Pages

Sunday, May 20, 2007

ကျွန်တော်နှင့် မေးခွန်းများ ...

ပြည်ထဲရေးဝန်ကြီးဌာနကဖျက်သိမ်းကြောင်းကြော်ငြာခဲ့သည့်အသင်းအဖွဲ့ များ

၁၊ သာရေးနာရေးအသင်း
၂၊ နာရေးကူညီမှု့ အသင်း
၃၊ တိုးတက်ရေးစာဖတ်သင်း (၁၉၅၄ စတင်တည်ထောင်)
၎၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း
၅၊ မြန်မာနိုင်ငံ ဗိသုကာများအသင်း
၆၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း
၇၊ ကချင်တိုင်းရင်းသား ရိုးရာနှင့် စာပေယဉ်ကျေးမှု့ အသင်း
၈၊ မင်းကွန်းပဋိပတ္တိ သာသနိနဂ္ဂ အသင်း
၉၊ တရုတ်ကုန်သည်များအသင်း
၁၀၊ အိန္ဒိယ- မြန်မာ စီးပွားရေးလုပ်ငန်းရှင်များအသင်း
၁၁၊ ဂုရုနာနတ် အခမဲ့ဆေးပေးရုံနှင့် မျက်စိကုဌာန
၁၂၊ မြန်မာပြည် တရုတ်အမျိုးသား ချင်းအမျိုးအနွယ် အွဲကင်းစာအသင်း
၁၃၊ ဘော်လီဘောမိသားစု သာရေးနာရေးအသင်း
၁၄၊ SPA Scholarship Foundation
၁၅၊ ဗလငါးတန် အားမာန် လူငယ်ဖြွုံဖိုးရေးအသင်း
၁၆၊ မြန်မာ-ဂျပန် ဗုဒ္ဓဘာသာအသင်း
၁၇၊ လူဝင်မှု့ ကြီးကြပ်ရေးနှင့် ပြည်သူ့ ဝန်ထမ်းဟောင်းများအသင်း
၁၈၊ မြန်မာနိုင်ငံ ယာဉ်နှင့် စက်ကိရိယာပစ္စည်းလုပ်ငန်း
၁၉၊ ကျူလီ မွတ်ဆလင်သာသနာ ပြန်ပွားရေးအသင်း
၂၀၊ အရိဆမာဂ်ျ ကုသိုလ်ဖြစ် ဆေးရုံ
၂၁၊ မြန်မာနိုင်ငံလုံးဆိုင်ရာ က္ကုန္ဒရာဟိန္ဒူ အဖွဲ့ ချုပ်
၂၂၊ ပဲနွယ်ကုန်းအသင်း
၂၃၊ ခြောက်ထပ်ကြီး ရွှေသာလောင်း မဟာဗုဒ္ဓဝေယျာဝစ္စအသင်း
၂၄၊ မြန်မာပြည် တရုတ်တိုင်းရင်းဆေး သမားတော်များအဖွဲ့ 

ဘာ့ကြောင့်လဲ … ဘာဖြစ်လို့လဲ ဆိုတဲ့မေးခွန်းကို နားရွက်ဆွဲ၊ခေါင်းခေါက်ပြီးမေးချင်တယ်။

နောက်ပြီး ... သူတို့လုပ်ပေးနေသလို ခင်ဗျားတို့တွေ စေတနာရှေ့ထားပြီး ကိုယ်ကျိုးမကြည့်ပဲ လုပ်ပေးနိုင်ကြလို့လားလို့ မေးချင်တယ်။

နောက်ပြီး … လူသားချင်းစာနာထောက်ထားတဲ့စိတ်တွေနဲ့ လူမှုဘ၀တွေရဲ့ကွက်လပ်တွေကို လိုက်လံဖြည့်စွတ် ပေးနေကြတဲ့ မြင်ကွင်း ခင်ဗျားတို့ဘာကြောင့်မမြင်ချင်ကြသလဲလို့မေးချင်တယ် …။

နောက်ပြီး … ဘယ်သူ့ကိုမှမထိခိုက်၊ ဘယ်သူ့အကျိုးစီးပွားကိုမှလဲမဖျက်ဆီးပဲ မရှိဆင်းရဲသားတွေအတွက် ပေးဆပ်ခြင်းသက်သက်နဲ့ ရပ်တည်နေကြသူတွေကို ဘာကြောင့်ရန်ရှာကြသလဲလို့ မေးချင်တယ် …။

နောက်ပြီး … ပြည်သူပြည်သားတွေမျက်ရည်ကျမှ အိပ်ပျော်စားဝင်ကြတာလားလို့ မေးချင်တယ် ...။

မငြိမ်းသင့်တဲ့ အလင်း ...

မငြိမ်းသင့်တဲ့ အလင်း ...


အခန်းတစ်ခန်းထဲမှာ ဖယောင်းတိုင်လေးတိုင် ထွန်းလင်းနေကြတယ်။ သူတို့ဟာ ဘယ်သူမှမကြားနိုင်တဲ့လေသံနဲ့ တစ်ယောက်ကိုတစ်ယောက် စကားတွေပြောလို့ ...
ပထမဖယောင်းတိုင်ရဲ့နာမည်က ငြိမ်းချမ်းရေးတဲ့ ...။ သူက အခြားဖယောင်းတိုင်တွေကို စပြောတယ်။
`ဘယ်သူမှ ငါ့ကိုမထိန်းသိမ်းကြတော့လဲ.. ငါ ပျောက်ကွယ်ရတော့မှာပဲလေ´
သူက ပြောရင်းဆိုရင်းပဲ ... လုံးဝငြိမ်းသွားတယ် ...။
အဲဒီ့အချိန်မှာပဲ ယုံကြည်မှုလို့အမည်ရတဲ့ ဖယောင်းတိုင်လေးက ဆက်ပြောတယ်။
`ငြိမ်းချမ်းခြင်းမရှိတော့တဲ့နောက်မှာ ငါလဲဘယ်သူ့ကိုမှမျှဝေပေးနိုင်ခြင်းမရှိပဲ ဆက်လက်ထွန်းလင်းနေရတာ အဓိပ္ပါယ်မရှိတော့ဘူးလို့ထင်လာပြီ ...´
သူ့စကားမဆုံးသေးခင်မှာပဲ ညင်သာတဲ့လေညင်းလေးက သူကိုတိုက်ခတ်ငြှိမ်းသက်သွားတယ်။
တတိယဖယောင်းတိုက်လေးကတော့ ချစ်ခြင်းမေတ္တာဖြစ်တယ်။ သူကလဲ ၀မ်းပမ်းတနည်းနဲ့ ...
` ငါလဲ ဆက်လက်ထွန်းလင်းဖို့အတွက် အားအင်တွေခြောက်ခမ်းကုန်ပြီ ... လူတွေက ငါရဲ့အရေးပါမှုကိုမသိကြပဲ ငါ့ကိုဘေးဖယ်ထားကြတယ်။ သူတို့ရဲ့ အနီးဆုံးမှာရှိကြတဲ့သူတွေကိုတောင် ချစ်ခြင်းမေတ္တာတွေပေးကြဖို့ သူတို့မေ့နေကြပြီ´
သူလဲ အဲဒီ့စကားရဲ့အဆုံးမှာပဲ ထွန်းလင်းမှုတွေရပ်သွားခဲ့တယ်။
အဲဒီ့အချိန်မှာပဲ ကောင်လေးတစ်ယောက် အခန်းထဲကိုဝင်လာတယ် ။ ဖယောင်းတိုင်လေးချောင်းမှာ သုံးချောင်းက ငြိမ်းပြီး တစ်ချောင်းတည်း ထွန်းလင်းနေသေးတာကိုသူတွေ့လိုက်ပြီး စိတ်ညစ်သွားတယ်။
အဲဒီ့အချိန်မှာပဲ နောက်ဆုံးထွန်းလင်းနေသေးတဲ့ ဖယောင်းတိုင်လေးက ကောင်လေးကြားအောင် လေသံကိုမြှင့်ပြီး ပြောလိုက်တယ်။
`စိတ်မညစ်ပါနဲ့ ကလေးရယ် ... ငါထွန်းလင်းနေသေးသရွေ့ မင်း သူတို့ကို ပြန်ပြီး ထွန်းညှိပေးလို့ ရပါသေးတယ်´
အဲဒီ့စကားသံကိုကြားတော့ ကောင်လေးလဲ ကျန်နေသေးတဲ့ဖယောင်းတိုင်လေးတစ်ချောင်းကိုယူပြီး ငြိမ်းနေတဲ့ဖယောင်းတိုင်လေးတွေကို လိုက်ပြီးမီးညှိလိုက်တယ်။ အခုတော့ အခန်းလေးထဲမှာ ဖယောင်းတိုင်လေးတိုင်လုံးထွန်းလင်းနေကြပါပြီ ။
အဲ ... နောက်ဆုံးကျန်တဲ့ဖယောင်းတိုင်လေးရဲ့နာမည်က မျှော်လင့်ချက်တဲ့ ...။


