လွမ်းတယ်ဆိုတဲ့ စကားကို အပိုစာသားတွေမပါပဲ ကျွန်တော် ထပ်ပြောပါ့မယ် ...။ ကျွန်တော် သူမကို လွမ်းနေပါတယ် ...။
ကျွန်တော်ကအပြုံးတုတွေကြားမှာ အတုံးအရုံးကျဆုံးတယ်။ သူမကပါးချိုင့်ကလေးပေါ်အောင် ပြုံးရင်းကျွန်တော့်ကိုအားပေးတယ် ...။ ကျွန်တော်မထင်မှတ်ခဲ့ပေမယ့် ကျွန်တော့်ရဲ့ရင်ဘတ်ထဲကိုသူမရောက်လာတယ် ...။ အနက်ရှိုင်းဆုံး ... အနူးညံ့ဆုံး ... နှလုံးသားရဲ့တစ်နေရာမှာ လှလှပပပဲ သူမနေရာယူခဲ့တယ် ...။ သိပ်ကိုသိမ်မွေ့လွန်းတဲ့အတွက် ကျွန်တော် ရုတ်တရက်မသိခဲ့လိုက်ဘူး ...။
ချစ်စရာပါးချိုင့်လေးအတွက်လို့ ရေးထားတဲ့ ကျွန်တော့်ရဲ့စာသားတွေကို သူမဆုတ်ဖြဲပစ်ခဲ့ပြီလား..။ ဘာပဲဖြစ်ဖြစ် သူမနဲ့ကျွန်တော် အတူတူမှန်းမျှော်ခဲ့ကြဖူးတဲ့ ကျွန်တော်တို့ရဲ့မြိုတော်လေးဆီကို အရောက်သွားဖို့ သူမရဲ့နာမည်ကို ကျွန်တော် တိုးတိုးလေး အော်ခေါ်နေမိတယ်...။
နားလည်မှုဆိုတဲ့စကားလုံးကိုကြားတိုင်း ကျွန်တော်ပြုံးမိတယ်...။ ကျွန်တော်ပျော်နေရင် သူမကျေနပ်တယ်၊ ကျွန်တော်ပြုံးတာကို သူမနှစ်သက်တယ်၊ ကျွန်တော်မျက်ရည်ကျရင် သူမငိုတယ်၊ ကျွန်တော်စိတ်ညစ်တဲ့အခါ ... ဟင့်အင်း ... မဟုတ်ဘူး ... သူမကြောင့်ကျွန်တော်တစ်ခါမှ ... စိတ်မညစ်ခဲ့ဖူးဘူး ...။ ကျွန်တော်စိတ်ဓါတ်ကျတဲ့အခါ ... သူမကအားအင် တွေပေးတယ် ...။ သူမရဲ့ရင်ခွင်ထဲကိုတိုးဝင်ပြီး ... နားစွင့်ကြည့်လိုက်တဲ့အခါတိုင်း ... ကြားရတဲ့ရင်ခုန်သံတွေက ကျွန်တော့်ကိုချစ်ခြင်းမေတ္တာအကြောင်း စာလုံးပေါင်းပြတယ်။ သူမကကျွန်တော့်ကိုချစ်တယ် ...။ တူညီတဲ့တုံပြန်မှုပြန်ပေးတာ မဟုတ်ပါဘူး ...။ ဒါပေမယ့် ကျွန်တော်လည်း သူမကိုသိပ်ချစ်ပါတယ် ...။
မျက်လုံးကိုမှိတ်ပြီးသူမအကြောင်းကိုစဉ်းစားတိုင်း ... ကျွန်တော့်ရဲ့ရင်ခုန်သံတွေမြန်မြန်လာတယ်. ... အဆုံးအစမရှိဘူးလို့ထင်ရတဲ့ ကျွန်တော့်ရဲ့အတွေးတွေက သူမနဲ့စပြီးသူမနဲ့ဆုံးတယ်...။ သူမသီကုံးဖွဲ့ဆိုခဲ့ဖူးတဲ့ မြို့တော်လေးတစ်ခုရဲ့အသွင်သဏ္ဍာန်တွေက ကျွန်တော့်ရဲ့စိတ်ကူးပုံရိပ်ထဲမှာ ... မပီဝိုးတ၀ါးနဲ့ ... လှပသက်ဝင်နေတုန်းလေ...။ ကျွန်တော်ဖြေလျှော့လိုက်တဲ့လက်တွေကိုသူမဘာလို့ပြန်ဆွဲမယူခဲ့လဲလို့ ... ကျွန်တော်မိုက်မိုက်ကန်းကန်းတွေးဖူးတယ်...။ ဝေဒနာဆိုတာခံနိုင်ရည်ရှိမှုနဲ့မဆိုင်ဘူးတဲ့...။ နူးညံ့လွန်းတဲ့သူမရဲ့နှလုံးသားဟာ ကျွန်တော့်ကြောင့်မာကျောသွားခဲ့တာလား ...။
ရင်ခုန်သံနဲ့တစ်ထပ်တည်းကျတဲ့ စကားလုံးတွေကိုသုံးပြီး သူမ ကဗျာလေးတွေ သီကုံးတတ်တယ် ...။ သူမ ရွတ်မပြခဲ့ဖူးပေမယ့် ... သူမရဲ့ကဗျာတွေကိုဖတ်တိုင်း သူမရဲ့အသံကို ကျွန်တော်ကြားတယ်...။ ကျွန်တော်တစ်ယောက်တည်း အတွက်ဆိုတာ အတိအကျကိုသေချာတဲ့ ... အဲဒီကဗျာလေးတွေထဲမှာ ဖြူစင်အေးမြတဲ့ချစ်ခြင်းမေတ္တာကို ကျွန်တော်တွေ့ရတယ်...။ သူမနဲ့ကျွန်တော် နှစ်ယောက်အတူရေးစပ်ခဲ့ဖူးတဲ့ ... ကဗျာလေးတစ်ပုဒ်ထဲက ... စာသားလေးလိုပေါ့ ... ကျွန်တော်က ဖြူလွှလွှတိမ်စလေးဖြစ်တယ် ... သူမက တိုက်ခတ်လေပြေလေးဖြစ်တယ်...။ သူမဟာ ကျွန်တော်နဲ့ပတ်သက်လာရင် ... အတ္တနဲလွန်းတယ်...။ သူမရဲ့စိတ်ကျေနပ်မှုအတွက် ... ကျွန်တော့်ကိုစိတ်ညစ်အောင်မလုပ်ဘူး...။ သူမရဲ့သာယာပျော်ရွင်မှုအတွက် ... ကျွန်တော့်ကို အချုပ်အနှောင်တွေထဲကို မထည့်ဘူး...။ ကြားစကားတွေ...၊ လေလှိုင်းထဲက အတင်းအဖျင်းတွေကို သူမက ယုံကြည်မှုတစ်ခုနဲ့ ရိုက်ချိုးနိုင်စွမ်းတယ်...။ သူမဟာ သိပ်ကိုချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တယ်...။
ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော်လေးကို သူမကတည်ဆောက်တယ်...။ အဲဒီမြို့တော်လေးမှာ အခြေအမြစ်မရှိတဲ့ သံသယတွေအစား နားလည်ယုံကြည်မှုတွေရှိတယ်...။ အစွန်းရောက်တဲ့ ချုပ်နှောင်တားမြစ်မှုတွေအစား မျှတပြေပြစ်တဲ့ ကိုယ်ပိုင်လွတ်
လပ်ခွင့်တွေရှိတယ်...။ မရေရာတဲ့ မေးခွန်းပုစ္ဆာတွေအစား သေချာတဲ့အမှန်တရားတွေရှိတယ်...။ တစ်ဦးကိုတစ်ဦး အထင်သေးနှိမ့်ချမှုတွေအစား အပြန်အလှန် ချစ်ခင်လေးစားမှုတွေရှိတယ်...။ ကျွန်တော်တို့ရဲ့မြို့တော်လေးမှာ ... အလှဆုံးဆိုတဲ့ပန်းတွေသာ ဝေေ၀ဆာဆာကို ဖူးပွင့်ကြိုင်လှိုင်ခဲ့တာပါ...။
ကျွန်တော့်ရဲ့အားနည်းချက်တစ်ခုမှာ ကျွန်တော် ညင်ညင်သာသာ ကျဆုံးခဲ့ချိန်ပေါ့...။ ကျွန်တော့်ရဲ့ခြေလှမ်းတွေက
အာသာဆန္ဒတွေနောက်ကို လိုက်တယ်...။ ကျွန်တော့်ရဲ့အာရုံတွေက ပြင်းထန်လွန်ကဲတဲ့ ရမ္မက်တွေရှိရာကို ရောက်တယ် ...။ အနီးဆုံးမှာရှိနေတဲ့သူမကို ကျောခိုင်းပြီး မာယာတွေအပြိုင်းအရိုင်းထနေတဲ့ လောကထဲကို ကျွန်တော် အရိုင်းအစိုင်း တစ်ယောက်လို ၀င်တိုးမိခဲ့တယ်။ သူမမကြားချင်ဆုံးဖြစ်တဲ့ ဝေး.. ဆိုတဲ့စကားတစ်ခွန်းက ကျွန်တော်တို့နှစ်ယောက်ရဲ့ ဘ၀ထဲကိုပြုတ်ကျလာတယ်...။ အနမ်းတွေနေရာကို အလွမ်းတွေက အစားဝင်တယ်..။ အပြုံးတွေနေရာကို အရှုံးတွေက အစားဝင်တယ် ... အဲဒီလို ... အဲဒီလိုနဲ့ ... ဝေးခဲ့ကြတယ်...။ ကျွန်တော်တို့ ဝေးခဲ့ကြတယ်...။
လှောင်ရယ်သံတွေကိုမုန်းမိတဲ့အခါတိုင်း သူမရဲ့ချစ်စဖွယ်အပြုံးလေးကို သတိရတယ်...။ အမိန့်တွေကို စက်ရုပ်တစ်ရုပ်လို နာခံရတိုင်း သူမပေးခဲ့ဖူးတဲ့ အချုပ်အနှောင်ကင်းတဲ့ချစ်ခြင်းတွေကိုတမ်းတတယ်...။ ရုန်းထွက်ဖို့ခက်တဲ့ဒြပ်မဲ့အကာအရံတွေကြားမှာ ပိတ်လှောင်မွန်းကြပ်မိတဲ့အခါတိုင်း အရာအားလုံးကိုမေ့ပျောက်စေတဲ့ သူမရဲ့ရင်ခွင်ကို လွမ်းတယ်...။ သူမ ပေးနိုင်တော့မှာ မသေချာပေမယ့် ကျွန်တော် အားလုံးကို ပြန်လိုချင်နေခဲ့တာကတော့ သိပ်ကိုသေချာပါတယ်...။
ကျွန်တော်ဟာ ... ငြိမ်းချမ်းအေးမြတဲ့မြို့တော်လေးတစ်ခုကို လွှတ်ချမိခဲ့တဲ့ကောင်ပါ...။ ကျွန်တော် လွှတ်ချထားခဲ့တဲ့ မြို့တော်လေးရဲ့တံခါးဝမှာ ... ချစ်ခြင်းတွေပြည့်သိပ်နေတဲ့ရင်ခွင်တစ်ခုနဲ့ သူမကျွန်တော့်ကိုမျှော်နေမှာလား ...။ ဒါမှမဟုတ်... မြို့တော်လေးရဲ့ တံခါးကိုပိတ် ... အတိတ်တွေအားလုံးကို ဘေးနားမှာချိတ်ထားပြီး ... သူမတစ်ယောက်တည်း နူးညံ့တိတ်ဆိတ် နေမှာလား...။ဒါမှမဟုတ် ... မြို့တော်လေးရဲ့ ... အရေခွံဟောင်းတွေကိုခွာချ ... အသစ်အသစ်သောရင်ခုန်သံအပိုင်းအစတွေနဲ့ ... မြို့တော်အသစ်တစ်ခုကို သူမတည်ဆောက်စပြုနေပြီလား...။
ကျွန်တော်နဲ့ဝေးရာကို ရွက်လွှင့်သွားခဲ့တဲ့သူမ ... ကျွန်တော့်မျက်စိရှေ့ကို ပြန်ရောက်လာပါ့မလား..။ နှလုံးသားထဲကနေ တမ်းတမိတဲ့အခါတိုင်း စိတ်ထဲကနေ လှမ်းလှမ်းခေါ်နေမိတဲ့ ... ကျွန်တော့်ရဲ့ အသံမပါတဲ့ဟစ်အော်မှုတွေကို သူမ ကြားမှကြားပါ့မလား...။ ပြောစရာစကားတွေ ဆွံ့အပျက်သုန်းနေပေမယ့် ... အဝေးတစ်နေရာကနေ ခဏလေးပဲဖြစ်ဖြစ် ငေးကြည့်ကျေနပ်ချင်မိတဲ့စိတ်တစ်ခုနဲ့ လိုက်ရှာနေမိတဲ့ ကျွန်တော့်ရဲ့မျက်ဝန်းတွေကို သူမ လက်ခံချင်စိတ်ရှိမှရှိပါ့မလား...။ မေးခွန်းတွေရော၊ ပုစ္ဆာတွေရော ... ကျွန်တော့်ရဲ့အာရုံထဲမှာ ပေါက်ကွဲလွင့်မျောနေကြတယ်။
လွမ်းမိတဲ့အခါတိုင်း ... ကျွန်တော့်ရဲ့နှုတ်ဖျားကနေ ဖုံးမနိုင်ဖိမရ ထွက်ထွက်ကျလာတတ်တဲ့ ... သူမရဲ့နာမည်ကို
အိမ်ရှေ့ကအုတ်ခုံလေး မှတ်မိနေလိမ့်မယ် ...။ လွမ်းမိတဲ့အခါတိုင်း ... ဖွင့်ဖွင့်ဖတ်မိတဲ့ ... သူမရဲ့ကဗျာစာအုပ်လေးထဲမှာ ... ကျွန်တော့်ရဲ့မျက်ရည်စတွေရှိလိမ့်မယ်...။ ဘယ်သူမှမသိပေမယ့် ကျွန်တော် ခိုးခိုးကြည့်နေမိတဲ့ သူမရှိတတ်တဲ့နေရာလေးတွေက ... ကျွန်တော့်ရဲ့အဖြစ်ကို လှောင်ရယ်နေကြလိမ့်မယ်...။ သိပ်မဝေးတဲ့နေရာတစ်ခုမှာ ဟစ်အော်ဆိုညည်းနေမိတဲ့ ကျွန်တော့်ရဲ့ သီချင်းသံတွေ သူမမကြားနိုင်ပေမယ့် ... ကျွန်တော့်ရဲ့ဂစ်တာလေးကတော့ အလွတ်ရနေလိမ့်မယ်...။
ကျွန်တော့်ဘ၀တစ်ခုလုံးစာအတွက် သိပ်ကိုသေချာတဲ့ စကားတစ်ခွန်းကို သူမကြားမှာမဟုတ်ပေမယ့် ကျွန်တော်ထပ်ပြီးပြောချင်ပါတယ်...။ ကျွန်တော် သူမကိုသိပ်ချစ်တယ်...။
နေဘုန်းလတ်
( ၅.၀၂.၀၆ )