ဒီပုံပြင်လေးထဲကလိုပဲ ကျွန်တော်တို့တွေအပြင်မှာဖြစ်တတ်ကြတယ် ...။ ကံကြမ္မာရဲ့ တွန်းထိုးတိုက်ခိုက်မှုတွေကြောင့် တစ်ခါတစ်ရံမှာ ဘ၀ရဲ့ငြိမ်းချမ်းခြင်းဆိုတာကို ဘယ်မှာမှရှာလို့ မရနိုင်အောင် ဖြစ်တတ်ကြတယ်။ လောကဓံတရားဆိုတာကြီးရဲ့ လက်ရှစ်ဖက်နဲ့ မနားတမ်းစစ်ဆင်မှုကို တရစပ်ခံနေရတဲ့အခါမျိုးတွေမှာပေါ့ ...။ ကိုယ်ကိုယ်တိုင်ကလည်း ဘ၀ရဲ့ငြိမ်းချမ်းခဲ့တဲ့အချိန်ကာလတွေ၊ အခြေအနေတွေကို ထိမ်းသိန်းရကောင်းမှန်းမသိခဲ့တာကြောင့် ၊ ကိုယ့်လိုပဲ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကလည်း ငြိမ်းချမ်းခြင်းဆိုတာကို ထိမ်းသိန်းဖို့မေ့လျော့ခဲ့ကြတာကြောင့် ဒီလိုအဖြစ်မျိုးကို ကျွန်တော်တို့တွေ ကြုံကြရတယ်။ အဲဒီ့လိုအချိန်မျိုးမှာဆို ကျွန်တော်တို့တွေ ဘယ်သူ့ကိုယုံကြည်ရကောင်းမှန်းမသိသလို၊ မိမိကိုယ်ကိုယုံကြည့်မှုတွေလဲ ပျက်ယွင်းနေကြမှာသေချာပါတယ်။ ချစ်ခြင်းမေတ္တာဆိုတာလဲ အဲဒီ့လိုအချိန်မျိုးမှာ သိပ်ကိုခြောက်ခမ်းနေမှာပါ ...။ ကိုယ့်အနီးအနားမှာရှိနေတဲ့သူတွေကိုတောင် မမြင်နိုင်တော့ပဲ ပူပင်သောကတွေ၊ စိတ်ဖိစီးမှုတွေနဲ့ပဲ နပမ်းလုံးနေရတဲ့အချိန်အခါမျိုးပေါ့ ...။ ဘ၀မှာ ငြိမ်းချမ်းမှုဆိုတာမရှိတော့ဘူး၊ ယုံကြည်မှုတွေလဲပျက်ယွင်းကုန်ကြပြီ၊ နောက်ပြီး တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ယုယကြင်နာမှုတွေလည်း မရှိနိုင်တော့ဘူး ...။ ဒါလိုဆိုရင် ဘ၀ဆိုတာဘာမှနေပျော်စရာမကောင်းတော့ပါဘူး ...။ ဒါပေမယ့် အဲဒီ့လိုအခြေအနေမျိုးကို ကျွန်တော်တို့ ကျော်လွှားနိုင်ဖို့အတွက် ဘယ်တော့မှမငြိမ်းသင့်တဲ့အလင်းကတော့ မျှော်လင့်ခြင်းပါပဲ ...။ မျှော်လင့်ချက်မရှိတော့ဘူး ဆိုတဲ့အတွေးအထင်တစ်ခုကို လွယ်လွယ်ကူကူလက်ခံလိုက်တဲ့စိတ်အခြေအနေတစ်ခု ကျွန်တော်တို့မှာ ရှိမနေဖို့လိုပါတယ်။

Thursday, May 17, 2007

ရန်ကုန်မှ မြန်မာဘလော့ဂါများ၏ ဒုတိယအကြိမ်အစည်းအဝေး

ရန်ကုန်မှ မြန်မာဘလော့ဂါများ၏ ဒုတိယအကြိမ်အစည်းအဝေး


နေ့ရက် ။ ။ ၁၇.၀၅.၂၀၀၇ (ကြာသပတေးနေ့)
အချိန် ။ ။ ညနေ ၅နာရီ မှ ည ၉နာရီ
နေရာ ။ ။ Coffee King (ဗိုလ်အောင်ကျော်လမ်း)
အစည်းအဝေးတက်ရောက်သူများ ။
။ကိုစစ်အိမ် (sisain.blogspot.com)
ကိုညီလင်းဆက် (nyilynnseck.blogspot.com)
ကိုစိုးဇေယျ (soezeya.blogspot.com)
ကိုနေဘုန်းလတ် (nayphonelatt.blogspot.com)
ကိုစေတန်ဂေါ့ (saturngot.blogspot.com)
MrPooh (myanmaroa6.blogspot.com)

မေလ ၁၂ ရက်နေ့က စင်ကာပူမှာလုပ်ခဲ့တဲ့ အစည်းအဝေးမှတ်တမ်းကိုအခြေခံပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါတယ်။

၁) အမည်ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးကြရမှာ စင်ကာပူအစည်းအဝေးကရွေးချယ်ခဲ့တဲ့ ဘလော့ဂ်ဆိုသည်မှာ နဲ့ အနာဂတ်လှိုင်း၏ဆုံမှတ်များ ဆိုတဲ့အမည်နှစ်ခု၊ ဘလော့ဂါဖိုရမ်မှာ မဲခွဲဆုံးဖြတ်ဖို့ကျန်တဲ့ အမည် ၄ခုအနက်မှ `အနာဂတ်လှိုင်း၏ဆုံမှတ်များ´ ကို ရွေးချယ်ခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီ့ခေါင်းစဉ်မှာ ဘလော့ဂ်ဆိုတဲ့စကားလုံးမပါတာကြောင့် မြန်မာဘလော့ဂါတွေရဲ့ ဘလော့ဂ်တွေထဲက စာတွေကို စုစည်းထုတ်ဝေတယ်ဆိုတဲ့အချက်ကို ပေါ်လွင်စေဖို့ ခေါင်းစဉ်နဲ့ အတူ စာကြောင်းတစ်ကြောင်းပါထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
`မြန်မာဘလော့ဂါ(Bloggers)များ၏ စုစည်းတင်ဆက်မှု ...´ ဆိုတဲ့စာကြောင်းကိုထည့်ဖို့ ကိုစစ်အိမ်မှအကြံပြုပါတယ်။

၂) အုပ်ရေ ၁၀၀၀ ရိုက်နှိပ်ဖို့ကို အားလုံးက သဘောတူကြပါတယ်။

၃) စာအုပ်ဆိုဒ်ကို နားလည်တတ်ကျွမ်းသူများရဲ့ အကြံပြုချက်အရ ၅.၁ လက်မ _ ၈.၁ လက်မ ကိုရွေးချယ်ခဲ့ကြပါတယ်။ အဆိုပါဆိုဒ်ဟာ စာရွက်ဖြတ်ရာမှာ အလေအလွင့်အနည်းဆုံးဖြစ်တယ်လို့ သိရပါတယ်။ စာမူအရေအတွက်ကို လိုက်ပြီး စာအုပ်အထူအပါး ကွာခြားသွားမှာဖြစ်ပြီး ဆိုဒ်ကို တော့ ဒီအတိုင်းပဲအတည်ပြုခဲ့ကြပါတယ်။

၎) စင်ကာပူအစည်းအဝေး၏ အတည်ပြုချက်အတိုင်း အုပ်ရေ ၁၀၀ ကို စင်ကာပူသို့ပို့မှာဖြစ်ပြီး ၊ ကျန်ရှိတဲ့ ၉၀၀ကို ရန်ကုန်နဲ့မန္တလေးမြို့များသို့ဖြန့်ဝေဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ ရန်ကုန်ရှိဘလော့ဂ်များထဲမှ ရောင်းပေးနိုင်သူများရှိပါက ဘယ်နေရာမှာစာအုပ်လာယူနိုင်ကြောင်းကို စာအုပ်ထုတ်ဝေပြီးချိန်မှာ တင်ပြပေးမှာဖြစ်ပါတယ်။ ဖြန့်ဝေရေးကိစ္စများကို ကိုစိုးဇေယျဦးဆောင်တဲ့ ရန်ကုန်ရှိဘလော့ဂါများမှာ ကိုယ်တိုင်ကိုယ်ကျလုပ်ဆောင်မှာဖြစ်တဲ့အတွက် ပါဝင်ကူညီနိုင်ကြသူများ ကိုစိုးဇေယျနဲ့ ဆက်သွယ်ဆောင်ရွက် ကြဖို့ဖိတ်ခေါ်ပါတယ်။ စာအုပ်တိုက်တစ်တိုက်ကိုအပ်လိုက်ပါက အလုပ်မရှုပ်တော့ကြောင်း ကိုစစ်အိမ်မှအကြံပြုခဲ့ပေမယ့် ... စာအုပ်ရဲ့ အောင်မြင်မှု၊ ဆုံးရှုံးမှုတွေကို ကိုယ်တိုင်ကိုယ်ကျ မျှဝေခံစားချင်ကြတဲ့ စိတ်နဲ့ ကိုယ်တိုင်ပဲလုပ်ကြဖို့ဆုံးဖြတ် ခဲ့ကြပါတယ်။