Wednesday, June 6, 2007

Thanlwinainmat issue 11

ကျွန်တော်တို့ရဲ့ သံလွင်အိပ်မက် Issue 11က လာမယ့် ဇူလိုင်လမှာ ထွက်ရှိမှာပါ။ အဲဒီသံလွင်အိပ်မက်အတွက် စာမူတွေပို့လို့ရပါပြီ။ စာမူလက်ခံမယ့်ရက်ကတော့ ဒီလ ၁၅ရက်နေ့အထိပါ။ ဘလော့ခ်လာဖတ်တဲ့ အပြင်ကလူတွေရော၊ ဘလော့ခ်ဂါ မောင်နှမတွေအားလုံးကိုပါ စာမူတွေပို့ပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ပို့ရမယ့် အီးမေးလ်ကတော့ thanlwinainmat@gmail.comပါ။

ကျွန်တော်တို့စာမူတွေကို ရွေးတဲ့အခါ တော်ရုံတန်ရုံ အရေးအသားပြေပြစ်ပြီး အကြောင်းအရာလေးကောင်းနေရင် ရွေးလိုက်တာပါပဲ။ ဒါပေမယ့် စာရေးတဲ့အခါမှာ တချို့တွေဖြစ်တတ်တဲ့အတိုင်း ဆောင်းပါးနဲ့ ၀တ္ထုနဲ့ရောနေတာတို့ အက်ဆေးလိုလို ၀တ္ထုလိုလိုဖြစ်နေတာတို့ကိုတော့ ကျွန်တော်တို့ ဘယ်လိုမှ လုပ်လို့မရပါဘူး။

စာမူမပို့ချင်တဲ့သူတွေကတော့ ကျွန်တော်တို့ရဲ့ စကားဝိုင်းမှာ အောက်ပါအကြောင်းအရာလေးကို ဆွေးနွေးနိုင်ပါတယ်။ အခုမြန်မာပြည်မှာ ရှိနေတဲ့ ဆယ်တန်းအောင်ပြီးစ ညီငယ်၊ ညီမငယ်လေးတွေအတွက် ရည်ရွယ်ပြီး ကျွန်တော်တို့ ဒီအကြောင်းလေးကို ရွေးဖြစ်ခဲ့တာပါ။ သူတို့ကို ကိုယ့်ရဲ့ ညီ၊ ညီမတွေသာဆို ဘယ်လိုအကြံပေးမယ် ဆိုတာမျိုး၊ ကိုယ်သာ ၁၀တန်းအောင်ကာစ အချိန်ကို ပြန်ရောက်ခွင့် ရခဲ့ရင် ဘယ်လိုလုပ်မယ်ဆိုတာမျိုး သဘောထားပြီး ဆွေးနွေးနိုင်ပါတယ်။

"ကိုသံလွင် မြန်မာပြည်ပြန်စဉ်က ဆယ်တန်းအောင်ပြီးစ လူငယ်လေးတစ်ယောက်နဲ့တွေ့တယ်။ အမှတ်ပေါင်းကလည်း ကောင်းနေတော့ ကြိုက်တဲ့လိုင်း ရွေးလို့ရတယ်ပေါ့။ ဒါပေမယ့် ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး ဖြစ်နေတယ်။ သူဘာလုပ်သင့်တယ်ဆိုတာ ကူညီပြီး အကြံပေးကြပါဦး" အကြံပေးချင်တယ်ဆိုရင်တော့ thanlwinainmat.blogspot.comမှာ ပေးနိုင်ကြောင်းပါ။

ကျွန်တော်နှင့်သုတေသနမြို့

ဒီဝတ္ထုတိုလေးဟာလဲ အများပြည်သူဖတ်ရှုရန်မသင့်တော်ဆိုတဲ့ စာရင်းထဲမှာ အထည့်ခံခဲ့ရတဲ့ တစ်ပုဒ်ပါပဲ …။ သံလွင်အိပ်မက် ထဲမှာတော့ဖော်ပြခဲ့ဖူးပါတယ်…။