၅) ကြော်ငြာကိစ္စနဲ့ပတ်သက်ပြီး ရှေ့နောက် မျက်နှာဖုံးရဲ့အနောက်ဖက်အခြမ်း နှစ်မျက်နှာနဲ့ ရှေ့ဆုံးနဲ့ နောက်ဆုံးတစ်ရွက်ဆီ စုစုပေါင်း ၆မျက်နှာအတွက် ကြော်ငြာထည့်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ ကြော်ငြာအတွက် ဈေးနှုန်းကိုတော့ နောက်အပတ်အတွင်းမှာ တွက်ချက်တင်ပြသွားဖို့ရှိပါတယ်။ စာအုပ်အတွင်း မျက်နှာများတွင်ကြော်ငြာလုံးဝမထည့်ပါ။ Mr Pooh မှ စာရွက်တိုင်း၏ Header နှင့် Footer နေရာများတွင်လည်း Sponsar by ------ ဆိုတာမျိုး ထည့်သွင်းသင့်ကြောင်း အကြံပြုခဲ့ပါတယ်။ ထိုအကြံပြုချက်ကိုတော့ Fan ငွေမလုံလောက်ပါက ထည့်သွင်းစဉ်းစားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

၆) ထုတ်ဝေရန်အချိန်နှင့် ပတ်သက်၍ ဘလော့ဂါနေ့တော့ မမီနိုင်ကြောင်း ၊ အချိန်အတိအကျကိုတော့ ခန့်မှန်းဖို့ခဲယဉ်းကြောင်း၊ စက်တင်ဘာလ ဟုအကြမ်းဖျဉ်းသတ်မှတ်နိုင်ကြောင်းဆွေးနွေးခဲ့ကြပါတယ်။

၇) အမှာစာအတွက် စင်ကာပူအစည်းအဝေးမှ တင်ပြခဲ့သူမှားအနက် ကိုတာနှင့် ဂျူးတို့ကိုဆန္ဒပြုခဲ့ကြပြီး၊ အခြားထည့်သွင်းစဉ်းစားသင့်သူများအနေဖြင့် လူထုစိန်ဝင်း၊ ဒေါက်တာခင်မောင်ညို တို့ကိုဖြည့်စွတ်ခဲ့ပါတယ်။ ကိုညီလင်းဆက်မှ တာရာမင်းဝေနှင့် မနော်ဟရီတို့မှာ ဘလော့ဂ်များကိုအမြဲတမ်းဖတ်ကြောင်း ပြောပြီး သူတို့ကို ဆန္ဒပြုခဲ့ပါတယ်။ အမှာစာအတွက် အနဲဆုံးနှစ်ယောက်ကို ပထမဦးစားပေးနှင့် ဒုတိယဦးစားပေးဟု အပြီးသတ်ရွေးချယ်သင့်ကြောင်းဆုံးဖြတ်ခဲ့ကြပါတယ်။ တစ်ယောက်က မရေးပေးနိုင်ဟုငြင်းခဲ့လျှင် နောက်တစ်ယောက် ကြိုးစားရန်အတွက်ဖြစ်ပါတယ်။ နှစ်ယောက်လုံးရေးပေးနိုင်လျှင်လဲ နှစ်ခုစလုံး သုံးလို့ရပါတယ်။

၈) စာမူများကို ကဏ္ဍများခွဲရာတွင် စင်ကာပူအစည်းအဝေး၏ဆုံးဖြတ်ချက်များထဲမှ ဓါတ်ပုံကဏ္ဍကိုဖြုတ်ပြီး၊ ဘာသာပြန်ကဏ္ဍကိုထည့်သွင်းခဲ့ပါတယ်။

၉) စာမူများကိုအပြီးသတ်ရွေးချယ်ရန်အတွက် အယ်ဒီတာများအဖွဲ့ကိုရွေးချယ်ရန်ဆွေးနွေးကြရာ၌ သတ်မှတ်ထားသောအချိန်အကန့်အသတ် (ခန့်မှန်း ၁၀ ရက်) အတွင်း စာမူများအားလုံးကို အပြီးဖတ်နိုင်ပြီး ranking ပေးနိုင်မည့်သူများကိုသာရွေးချယ်သင့်ကြောင်းဆုံးဖြတ်ခဲ့ပါတယ်။ ကိုစစ်အိမ်၊ ကိုစိုးဇေယျ၊ ကိုနေဘုန်းလတ်၊Mr Poohတို့မှဖတ်ပေးနိုင်ကြောင်းအဆိုပြုခဲ့ပါတယ်။ အခြားဖတ်နိုင်မည့်သူများ မိမိကိုယ်ကိုအဆိုပြုနိုင်ပါတယ်။ အဆိုပြုသူများကို အယ်ဒီတာများအဖွဲ့မှာထည့်သွင်းမှာဖြစ်ပြီး စဖတ်ရမယ့်နေ့နဲ့ အချိန်အကန့်အသတ်အတိအကျကိုတော့ မေးလ်ကနေတဆင့် အသိပေးသွားမှာဖြစ်ပါတယ်။
mmblogbook2.blogspot.com မှာရှိတဲ့ပို့တွေအားလုံးမှာ ranking ပေးနိုင်အောင် လုပ်ပေးနိုင်သူများလုပ်ပေးဖို့ တောင်းဆိုပါတယ်။
စာမူများကို အပြီးသတ်ရွေးချယ်ပြီးပါက စာလုံးပေါင်းစစ်ရန် ကိုစစ်အိမ်၊ ကိုညီလင်းဆက်၊ မမေဓါဝီ (ဖတ်ပေးမည်ဟုပြောပါသည်) တို့ကတာဝန်ယူပါသည်။ ရုံးတင်ထားစဉ်ကာလအတွင်း ကော်ပီ ၃စောင်ကို အဆိုပါသုံးယောက်ဆီပို့မှာဖြစ်ပါတယ်။

၁၀) စင်ကာပူအစည်းအဝေးမှ ဘလော့ဂါများသဘောတူခဲ့ကြတဲ့ ဘလော့ဂါတွေရဲ့ နေထိုင်ရာနိုင်ငံတွေကို သက်ဆိုင်ရာပို့စ်အောက်မှာ ဖော်ပြပေးဖို့ဆိုတဲ့ ကိစ္စကိုတော့ စဉ်းစားဖို့နဲ့ မလိုအပ်ရင် မထည့်ဖို့အားလုံးက တောင်းဆိုခဲ့ကြပါတယ်။

၁၁) စာအုပ် အဖုံးဒီဇိုင်းကိစ္စနဲ့ ပတ်သက်ပြီးဆွေးနွေးကြရာမှာ mmblogger.forum5.com က ဒီဇိုင်း တော့ပစ်မှာဆွေးနွေးထားကြ၊ တင်ထားကြတာတွေထဲက အိုင်ဒီယာတွေကိုယူပြီး အပြီးသတ်ဒီဇိုင်း တစ်ခုဆွဲပေးရန် ကိုညီလင်းဆက်ကို တောင်းဆိုခဲ့ကြရာ ကိုညီလင်းဆက်မှာသဘောတူလက်ခံခဲ့ပါတယ်။ ကိုစစ်အိမ်မှ ကိုညီလင်းဆက်အားကူညီရန်သဘောတူခဲ့ပါတယ်။ စာအုပ်အတွင်းပိုင်း Illustration အတွက်မူ ကျွမ်းကျင်သော Layout Designer တစ်ယောက်ငှားပြီး လိုချင်သည့်ပုံစံကို ဘေးမှဝိုင်းပြောပြကြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

၁၂) ဆက်လက်ပြီး ရံပုံငွေကောက်ခံခဲ့ကြရာမှာ
ကိုစစ်အိမ် - ၁၀၀၀၀၀ကျပ်
ကိုညီလင်းဆက် - ၁၀၀၀၀ကျပ်
မမယ်လိုဒီမောင် - ၁၀၀၀၀ကျပ်
ကိုနေဘုန်းလတ် - ၁၀၀၀၀ကျပ်
ကိုစေတန်ဂေါ့ - ၁၀၀၀၀ကျပ်
ကိုစိုးဇေယျ - ၂၀၀၀ကျပ်
MrPooh - ၂၀၀၀ကျပ်
စုစုပေါင်း - ၁၄၄၀၀၀ကျပ် ရရှိခဲ့ပါတယ်။


ကိုစစ်အိမ်၏တိုက်တွန်းချက်အရ ဖုန်းနံပါတ်ရှိသူများထံသို့ ဖုန်းဆက်၍ အတင်းအကျပ်ရံပုံငွေကောက်ခံရာ
ကိုတက်စလာမှ ၃၀၀၀၀ (လကုန်ပေးမည်ဟုပြောပါသည်)
ကိုမြတ်စိုးငြိမ်းမှ ၁၀၀၀၀
မထက်ထက်မှ ၁၃၀၀၀ ထည့်ဝင်ကြမည်ဟု ကတိစကားရရှိပြီးဖြစ်ပါသည်။
ရရှိပြီးသောရံပုံငွေများကို ကိုနေဘုန်းလတ်မှတာဝန်ယူထိန်းသိမ်းးထားပါသည်။

စင်ကာပူအစည်းအဝေးတွင် တက်ရောက်သူများသော်လည်း ရံပုံငွေထည့်ဝင်သူမှာ ၄ ယောက်ပဲရှိသောကြောင့် အခြားဘလော့ဂါများမှ ရံပုံငွေ အမြန်ဆုံးထည့်ဝင်ကြရန် နှိုးဆော်လိုက်ပါသည်။

ရန်ကုန်မှဘလော့ဂါများအနေနှင့်လဲ

ကိုနေဘုန်းလတ် (၀ - ၉ ၅ ၁- ၅ ၀ ၈ ၀ ၂)
Explorer Internet & Training Center
အမှတ် ၁၅၄၊ ၃၈ လမ်း အလယ်ဘလောက်
ကျောက်တံတားမြို့နယ်
ထံသို့ ဆက်သွယ်ပေးပို့နိုင်ပါသည်။ လာရောက်ကောက်ခံရမည်ဆိုပါကလည်း ဖုန်းဆက်၍အကြောင်းကြားနိုင်ပါသည်။

ကိုစစ်အိမ်မှ နောင်ရေးကိုမျှော်တွေး၍ ဘလော့ဂါအသင်းအဖွဲ့တစ်ခုကို အသင်းဝင်ကြေးကောက်ခံပြီး ဖွဲ့စည်းရန်အကြံပြုခဲ့ပါသည်။
အလှူငွေထည့်ဝင်ပြီးသူများသည် နောင်ဖွဲ့စည်းမည့် ဘလော့ဂါအသင်းတွင် အလိုအလျောက်အဖွဲ့ဝင်ဖြစ်ပြီးဖြစ်ပါသည်။

အစည်းအဝေးတွင် ဘာမသိညာမသိလူကြီးမင်းလုပ်ပြီး လိုက်မှတ်ထားတာလေးတွေကို ချရေးလိုက်တာပါ။
သဘူတောရင် လက်ခုပ်တီးပါ ... ဖြောင်း ... ဖြောင်း ... ဖြောင်း


ပြီးပါပြီ ...

Wednesday, May 16, 2007

မြေခပေမယ့် ရနံ့မပျယ်တဲ့ ခရေ




မြေခပေမယ့် ရနံ့မပျယ်တဲ့ ခရေ

ဟိုတလောတုန်းက ဘလော့ဂ်တစ်ခုမှာ ခရေပန်းမမြင်ဖူးဘူးလို့ရေးထားတာဖတ်လိုက်ရတယ်။ အဲဒါကြောင့် ... ကျိုက္ကစံဘုရားမှာကြုံတုန်းကောက်လာပြီး ရိုက်ထားလိုက်တာ။ မမြင်ဖူးတဲ့သူတွေရှိရင် ပြလိုက်ကြပါဦးဗျာ ...။

Sunday, May 13, 2007

ဒေါ်လာ ၂၀

ဒေါ်လာ ၂၀

အလုပ်တွေအရမ်းများနေတာနဲ့ ဒီနေ့လဲ ထုံးစံအတိုင်း သူအိမ်ကိုနောက်ကျမှပြန်ရောက်တယ်။ အိမ်ပြန်ရောက်ရောက်ခြင်းမှာပဲ အိမ်ပေါက်ဝမှာသူ့ကိုထိုင်စောင့်နေတဲ့ ၅နှစ်အရွယ်သားငယ်က သူအိမ်ပေါ်မရောက်သေးခင်မှာပဲပြောတယ်။
` သား အဖေကိုတစ်ခုလောက်မေးချင်လို့ပါ ...´
` မေးလေ ... သားရဲ့ ... ဘာများတုန်း´
` အဖေအလုပ်လုပ်တာ တစ်နာရီကို ဘယ်လောက်ရလဲဟင်´
သူ့သားရဲ့အမေးကြောင့် မောပန်းတကြီးနဲ့ပြန်လာတဲ့သူ နဲနဲဒေါသထွက်သွားတယ်။
` အဲဒါ မင်းအလုပ်လား ...၊ ဘာလို့ ငါ့ကို ဒါတွေလာမေးနေရတာလဲ ...´
သူက စိတ်ဆိုးတကြီးနဲ့ အော်လိုက်ပေမယ့် သားငယ်က စိတ်လျှော့မသွားပဲ မျက်နှာငယ်လေးနဲ့ ထပ်မေးတယ်။ ` သားသိချင်လို့ပါအဖေရဲ့ ...။ အဖေ အလုပ်လုပ်တာ တစ်နာရီဘယ်လောက်ရတယ်ဆိုတာသာ ပြောပြပါ´
` မင်း ဒီလောက်သိချင်နေလဲ ငါပြောပြမယ် ...။ ငါ တစ်နာရီကို ဒေါ်လာ၂၀ ရတယ်ကွာ´
သူ့အဖြေကိုကြားတော့ သားက ခေါင်းငိုက်စိုက်ကျသွားတယ်။ နောက်တော့မှ သူ့ကို မ၀ံ့မရဲမော့ကြည့်ပြီး ...
`ဒါဆိုရင် သားကို ၁၀ဒေါ်လာလောက် ခဏချေးပါလားအဖေရယ် ...´
သူ့သားက အဲဒီ့လိုပြောတော့ သူတော်တော်စိတ်ရှုပ်သွားတယ်။
` ဘာမှအဓိပ္ပါယ်မရှိတဲ့အလုပ်တွေလုပ်ဖို့ ဒါမှမဟုတ် အရုပ်တစ်ရုပ်ဝယ်ဖို့အတွက် မင်းဒီပိုက်ဆံကိုတောင်းတယ်ဆိုရင်တော့ ... မင်း ကိုယ့်အခန်းထဲကိုယ်ပြန်၊ ကိုယ့်အိပ်ယာမှာကိုယ်သွားအိပ်ပြီး မင်းဘာကြောင့် ဒီလောက်တောင်တစ်ကိုယ်ကောင်းဆန်ရသလဲဆိုတာကို ကိုယ်ဖာသာကိုယ် ပြန်တွေးကြည့်နေစမ်း ... သွား ... သွား။ တစ်နေ့လုံး မောပမ်းတကြီးနဲ့ အလုပ်တွေသိမ်းကြုံးလုပ်နေရတာ ငါ့မှာ ဒီလိုကလေးကလားကိစ္စတွေအတွက် အချိန်မပေးနိုင်ဘူး။ ´
သူ အဲဒီ့လို စိတ်ဆိုးမာန်ဆိုးနဲ့ အော်လိုက်တော့ သားက ဘာမှပြန်မပြောပဲအခန်းထဲဝင်သွားပြီး တံခါးကိုပိတ်ထားလိုက်တယ် ...။
သူကတော့ အခုအချိန်အထိ သူ့သားမေးတဲ့မေးခွန်းကို တစိမ့်စိမ့်တွေးပြီး ဒေါသတွေတလိပ်လိပ်တက်နေတုန်းပါပဲ။ ဒီကလေး ဒီပိုက်ဆံလေးလိုချင်တာနဲ့များ သူ့ကိုဒီလိုမေးခွန်းမျိုးဘာ့ကြောင့်မေးရတာလဲ လို့သူတွေးနေမိတယ်။ တစ်နာရီကျော်ကျော်လောက်ကြာတော့ သူနဲနဲစိတ်ပြေစပြုလာတယ် ...။ အဲဒီ့အခါကျတော့မှ သူ့သား တစ်ခုခုကိုဝယ်ဖို့ ပိုက်ဆံတကယ်လိုအပ်နေလို့ သူ့ဆီကပိုက်ဆံတောင်းတာပဲ ဖြစ်မယ်လို့ သူသွားစဉ်းစားမိတယ်။ အရင်ကဆို သားက ဘယ်တုန်းကမှ ပိုက်ဆံကိုများများစားစားတောင်းတတ်တာမဟုတ်ဘူးလေ။ အဲဒါနဲ့ သူ သားရဲ့အခန်းနားကိုသွားပြီး တံခါးကိုဆွဲဖွင့်လိုက်တယ်။
` သား ... အိပ်နေပြီလား´
သူ့ရဲ့အမေးကို အိပ်မပျော်သေးတဲ့သားက ချက်ချင်းပဲပြန်ဖြေတယ်။
` မအိပ်သေးပါဘူး ... အဖေ´
` အဖေသားကိုပြောလိုက်တာလွန်သွားတယ်ကွာ ... ဒီရက်ပိုင်း အဖေလဲအလုပ်အရမ်းများနေတာနဲ့ သားကိုလဲ ခဏခဏအော်နေမိတယ် ... ရော့ရော့ ဒီမှာ သားလိုတဲ့ ၁၀ ဒေါ်လာ ...´
သူ့စကားကိုကြားတော့ သားက အိပ်ယာထဲကနေလူးလဲထပြီး အော်တယ် ...
` ဟေး ... ဒါမှ တို့ဖေဖေကွ ...´
နောက်ပြီး သားက ခေါင်းအုံးလေးကိုလှန်၊ အောက်ကနေငွေစအချို့ကိုဆွဲထုတ်ပြီးရေနေတယ် ...။ ဒါကိုမြင်တော့ ပိုက်ဆံတွေရှိနေရက်သားနဲ့ သူ့ဆီကနေထပ်တောင်းရပါ့မလားလို့တွေးမိပြီး သူဒေါသထွက်သွားတယ်။
` မင်း ... ပိုက်ဆံတွေရှိနေရက်သားနဲ့ ဘာလို့ငါဆီကနေထပ်တောင်းရတာလဲကွ ... ငွေရှာရတာလွယ်တယ်များမှတ်နေလား ... မင်းတို့တွေ တော်တော်ခက်တာပဲ ...´
` သားမှာရှိတဲ့ပိုက်ဆံနဲ့ မလောက်လို့ပါ ... ဖေဖေ။ အခုတော့ လောက်သွားပြီ ...။ သားလုပ်ချင်တာလုပ်လို့ရပြီ။´
` မင်းကဘာလုပ်ချင်လို့လဲ ကွ ...´
` အဖေ ... အခုသားမှာ ... ဒေါ်လာ ၂၀ရှိပြီ ...။ အဖေရဲ့ အချိန်တစ်နာရီလောက် သားကိုရောင်းပါလား ... အဖေ။ မနက်ဖြန် တစ်နာရီလောက်စောပြီး အိမ်ကိုပြန်ခဲ့ပါ။ သား အဖေနဲ့ ညစာအတူတူစားချင်လို့ပါ ...´
သူ ... ဘာပြန်ပြောရမှန်းမသိအောင်ကို စွန့်အသွားတယ် ...။ ။