ကျွန်တော်နှင့်သုတေသနမြို့



ငါဟာလူတစ်ယောက်ပဲဆိုတာကို စသိလိုက်ရတဲ့အချိန်ကစပြီး လူဆိုတာဘာလဲဆိုတဲ့မေးခွန်းရဲ့ အဖြေကိုပါ ကျွန်တော်သိချင်လာခဲ့တယ်။ အဲဒီ့သိချင်စိတ်တစ်ခုဟာ ကျွန်တော့်ကို အဲဒီ့သုတေသနမြို့ကြီး စီကို တွန်းပို့လိုက်တဲ့အဓိက လှုံ့ဆော်မှုကြီးလည်းဖြစ်ခဲ့တယ်။ ကိုကိုယ်တိုင်လည်းစဉ်းစားပြီး တွေ့ကရာလူ ကို လူဆိုတာဘာလဲလို့ လိုက်မေးနေမိတဲ့ ကျွန်တော့်ကို ရှေ့မီနောက်မီ ပုဂ္ဂိလ်ကြီးတစ်ဦးက မြေပုံတစ်ခုဆွဲပြပြီး ...
`ကောင်လေး ... မင်းမေးတဲ့မေးခွန်းရဲ့အဖြေကို အတိအကျသိချင်ရင်တော့ အဲဒီ့မြို့ထဲကိုသွား ...။အဲဒီ့မြို့က မင်းအခုလိုက်မေးနေတဲ့ လူဆိုတာဘာလဲဆိုတဲ့မေးခွန်းရဲ့အဖြေကို အတိကျဆုံးထုတ်နိုင်ဖို့အတွက် သိပ္ပံပညာရှင်ကြီးတွေစုပြီး တည်ဖွဲ့ထားတဲ့မြို့ပဲ။ အဲဒီ့မြို့ထဲမှာ သိပ္ပံပညာရှင်တွေအများကြီးက စက်ပစ္စည်း အစုံအလင်နဲ့ စက်ရုပ်တွေရဲ့ အကူအညီကိုယူပြီး လူဆိုတာရဲ့အဓိပ္ပါယ်ကို အပြည့်ဝဆုံးဖွင့်နိုင်ဖို့ ကြိုးစား နေကြတယ်လို့ကြားတာပဲ။´
သူကအဲဒီ့လိုပြောလိုက်တော့ ကျွန်တော်လည်းအရမ်းပျော်သွားပြီး သူပေးတဲ့မြေပုံကိုလက်ကဆွဲ အဲဒီ့မြို့တော်ကြီးစီကို မျှော်လင့်ခြင်းတွေတရွှဲရွှဲနဲ့ တစ်ယောက်တည်းထွက်လာခဲ့တယ်။ အကြံအဖန်လုပ်လာ ခဲ့တဲ့ မြို့ဝင်ခွင့်လက်မှတ်လေးကိုကိုင်လို့ပေါ့ ...။
ရောက်ပါပြီ။ ကျွန်တော့်ရဲ့မျက်စိရှေ့မှာ အလုံပိတ်မြို့ကြီးက ခန့်ခန့်ညားညားကြီးနဲ့ တည်ငြိမ်ရင့်ကျက်ပြနေလိုက်တာ ကျွန်တော့်ရဲ့စိတ်တွေတောင် တက်ကြွပျော်မြူးလာတယ်။ ကျွန်တော် မြို့အ၀င်ကသံတံခါးကြီးရဲ့ရှေ့မှာ မတ်တပ်ရပ်လိုက်တယ်ဆိုရင်ပဲ အနားမှာ တီဗွီဖန်သားပြင်တစ်ခုပေါ်လာ ပြီး အဲဒီ့အထဲက လူတစ်ယောက်က ကျွန်တော့်ကိုလှမ်းမေးတယ်။
`ဘာကိစ္စရှိပါသလဲ၊ ဒါကန့်သတ်နယ်မြေပါ။ အခွင့်မရှိပဲ မ၀င်ရပါဘူး။´
ကျွန်တော်လည်း သူ့ကိုဘာမှဖြေရှင်းချက်တွေထုတ်မနေတော့ပဲ ယူလာတဲ့လက်မှတ်ကလေးကို စက်ကလေးတစ်ခုမှာ သွားကပ်လိုက်တယ်။ ချက်ခြင်းပါပဲ အထပ်ထပ်ကာထားတဲ့ တံခါးတွေအားလုံး တဖျပ်ဖျပ်ပွင့်သွားကြတယ်။ ကျွန်တော်က ဒီမြို့တော်ကြီးကို တည်ထောင်နိုင်ဖို့အကောင်းဆုံးအကြံဥာဏ်တွေ ပေးခဲ့တဲ့ ပုဂ္ဂိုလ်ကြီးရဲ့လက်မှတ်ကို အကြံအဖန်လုပ်ပြီး မရ ရအောင် ယူလာခဲ့တာလေ။ အဲဒီ့လိုနဲ့ ကျွန်တော် အဲဒီ့သုတေသနမြို့ကြီး ထဲကိုရောက်သွားတယ်။ အထဲကိုရောက်တော့လည်း မြို့ကြီးက သူလိုကိုယ်လိုပါပဲ၊ ဖန်တီးထားတာသိပ်မကြာသေးတဲ့အတွက် နည်းနည်းသစ်လွင်နေတာကလွဲလို့ပေါ့...။ ကျွန်တော် ဟိုဟိုဒီဒီငေးရင်း ဘယ်ကိုသွားရရင်ကောင်းမလဲလို့စဉ်းစားနေတုန်းမှာပဲ ...။ ခုဏက တီဗွီထဲကလူက လူကိုယ်တိုင်ကျွန်တော့်အနားကိုရောက်လာတယ်။
`မင်းက အကြီးအကဲရဲ့ လက်မှတ်နဲ့အတူရောက်လာတာဆိုတော့ ငါတို့အတွက် အထူးဧည့်သည် တော်ပဲပေါ့။ လာ ... လာ ... ငါတို့ရဲ့ပင်မဌာနချုပ်ကိုသွာကြမယ်။´
အဲဒီ့လိုနဲ့ သူခေါ်တဲ့နောက်ကို တကောက်ကောက်လိုက်သွားရင်း သူပြောတဲ့ပင်မဌာနချုပ်ဆိုတဲ့နေရာ ကိုရောက်သွားတယ်။ အားလုံးကကျွန်တော့်ကို လိုလိုလားလားနဲ့ပဲ ခရီးဦးကြိုပြုကြပါတယ်။ လက်မှတ်ရဲ့ တန်ခိုးတွေပဲနေမှာပေါ့...။ သူတို့တွေက ကျွန်တော့်ကို အခန်းတစ်ခုထဲကိုခေါ်သွားပြီး အဲဒီ့အခန်းထဲက လူကြီးနဲ့မိတ်ဆက်ပေးတယ်။ အဲဒီ့လူကြီးက ...
`ကဲ ... ကဲ ... ထိုင်ပါ။ မင်းကဒီကိုရောက်လာတာတော့ ဟုတ်ပါပြီ။ ဘာကိစ္စနဲ့များရောက်လာ တယ်ဆိုတာကို ရှင်းစမ်းပါဦး။´
`ဒီလိုပါ အန်ကယ် ... ကျွန်တော်က လူတွေရဲ့ပတ်ဝန်းကျင်အပေါ်တုံ့ပြန်မှုနဲ့ပတ်သက်ပြီး စာတမ်းတစ်စောင်တင်စရာရှိလို့ပါ။ အဲဒါ အန်ကယ်တို့အဖွဲ့ကလည်း လူဆိုတာရဲ့အဓိပ္ပါယ်ကို အပြည့်စုံဆုံး ဖွင့်ဆိုနိုင်ဖို့ ဒီမြို့ကြီးကိုဖန်တီးတည်ဆောက်ပြီး သုတေသနတွေလုပ်နေကြတယ်ဆိုတာ ကြားရလို့ ဒေါက်တာရော်ဂျာရဲ့အကူအညီနဲ့ဒီကိုရောက်လာတာပါ။´
ဒေါက်တာရော်ဂျာဆိုတဲ့ အသံကိုကြားတော့မှ အဲဒီ့လူကြီးနည်းနည်းဖြုံသွားတယ်။ ဒေါက်တာရော်ဂျာဆိုတာက ကျွန်တော်ယူလာတဲ့လက်မှတ် ပိုင်ရှင်လေ...။
`အေးပေါ့လေ ... ဒေါက်တာရော်ဂျာကလွှတ်လိုက်တာဆိုတော့လဲ ... ငါတို့ကဧည့်ဝတ်ကျေပြွန်ရမှာ ပေါ့...။ အဲဒီ့တော့ မင်းကိုအရင်ဆုံး ငါတို့ရဲ့သုတေသနအကြောင်းပြောပြမယ် ... သေသေချာချာနားထောင် ပါ။ ပြီးတော့မှ မင်းလေ့လာချင်တဲ့အပိုင်းကို ငါတို့အသေးစိတ်လျှောက်ကြည့်ကြတာပေါ့။´
သူအဲဒီ့လိုပြောလိုက်တော့မှ ကျွန်တော့်ရင်ထဲကအလုံးကြီးကျသွားတော့တယ်။ တော်ကြာ သူတို့က ချောချောချူချူနဲ့လက်မခံရင် လာမောကြီးဖြစ်နေမှာလေ။
`ဒီလိုကွ ... ဒီမြို့ကြီးမှာ ငါတို့ရဲ့အစမ်းသပ်ခံလူသားအဖြစ်ရှိနေတဲ့ တကယ့်လူအစစ်တွေက နည်းနည်းပဲရှိတယ်။ ကျန်တာတွေအားလုံးက စက်ရုပ်တွေပဲ။ ဒါပေမယ့် အဲဒီ့လူအစစ်တွေကိုတော့ သူတို့အစမ်းသပ်ခံနေရတယ်ဆိုတာရယ်၊ နောက်ပြီး ကျန်တဲ့သူတွေအားလုံးဟာစက်ရုပ်တွေဖြစ်ကြတယ်ဆိုတာ ရယ်ကို မသိရအောင် သူတို့ရဲ့ဦးနှောက်အကန့်တစ်ခုကို ခဏပိတ်ထားပြီး သူတို့ကို ဒီမြို့ကြီးထဲခေါ်ထည့် ထားတာပဲ။ ငါတို့အနေနဲ့က အဲဒီ့လူအစစ်တွေရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့စက်ရုပ်တွေကို လိုသလိုစေခိုင်းပြီး သူတို့ရဲ့ စိတ်အခြေအနေတွေ၊ ပတ်ဝန်းကျင်အပေါ်တုံ့ပြန်မှုတွေနဲ့ ခံစားချက်အတိမ်အနက်တွေကို စောင့်ကြည့်လေ့လာ သုတေသနပြုနေကြတာပဲကွ။´
သူက အဲဒီ့လိုရှင်းပြလိုက်တော့ ကျွန်တော် တော်တော်လေးကိုစိတ်ဝင်စားသွားတယ်။ အဲဒီ့လူတွေ စက်ရုပ်တွေကြားထဲမှာ ဘာတွေများ ကဂျိုးကဂျောင်လုပ်ပြဦးမလဲဆိုတဲ့ သိချင်စိတ်တစ်ခုကလည်းတားမရ အောင်ပေါ်လာတယ်။ သူက ရှင်းပြပြီးတာနဲ့ ကျွန်တော့်ကိုအခန်းကြီးတွေတန်းစီရှိနေတဲ့အထဲက ပထမဆုံး အခန်းတစ်ခုထဲကို ခေါ်သွားတယ်။ အဲဒီ့အခန်းက ရုပ်ရှင်ရုံကြီးလိုပဲ ရှေ့ကကွန်ပျူတာဖန်သားပြင်ကြီးပေါ်မှာ က မြို့ကြီးရဲ့တစ်နေရာမှာ လူတွေသွားလာလှုပ်ရှားနေကြတဲ့ပုံတွေကိုရိုက်ပြထားတယ်။
`အဲဒီ့မှာ တိုက်ပုံအနက်ဝတ်ထားတဲ့သူက လူအစစ်ပဲ။ သူ့ဘေးက ကျန်တဲ့သူတွေအားလုံးကတော့ စက်ရုပ်တွေပေါ့ ...။ အဲဒီ့လူက `တရားသူကြီး´ အလုပ်လုပ်တယ်။ အခု သူ ကားလမ်းဖြတ်ကူးဖို့ လူကူးမီး လေးစိမ်းလာမှာကို အားလုံးနဲ့အတူစောင့်နေတယ်နော်။ အခုပဲငါတို့ သူ့ရဲ့စိတ်ကိုစမ်းကြည့်ကြရအောင် ...´
သူကပြောရင်းဆိုရင်းပဲ သူ့မျက်စိရှေ့က ခလုတ်တွေအများကြီးပေါ်မှာ လက်တွေကိုပြေးကစား လိုက်တယ်။ ကျွန်တော်လည်း ဖန်သားပြင်ကြီးပေါ်က ဟိုလူ့ကို ဘာတွေများဖြစ်လာမလဲလို့ စိတ်ဝင်တစား နဲ့ ငေးကြည့်နေမိတယ်။ အဲဒီ့အချိန်မှာပဲ ကားတွေအတွက်မီးက နီသွားပြီး၊ လူတွေအတွက်ထားတဲ့မီးလေးက စိမ်းသွားတယ်။ အဲဒီ့တော့ ဟိုလူကလည်းကားလမ်းကိုဖြတ်ကူးဖို့ပြင်လိုက်တယ်။ ဒါပေမယ့် ... ခက်တာက သူနဲ့အတူ ကားလမ်းကူးဖို့စောင့်နေကြတဲ့ ဘေးနားကစက်ရုပ်လူတွေအားလုံးက ကားလမ်းကိုဖြတ်မကူးကြပဲ ကားတွေကိုလှမ်းကြည့်တဲ့သူကကြည့်၊ ကားတွေအတွက်ပြထားတဲ့မီးပွိုင့်အနီကြီးကို သူတို့ကိုပဲပြနေသလိုနဲ့ မော့ကြည့်တဲ့သူကကြည့်၊ အိတ်ထဲကို ဟိုနှိုက်ဒီနှိုက်နဲ့ အလုပ်ရှုပ်နေတဲ့သူကရှုပ်နဲ့ ဖြစ်နေကြတာပဲ။ သူလဲ ဘာလုပ်လို့လုပ်ရမှန်း မသိပဲ အဲဒီ့လူတွေရဲ့မျက်နှာတွေကို နားမလည်သလိုငေးကြည့်လိုက်၊ လမ်းလျှောက် နေတဲ့လူပုံလေးနဲ့စိမ်းနေတဲ့မီးပွိုင့်ကလေးကို လှမ်းကြည့်လိုက်၊ သူ့ခေါင်းကိုသူတဗျင်းဗျင်းကုတ်လိုက်လုပ်နေ တုန်းမှာ ကားတွေရဲ့မီးပွိုင့်ကစိမ်းသွားတာနဲ့ သူလမ်းဖြတ်မကူးလိုက်ရဘူးဖြစ်သွားတယ်။ ကျွန်တော်လည်း ဖန်သားပြင်ပေါ်ကနေမြင်နေရတဲ့သူ့အဖြစ်ကိုကြည့်နေရင်း ရယ်ရမလို၊ ငိုရမလိုဖြစ်သွားတယ်။ ဒီလူ့နှယ် တော်တော်ခက်တာပဲလို့လည်းတွေးမိတယ်။ ကျွန်တော့်ဘေးက သိပ္ပံပညာရှင်ကြီးကတော့ အဲဒီ့လူရဲ့အဖြစ်ကို ကြည့်ပြီး အချက်အလက်တွေကို ကွန်ပျူတာတစ်လုံးနဲ့ရေးမှတ်နေတယ်။ ပြီးတော့ ကျွန်တော့်ကိုလည်း လှမ်းပြောသေးတယ်။
`ဒီလူရဲ့ အဖြစ်ကိုမင်းကြည့်စမ်း ...၊ သူ့ဘက်ကအစစအရာရာမှန်နေတာပဲ သူလမ်းဖြတ်ကူးရုံပေါ့၊ ဒါပေမယ့် သူနဲ့အတူရှိနေကြတဲ့သူတွေအားလုံးက သူလက်ခံထားတဲ့အမှန်တရားတစ်ခုကို သဘောမတူသလို လုပ်နေကြတော့ သူကိုယ်တိုင်တောင် တွေဝေသွားတယ်။ ငါသိထားတာများ မှားနေသလားလို့ သူ့ကိုယ်သူ တောင် မယုံသင်္ကာပြန်ဖြစ်လာတယ်။ အကယ်၍များ တစ်ယောက်ယောက်ကသာ သူနဲ့အတူတူလမ်းဖြတ်ကူး ကြည့်ပါလား ... သူအဲဒီ့လိုဖြစ်တော့မှာမဟုတ်ဘူး။´
သူက ကျွန်တော့်ကိုပြောနေရင်း နောက်တစ်ခါ လူကူးမီးပွိုင့်အစိမ်းမှာ စက်ရုပ်လူတစ်ယောက်ကို လမ်းဖြတ်ကူးခိုင်းလိုက်တယ်။ အဲဒီ့တော့မှ ဟိုလူလည်း လမ်းမကူးပဲကျန်နေခဲ့တဲ့ စက်ရုပ်လူတွေကို လှည့်ကြည့်လှည့်ကြည့်လုပ် ပါးစပ်ကပွစိပွစိပြောပြီး လမ်းဖြတ်ကူးသွားတယ်။ သိပ္ပံပညာရှင်ကြီးက ကျွန်တော့်ကို စကားတစ်ခွန်းထပ်ပြောတယ်။
`လူဆိုတာ ကိုယ်ဘယ်လောက်ပဲ မှန်နေမှန်နေ ကိုယ့်ရဲ့အယူအဆကိုထောက်ခံမယ့်၊ ကိုယ့် ဘက်က ရပ်တည်ပေးမယ့်သူ အနည်းဆုံးတစ်ယောက်ယောက်တော့ မရှိမဖြစ်လိုအပ်တယ်ကွ ´ တဲ့။
ကျွန်တော်ကတော့ ခေါင်းတညိတ်ညိတ်လုပ်ရင်း ဒီလူ ဘယ်တော့မှ တရားသူကြီးစစ်စစ် တစ်ယောက်ဖြစ်လာမှာ မဟုတ်ဘူးလို့တွေးနေမိတယ်။ ကျွန်တော်တို့ အဲဒီ့အခန်းထဲကထွက်ပြီး ဒုတိယ အခန်းထဲကိုဝင်လိုက်တယ်။ ဒီတစ်ခါတွေ့ရတဲ့မြင်ကွင်းကတော့ နည်းနည်းထူဆန်းတယ်။ ကလေးတွေကို စာသင်နေတဲ့ ဆရာတစ်ယောက်ပါ။ ဒါပေမယ့် သူက စာကိုကောင်းကောင်းမသင်ပဲ ကင်းမြီးကောက်ထောင်ပြီး သင်နေတယ်။ ကျွန်တော်လဲ လူနဲ့စက်ရုပ်ကိုမခွဲတတ်သေးတာနဲ့ပဲ ဘေးကသိပ္ပံပညာရှင်ကြီးကိုပဲလှမ်းမေးလိုက် တယ်။
`အဲဒီ့ ကင်းမြီးကောက်ထောင်နေတဲ့ဆရာက လူလား´
`မဟုတ်ဘူး ... အဲဒါကစက်ရုပ်၊ အဲဒဲီ့လို ကင်းမြီးကောက်ထောင်ပြီးစာသင်နေအောင် ငါတို့လုပ်ထားတာ။ အောက်မှာထိုင်နေတဲ့ကျောင်းသားတွေထဲက ရှေ့ဆုံးတန်းအလယ်မှာ ထိုင်နေတဲ့ ကလေးကမှ လူအစစ်။´
သူအဲဒီ့လိုပြောလိုက်မှ ကျွန်တော်လည်းအဲဒီ့လူသားစစ်စစ်ကောင်လေးကို စိတ်ဝင်တစားနဲ့ ကြည့်လိုက်မိတယ်။ သူကလည်းဆရာသင်ကြားနေတဲ့စာတွေထက် ဆရာ့ရဲ့ ကင်းမြီးကောက်ထောင်နေပုံကို ပိုပြီးစိတ်ဝင်စားနေပုံပေါ်ပါတယ်။ မျက်တောင်တောင်ခတ်ဖို့သတိမရပဲ သူ့ဆရာကို စူးစိုက်ကြည့်နေတယ်။ ကျွန်တော်အဲဒီ့လိုကြည့်နေတုန်းမှာပဲ ကျောင်းဆင်းခေါင်းလောင်းသံထိုးလို့ ကျောင်းသားတွေအားလုံးအိမ်ပြန်သွားကြတယ်။ အဲဒီ့ကောင်လေးလဲ အိမ်ပြန်တာပေါ့...။ ဒါပေမယ့် သူ့မျက်နှာက မှုန်ကုပ်ကုပ်နဲ့ တစ်ခုခုကို အပြင်းအထန်စဉ်းစားနေသလိုပါပဲ။ နောက်ပြီး ပါးစပ်ကနေလဲ တစ်ယောက်တည်း ရေရွတ်နေသေးတယ်။
`ဆရာ ဒီလောက်တောင်တော်နေတာ ကင်းမြီးကောက်ထောင်ပြီး စာကျက်လို့ပဲ ဖြစ်ရမယ် ´
အဲဒီ့လိုနဲ့ အိမ်ပြန်အရောက်မှာ အဲဒီ့ကောင်လေးဟာ အခန်းထဲကိုတန်းဝင်ပြီး ကင်းမြီးကောက်ထောင် နိုင်ဖို့ကို အပြင်းအထန်ကြိုးစားတော့တာပါပဲ။ အပြိုပြိုအလဲလဲ၊ ဒဏ်ရာတွေအတော်အတန်ရသွားအပြီးမှာ သူ ကင်းမြီးကောက်ထောင်နိုင်သွားပါတယ်။ ခက်တာက ဆရာသင်လိုက်တဲ့စာတွေကို သူကင်းမြီးကောက်ထောင်ပြီး ပြန်ကြည့်မယ်အလုပ်မှာ ဆရာသင်လိုက်တာတွေကို သူတစ်ခုမှနားမလည်လိုက်ဘူးဖြစ်နေတာပါပဲ။ ကျွန်တော် လည်းအဲဒီ့ကျောင်းသားလေးကိုကြည့်ပြီး တော်တော်လေးစိတ်ပျက်သွားမိတယ်။
`တစ်ခါတစ်ခါ လူဆိုတာအဲဒီ့လိုပဲကွ၊ ပေးကားပေး၏မရဆိုသလိုပေါ့၊ အနှစ်နဲ့အကာကို မခွဲခြား တတ်ရာက တကယ့်အနှစ်သာရတွေနဲ့ ဝေးဝေးလိုက်လာကြတာလေ´
ဘေးက သိပ္ပံပညာရှင်ကြီးကတော့ အဲဒီ့ကျောင်းသားလေးရဲ့အဖြစ်ကို ကြည့်ပြီး အဲဒီ့လိုကောက်ချက်ချ ပါတယ်။ ကျွန်တော်ကတော့ စဉ်းစားမိတယ် ဒီကျောင်းသားလေးကို ကျောင်းတက်ခိုင်းဖို့ထက် ဆပ်ကပ်အဖွဲ့ထဲ ထည့်လိုက်ရင်ကောင်းမယ်လို့ ...။
အဲဒီ့လိုနဲ့ သူနဲ့ကျွန်တော် နောက်အခန်းတစ်ခုဆီကို ကူးလာခဲ့ကြတယ်။ ကျွန်တော်စိတ်လှုပ်ရှားမှု တစ်ခုနဲ့ အတူနည်းနည်းတော့ပျှော်နေမိတယ်။ လူတွေရဲ့အူကြောင်ကြောင် အဖြစ်အပျက်တွေကို အဲဒီ့လို စောင့်ကြည့်ပြီး သုံးသပ်နေရတာ ပျှော်စရာတော့အကောင်းသားလေ ...။
`အဲဒီ့သူကတော့ ကုမ္ပဏီတစ်ခုမှာလခစားလုပ်နေတဲ့ မန်နေဂျာတစ်ယောက်ပဲ ။ သူအခု သူ့ရဲ့ ရုံးခန်းကို သွားနေတာလေ။ အခု ငါသူ့စိတ်ကိုစမ်းတဲ့အနေနဲ့ သူ့ရဲ့အလုပ်မှာ အပြောင်းအလဲလေးတွေ လုပ်ထားလိုက်မယ်။´
သိပံ္ပပညာရှင်ကြီးက ဖန်သားပြင်ပေါ်ကလူတစ်ယောက်ကို လက်ညှိုးထိုးပြပြီး ကျွန်တော်ကိုပြောတယ်။ကျွန်တော်ကြည့်နေတုန်းမှာပဲ ဟိုလူက သူ့ရုံးခန်းထဲကို ရောက်သွားပြီး သူ့ရှေ့ကကွန်ပျူတာကိုဖွင့်ကြည့် နေပါပြီ။ သူက သူ့ရှေ့က ကွန်ပျူတာကြီးကို တစ်ခါမှမမြင်ဖူးတဲ့အထူးအဆန်းသတ္တ၀ါတစ်ကောင်ကို တွေ့နေရသလိုမျိုး မျက်လုံးကြီးပြူးပြီးတော့ ကြည့်နေတာပါ။ ပြီးတော့ ခေါင်းတွေကုပ်လိုက်၊ မျက်မှောင်ကြီး ကျုပ်လိုက်နဲ့ တစ်ယောက်တည်းရေရွတ်နေပါတယ်။
`ကုမ္ပဏီက စတော့ရှယ်ယာတွေရောင်းမထွက်လို့ ၀န်ထမ်းတွေကို လခလျှော့မယ်ဆိုပါလား။ မဖြစ်ဘူး ... မဖြစ်ဘူး ... ဟိုတလောက ငါ့ကို အလုပ်ပြောင်းပြီးလာလုပ်ဖို့ကမ်းလှမ်းထားတဲ့ ကုမ္ပဏီကို အမြန်ဆက်သွယ်မှပဲ ...´
ချက်ချင်းကြီးပါပဲ သူက နောက်ကုမ္ပဏီတစ်ခုနဲ့ အမြန်ဆက်သွယ်ညှိုနှိုင်းပြီး ဒီကုမ္ပဏီအတွက် အလုပ်ထွက်စာကို ခဏချင်းကို ရိုက်တော့တာပါပဲ။
`ဒီလူ တော်တော်တကိုယ်ကောင်းဆန်တာပဲ၊ ကုမ္ပဏီရဲ့အကျပ်အတည်းကို ဘယ်လို ကူညီဖြေရှင်းပေး မယ်မစဉ်းစားဘူး ချက်ချင်းကို အလုပ်တန်းပြောင်းတော့တာပဲ ကြည့်စမ်း ...´
သိပံ္ပပညာရှင်ကြီးက ကျွန်တော့်ရဲ့စကားကို ခေါင်းတညိတ်ညိတ်လုပ်ပြီးထောက်ခံတယ်။
`လူဆိုတာ ဒီလိုပဲလေကွာ၊ လွယ်တာကိုမှ လုပ်ချင်ကြတာကို၊ မကောင်းတာကို ကောင်းအောင် ကြိုးစားပြင်ဖို့ထက် ကောင်းတာတစ်ခုကို အစားထိုးသုံးစွဲကျေနပ်ခြင်းက ပိုလွယ်တာကိုကွ။´
သူက ပြောပြောဆိုဆိုနဲ့ အဲဒီ့အချက်အလက်တွေကို ကွန်ပျူတာနဲ့ ရိုက်မှတ်နေပြန်ပါတယ်။ကျွန်တော် နည်းနည်းတော့ ဘ၀င်မကျဖြစ်လာတယ်။ ဒီအူကြောင်ကြောင်လူနည်းစုလေးရဲ့ ကမောက်ကမဖြစ်ရပ်လေးတွေ ကိုကြည့်ပြီး လူဆိုတဲ့ အဓိပ္ပါယ်ကို ဖွင့်နေလို့ကတော့ လူဆိုတာ ဘယ်လိုမှသုံးစားလို့မရတဲ့သတ္တ၀ါတစ်ကောင်
ဖြစ်သွားမှာပဲ လို့လဲတွေးမိတယ်။ ကျွန်တော်နောက်တစ်ခန်းကိုတောင် ဆက်ကြည့်ချင်စိတ်တွေ ခြောက်ခန်း သွားတယ်။ အဲဒါနဲ့ ...
`အန်ကယ်တို့ရဲ့ သုတေသနကြီးက ဟုတ်မှဟုတ်ပါ့မလားဗျာ။ ကျွန်တော်အခုကြည့်ခဲ့သမျှသူတွေ ကတော့ တစ်ယောက်မှကိုအချိုးမပြေဘူး။ အဲဒီ့သူတွေဆီကရတဲ့ အချက်အလက်တွေအတိုင်းသာ `လူ´ ဆိုတဲ့ အဓိပ္ပါယ်ကိုဖွင့်မယ်ဆိုရင်တော့ တကယ်မလွယ်ဘူးဗျ´
ကျွန်တော်အဲဒီ့လိုပြောလိုက်တော့ သူက ခေါင်းတခါခါ၊ လည်တခါခါနဲ့ ...
` ဒါတော့ ငါတို့လည်းမတတ်နိုင်ဘူးလေ။ ဒါတကယ့်လူအစစ်တွေရဲ့ တကယ့်တုံ့ပြန်မှု အစစ်အမှန် တွေပဲဟာ။ အဲဒါတွေကို မင်းခေါင်းထဲကခဏထုတ်ထားစမ်းပါ။ အခုငါတို့ နောက်အခန်းတစ်ခုစီကိုသွားကြ မယ်။´
ကျွန်တော်ဆက်မသွားချင်တော့ဘူး။ သူက အဲဒီ့အူကြောင်ကြောင်လူတွေရဲ့ အဖြစ်အပျက်တွေကို ကြည့်ကြည့်ပြီး လူဆိုတာ ဟိုလိုပဲ၊ ဒီလိုပဲနဲ့ သုံးသပ်ပြနေတာ ကြာတော့ ကျွန်တော်လူဖြစ်ရတာကိုတောင် တဖြေးဖြေးသိမ်ငယ်လာသလိုပဲ။ ဒါပေမယ့် ရောက်လက်စနဲ့ မထူးတော့ပါဘူးဆိုပြီး နောက်တစ်ခန်းစီကို လိုက်ကူးသွားလိုက်တယ်။ ဒီတစ်ခါမြင်ရတဲ့ မြင်ကွင်းကတော့ အင်မတန်ကို ကြည်နူးစရာပါပဲ။ အဒေါ်ကြီး တစ်ယောက်လေ စားဖွယ်ပစ္စည်းတွေကို ဘူးလေးတွေနဲ့ ထည့်ပြီး အခြားသူတွေကို လိုက်လှူနေတာ...။
သူလှူလိုက်တဲ့ မုန့်ဘူးတွေကို ရသွားကြတဲ့သူတွေက သူ့ကိုဆုတွေအမျိုးမျိုးပေးနေကြတာကို သူကလည်း ပြုံးလို့ပျှော်လို့ ...။ ခုဏကညစ်နေတဲ့စိတ်တွေ အခုမှ နဲနဲသက်သာရာရသွားတယ်။
`လူတွေက စေတနာသဒ္ဓါတရားထက်သန်ကြပြီး အလှူအတန်းရက်ရောကြတယ်လို့မှတ်သားလိုက် ဦးလေ´
ကျွန်တော်က ပြုံးပြုံး ပြုံးပြုံး နဲ့ သိပ္ပံပညာရှင်ကြီးကို လှမ်းပြောတော့ သူက ...
`နေပါဦးကောင်လေးရဲ့ ... ဆန္ဒတွေမစောပါနဲ့ဦး ငါစမ်းသပ်ကြည့်ပါဦးမယ် ...´
သူကပြောလည်းပြော ကွန်ပျူတာခလုတ်တွေကိုလည်း လက်ကနှိပ်လိုက်ပြန်တယ်။ သူလည်းအဲဒီ့လို လုပ်လိုက်ရော အဲဒီ့အဒေါ်ကြီးရဲ့ မုန့်ဘူးတွေကိုအလှူခံနေကြတဲ့သူတွေအားလုံးရဲ့ ပါးစပ်တွေဟာ ပိတ်သွားကြ ပြီး ခပ်တည်တည်ကြီးတွေ ဖြစ်သွားကြတယ်။ သူတို့က မျက်နှာသေကြီးတွေနဲ့ မုန့်ဘူးတွေကိုလာယူလိုက် ပြီးတော့ ဘာမှမပြောပဲ လှည့်ပြန်သွားလိုက်နဲ့ လုပ်နေကြတော့ ခုဏကပြုံးပျှော်ကျေနပ်နေတဲ့ အဒေါ်ကြီးရဲ့ မျက်နှာကလည်း တဖြေးဖြေးတည်လာရာကနေ စူပုပ်လာပါတော့တယ်။ ပြီးတော့ ချက်ချင်းပဲ သူ့လှူဘွယ် ပစ္စည်းတွေကို ကမမ်းကတန်းပြန်သိမ်းပြီး အိမ်ထဲကိုပြန်ဝင်သွားပါတယ်။ ပါးစပ်ကလည်းပြောသွားသေးတယ်။
`ဘယ်လိုလူတွေလည်းမသိပါဘူး။ ဒီကပေးသမျှတော့ ယူနေကြပြီး ဆုလေးတစ်ဆုတောင် ပြန်ပေးဖို့ ကို မသဒ္ဓါကြဘူး ဟွန်း...´
သိပ္ပံပညာရှင်ကြီးက ကျွန်တော့်ကို ဘယ်လိုလဲဆိုတဲ့အကြည့်နဲ့ လှမ်းကြည့်တယ်။ ကျွန်တော်လည်း ဘာပြန်ပြောရမှန်းမသိတာနဲ့ မဲ့ပြုံးတစ်ခုပဲ ပြန်ပြုံးပြလိုက်တယ်။ နောက်ပြီး သူကပြောသေးတယ် ...
`ပေးကမ်းမှုတွေတိုင်းမှာ ရယူလိုတဲ့မျှော်လင့်ချက်တွေ ကပ်ပါနေတတ်တာ လူတွေရဲ့သဘာဝပဲကွ´
ကျွန်တော်လည်းသူ့ရဲ့စကားကို ငြင်းချင်ပေမယ့် အခုလောလောဆယ်မှာ သူ့ဘက်ကသက်သေ သာဓက ပိုခိုင်လုံနေတော့လည်း ဒီအတိုင်းပဲနှုတ်ဆိတ်နေလိုက်ရတယ်။ နောက်ထပ်အခန်းတွေကို လည်းဆက်ကြည့်ချင်စိတ်လုံးဝမရှိတော့တာနဲ့ `ပြန်မယ်´ လို့ဆုံးဖြတ်ပြီး အဲဒီ့အခန်းထဲကထွက်လာခဲ့တယ်။
`ကဲလာ နောက်တစ်ခန်းကိုသွားကြမယ် ´
`တော်ပြီ တော်ပြီ ... မသွားတော့ဘူး။ ကြည့်လည်းမကြည့်ချင်တော့ဘူး၊ ပြန်တော့မယ်၊´
အဲဒီ့လိုနဲ့ ဘ၀င်မကျမှုတွေ၊ မကျေနပ်မှုတွေကို ရင်မှာပိုက်ပြီး ကျွန်တော်သုတေသနမြို့ကြီးကနေ ပြန်ထွက်လာခဲ့တယ်။ စိတ်ထဲမှာလည်း ဒီသုတေသနကြီးများပြီးဆုံးသွားလို့ လူဆိုတာ ဒါပါပဲဆိုပြီး အဓိပ္ပါယ် သက်မှတ်ချက်ကြီးတစ်ခုများထွက်လာတဲ့အခါ ဘယ်နေရာမှာများ သွားပုန်းနေရရင်ကောင်းမလဲလို့ စဉ်းစား နေမိတယ်။ ကျွန်တော်စိတ်ရှုပ်ရှုပ်နဲ့ လျှောက်တွေးနေရင် စိတ်ကူးတစ်ခုရလိုက်တယ်။ သုတေသနကြီးပြီး ဖို့က ရက်တွေအများကြီးလိုပါသေးတယ်။ အဲဒီ့တော့ သုတေသနကြီးမပြီးခင်မှာ ခပ်ကြောင်ကြောင်လူအချို့ကြောင့် လွဲချော်ကွေ့ကောက်ခဲ့ရတဲ့ လူ့အဓိပ္ပါယ်တွေအတွက် စိတ်ဓါတ်ကိုအမြင့်မားဆုံးမြှင့်တင်ပြီး အစမ်းသပ်ခံလူသား တစ်ယောက်အဖြစ်နဲ့ ဒီသုတေသနမြို့ကြီးကို ကျွန်တော် နောက်ထပ်တစ်ခေါက် ထပ်လာခဲ့ဦးမယ်လို့ ...။ ။


နေဘုန်းလတ်

Sunday, June 3, 2007

ဘ၀မကူးချင်သူများ

ဇွန်လထုတ် Fashion Image မဂ္ဂဇင်းမှာ ရွေးချယ်ဖော်ပြခြင်းခံခဲ့ရတဲ့ ကျွန်တော့်ရဲ့ ၀တ္ထုတိုလေးပါ။ မှတ်မှတ်ရရပါပဲ နေဘုန်းလတ်ကို နေဘုန်းလက်လို့ မှားပေါင်းထားတယ်ဗျာ ...။ မေးလ်ကနေတဆင့်ပို့ထားတာ ဘယ်တုန်းကမှန်းတောင်ကိုယ့်ဖာသာ့ကိုယ်မမှတ်မိတော့ပါဘူး ... အမေက ဒါမင်းရေးတာမဟုတ်လားလို့ ပြတော့မှ သြော် ဟုတ်သားဆိုပြီး စာမူခသွားထုတ်ရပါတယ်။ ကွာလတီမဂ္ဂဇင်းအချို့ကို စာမူတွေပို့ ဖူးပါတယ်။ ကိုယ့်စာမူနဲ့ပတ်သက်ပြီး တစ်ခုခုများသိရမလားလို့ ဖုန်းဆက်ပဲဖြစ်ဖြစ် ၊ ကိုယ်တိုင်သွားပြီးတော့ပဲဖြစ်ဖြစ် မေးတဲ့အခါ တော်တော်များများက မဂ္ဂဇင်းပဲစောင့်ဖတ်ပါလို့ ပြောကြပါတယ်။ အဲဒီ့တုန်းကတော့ အောင့်သက်သက်နဲ့ ဘာမှပြန်မပြောဖြစ်ခဲ့ပါဘူး ...။ ဒါပေမယ့် ကျွန်တော်ဖြစ်စေချင်တာကတော့ စာရေးသူဟာ နာမည်ကြီးပဲဖြစ်ဖြစ်၊ တက်သစ်စပဲဖြစ်ဖြစ်၊ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ... အတိုင်းအတာတစ်ခုအထိတော့ လေးစားမှုရှိသင့်တယ်ဆိုတာပါ။ ဒီစာမူလေးဆိုရင် ကျွန်တော် ဆရာဦးဝင်းငြိမ်းဆီပို့ဖူးပါတယ်။ ဆရာက ဖောင့်မမြင်ရလို့ဆိုပြီးစာပြန်လို့ ဒုတိယတစ်ခေါက်တောင်ထပ်ပို့ရပါသေးတယ်။ ဆရာက ဒီဝတ္ထုကို မရွေးပါဘူး။ အရေးအသားပြေပြစ်တယ် ဒါပေမယ့် နဲနဲတိုနေတယ်လို့ မှတ်ချက်ပေးပါတယ်။ ကျွန်တော် အရမ်းကိုကျေနပ်ပီတိဖြစ်ရပါတယ်။ ကျွန်တော့်စာမူကိုရွေးရွေး မရွေးရွေး အလုပ်အရမ်းများတဲ့ ဆရာဦးဝင်းငြိမ်းက ကျွန်တော့်ကို အဲဒီ့လို အရေးတယူနဲ့ စာပြန်ပေးတယ်ဆိုတာကိုပဲ ကျွန်တော်ကတော့ကျေနပ်ပါတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော်ရေးခဲ့တဲ့ဝတ္ထုတိုတိုင်းဟာ ဘယ်တစ်ခုမှပစ်စလပ်ခတ်ရေးလိုက်တယ်ဆိုတာမပါပါဘူး။ အဲဒီ့အတွက်လဲ ကျွန်တော့်ရဲ့ ၀တ္ထုတိုလေးတွေအားလုံးကို ကျွန်တော် တန်ဖိုးထားပါတယ်။ မဂ္ဂဇင်းတိုက်တွေအနေနဲ့ လဲ စာရေးသူတွေရဲ့ ရင်ခုန်သံတွေ၊ စိတ်ခံစားမှုတွေ၊ အတွေးအခေါ်အယူအဆတွေ များစွာ များစွာ ကို ရင်းနှီးပုံဖော်ထားရတဲ့ အနုပညာလက်ရာတွေကို လေးစားသမှုပြုသင့်ပါတယ်။ ကျွန်တော်ပြောချင်တာက စာရေးသူတွေအားလုံးကို လေးစားမှုရှိရှိနဲ့ စာမူတွေကို စနစ်တကျစုစည်းပြီး နည်းစနစ်ရှိရှိနဲ့ လုပ်ကြဖို့ပဲဖြစ်ပါတယ်။