-------------------------------------

သူငယ်ချင်းတစ်ယောက်လှမ်းပို့ပေးတဲ့ Power Point Slide Show လေးကို ဘာသာပြန်ထားတာဖြစ်ပါတယ်။ နားလည်မှုဆိုတဲ့စကားလုံးဟာ လူမှုဆက်ဆံရေးနယ်ပယ်တွေမှာ အင်မတန်မှကိုအရေးပါပါတယ်။ မိဘနဲ့သားသမီး ဆက်ဆံရေးမှာလည်း ဒီနားလည်မှုဆိုတဲ့စကားနဲ့ပတ်သက်ပြီး ပြောစရာတွေရှိနေပါတယ်။မိဘတိုင်း မိဘတိုင်းမှာသူတို့ရဲ့ သားသမီးတွေကို အကောင်းဆုံး ထောက်ပံ့ ပေးချင်တဲ့စိတ်တွေရှိနေတယ်ဆိုတာသေချာပါတယ်။ စိတ်ရှိသလိုပဲ ... မိဘတွေဟာပေးဆပ်မှုတွေအထပ်ထပ်နဲ. သူတို.သားသမီးတွေရဲ့ဘ၀ကိုအစွမ်းကုန်မြှင့်တင်ပေးနိုင်ဖို့ကြိုးစားကြပါတယ်။ မိဘလုပ်သူတွေဟာ အလုပ်တွေကို အစွမ်းကုန်ကြိုးစား လုပ်ကြပြီး သားသမီးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အဓိကလိုအပ်တဲ့ ငွေကြေးဥစ္စာကို အသည်းအသန်ရှာဖွေကြလေ့ရှိပါတယ်။ ဒါပေမယ့် ... လွဲချော်မှုတစ်ချို့တစ်ဝက်နဲ့အတူ ... မိဘတွေရဲ့အထောက်အပံ့တွေ၊ ပံ့ပိုးပေးမှုတွေဟာအရာမရောက်ဖြစ်သွားရတာမျိုးတွေရှိလာပါတယ်။ ဘာဖြစ်လို.ပါလဲ ... မိဘတွေအနေနဲ့ သူတိုရဲ. ကလေးတွေ ဘာကိုအမှန်တကယ်လိုအပ်နေတယ်ဆိုတာကို နားလည်သဘောမပေါက်လို့ပဲဖြစ်ပါတယ်။ စည်းစိမ်ဥစ္စာတွေ အလျှံအပယ်နဲ့ မိဘမေတ္တာငတ်နေကြရရှာတဲ့ကလေးငယ်တွေ၊ ခေတ်မီဆန်းသစ်တဲ့ကစားစရာတွေအပုံအပင်ရဲ့ အလယ်မှာ မိဘတွေရဲ့အိမ်ပြန်အလာကို စောင့်မျှော်နေကြရရှာတဲ့ကလေးငယ်တွေ၊ ဟင်းအမယ်အစုံအလင်နဲ့ ပြည့်ပြည့်စုံစုံခင်းကျင်းပြင်ဆင်ထားတဲ့ ထမင်းဝိုင်းကြီးအလယ်မှာ မိဘတွေနဲ့ ညစာအတူစားခွင့်ကို တောင့်တနေကြရရှာတဲ့ကလေးငယ်တွေ၊ အိစက်ညက်ညောတဲ့ ဖဲမွေ့ယာကြီးပေါ်မှာ မိဘတွေပြောပြမယ့် အိပ်ရာဝင်ပုံပြင်တွေကို မျှော်လင့်နေကြရတဲ့ကလေးငယ်တွေ ... လောကကြီးထဲမှာ ဒီလိုပုံရိပ်တွေကိုကျွန်တော်တို့တွေ့နေရခြင်းဟာ မိဘတွေနဲ့သားသမီးတွေကြားက နားလည်မှုလွဲချော်ခြင်းတွေရဲ့ အကျိုးဆက်တွေပါပဲ။ ဖြည့်ဆည်းပေးမှုတွေဘယ်လောက်ပဲများများ ... အဲဒါတွေဟာလိုအပ်မှုတွေနဲ့ ထပ်တူကျမနေဘူးဆိုရင် ... ဒါတွေဟာဘာမှအရာမရောက်တဲ့အပိုစာသားတွေပဲဖြစ်နေမှာပါ။
ကျွန်တော်ကတော့ အလုပ်တွေအရမ်းများနေကြတဲ့မိဘတွေကို သူတို့ရဲ့ကလေးငယ်တွေကိုယ်စား တစ်ခုလောက်တောင်းဆိုချင်ပါတယ် ... တန်ဖိုးကြီးလှတဲ့ကိုယ့်ရဲ့တစ်နေ့တာအချိန်တွေထဲက နဲနဲလောက်ဖြစ်ဖြစ်ကို ကလေးတွေအတွက် ပေးဖြစ်အောင်ပေးကြပါလို့ ...။