ဘ၀မကူးချင်သူများ


ကျွန်တော် မှတ်မိနေသေးတယ်။ အဲဒီနေ့က မိုးတွေ သဲကြီးမဲကြီး ရွာနေခဲ့တယ်။ အုံလိုက်ကျင်းလိုက်နဲ့ ရွာသွန်း ဆင်းသက်လာတဲ့ မိုးရေတွေက အမှိုက်သရိုက်တွေနဲ့အတူ ကျွန်တော့်ကိုပါ တိုက်စား သယ်ဆောင် သွားကြတယ်။
`ကျွီ... ဒုံး.... .......... ..........´
အဲဒီနောက်မှာ... မယုံနိုင်စရာကောင်းတဲ့ တကယ့်အဖြစ်အပျက်တွေ ဆက်တိုက် ဆက်တိုက် ဆက်ဆက်ပြီး ဖြစ်လာခဲ့တယ်။

xxxxxxxxxx

ကျွန်တော့်ရဲ့ ရုပ်ခန္ဓာကြီး မရှိတော့ဘူး၊ သုံးလို့ မရတော့ဘူး ဆိုတာကို ကျွန်တော်မြင်နေရသလို၊ ကျွန်တော်ရှိနေသေးတယ် ဆိုတာကိုလည်း ကျွန်တော် သိနေရတယ်။ စိတ်တစ်ခုတည်း လွင့်မျောနေရသလိုပဲ။ အဲဒါနဲ့ ... ကျွန်တော်လည်း လေနဲ့အတူ ပေါ့ပေါ့ပါးပါးပဲ လျှောက် စီးမျော နေလိုက်တယ်။ အဲဒီလိုနဲ့ ကျွန်တော်... အိမ်ကြီးတစ်အိမ်နားကို ရောက်သွားတယ်။
အိမ်ကြီးက အရမ်းလှတယ်။ အဖြူရောင်တွေ နင့်နင့်သီးသီး သုတ်ထားပုံက အဝေးကကြည့်ရတာတောင် လင်းတောက်နေသလိုမျိုး...။ ခြံထဲကမြက်ခင်းတွေကလည်း စိမ်းစိုလန်းဆန်း နေလိုက်တာ... ဘောလုံးကွင်းကြီးလား အောက်မေ့ရတယ်...။ အဲ... ထူးခြားတာက... အဲဒီအိမ်ကြီးကို သော့တွေအများကြီးနဲ့ ဆင့်ခတ်ထားတာပဲ...။ ပြူတင်းပေါက်တွေကအစ အပေါက်တွေအားလုံးကို တစ်ခုမကျန် သော့တွေသော့တွေနဲ့ ခတ်ထားတယ်။ အဲဒီလောက်အထိ အလုံခြုံဆုံးဖြစ်အောင် သိမ်းထုတ်ထားခြင်းခံရတဲ့ အဲဒီအိမ်ကြီးထဲမှာ ဘာတွေများ ရှိနေမလဲလို့ ကျွန်တော် သိချင်လာခဲ့တယ်။ ကျွန်တော့်ကိုတော့ အဲဒီ သော့အထပ်ထပ်တွေကလည်း မတားနိုင်ခဲ့ပါဘူး။ အဲဒီလိုနဲ့ပဲ...
ကျွန်တော် အိမ်ကြီးထဲကို ရောက်သွားခဲ့တယ်။ ဘယ်လို ပရိဘောဂပစ္စည်းမှ ရှိမနေတဲ့ အိမ်ကြီးရဲ့ အတွင်းခန်းတွေကို ကျွန်တော် လှည့်ပတ်စပ်စုနေတုန်းမှာ...
`မင်းက ဒီအထဲကို ဘာကိစ္စ၀င်လာရတာတုန်း။ ´
ကျွန်တော် ရုတ်တရက် လန့်သွားတယ်...။ ကျွန်တော်က အဲဒီအိမ်ကြီးထဲမှာ တစ်ယောက်ယောက် ရှိနေလိမ့်မယ်လို့မှ တွက်မထားတာလေ။ အဲဒါနဲ့ ကျွန်တော်လည်း အသံလာရာဘက်ကို ကြောက်ကြောက်နဲ့ပဲ လှည့်ကြည့်လိုက်တယ်။
`ဟိုက်... ဦးဘောဂ... အန်ကယ်ကရော ဒီအိမ်ကြီးထဲကို ဘယ်လိုလုပ် ရောက်နေရတာလဲ´
ဦးဘောဂ ဆိုတာ ကျွန်တော်တို့ ရပ်ကွက်ထဲက သူဌေးကြီးပါ...။ သူက တစ်နှစ်လောက် လေဖြတ်နေပြီး ဟိုတလောကမှ ဆုံးပါးသွားတာလေ။
`ငါက ဒီမှာ လာပုန်းနေတာကွ။´
`ဘယ်သူ့ကို ပုန်းနေတာလဲ´
`ငါ့ကို ဘ၀ကူးခိုင်းမယ့် သူတွေကို´
သူ့ရဲ့အဖြေကြောင့် ကျွန်တော် နည်းနည်း လည်ထွက်သွားတယ်။ သေပါပြီဆိုမှ သံသရာ မဆုံးသရွေ့တော့ ဘ၀တွေ တစ်ခုပြီးတစ်ခု ကူးပြောင်းနေရမှာပဲလေ။ အဲဒါကို ဘာဖြစ်လို့ ရှောင်လွှဲချင်နေရတာလဲ မသိဘူး...။
`အန်ကယ် က ဘာဖြစ်လို့ ဘ၀မကူးချင်ရတာလဲ´
တကယ်တမ်းက သူအခုရောက်နေတာကလည်း ဘ၀တစ်ခုထဲမှာပါပဲ...။ အခြားဘ၀တစ်ခုကို မကူးပဲ ၀ိဥာဉ်ဘ၀နဲ့ အကြာကြီးရှောင်လွှဲနေလို့မှ မရနိုင်တာ။
`ငါက ကောင်းကောင်းမွန်မွန်နဲ့ သေခဲ့ရတာ မဟုတ်ဘူးကွ... အာဃာတတွေ၊ အမုန်းတွေ၊ နာကြည်းမှုတွေ တနင့်တပိုးနဲ့ လောကထဲက ထွက်လာခဲ့ရတာလေ..။ သေချာတယ်... ငါ...ကောင်းတဲ့ဘ၀ကို ဘယ်လိုမှ ရောက်မှာမဟုတ်ဘူး...။ အဲဒါကြောင့် ငါ ဘ၀မကူးချင်တာ´
ဦးဘောဂက သူ့မယားကြီးဆုံးသွားတော့ မယားငယ်ငယ်လေးကို ကောက်ယူထားတာလေ...။ သူ့ဘ၀က အပြင်ပန်းကကြည့်ရင်တော့ သိပ်ကို ကျေနပ်အားရစရာကောင်းပါတယ်။ ဘာကြောင့်များ သူက အဲဒီလို ဖြစ်နေရတာလဲ မသိဘူး။
`အန်ကယ့်ဘ၀က အစစအရာရာ အဆင်ပြေနေတာပဲ။ စည်းစိမ်ဥစ္စာဆိုလည်း အလျှံအပယ် ဇနီးငယ်ငယ် အချောအလှလေးကလည်း ရှိသေးတယ်။ ဘာစိတ်ညစ်စရာရှိလဲဗျာ...။´
`ဟုတ်ပါတယ်...မင်းပြောသလိုပါပဲ...။ ငါလေမဖြတ်ခင်အထိတော့ အဲဒီလိုပဲ ပြေပြေလည်လည် ပျော်ပျော်ရွှင်ရွှင် ပေါ့ကွာ။ ငါလေဖြတ်ပြီးအချိန်ကစလို့ အကုသိုလ်တွေ အတုန်းလိုက် အတစ်လိုက်ကို ၀င်တော့တာပဲ။ မင်းလည်းသိမှာပေါ့... ငါ့မိန်းမက သူတို့မြို့က အမျိုးပါဆိုပြီး ကောင်လေးငယ်ငယ်လေး တစ်ယောက်ကို အိမ်ပေါ် ခေါ်တင်လာတာလေ...။´
`ဟုတ်တယ်လေ... အားလုံးသိနေကြတာပဲ... သူတို့က မောင်နှမတွေ မဟုတ်လား´
ကျွန်တော် အဲဒီလိုပြောလိုက်တော့ ဦးဘောဂက ဒေါသတွေ တလိပ်လိပ်တက်လာပြီး မကျေမနပ်လေသံနဲ့ ဆက်ပြောပါတယ်။
`ပတ်ဝန်းကျင် အမြင်မှာတော့ မောင်နှမတွေပေါ့ကွာ... ငါ့အိမ်ထဲမှာတော့ ... ...´
ဦးဘောဂဟာ သူ့စကားကို မဆက်နိုင်တော့ပါဘူး။ အဲဒါနဲ့ ကျွန်တော်ကပဲ အလိုက်တသိနဲ့ စကားလွှဲပေးလိုက်ရတယ်။
`ဒါနဲ့ နေပါဦး.. ဒီအိမ်ကြီးထဲမှာ အန်ကယ် တစ်ယောက်တည်းရှိတာလား...။ ဒါမှမဟုတ် အခြားတစ်ယောက်ယောက်များ ရှိနေသေးလား။´
`ရှိတယ် ရှိတယ် ဟောဟိုထောင့်စွန်းက အခန်းထဲမှာ သူရဆိုတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ သူက ဒီအိမ်ကြီးကို စရောက်ကတည်းက ရှက်တယ်... ရှက်တယ် လို့အော်ရင်း အဲဒီအခန်းထဲကကို မထွက်တော့ဘူး...။ နောက်တစ်ယောက်လည်း ရှိသေးတယ် သူက ဟိုးအပေါ်ထပ်မှာ ဘယ်တော့မှ အောက်ဆင်းမလာဘူး။´
အဲဒီလိုနဲ့ ကျွန်တော်လည်း ဦးဘောဂနဲ့ စကားဖြတ်ပြီး ထောင့်စွန်းခန်းထဲက သူရဆီကို လျှောက်လာခဲ့တယ်။ သူရက သင်္ဘောသားလေ... ကျွန်တော်တို့ရဲ့တစ်လမ်းကျော်ကပေါ့...။ ဟို အရင်တစ်ခေါက် ဒီကောင် သင်္ဘောလိုက်ရာကပြန်လာပြီး အိမ်တွင်းပုန်းနေလိုက်တာ... သေမှပဲ အိမ်ထဲက ပြန်ထွက်လာတော့တယ်။
ကျွန်တော် အခန်းထဲဝင်သွားတော့ အခန်းရဲ့ထောင့်မှာ သူရက သူ့ဒူးသူဖက်ပြီး ထိုင်ငိုင်နေတယ်။ ကျွန်တော် သူ့အနားကို ကပ်သွားတော့ သူက ကမန်းကတန်းလက်ကာပြီး...
`ခင်ဗျား... ကျွန်တော့် အနားမကပ်နဲ့ ကျွန်တော့်ဆီက HIVပိုးတွေ ခင်ဗျားဆီ ကူးကုန် လိမ့်မယ်´
သူက စေတနာနဲ့ ပြောတာပါ။ ဒါပေမယ့် ကျွန်တော် နည်းနည်း ဒေါသထွက်သွားတယ်။
`မင်းကလည်း ရူးနေလား...။ စကားပြောရုံနဲ့ ဘယ်လိုလုပ်ပြီး ရောဂါ ကူးမှာလဲကွ... နောက်ပြီး ငါတို့က သေပြီးသားလူတွေ... မင်းဆီက ရောဂါတွေ ဘယ်သူ့ဆီကိုမှ မကူးနိုင်တော့ပါဘူး´
ကျွန်တော် အဲဒီလို ပြောလိုက်မှ သူနည်းနည်း ငြိမ်သွားတယ်။ ပြီးတော့ ကျွန်တော့်ကိုမေးတယ်။
`ခင်ဗျားက ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ... ဘာရောဂါနဲ့ သေတာလဲ။´
`ကားတိုက်တာကွ... မိုးရွာထဲ လမ်းလျှောက်နေတုန်း ကားက လမ်းချော်ပြီး ငါ့ကို ၀င်တိုက်တာ´
ကျွန်တော့် အဖြေကိုကြားတော့ သူရက အားကျတဲ့လေသံနဲ့ ပြောတယ်။
`ကျွန်တော်လည်း ခင်ဗျားလို သေချင်လိုက်တာဗျာ...။ အခုတော့...´
ပြောရင်း ဆိုရင်း... ခေါင်းငိုက်စိုက်ကျသွားတဲ့ သူရကို ကျွန်တော် မေးခွန်းတစ်ခု မေးလိုက်တယ်။
`မင်းက ဘာဖြစ်လို့ ဒီအိမ်ကြီးထဲမှာ လာပြီး ထိုင်နေရတာလဲကွ...။ ငါတို့တွေ အခြားဘ၀တစ်ခုကို ကူးပြီး... လုပ်စရာရှိတာတွေ ဆက်လုပ်ဖို့ရှိသေးတယ်လေ။´
`ကျွန်တော် မကူးချင်ဘူးဗျာ... ကျွန်တော်ကြောက်တယ်။ ဒီဘ၀မှာဆို အသိုင်းအ၀ိုင်းတွေက အတင်းစီစဉ်လို့ ကျွန်တော် သင်္ဘောလိုက်ခဲ့ရတယ်။ သူတို့က ပိုက်ဆံတွေ ဖောဖောသီသီရတာကိုပဲ မြင်ကြတာလေ။ ကျွန်တော် တစ်ယောက်တည်း ကမ်းမမြင် လမ်းမမြင် ပင်လယ်ကြီးထဲမှာ အထီးကျန် အဖော်မဲ့ နေရတဲ့ ခံစားချက်တွေကိုကျတော့ ဘယ်မြင်ကြမှာလဲ...။ အခုဆိုလည်း ကျွန်တော် တစ်ခေါက် တစ်ခါလေး မဆင်ခြင်မိတဲ့ အမှားတစ်ခုကနေ ဒီရောဂါ ရခဲ့ပြီ... ရှက်ဖို့ကောင်းလိုက်တာဗျာ။ ကျွန်တော် တကယ် စိတ်ကူးယဉ်ခဲ့တဲ့ ဘ၀က ဒီလို မဟုတ်ဘူးဗျ။´
သူရက မိဘနှစ်ပါးမရှိတော့လို့ ဦးလေးတွေ၊ အဒေါ်တွေနဲ့ နေရတာလေ။ သူက ဆယ်တန်း အောင်ပြီး စက်မှုတက္ကသိုလ် ၀င်ခွင့် ရခဲ့ပေမယ့်... သူ့အသိုင်းအ၀ိုင်းရဲ့ အလိုကျ သင်္ဘောသားဘ၀ကိုပဲ ရွေးချယ်ခဲ့ရတယ်။
`ကျွန်တော်... အခုအချိန်ရောက်မှတော့ ဘယ်သူ့ကိုမှလည်း အပြစ်မတင်ချင်တော့ပါဘူး...။ ဒါပေမယ့်... ကျွန်တော် နောက်ဘ၀ တစ်ခုကို ကူးချင်စိတ် မရှိတော့ဘူးဗျာ။ မိမိစိတ်တိုင်းကျ ပုံဖော်ခွင့်မရတဲ့ ဘ၀တစ်ခုကို ထပ်ပိုင်ဆိုင်ရမှာ ကြောက်တယ်။´
စိတ်ဓါတ်ကျပြီး ဘ၀ တစ်ခုကို မပိုင်ဆိုင်ချင်တော့တဲ့ သူရကို အားပေးဖျောင်းဖျပြီး ကျွန်တော် အပေါ်ထပ်ကို တက်ခဲ့တယ်။ အပေါ်ထပ်ကိုရောက်တော့ ဘုရားခန်းလို့ထင်ရတဲ့ အခန်းကြီး တစ်ခုထဲမှာ လက်နောက်ပစ်ပြီး ဘယ်ပြန်ညာပြန် လျှောက်နေတဲ့ လူတစ်ယောက် ကိုတွေ့တယ်။
`သြော်... ခုနက အောက်မှာ ဦးဘောဂနဲ့ စကားပြောနေတာ ဘယ်သူများလဲလို့ မင်းကို...´
သူက ကျွန်တော့်ကိုမြင်တော့ အထင်သေးတဲ့ မျက်လုံးတွေနဲ့ ကြည့်ရင်း ပြောတယ်။ သူက ရပ်ကွက်ထဲက အင်မတန်မှ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးလေ။ မိဘတွေရဲ့ ချမ်းသာ ကြွယ်ဝတဲ့ အရှိန်အ၀ါအောက်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှု အကြီးအကျယ်ရနေတဲ့ သူတစ်ယောက် ပေါ့...။ ဟိုးတစ်လောက သူအရက်တွေမူးပြီး ကားမှောက်လို့ ဆုံးသွားတယ်လို့ ကြားရတာပဲ...။
`အစ်ကိုက ဘာဖြစ်လို့ ဘ၀မကူးသေးပဲ ဒီအိမ်ကြီးထဲမှာ လာနေ နေရတာလဲ။´
ကျွန်တော့်ရဲ့ အမေးကို သူက တော်တော်နဲ့ မဖြေပါဘူး။ သူ့ဖာသာသူ တစ်ယောက်တည်း စဉ်းစားနေဟန်နဲ့ အကြာကြီးရပ်ပြီး မျက်နှာကျက်တွေကို ငေးနေပါတယ်။ တော်တော်ကြာမှ...
`နောက်ဘ၀တစ်ခုမှာ ဒီလိုအောင်မြင်မှုမျိုးကို ဒီလို မြန်မြန်ဆန်ဆန်နဲ့ ရဖို့ဆိုတာ သေချာပါ့မလား။ ဒီဘ၀က ငါ့မိဘတွေလို အစစအရာရာ ပြီးပြည့်စုံတဲ့သူတွေရဲ့ ၀မ်းထဲမှာ ငါပြန်သန္ဓေတည်ရဖို့ကရော သေချာပါ့မလား...။ ဘာမှ မသေချာဘူး။´
`အစ်ကိုက စီးပွားရေးလုပ်ငန်းတွေမှာ အရမ်းစွန့်စားတယ်လို့ နာမည်ကြီးနေပြီး အခုမှဘာဖြစ်လို့ ဒီလောက်တွေဝေနေရတာလဲ´
`မတူဘူးလေကွာ... စီးပွားရေးလုပ်တယ်ဆိုတာ ငွေနဲ့ အလောင်းအထပ် လုပ်ရတာကွ...အခုဟာက... ဘ၀...ဘ၀။ ဘ၀တစ်ခုလုံးကို လောင်းကြေးထပ်လိုက်ရမှာ... သေသေချာချာ စဉ်းစားရမယ်ကွ´
သူ့ရဲ့ တလွဲတချော် အတွေးအခေါ်တွေကို နားထောင်လိုက်ရတော့ ကျွန်တော် တော်တော်စိတ်ပျက်သွားတယ်။ ခေါင်းကို တသွင်သွင်ခါရင်း သူ့ကို ကျွန်တော် ပြောလိုက်မိတယ်...
`ကံကြမ္မာရဲ့ ကစားပွဲက အရှည်ကြီးဗျ၊ နောက်ပြီး အဲဒီကစားပွဲရဲ့ ထူးခြားချက်က တဒင်္ဂလေးကိုကြည့်ပြီး ကြိုက်ရာအကွက်မှာကြိုက်သလောက် ၀င်လောင်းလို့ မရတဲ့အချက်ပဲ...။ အစ်ကို ဘယ်အချိန်မှသွားသွား အစ်ကိုသွားရမယ့် နေရာတစ်ခုကတော့ ဘယ်တော့မှ မပြောင်းလဲတဲ့ နေရာတစ်ခု အဖြစ် အဆင်သင့် ရှိနေပြီးသားပဲ...။´
ကျွန်တော် စကားမဆုံးခင်မှာပဲ သူက ကြားဖြတ်ပြီး ၀င်မေးတယ်။ သူ့ကြည့်ရတာ တော်တော့်ကို မကျေမနပ် ဖြစ်နေပုံပဲ။
`ငါတို့မှာ ရွေးချယ်ခွင့် မရှိတော့ဘူးလား...။ ရှိရမှာပေါ့ကွ´
`ရွေးချယ်ခွင့်မရှိတာ မဟုတ်ဘူး... ရွေးချယ်ပြီးသားဖြစ်နေတာ...။ ကျွန်တော်တို့ ကုန်လွန် ဖြတ်သန်းပြီးခဲ့တဲ့ ကျွန်တော်တို့ရဲ့ အတိတ်နေ့ရက်တွေထဲက နေထိုင်၊ ဆုံးဖြတ်၊ လုပ်ကိုင်မှုတွေ အားလုံးက အဲဒီ နောက်ဘ၀ဆိုတာတွေကို ရွေးချယ်ခဲ့ပြီးသားဖြစ်နေခဲ့တာ အခုမှလာပြီး ဘယ်ဘ၀ကိုသွားရရင် ကောင်းမလဲလို့ စဉ်းစားနေလို့ကတော့ အပိုပဲ။ တကယ်တမ်းက အစ်ကို အခု စဉ်းစားသလိုမျိုး မသေခင်ကတည်းက ကျွန်တော်တို့ စဉ်းစားခဲ့ကြရမှာ...။´
ကျွန်တော်ပြောတဲ့ စကားတွေရဲ့ အဓိပ္ပါယ်ကို သူနားလည်လား၊ နားမလည်ဘူးလားဆိုတာ သူကိုယ်တိုင်ပဲသိမှာပါ။ ကျွန်တော်ကတော့ သူ့ကိုကျောခိုင်းပြီး အောက်ထပ်ကို ဆင်းလာခဲ့ပါပြီ။ ကျွန်တော်ပြောတဲ့ စကားတွေကို အောက်ထပ်ကနေ နားထောင်နေခဲ့တဲ့ သူရက ကျွန်တော့်အနားကို ရောက်လာပါတယ်။ ပြီးတော့...
`ကျွန်တော် ဒီအိမ်ကြီးထဲက ထွက်တော့မယ်...။ ကျွန်တော် နောက်ဘ၀တစ်ခုကို ရဲရဲဝံ့ဝံ့သွားပြီး လျှောက်စရာရှိတဲ့ လမ်းကို ပြတ်ပြတ်သားသား ဆက်လျှောက်တော့မယ်´
အဲဒီလိုနဲ့ သူရနဲ့ ကျွန်တော် အိမ်ဖြူကြီးကို ကျောခိုင်းပြီး နောက်ဘ၀တစ်ခုဆီသွားဖို့ အဆင်သင့် ပြင်လိုက်ကြတယ်။
`ဒါပဲပေါ့ကွာ... သူဌေးပဲဖြစ်ဖြစ်... ခွေးပဲဖြစ်ဖြစ်ပေါ့... ငါတို့ကိုယ်တိုင်ရွေးချယ်ထားခဲ့တဲ့ မနက်ဖြန်တွေဆီကို ငါတို့ မတွန့်မဆုတ်ပဲ လျှောက်ရဲရမှာပေါ့´




နေဘုန်းလတ်

Thursday, May 31, 2007

အင်္ဂါမစုံတဲ့ကောင်းကင်

စင်ကာပူမှာ ခဏအလုပ်သွားလုပ်တုန်းက ရေးခဲ့တဲ့ ကဗျာလေးပါ။ သူများတကာတွေ နိုင်ငံခြားရောက်ရင် တအားပျော်နေသလောက် ကျွန်တော်ကတော့ Homesick က ပျောက်ကိုမပျောက်တာ ဘာကြောင့်လဲမသိပါဘူးဗျာ။ အခုတော့ အိမ်မှာပဲ အဖေဖျော်ထားတဲ့ ကော်ဖီကို အမေ၀ယ်ထားတဲ့ မုန့်ဟင်းခါးနဲ့ ပျော်ပျော်ကြီး စားသောက်နေတယ်ဗျို့ ...။


အင်္ဂါမစုံတဲ့ကောင်းကင်


ဖေဖေဖျော်ထားတဲ့ ကော်ဖီကို
မေမေ၀ယ်ထားတဲ့ မုန့်ဟင်းခါးနဲ့သောက်ရင်း
မြေသင်းနံ့တွေတဝေေ၀နဲ့
ငါ့ရဲ့နံနက်ခင်းတွေ
တစ်ခါကလှခဲ့ဖူးတယ် ...။

လူစုံအောင်စောင့်တတ်တဲ့
မိသားစုထမင်းဝိုင်းတွေ
ဘယ်လောက် ခြောက်သွေ့တိတ်ဆိတ်နေမလဲနော်
ပြန်လာချင်ပေမယ့် ...
ဘယ်အရာက ငါ့ကိုပြန်ခေါ်နိုင်မှာလဲ ...။

မပျော်ဘူးချစ်သူ ...
ငါ့နေ့ရက်တွေ မလှပခဲ့တာကြာပေါ့
တိုးတက်ခေတ်မီတဲ့ ပထမနိုင်ငံတစ်ခု
ငါ့စိတ်ဒဏ်ရာတွေကို
ဘယ်လိုမှမကုနိုင်ပါဘူး ...။

မိုးထိမြင့်တိုက်ခန်းတွေထဲက
လူနေမှုအဆင့်အတန်းတွေ
ဘယ်လောက်အထိမြင့်နေမှာလဲ
မျက်ဝန်းဖြူဖြူတွေထဲက
အရိုးသားဆုံးကွက်လပ်တွေနဲ့
ငါ ဘယ်လိုမှ လဲလှယ်မကျေနပ်နိုင်ခဲ့ဘူး။

အဆင်ပြေခြင်းတွေက
နှလုံးသားရဲ့ အပြင်ဘက်မှာ
အင်္ဂါမစုံစွာနဲ့ လှလို့ ပလို့ ...
ချစ်သူရေ ...
ငါ့ကိုပြောပါ ငါ့ကိုပြောပါ
တစ်ခြမ်းပဲ့နေတဲ့ ဘ၀အဓိပ္ပါယ်တွေ
ငါတို့ဘယ်လိုပြန်ဆက်ယူနိုင်မလဲဆိုတာလေ ...။ ။

Sunday, May 27, 2007

ကျွန်တော်နှင့် လောကမှတ်တိုင်များ

ကျွန်တော်နှင့် လောကမှတ်တိုင်များ

A. ကံကြမ္မာက
အနုပညာမြားတစ်စင်းကို
ချစ်ခြင်းသက်သက်နဲ့ ပစ်ခွင်း
ကိုယ့် ရင်တစ်ခွင်လုံးလင်းခဲ့ပြီ ...။

B. သူတစ်ပါးတွေကိုကြည့်ပြီး
ကိုယ့်ကိုယ်ကို ပြန်မကြည့်မိသူများ
မှန်ရှေ့မှာ အချင်းများကြ၏။

C. ကရဣဋ်ရာသီဖွား
ဂဏန်းတစ်ကောင်လို ဘေးတိုက်သွားရင်း
ပတ်ဝန်းကျင်ကိုစမ်းစစ်
အချို့တွေ ...
ကိုယ့်ကိုထားရစ်ကြပြီ။

ီD. ကြယ်တွေကိုလုပ်ကြံပြီး
အမြင့်ပျံကြသူများ
သေခြင်းတရားနှင့်တွေ့မှ
သွေးပျက်ပြေးထွက်ကြမည်လား။

E. နှင်းဆီနံ့တသင်းသင်းနှင့်
ကမ္ဘာမြေကို ကိုယ်နင်းခဲ့သည်
ဖြစ်နိုင်မည်ဆိုက
ကိုယ့်ကိုယ်ကိုကိုင်မြှောက်
အလေးအပင်တွေကို ဖျောက်ချင်သည်။

င်္F. အတိတ်တို့ကိုဆင်ခြင်
ပစ္စုပ္ပါန်ကိုပြင်ဆင်ရင်း
အနာဂတ်ကိုဆင်ယင်ဆဲ ...။

G. နှင်းခိုးတို့ငွေ့ငွေ့ဝေ
ဆောင်းည နဲ့ နံနက်တွေမှာ
ငြိမ်းချမ်းရေးချိုးငှက်
မျိုးဆက်သစ်တွေကို ပေးအပ်ကြပြီ။

H. အိမ်ကလေးတွေထဲက
စုံညီညီမိသားစုများ
ထမင်းအတူတူစားကြပြီ။

I. အဖြူရောင်စိတ်ကူးများ
လေထုထဲပျောက်သွား၏
မြင်ကွင်းတွေကိုကြည့်ငေး
ကိုယ်တိုးတိုးလေးတွေးမိသည်။

ဲJ. ယမ်းငွေ့တွေခြုံလွှမ်း
ဒုက္ခတွေခင်းတဲ့လမ်းမှာ
ကမ္ဘာဦးထဲကကျမ်း
တရားမျှတမှုမျိုးကိုလွမ်းသည်။

K. လဲကျသူများထပါလေ
အကြင်နာတရားနှင့်လက်ကမ်း
အတူတူဆက်လှမ်းကြမည်။

L. အလင်းရောင်ရှိရာအရပ်
ကိုယ်ဦးတည်ရှေ့ဆက်မည်
မမြင်ချင်သူတွေ မျက်စိမှိတ်
နိုးလျက်နှင့် အိပ်ကြသည်။

M. ဘ၀ကို ...
အသေးငယ်ဆုံးဆွဲချုံ့
ခေါင်းငုံ့နေခဲ့သည်။
တောက်ပချင်သူတွေ
ထွန်းလင်းကြပါစေ ...။

N. ဆန္ဒတွေအပြည့်အသိပ်နှင့်
မျက်စိဖွင့်အိပ်နေသူများ
ဗလာဟင်းလင်းစိတ်ထားနှင့်
ကိုယ် ... ငေးကြည့်သနားဖူးသည်။

O. ဆန့်ကျင်ဘက်များနှင့်
ယိမ်းနွဲ့လှပနေသော ကောင်းကင်
ကြည့်မြင်ဆင်ခြင်ကြပါလေ ...။

P. အမှန်းမရှိတဲ့မြို့ရိုးက
သံလွင်ပင်ကိုအရခိုး
ကမ္ဘာမြေမှာကိုယ်ပျိုးမည်။

ှQ. အဖြေမရှိသောမေးခွန်းများ
လောကထဲလမ်းသလားကြ၏
မျက်ကွယ်ပြုကျောခိုင်း
ကိုယ့်နေ့တွေရိုင်းခဲ့ဖူးသည်။

ွR. ပေတံတွေကိုယ်စီကိုင်လို့
လမ်းဘေးတွင်ထိုင်နေသူများ
ကိုယ့်ကို တိုင်းတာသတ်မှတ်သွားကြသည်။