နေဘုန်းလတ်

Thursday, May 10, 2007

အကြည့်

အကြည့်


ငါ ...
ရင်ခုန်စွာကျဆုံးခဲ့
အဲဒီ့ မျက်ဝန်းတစ်စုံရဲ့ နူးညံ့မှုအောက်မှာ ...။

ရိုးသားဖြူစင်တဲ့
အလှပဆုံး တန်ဖိုးတွေ ...
အချုပ်အနှောင်ကင်းတဲ့
အဖြူရောင်ချစ်ခြင်း သက်သက်တွေ ...
အာဃာတတွေရှင်းတဲ့
နားလည်ခွင့်လွှတ်ခြင်းတွေ ...
ချစ်သူကိုချစ်နေရရုံနဲ့ ဘ၀တစ်ခုလုံးပြည့်စုံသွားတယ်ဆိုတဲ့
ဒဏ္ဍာရီဆန်ဆန် ခံစားချက်တွေ ...
ချစ်ရသူကိုတမ်းတတဲ့စိတ်နဲ့ လှုပ်ရှားသက်ဝင်နေတဲ့
ရင်ခုန်သံစည်းချက်တွေ
ပြီးတော့ ...
အချိန်တိုင်းအတွက် အမြဲတမ်းဖွင့်လှစ်ထားတဲ့
နွေးထွေးတဲ့ ရင်ခွင်တစ်ခု
အဲဒီ့မျက်ဝန်းတွေထဲမှာ ရှိနေတယ်။

အဲဒီ့မျက်ဝန်းတစ်စုံရဲ့ အကြည့်တွေက
ဝေးလွင့်သွားတဲ့ ရင်ခုန်သံအပိုင်းအစတစ်ခုကိုလိုက်ရှာနေကြတယ်
အဲဒီ့မျက်ဝန်းတစ်စုံရဲ့ အကြည့်တွေက
ပြန်မရနိုင်တော့တဲ့ ရင်နင့်ဖွယ်အနမ်းတွေကို တမ်းတနေကြတယ်
အဲဒီ့မျက်ဝန်းတစ်စုံရဲ့ အကြည့်တွေက
လှပခဲ့ဖူးတဲ့တစ်ချိန်ကဘ၀တစ်ခုကို လွမ်းဆွတ်သတိရနေကြတယ်
ငါ ...
ရင်တွေအထိမ်းအကွပ်မဲ့ခုန်ရင်း
ထပ်မံကျဆုံးခဲ့တယ်
အဲဒီ့မျက်ဝန်းတစ်စုံရဲ့ နူးညံ့တဲ့အကြည့်တွေအောက်မှာ ...။ ။

နေဘုန်းလတ်

Wednesday, May 9, 2007

သဲနှင့် ကျောက်သား

သဲနှင့် ကျောက်သား


သူငယ်ချင်းနှစ်ယောက် သဲကန္တာရတစ်ခုကိုဖြတ်ပြီး ခရီးတစ်ခုကိုအတူတူသွားကြတယ်။
လမ်းမှာ တစ်ယောက်နဲ့ တစ်ယောက် အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး ငြင်းခုန်ကြရာကနေ ကတောက်ကဆဖြစ်ကြပြီး တစ်ယောက်က တစ်ယောက်ရဲ့မျက်နှာကို လက်သီးနဲ့ထိုးလိုက်တယ်။
အထိုးခံရတဲ့သူက ဘာမှတော့ပြန်မပြောပါဘူး ... ဒါပေမယ့် သဲကန္တာရထဲက သဲပြင်ပေါ်မှာ ဒီလိုရေးလိုက်တယ် ...
“ဒီနေ့ ငါအခင်မင်ဆုံးသူငယ်ချင်းက ငါ့ကိုထိုးတယ်” တဲ့ ...။
ဒီလိုနဲ့သူတို့တွေခရီးဆက်ကြတယ် ...။ ခရီးကလဲကြမ်း၊ သူ့တို့မှာပါတဲ့ရေတွေကလည်း တစ်စက်မှမကျန်အောင်ကို ခမ်းကုန်ကြပြီ။ အဲဒီ့အချိန်မှာပဲ သူတို့နှစ်ယောက် ခြောက်သွေ့ပူပြင်းလွန်းတဲ့ သဲကန္တာရအလည်မှာ စိမ်းလန်းအေးမြတဲ့ အိုအေစစ်လေးတစ်ခုကိုသွားတွေ့လိုက်တယ် ...။
ပျော်လွန်းတဲ့စိတ်နဲ့ ဘာကိုမှသတိမရကြတော့ပဲ ပစ္စည်းတွေကိုပစ်ချ၊ အ၀တ်အစားတွေကိုဆွဲချွတ်ပြီး အိုအေစစ်လေးထဲက ရေကန်ထဲကို သူတို့နှစ်ယောက်လုံးခုန်ချလိုက်ကြတယ်။ အဲဒီအချိန်မှာပဲ ခုဏကအထိုးခံရတဲ့တစ်ယောက်ဟာ ရေကန်ရဲ့ကြမ်းပြင်အထိကျသွားပြီး ကန်အောက်ခြေက ကျောက်ခဲတွေကြားမှာ ခြေထောက်ညပ်သွားတယ်။ သူ အသဲအသန်ရုန်းကန်ရင်း သေလုမြောပါးဖြစ်နေချိန်မှာပဲ သူ့ရဲ့သူငယ်ချင်းက ရေအောက်ထဲငုပ်လာတယ်။ ပြီးတော့ ... ကျောက်ခဲတွေကိုခက်ခက်ခဲခဲဖယ်ပြီး သူ့ကိုဆွဲတင်သွားတယ်။ ကုန်းပေါ်ပြန်ရောက်လို့ သူသတိရလာတဲ့အခါ ... သူက ကျောက်တုံးကြီးကြီးတစ်ခုကိုလိုက်ရှာပြီး အဲဒီ့အပေါ်မှာ သူ့ရဲ့ဓားကိုသုံးပြီး ဒီလိုရေးလိုက်တယ် ...
“ဒီနေ့ ငါ့ရဲ့သူငယ်ချင်းက ငါ့ရဲ့အသက်ကိုကယ်တယ်” တဲ့ ...။
သူ့ရဲ့လုပ်ရပ်ကို သူ့သူငယ်ချင်းကနားမလည်တာနဲ့ပဲ သူ့ကိုမေးတယ် ...။
“ငါမင်းကိုထိုးတုန်းကတော့ မင်းက သဲပေါ်မှာရေးပြီး ... အခု ငါမင်းကိုကယ်တော့ ဘာလို့ ကျောက်တုံးပေါ်မှာရေးရတာလဲကွ”
သူ့ရဲ့အဖြေကတော့ရှင်းပါတယ် ...
“တစ်စုံတစ်ယောက်က ငါတို့ကိုနာကျင်အောင်လုပ်တဲ့အခါ အဲဒါကို ငါတို့ကသဲပေါ်မှာမှတ်သားရတယ်ကွ၊ ဒါမှ နားလည်ခွင့်လွှတ်ခြင်းဆိုတဲ့လေ တိုက်ခတ်လာတဲ့အခါ သူ့အလိုလိုပျောက်ကွယ်သွားမှာလေ ...။ ဒါပေမယ့် တစ်စုံတစ်ယောက်က ငါတို့ကို ကူညီဖေးမတဲ့အခါမျိုးကိုတော့ ငါတို့က ကျော်စိုင်ကျောက်သား ပေါ်မှာ မှတ်သားထားရတယ်ကွ၊ ဒါမှ ဘယ်လိုလေမျိုးတိုက်ခတ် တိုက်ခတ် မပျောက်မပျက်ပဲရှိနိုင်မှာလေ။ ”


ကျွန်တော်တို့တွေအားလုံး ဒီပုံပြင်လေးထဲကကောင်လေးလို အဖြစ်အပျက်တွေကိုခွဲခြားမှတ်သားတတ်အောင် လေ့ကျင့်သင့်ပါတယ်။ အချို့ကျတော့ အမှတ်သည်းခြေသိပ်ကြီးကြတယ် ...။ ဒါပေမယ့် အများစုဟာ သူတစ်ပါးက ကိုယ့်ကိုကောင်းခဲ့တာတွေကိုချန်ထားပြီး ကိုယ့်အပေါ်ဆိုးခဲ့တာတွေကိုပဲရွေးချယ် အမှတ်သည်းခြေကြီး တတ်ကြတယ်။ အချို့ကျတော့လဲ ဒီပုံပြင်ထဲကကောင်လေးနဲ့ပြောင်းပြန်ပေါ့ ...။ ကိုယ့်အပေါ်ကောင်းခဲ့တာတွေကိုတော့ သဲပေါ်မှာမှတ်ထားပြီး ... ကိုယ့်အပေါ်ဆိုးခဲ့တာတွေကိုတော့ ကျောက်စိုင်ကျောက်သားတွေပေါ်မှာမှတ်ထားတတ်ကြတယ်။ အခွင့်သာပြီဆိုတာနဲ့ ရှိခဲ့တဲ့ကျေးဇူးတွေကိုသတိမရတော့ပဲ ဆိုးခဲ့တာတွေအတွက် အလုအယက် ဂလဲ့စားချေတတ်ကြတယ်။ ကျွန်တော်ကတော့ ဒီပုံပြင်ထဲကကောင်လေးကို အတုယူပြီး လူသားတွေအားလုံး တစ်ယောက်ရဲ့အမှားကိုတစ်ယောက်က ခွင့်လွှတ်သည်းခံကြ၊ တစ်ယောက်ရဲ့ကျေးဇူးကို တစ်ယောက်က အမြဲသတိတရရှိနေပြီး အပြန်အလှန်ကျေးဇူးပြုကြဆိုရင်ဖြင့် သိပ်ငြိမ်းချမ်းကြလိမ့်မယ်ထင်ပါတယ်။

အပေါ်ကပုံပြင်လေးက သူငယ်ချင်းတစ်ယောက်ပို့လိုက်တဲ့ power point slide show လေးကိုဘာသာပြန်ထားခြင်းဖြစ်ပါတယ်။

Tuesday, May 8, 2007

ဘလော့ဂ်ရဲ့ သမိုင်းကို လှန်ကြည့်တဲ့အခါ ...

ဘလော့ဂ်ရဲ့ သမိုင်းကို လှန်ကြည့်တဲ့အခါ ...

အခုနောက်ပိုင်း ကမ္ဘာပေါ်မှာ websiteတွေကိုကျော်ပြီး ခေတ်စားလာတာကတော့ Web log (Blog) တွေပဲဖြစ်ပါတယ်။ Website တစ်ခု တည်ဆောက်ရတာလောက်အလုပ်လဲမများ၊ ပိုက်ဆံလဲမကုန်တဲ့အတွက် အခုနောက်ပိုင်းမှာ(Blog)အရေအတွက်ဟာ သိသိသာသာကြီးကို တိုးလာတာတွေ့ရပါတယ်။(Blog) တွေကို အသုံးများလာရခြင်းရဲ့အဓိကအချက်ကတော့ အသုံးပြုရတာလွယ်ကူ အဆင်ပြေလွန်းတဲ့အတွက်ပဲဖြစ်ပါတယ်။ Domain Name လဲဝယ်စရာမလိုပါဘူး။ web host တွေကလည်းအခုအချိန်အထိတော့ free service ပေးနေပါသေးတယ်။ နောက်ပြီး HTML ကိုလဲနားလည်စရာမလိုပါဘူး။ နည်းနည်းပါးပါးနားလည်ထားရင်တော့ ပိုကောင်းပါတယ်။ ဘလော့ဂ်တွေရဲ့ သမိုင်းကိုလိုက်ကောက်ကြည့်မယ်ဆိုရင်တော့ ဂျပ်စတင်ဟော(Justin Hall) ဆိုတဲ့သူက ဆွက်မိုးကောလိပ် (Swarthmore College) မှာ ကျောင်းသားတစ်ယောက်အဖြစ် စာပေသင်ယူနေစဉ် ၁၉၉၄ခုနှစ်မှာပဲ Justin's Links from the Underground လို့အမည်ရတဲ့ သူ့ရဲ့ ကိုယ်ပိုင်ဘလော့ဂ် www.links.net ကိုစတင်ခဲ့ပါတယ်။ တွေ့ရှိချက်တွေအရတော့ သူ့ကို မျက်မှောက်ခေတ်ဘလော့ဂါ (Blogger) တွေရဲ့ ဘိုးအေလို့ယူဆလို့ရပါတယ်။ ၂၀၀၄ခုနှစ် ဒီဇင်ဘာလထုတ် နယူးယောက်တိုင်း မဂ္ဂဇင်း ကလည်း သူ့ကို ကိုယ်ပိုင်ဘလော့ဂ်တွေရဲ့တည်ထောင်သူ the founding father of personal blogging အဖြစ်ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ဘလော့ဂ် Blog ဆိုတဲ့ စကားလုံးဖြစ်လာစေတဲ့ web ဆိုတဲ့စကားလုံးနဲ့ log ဆိုတဲ့စကားလုံးကို ပေါင်းစပ်လိုက်တဲ့သူကတော့ ဂျွန်ဘာဂါ (Jorn Barger) ဆိုသူပဲဖြစ်ပါတယ်။ ဂျွန်ဘာဂါက weblog ဆိုတဲ့စကားလုံးအတွဲအဆက်ကို ၁၉၉၇ ဒီဇင်ဘာလမှာပဲ robot wisdom weblogs လို့အမည်ရတဲ့ သူ့ရဲ့ ကိုယ်ပိုင်ဘလော့ဂ် www.robotwisdom.com ထဲမှာ ချပြခဲ့ပါတယ်။ ၁၉၉၉ခုနှစ် နှစ်ဆန်းပိုင်းမှာတော့ Peter Merholz ဆိုတဲ့သူက Weblog ဆိုတဲ့စကားလုံးကို we blog လို့ခွဲချလိုက်ပြီး BLog ဆိုတဲ့စကားလုံးတစ်ခုပေါ်လာခဲ့ပါတယ်။ Weblog ဆိုတဲ့စကားလုံးဟာ the Oxford English Dictionary မှာ အမှန်တကယ်တရားဝင် ပါဝင်ခဲ့တာကတော့ ၂၀၀၃ခုနှစ် မတ်လမှဖြစ်ပါတယ်။ "weblog" "weblogging" “weblogger” ဆိုပြီး verb အနေနဲ့ပါဝင်လာခဲ့တာပါ။ ၂၀၀၄ခုနှစ်မှာတော့ Merriam-Webster's Dictionary က blog ဆိုတဲ့စကားလုံးကို the word of the year in 2004 အဖြစ် ဖော်ပြခဲ့ပါတယ်။
ဘလော့ဂ် (Blog) တွေဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ လူသားတွေအားလုံးဆီကို အလွန်လျှင်မြန်တဲ့နှုံးနဲ့ ရောက်ရှိသတင်းပေး နိုင်တဲ့အပြင်၊ ဘလော့ဂ်ရေးသူနဲ့ ဘလော့ဂ်ဖတ်သူတွေ အပြန်အလှန်ဆက်သွယ်ပြောဆိုလို့လဲရနေတာကြောင့် နောက်ပိုင်းမှာ blogosphere လို့ခေါ်တဲ့ ဘလော့ဂ်လောကဟာ အင်တာနက်နဲ့အကျွမ်းတ၀င်ရှိကြတဲ့လူတန်းစားအားလုံးရဲ့ အတွေ့အကြုံ၊ အတွေးအမြင်၊ အယူအဆ၊ ခံစားချက်တွေဖလှယ်ရာ စကားဝိုင်း ( forum) တစ်ခုအသွင်ဆောင်လာပါတယ်။ စက်တင်ဘာ ၁၁ ရက် (World Trade Center) အကြမ်းဖက်မှုအပြီးမှာဆိုရင် ဒီအကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ၊ ထင်မြင် ယူဆချက်တွေ၊ တွေ့ကြုံခံစားရမှုတွေကို ဆက်သွယ်ဖလှယ်ကြတဲ့နေရာမှာ ဘလော့ဂ်တွေဟာ အခြားသောနည်းလမ်းဟောင်းတွေထက် ပိုမိုလွယ်ကူမြန်ဆန်တာကြောင့် အဓိကအနေနဲ့ အသုံးပြုခြင်း ခံခဲ့ရပါတယ်။ အီရတ်စစ်ပွဲဟာဆိုရင်လဲ တနည်းအားဖြင့် ဘလော့ဂ်စစ်ပွဲတစ်ခုလို့ဆိုရလောက်အောင်ကို ဘဂ္ဂဒက်မှာရှိတဲ့ ဘလော့ဂါတွေရဲ့ဘလော့ဂ်တွေဟာ များစွာသောဖတ်ရှုသူတွေရရှိခဲ့ပါတယ်။
စလမ်ပက်ရှ် (Salam Pax) ဆိုသူဟာဆိုရင် သူ့ရဲ့ဘလော့ဂ်ဖြစ်တဲ့ dear_raed.blogspot.com ကို စာအုပ်အဖြစ်တောင် ထုတ်ဝေခဲ့ပါသေးတယ်။
ကိုယ်ပိုင်ဘလော့ဂ်တစ်ခုလုပ်ထားခြင်းအားဖြင့် ကောင်းကျိုးတွေများစွာရှိနိုင်သလို ဆိုးကျိုးအချို့လဲရှိတာကိုတွေ့ရပါတယ်။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင် Google ဆိုတဲ့နာမည်ကြီး ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ မက်ဂျမ် (Mark Jem) ဆိုသူရဲ့အကြောင်းဟာ အထင်ရှားဆုံးလို့ ဆိုရမှာဖြစ်ပါတယ်။ သူဟာ 99zeros.blogspot.com ဆိုတဲ့ သူ့ရဲ့ဘလော့ဂ်မှာ Google မှာလုပ်ခဲ့တဲ့ သူရဲ့အတွေ့အကြုံအသေးစိတ်တွေ၊ ကုမ္ပဏီရဲ့စီမံခန့်ခွဲပုံအဆင့်ဆင့်တွေကိုဖော်ပြခဲ့ပါတယ်။ အဲဒီ့လိုဖော်ပြခဲ့တာတွေထဲက တစ်ခုမှာ ကုမ္ပဏီရဲ့ လျှို့ဝှက်အုပ်ချုပ်မှုစနစ်တွေအကြောင်းပါဝင်ခဲ့ပါတယ်။ နောက်ပြီး မက်ဂျမ်ဟာ Google ရဲ့ ကျန်းမာရေးထောက်ပံ့မှုစနစ်ဟာ သူအရင်အလုပ်လုပ်ခဲ့ဖူးတဲ့ Microsoft လောက်မကောင်းဘူးလို့လဲ သူ့ရဲ့ဘလော့ဂ်ထဲမှာဝေဖန်ခဲ့ပါသေးတယ်။ ဒါကို Google ရဲ့အုပ်ချုပ်ရေးပိုင်းက မက်ဂျမ်ရဲ့ဘလော့ဂ်ဟာ ကုမ္ပဏီရဲ့လျှို့ဝှက်အချက်အလက်တွေကို လူကြားထဲစိမ့်ထွက်အောင်လုပ်နေတယ်လို့ ယူဆပြီး အချို့ post တွေကိုဖျက်ခိုင်းခဲ့ပါတယ်။ မက်ဂျမ်ကလဲ ဖျက်ခိုင်းတဲ့ post တွေကိုဖျက်လိုက်ပေမယ့် နောက်နှစ်ရက်အကြာမှာပဲ အလုပ်ထုတ်ခံလိုက်ရပါတယ်။ မက်ဂျမ်က တိုက်ရိုက်ပဲဖြစ်ဖြစ်၊ သွယ်ဝိုက်ပြီးတော့ပဲဖြစ်ဖြစ် သူ့ရဲ့ဘလော့ဂ်ဟာ သူအလုပ်ထုတ်ခံရခြင်းရဲ့ အကြောင်းရင်းတစ်ခုပဲလို့ပြောပါတယ်။
ဒီအဖြစ်အပျက်ကိုကြည့်ခြင်းအားဖြင့် ဘလော့ဂါတွေအနေနဲ့ ကိုယ့်ရဲ့ ဘလော့ဂ်ပေါ်မှာတင်ထားတဲ့စာတွေနဲ့ပတ်သက်ပြီး မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာနိုင်တာကြောင့် သတိကြီးကြီးထားဖို့တော့လိုအပ်တယ်ဆိုတာကိုတွေ့ရပါတယ်။ ကိုယ်ပိုင်ဘလော့ဂ် တစ်ခုကို တည်ဆောက်ချင်တယ်ဆိုရင်တော့ www.blogger.com, www.wordpress.com, www.blogster.com စတဲ့ website တွေမှာ သွားရောက်ပြီး အခမဲ့တည်ဆောက်လို့ရပါတယ်။ ဘယ်လိုတည်ဆောက်ရမယ်ဆိုတဲ့အချက်အလက်တွေကိုလဲ အဆိုပါ website တွေမှာလမ်းညွှန်ထားပါတယ်။