S. အတ္တတွေကိုစားသုံး
တော်ရာမှာနေလိုက်ဦးတဲ့
နတ်ဆိုးတို့ရဲ့အသံ
ကိုယ့်နားထဲ ညံ၏။

T. သစ္စာတရားလက်တစ်ဆုပ်ကို
သိမ်းထုတ်ကျောပိုး
ဟိုမှာ ...
မာယာတွေရှေ့တစ်လှမ်းတိုးကြပြီ။

U. စကြ၀ဠာတနံတလျား
ကိန်းဂဏန်းတွေ ခမ်းနားနေကြ၏
သုညတွေကို ကိုင်စွဲ
ကိုယ့်လမ်းကိုယ် လျှောက်ရဲရမည်။

V. လောကဓံက ...
ကဝေလက်ချောင်းတွေနဲ့ကပြ
ကိုယ်က ...
ကဗျာတွေပဲပွင့်ပြခဲ့သည်။

ွှW. လောကမှော်ရုံထဲ
လမ်းကြောင်းတွေ ဖြာကွဲကြ၏
ကိုယ်ရွေးခဲ့တဲ့လမ်း
ကိုယ့်သွေးတွေလဲ ခမ်းပါစေလေ။

X. ကြက်ခြေခတ်တွေ လင်းလင်းပြနေတဲ့
ချို့တဲ့သူတို့ရဲ့ ညနေခင်းများ
ရဲရင့်ဖြူစင်နိုင်ကြပါစေသား ...။

Y. အလင်း၏စေတမာန်များ
မြေပြင်မှာ ၀င်းပတောက်စားကြ၏
အနာဂတ်၏ တစ်ခဏမှာ
တရားမျှတခြင်း၏ သင်္ကေတ
အ၀ါရောင်တွေဖြန်းပက်လိုက်ကြပြီ။

Z. ကိုယ် အိပ်ပျော်သွားခဲ့ပြီ ...
ကိုယ် ... အိပ် ... ပျော် ... သွား ... ခဲ့ ... ပြီ ...။ ။
နေဘုန်းလတ်

သံလွင်အိပ်မက် အမှတ်(၃) မှာ နွေလေဆိုတဲ့နာမည်နဲ့ ရေးခဲ့တဲ့ကဗျာလေးပါ။ ဒီကဗျာလေးကို စင်ကာပူနိုင်ငံမှာ ခဏတာအလုပ်သွားလုပ်ချိန်တုန်းက ရေးခဲ့တာဖြစ်ပါတယ် ...။ ကျွန်တော့်ဘ၀ရဲ့ A to Z လို့လဲ ပြောလို့ရတဲ့ကဗျာလေးဖြစ်ပါတယ်။ အခု ကျွန်တော်ဘယ်အက္ခရာနားကိုရောက်နေပြီလဲ ဆိုတာတော့ ကျွန်တော်လဲသေသေချာချာမသိပါဘူး ...။ ဒါပေမယ့် နောက်ဆုံးမှာ အ၀ါရောင် တွေဖြန်းပက်ထားတဲ့ တရားမျှတမှုရှိတဲ့လောကတစ်ခုကို မြင်တွေ့သွားပြီးမှ ကျွန်တော် အိပ်ပျော်သွားချင်တယ်ဗျာ ...။

Tuesday, May 22, 2007

သိပ်စိတ်မညစ်ကြပါနဲ့ ...

သိပ်စိတ်မညစ်ကြပါနဲ့ ...



-If you wake up today with no pain, you are luckier than most.

နာကျင်မှုဝေဒနာကိုမခံစားရဘဲ သင်ဒီနေ့နိုးထနိုင်ခဲ့တယ်ဆိုရင် သင်ဟာ လူအများစုထက်ပိုပြီး ကံကောင်းပါတယ်။

နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျခွင့်ကိုရဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ရတယ်။ ပြီးတော့ ... မျက်စိနှစ်လုံးကိုဖွင့်ပြီး နိုးထလာခဲ့ချိန်မှာပဲ ခန္ဓာကိုယ်ရဲ့တစ်နေရာရာက နာကျင်မှုဝေဒနာကို ပထမဆုံးစခံစားလိုက်ရတယ် ...။ ခဏတာ သက်သာရာရစေမယ့် ဆေးဝါးတွေကို မှီဝဲခွင့်ရသူတွေရှိမယ်။ ဒါမှမဟုတ် ဘာဆိုဘာမှ မတတ်နိုင်ပဲနာကျင်မှုဒဏ်ကို လည်စင်းခံနေကြရသူတွေလဲရှိမယ်။ လူအများစုရဲ့နံနက်ခင်းတွေဟာ ဒီအတိုင်းအသက်ဝင်လာကြပြီး ဝေဒနာတွေနဲ့ ကူးလူးပေါင်းဖော်ရင်းနဲ့ပဲ ညနေခင်းတစ်ခုဆီကို ချဉ်းနင်းသွားကြရတယ်။ အဲဒီလို ... အဲဒီလို နာကျင်မှုတွေကို အဖော်ပြုနေကြရတဲ့ အများစုသောလူသားတွေ ကမ္ဘာရဲ့နေရာတိုင်းလိုလိုမှာရှိနေကြတယ်။ မနက်ခင်းတစ်ခု သင်နိုးထလာတဲ့ အချိန်မှာ နာကျင်မှုဝေဒနာတစ်ခုခုကို သင်ခံစားမနေရဘူးဆိုရင် သင်ဟာ သူတို့ထက်ပိုပြီး ကံကောင်းပါသေးတယ်။

-If you have never known the dangers of war, loneliness of prison or hunger, you are better off than 500 million people in the world.

စစ်ရဲ့ဆိုးကျိုးတွေ၊ သံတိုင်နောက်ကွယ်က အထီးကျန်မှုတွေနဲ့ ငတ်မွတ်ခေါင်းပါးမှုတွေ ဒါတွေကို သင်ကြုံတွေ့ခံစားမနေရဘူး ဆိုရင် ကမ္ဘာပေါ်မှာ ရှိတဲ့ လူသန်းပေါင်း ၅၀၀ကျော်ရဲ့ဘ၀ထက် သင့်ဘ၀ကပိုကောင်းပါသေးတယ်။

ဘယ်သူမှမပိုင်တဲ့အရာတွေကို သူနိုင်ကိုယ်နိုင်အပြိုင်လုကြရင်း ပြင်းထန်လွန်ကဲတဲ့ အစွန်းရောက် စိတ်အခြေအနေ တွေနဲ့ ၀ါဒခြင်းပြိုင်၊ မာနခြင်းပြိုင်ကြရင်း ဆင်နွှဲခဲ့ကြတဲ့ စစ်ပွဲတွေဟာ အနိဠာရုံတွေများစွာကို ကမ္ဘာလောကထဲမှာ ချန်ထားရစ် ခဲ့တယ်။ အိုးအိမ်မဲ့မိသားစုတွေ၊ မိဘမဲ့ကလေးတွေ၊ လင်မဲ့မယားတွေ၊ သားပျောက်သွားတဲ့မိခင် ဖခင်တွေ ... စတဲ့ ... စတဲ့ ကမ္ဘာမြေထဲက ကွက်လပ်တွေဟာ စစ်ပွဲတွေကြောင့် မရေမတွက်နိုင်အောင်များခဲ့ကြရတယ်။ အခန်းကျဉ်းလေးထဲမှာ၊ လေးဘက်လေးလံအကာအရံတွေထဲမှာ အထီးကျန်ခြင်းဆိုတဲ့ဝေဒနာကို အကြောင်းအမျိုးမျိုးကြောင့်မငြင်းဆန်နိုင်ရှာပဲ ခံစားနေကြရတဲ့သူတွေလဲ ဟိုဟိုဒီဒီရှိနေကြလိမ့်မယ်။ နောက်ပြီး ... ငွေကြေးနဲ့ ချိန်စက်ဖြေရှင်းရတဲ့ စားဝတ်နေရေးပြဿနာ တွေအောက်မှာ ဘုန်းဘုန်းလဲ ကုန်းကောက်စရာမရှိအောင်ကို မွဲတေနေကြသူတွေလဲ တကယ်ကိုရှိနေခဲ့ကြတယ်။ ကိန်းဂဏန်း တွေနဲ့ ရေတွက်ကြည့်မယ်ဆိုရင် အဲဒီ့လိုလူတွေ သန်းပေါင်း ၅၀၀ကျော်နေပြီတဲ့ ...။ အဲဒီ့အရေအတွက်တွေထဲမှာ သင် စာရင်းမပေါက်သေးတာ သင်ဘ၀က သူတို့ထက်ပိုပြီး ကောင်းသေးလို့ပဲမဟုတ်လား။

-If you can go to your church or temple or follow your beliefs without persecution, you are luckier than more than 3 million people on this planet.

နှိပ်စက်ညှင်းပမ်းခံရမှုတွေ၊ ဖိနှိပ်ချုပ်ချယ်မှုတွေမရှိပဲ သင်ယုံကြည်ရာအတိုင်း ယုံကြည်ကိုးကွယ်ခွင့်တွေ သင့်မှာရှိနေ သေးတယ်ဆိုရင် ဒီကမ္ဘာပေါ်က လူပေါင်း ၃သန်းကျော်ထက်သင်ပိုကံကောင်းပါသေးတယ်။

မျက်စိတွေ၊ နားတွေကို ပိတ်ခိုင်းထားပြီး ဦးနှောက်ကို စနစ်တကျကန့်သတ်ထိမ်းချုပ်ခြင်း ခံထားရတဲ့သူတွေ၊ တယူသန်ဝါဒကိုကိုင်စွဲကြသူတွေရဲ့ မျှတမှုမရှိတဲ့ ချုပ်ချယ်ထိမ်းကွပ်မှုတွေအောက်မှာ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်တွေ ပျောက်ဆုံးနေကြရသူတွေ ကမ္ဘာအနှံအပြားမှာ အများအပြားကိုရှိနေကြပါတယ်။ ဘုရားကျောင်းတွေကို လွတ်လပ်စွာသွားခွင့် မရှိဘူး။ အမှီအခိုကင်းတဲ့စိတ်နဲ့ လွတ်လပ်စွာ ခွဲခြမ်းစိတ်ဖြာပြီး ဝေဖန်သုံးသပ်ခွင့်မရှိဘူး၊ ကိုယ်ယုံကြည်ရာဘာသာကို လွတ်လွတ်လပ်လပ်ကိုးကွယ်ပိုင်ခွင့်မရှိဘူး။ အတားအဆီးတွေ၊ အနှောက်အယှက်တွေ၊ ဖိနှိပ်မှုတွေကို မကျော်လွှားနိုင်တဲ့ စိတ်အသေတွေနဲ့ မကျေနပ်မှုတွေကို ရင်ထဲမှာပဲစုထားရပြီး အတွင်းကြေကြေနေကြသူတွေကို အကြမ်းဖျဉ်းရေတွက်ကြည့်ရင် ၃သန်းကျော်လောက်ရှိလိမ့်မယ်တဲ့ ...။ အချုပ်အနှောင်ခံရတဲ့အထဲမှာ စိတ်ကိုချုပ်နှောင်ခံလိုက်ရတာဟာ အခံရအဆိုးဆုံး ပါပဲ။ ဒီထက်ပိုဆိုးတာက အချို့သောသူတွေဟာ ငါတို့ရဲ့စိတ်တွေ လှောင်ပိတ်မိနေပါလားဆိုတာကိုတောင် မသိနိုင် ကြတာပါ။ နောက်ပြီး ကိုယ်ယုံကြည်တာကတစ်ခု ကိုယ်လက်ခံကျင့်သုံးနေရတာကတစ်ခုဖြစ်နေပြီး မိမိနဲ့ ငါ ပြဿနာတက်နေ ကြသူတွေလဲအများအပြားပါ။ ဘာပဲပြောပြော သင့်ရဲ့စိတ်ဟာ အချုပ်အနှောင်ခံနေရမှုတွေကနေလွတ်ကင်းနေပြီး သင့်ရဲ့ ယုံကြည်မှုတွေအတိုင်း သင့်ရဲ့ရုပ်ခန္ဓာကိုစေခိုင်းခွင့်ရှိနေတယ်ဆိုရင် ... သင်ဟာ အဲဒီလူဦးရေ၃သန်းထက် ပိုပြီးကံကောင်း ပါသေးတယ်။

-If your basic needs are covered , you are richer than 75% of the rest of the world.

သင်ဟာ သင့်ရဲ့အခြေခံလိုအပ်ချက်တွေ အကုန်ပြည့်စုံမှုရှိနေတယ်ဆိုရင် ကမ္ဘာလူဦးရေရဲ့ ၇၅ရာခိုင်နှုန်းထက်သင်ပိုပြီး ချမ်းသာပါသေးတယ်။

ကမ္ဘာလူဦးရေရဲ့ ၇၅ရာခိုင်နှုန်းဟာ လူသားတစ်ဦးရဲ့အခြေခံ လိုအပ်ချက်တွေဖြစ်တဲ့ စားဝတ်နေရေးတွေအတွက်တောင် ပြည့်စုံမှုမရှိနိုင်ကြပဲ လောကထဲမှာ ရုန်းကန်ရှေ့ဆက်နေကြရပါတယ်။ တစ်နေ့မှာ ထမင်းနှစ်နပ်ကို ၀မ်းဝအောင်စားနိုင်ရုံ လေးတောင် မတတ်နိုင်ကြသူတွေ၊ ကိုယ့်အရှက်ကိုယ်ဖုံးနိုင်ဖို့ အ၀တ်အစားတစ်ခုခုကို ခါးလှအောင်ဝတ်နိုင်ရုံလေးတောင် အနိုင်နိုင်ကြိုးစားနေကြရတဲ့သူတွေ၊ တစ်ညတာ မှေးစက်နိုင်ဖို့အတွက် ကျောတစ်ခင်းစာ နေရာလေးတစ်ခုကိုတောင် ညအမှောင် အောက်မှာ အသဲအသန်ရှာဖွေမှေးစက်နေကြရတဲ့သူတွေ လိုက်ရှာစရာမလိုအောင်ကို မြင်နိုင်တွေ့နိုင်ပါတယ်။ သင်ကတော့ အဲဒီ့လိုမဟုတ်ပဲ ဘ၀ရဲ့အခြေခံလိုအပ်ချက်တွေအားလုံးပူပင်စရာမရှိအောင် ပြည့်စုံနေသေးတယ်ဆိုရင်တော့ သင်ဟာ ကမ္ဘာ့လူဦးရေရဲ့ ၇၅ရာခိုင်နှုန်းရှိတဲ့ လူတွေထက် ပိုပြီးချမ်းသာသေးတာပဲလေ။

-If you even have some savings, you are part of the 10% of the most prosperous people in the world.

သင်ဟာ သင့်ရဲ့ဝင်ငွေထဲက အနည်းငယ်ကို စုဆောင်းထားနိုင်သေးတယ်ဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ အောင်မြင်နေကြတဲ့ လူသား၁၀ရာခိုင်နှုန်း ထဲမှာ သင်ပါဝင်နေပါသေးတယ်။

“ယနေ့ရောင်းရငွေသည် မနက်ဖြန်အတွက် အရင်းဖြစ်သည်” ဆိုတဲ့စာသားကို ဟိုဟိုဒီဒီမြင်နေရတယ်။ ဒီနေ့ရဲ့လုပ်အားခနဲ့ အိမ်အပြန်မှာ ဆန်ဝယ်၊ ဟင်းချက်စရာဝယ်ပြီး အိမ်ရောက်မှ ဖုတ်ပူမီးတိုက်ချက်စားကြရတဲ့မိသားစုတွေ၊ တစ်နေ့တာအလုပ်မဆင်းနိုင်လို့ ကလေးတွေကို မနေ့ကကျန်တဲ့ ထမင်းကြမ်းကို ရေနဲ့ မျှောတိုက်ပြီး ကိုယ်တိုင်ကအငတ်ခံလိုက်ကြရတဲ့ မိဘတွေ၊ အိမ်ပြန်အလာကို စောင့်မျှော်နေကြတဲ့ မိသားစုရဲ့ဆာလောင်မွတ်သိပ်နေတဲ့ မျက်ဝန်းတွေဆီကို အကြောင်းအမျိုးမျိုးကြောင့် ဗလာဟင်းလင်းဖြစ်နေတဲ့အိတ်ကပ်နဲ့ ပြန်လာကြရတဲ့ ဖခင်အချို့ရဲ့ ခြေလှမ်းတွေ၊ ဆာလောင်ခြင်းဝေဒနာဆိုတာ မွေးရာပါဒဏ်ရာတစ်ခုလိုဖြစ်နေကြရရှာတဲ့ အပြစ်မဲ့ကလေးငယ်တွေ ... စတဲ့ ... စတဲ့ သူတွေဆီမှာ စုဆောင်းထားတဲ့ ငွေပိုငွေလျှံဆိုလို့ ခြူးတစ်ပြားတောင်ရှိနေမယ်မထင်ပါဘူး ...။ ရောဂါတစ်ခုခု ဖြစ်လာရင်လည်း လည်စင်းခံ၊ စေတနာ့ဝန်ထမ်းပြီး ကုသပေးမယ့်သူမရှိရင် သေဖို့ပဲထိုင်စောင့်နေကြရုံသာတတ်နိုင်ကြတဲ့ ဒုက္ခသည်တွေများစွာဟာ ငွေပိုငွေလျှံဆိုတာကို အိပ်မက်ထဲတောင်ထည့်မက်ဖူးကြမှာ မဟုတ်ပါဘူး။ အဲဒီလို ပိုလျှံမှုဆိုတာမရှိပဲ ရရစားစားနဲ့ အသက်ဆက်နေကြရတဲ့ လူသားဦးရေဟာ ကမ္ဘာ့လူဦးရေရဲ့ ၉၀ရာခိုင်နှုန်းလောက်ရှိတယ်ဆိုတာဟာ ယုံနိုင်စရာ မရှိတဲ့ တကယ့်အဖြစ်အပျက်ပါ။ အခုလောလောဆယ် သင့်မှာ စုဆောင်းထားတဲ့ ငွေအနည်းငယ်ရှိနေတယ်ဆိုရင်ပဲ သင်ဟာ ကမ္ဘာပေါ်က အောင်မြင်နေသူ လူသား၁၀ရာခိုင်နှုန်းထဲမှာ အပါအ၀င်ဖြစ်နေပါပြီ။

-If you saw your parents grow old together, you are almost unique.

သင့်ရဲ့မိဘနှစ်ပါးဟာ အတူတကွ နေထိုင်ကြီးပြင်းနေကြသေးတာကို သင်မြင်နေရသေးတယ်ဆိုရင် သင်တို့ရဲ့မိသားစုလေးဟာ တော်တော်ကို စည်းလုံးပါသေးတယ်။

အချို့သောမိသားစုတွေမှာ မိဘတွေမရှိကြတော့ပါဘူး။ အချို့မှာ သားသမီးတွေ မရှိကြတော့ဘူး။ အချို့ကျတော့လည်း အတူတကွရှိနေကြပေမယ့် ရုပ်ခန္ဓာခြင်းသာနီးပြီး စိတ်ချင်းဝေးနေကြရတယ် ...။ အတ္တစိတ်တွေကြောင့်ဖြစ်တဲ့ အက်ကြောင်းအတိမ်အနက်တွေရဲ့ မသိမသာထိုးခွဲပိုင်းခြားမှုတွေကြောင့် ပြိုကွဲပျက်စီးသွားကြတဲ့ မိသားစုတွေရှိသလို ... အခြားသူတွေရဲ့ စိတ်ဆန္ဒတွေအတွက် ဖြေသိမ့်စရာအစာအဖြစ်နဲ့ ဖရိုဖရဲဖြစ်ခဲ့ကြရတဲ့ မိသားစုတွေလဲ ရှိကြပါတယ်။ ဘိုးဘွားရိပ်သာက အဘိုးအဘွားတွေ၊ မိဘမဲ့ဂေဟာက သားငယ်၊ သမီးငယ်တွေ၊ မေတ္တာတရားဆိုတာကို စကားလုံးအဖြစ်သာ ကြားဖူးပြီး ဘာမှန်းမသိနိုင်ကြတဲ့ အထီးကျန်ခြင်းရဲ့သားကောင်တွေ ဒီမြေကမ္ဘာပေါ်မှာ မရေမတွက်နိုင်အောင်ကို ရှိနေကြပါတယ်။ သင့်မှာ မိဘတွေရှိတယ်၊ နောက်ပြီး သက်ရှိထင်ရှားရှိနေကြတဲ့ မိဘနှစ်ပါးရဲ့ မြင့်မိုရ်တောင်ဦးမကကျုးတဲ့ ကျေးဇူးတွေကို တတ်နိုင်သလောက် ဆပ်ခွင့်ရနေသေးတယ်ဆိုရင် သင်ဟာ ပျော်ရွင်စရာကောင်းတဲ့၊ စည်းလုံးညီညွတ်တဲ့ မိသားစုလေးတစ်ခုရဲ့ပိုင်ရှင်ပဲပေါ့။

-If you smile and appreciate life, you are lucky because lots of people can , but they don't.

သင်ဟာ ဘ၀ဆိုတာကို မှန်မှန်ကန်ကန်နားလည်သဘောပေါက်ပြီး ပြုံးပြုံးလေးနေနိုင်တယ်ဆိုရင် သင်တကယ်ကံကောင်း ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ လူပေါင်းများစွာဟာ ပြုံးပျော်နိုင်စွမ်းကို သဘာဝကပေးထားပေမယ့် သူတို့ မပြုံးနိုင်ကြလို့ပါ။

လူတိုင်းဟာ ဘ၀တစ်ခုဆီကို ပိုင်ဆိုင်ထားကြပေမယ့် ကိုယ်ပိုင်ဆိုင်ထားတဲ့ လူသားဘ၀တစ်ခုရဲ့ သဘောသဘာဝကို မှန်မှန်ကန်ကန် ပြည့်ပြည့်၀၀နားလည်သဘောပေါက်သူကတော့ သိပ်ကိုရှားပါတယ်။ အမျိုးမျိုးသော လောကဓံတရားတွေရဲ့ အောက်မှာ ငို၊ ရယ်၊ ပြုံး၊ မဲ့၊ ပျော်ရွှင်၊ ၀မ်းနည်း စတဲ့ အမျိုးမျိုးသောခံစားမှုတွေရဲ့ သက်ရောက်မှုတွေက လူတွေ ဘ၀ဆိုတာကို အမှန်တကယ် နားလည်သဘောပေါက်ခြင်းမရှိသေးဘူးဆိုတာကို ပြနေပါတယ်။ ဆိုးဝါးပြင်းထန်တဲ့လောကရဲ့ တွန်းထိုး တိုက်ခိုက်မှုတွေကို ကြုံရတိုင်း ဘယ်သူတွေ ပြုံးပြုံးလေးနဲ့ ရင်ဆိုင်နိုင်ကြသလဲ။ ခမ်းနားကြီးကျယ်တဲ့ လောကရဲ့ ချီးမြှောက်မှုတွေကို ကြုံရတိုင်း ဘယ်သူတွေတည်တည်ငြိမ်ငြိမ်နဲ့ ပြုံးနေနိုင်ပါသလဲ။ လူသားတွေရဲ့ ရုပ်ခန္ဓာဖွဲ့စည်းပုံ အရ လူသားတွေပြုံးနိုင်၊ ရယ်နိုင်ကြပေမယ့် လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန စတဲ့ မလိုလားအပ်တဲ့ စိတ်အခြေအနေတွေရဲ့ လွှမ်းမိုးမှုအောက်မှာ စစ်မှန်တဲ့ အပြုံးအရယ်တွေ ဆိတ်သုဉ်းနေကြရရှာတာ သူတို့ရဲ့ကံကြမ္မာပါပဲ။ ကိုကိုယ်တိုင်ဖန်တီးတဲ့ ကိုယ့်ကံကြမ္မာပါပဲ ...။ အဲဒီလို ... အဲဒီ့လို ... အပြုံးဆိုတဲ့စကားလုံးကို စိတ်အာရုံထဲကနေတဆင့် နှုတ်ခမ်းပေါ်ကို တင်ခွင့်မရကြရှာတဲ့ လူသားတွေများစွာထဲမှာ သင်ပါမနေဘူးဆိုရင် သင်ကံကောင်းပါသေးတယ်။

-If you have someone whose hand you can hold or can hug or even just a shoulder to touch , be happy you will never be lonely.

သင်မှီဖို့ပခုံးလေးတစ်ဖက်ပဲဖြစ်ဖြစ်၊ သင်ဆုပ်ကိုင်ပွေ့ဖက်ဖို့ လက်ကလေးတစ်ဖက်ပဲဖြစ်ဖြစ် သင့်မှာ ရှိနေတယ်ဆိုရင် သင်ဟာ အထီးကျန်သူတစ်ယောက်မဟုတ်သေးပါဘူး။

အချိုသော ဒဏ်ရာတွေက လုပ်ယူခံစားကြည့်လို့မရတဲ့ ဝေဒနာတွေကို ဖြစ်စေတယ်။ အထူးသဖြင့် စိတ်ဒဏ်ရာပါပဲ ...။ လူ့ဝန်းကျင်၊ လူ့အသိုင်းအ၀န်းအတွင်းမှာ ကြီးပြင်းခဲ့သူတစ်ယောက်အနေနဲ့ လူသားအခြင်းခြင်းကူးလူးဆက်ဆံရမှုနဲ့ ရင်းနှီးကျွမ်းဝင်ရမှုတွေမှာ တွယ်တာစွဲလမ်းမှုရှိကြတာ လူ့သဘာဝပါ...။ အဲဒီလိုတွယ်တာမှုတွေကနေစခဲ့ရာကနေ လူနဲ့ လူ့အသိုင်းအ၀န်း၊ လူ့အသိုင်းအ၀န်းနဲ့လူ အပြန်အလှန် အကျိုးပြုမှီခိုနေခြင်းကကို လောကလူ့သဘာဝတစ်ခုလို ဖြစ်လာ ပါတယ်။ ဒါပေမယ့် အဲဒီ့လို လောကသဘာဝတရားကနေဖယ်ထုတ်ထားခြင်းခံရပြီး လူ့သဘာဝအလျှောက်လဲ နေထိုင်ခံစားခွင့် မရကြသူတွေအများအပြားရှိနေကြပါတယ်။ ကိုယ်စိတ်အားငယ်တဲ့အခါ မှီထားဖို့ပခုံးလေးတစ်ဖက်၊ ကိုယ်လဲကျတဲ့အခါ ဖေးကူထူမဖို့ လက်ကလေးတစ်ဖက်၊ ကိုယ်စိတ်ဓါတ်ကျအားငယ်နေတဲ့အခါ အားပေးမယ့် စကားလေးတစ်ခွန်း၊ အပြုံးလေးတစ်ပွင့်တောင်မရှိပဲ သူလိုကိုယ်လိုဒုက္ခခံစားနေကြရတဲ့သူတွေကြားထဲမှာ အထီးကျန်ခြင်းဆိုတဲ့ဝေဒနာကို ဒီလိုပဲ ခံစားရင်း၊ ခံစားရင်းနဲ့ အသားသေကျေနပ်လိုက်ကြရတဲ့သူတွေများစွာထဲမှာ သင်ပါမနေသေးဘူးဆိုရင် သင်ဟာ သိပ်ကိုကံကောင်းပါသေးတယ်ဗျာ ...။

အင်တာနက်သုံးနေရင်းနဲ့ သူငယ်ချင်းတစ်ယောက်လှမ်းပို့ထားတ Slide Show လေးကိုဖွင့်ကြည့်နေမိတာပါ။ ကြေကွဲဆွေးမြေ့ဖွယ်ရာ သတင်းဓါတ်ပုံလေးတွေနဲ့အတူ ရေးထားတဲ့ စားကြောင်းလေးတွေက ကျွန်တော့်ရဲ့နှလုံးသားကို ထိခိုက်စေပါတယ်။ ပုံလေးတွေကိုကြည့် စာသားလေးတွေကိုဖတ်နေရင်း သြော် ... ငါခံစားနေရတဲ့ ဒုက္ခဆိုတာ ဘာဟုတ်သေးလို့လဲလို့ စဉ်းစားမိပါတယ် ...။ နောက်ပြီး စည်းစိမ်ဥစ္စာတွေ အထိုက်အလျှောက်ပြည့်စုံနေပါလျက်နဲ့ စိတ်ညစ်တယ်၊ စိတ်ညစ်တယ်လို့ အခါခါညည်းတတ်တဲ့ သူတစ်ချို့ရဲ့မျက်နှာတွေကိုလည်း ကျွန်တော်မြင်ယောင်လာတယ်။ မဖြစ်စလောက် လောကဓံလေးကိုပဲ ပုံကြီးချဲ့ခံစားပြီး အမြဲလိုလိုစိတ်အလိုမကျဖြစ်နေတတ်ကြတဲ့ သူတို့လိုလူမျိုးတွေကတော့ သူတို့ခံစားနေရတဲ့ ဒုက္ခသာလျှင်အကြီးမားဆုံး လို့ထင်ကြပြီး အခြားသူတွေ ဘာတွေများဖြစ်နေကြမလဲဆိုတာကို စိတ်ဝင်စားကြမှာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ဆိုးဝါးပြင်းထန်တဲ့ လောကဓံတရားတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတိုင်း ငါ့ဘ၀ထက်ဆိုးတဲ့သူတွေအများကြီးရှိနေပါသေးလားဆိုတဲ့ အတွေးကိုတွေးပြီး တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်ဖို့ကြိုးစားတတ် ခဲ့ပါပြီ။ အားလုံးလည်း သိပ်စိတ်ညစ်မနေကြပဲ ကိုယ့်ဘ၀ထက်ဆိုးတဲ့သူတွေရဲ့ဘ၀ကိုစာနာရင်း လုပ်စရာရှိတာတွေကို ပုံမှန်လေးလုပ်သွားနိုင်ကြပါစေလို့ ကျွန်တော်ဆန္ဒပြုလိုက်ပါတယ်။


နေဘုန်းလတ်

ဒီဆောင်းပါးလေးကလည်း စံပယ်ဖြူမဂ္ဂဇင်းမှာဖော်ပြခံခဲ့ရဖူးပါတယ်။ ဒီရက်ပိုင်း စိတ်ညစ်စရာတွေသိပ်များနေလို့ ကိုယ့်ကိုယ်ကိုအားပေးတဲ့အနေနဲ့ရော ... အခြားစိတ်ညစ်နေကြသူတွေအားလုံးကို အားပေးတဲ့အနေနဲ့ရော ဒီပို့စ်လေးကိုတင်ဖြစ်ခြင်းဖြစ်ပါတယ်။