ရှာလို့ဖွေလိုရသလောက်ကို တတ်သလောက် မှတ်သလောက်နဲ့ပေါင်းပြီး အများသိရအောင်တင်ပြခြင်းဖြစ်ပါတယ်။ သိပြီးသားတွေချည်းဆိုရင်တော့လဲ တွေ့ပုချိပါ။

Friday, May 4, 2007

ငါတို့ရေတွေထဲမျော ...


နေဘုန်းလတ်တစ်ယောက် မပြောမဆိုနဲ့ ချောင်းသာရောက်သွားတယ်လို့ အထင်တော်မလွဲလိုက်ကြပါနဲ့ သူငယ်ချင်းတို့ရေ။ အဲဒါ ကျွန်တော့်ရဲ့ ဆိုင်ရှေ့က ကားလမ်းမကို ရိုက်ထားတာဗျ။ ညက Heaven (ကောင်းကင်ဘုံ) ရေနစ်သွားတယ်ဆိုတာ မယုံမရှိနဲ့ ... တကယ်ပါ။ ညက Heaven လို့နာမည်ပေးထားတဲ့ ကျွန်တော်တို့ရဲ့ အင်တာနက်ဆိုင်လေးထဲ ရေတွေဝင်လာလို့ ခပ်ထုတ်နေရတာ ခင်ဗျားတို့မြင်ရင် ရယ်မလားပဲဗျာ။ ဒါတောင် မိုးရာသီဆိုတာကြီးက တကယ်ရောက်မလာသေးဘူးဗျ။ intro ပဲရှိသေးတာ။ တကယ်များရောက်လာလို့ကတော့ ဘယ်လိုများနေမလဲဆိုတာ တွေးတောင်မတွေးရဲပါဘူးဗျာ။ ရန်ကုန်ဆိုတဲ့မြို့တော်ကြီး (မှားလို့မှားလို့) မြို့လေးမှာ ရေတွေကြီးနေတာကိုတွေ့တော့ စင်ကာပူမှာခဏတစ်ဖြုတ်နေခဲ့တုန်းက စင်ကာပူနိုင်ငံမှာ တစ်နှစ်ပတ်လုံးမိုးတွေရွာပေမယ့် လမ်းပေါ်မှာ ရေရယ်လို့ မယ်မယ်ရရမတင်တာကို သွားသတိရမိတယ်ဗျ။ ရေကတင်မလားဗျာ ... လုပ်ထားတဲ့ ရေမြောင်းကြီးတွေက ကျွန်တော်တို့ဆီက ချောင်းအသေးစားလောက်ရှိတယ်။ ဒီမှာလဲ အဲဒီ့လိုမြောင်းကြီးတွေရှိပါတယ်။ အင်္ဂလိပ်လက်ထက်ကဖောက်ခဲ့တာတွေပါ။ စာတိုက်နဲ့ သိမ်ဖြူဈေးမှတ်တိုင်ကြားက လမ်းကြီးမှာရှိတယ်လေဗျာ ...။ ဒါပေမယ့် မိုးမရွာလိုက်နဲ့ အဲဒီ့နေရာက အရင်ဆုံးရေကြီးတာပဲဗျ။ အမှိုက်တွေသေသေချာချာမရှင်းလို့လဲ ပါတယ်ဗျ။ တစ်နည်းပြောရရင် ကျွတ်ကျွတ်အိတ်ပြသာနာပေါ့ဗျာ။ နောက်တစ်နည်းပြောရရင် စည်ပင်သာယာပေါ့ဗျာ။
နောက်တစ်နည်းထပ်ပြောရရင် ဘာညာဘာညာပေါ့ဗျာ။ ထားလိုက်ပါ ... ထားလိုက်ပါ ... မထားလိုက်လို့မှမရတာပဲနော်။ ကျွန်တော်ကတော့ လမ်းမပေါ်ကရေတွေကိုထိုင်ကြည့်ရင်း ဟိုတွေးဒီတွေးလျှောက်တွေးနေမိတယ် ...။ ဘာညာသာရကာပေါ့ဗျာ ...။ မကြာခင်မှာတော့ စီစစ်ရေးကလက်မခံတဲ့ ဆောင်းပါးလေးတစ်ပုဒ်ထွက်လာလိမ့်မယ်ထင်ပါတယ်။ စီစစ်ရေးကလက်မခံလဲ ခင်ဗျားတို့တော့ ဖတ်ရမှာပါဗျာ ... မပူပါနဲ့။ မကြာမီလာမည်မျှော်ပေါ့။ အခုတော့ ကျွန်တော် သီချင်းတစ်ပုဒ်ပဲထိုင်ဆိုနေလိုက်တယ် ။ ငါဟာ ဒုက္ခထဲမျော ... ငါတို့ရေတွေထဲမျော ...။

Tuesday, May 1, 2007

For my brother and his son


မင်းဟာမျှော်လင့်ခြင်းတွေအားလုံးရဲ့ သင်္ကေတဖြစ်တယ်။
မင်းရဲ့ဖြစ်တည်မှုဟာ ငါ့ကမ္ဘာကိုပြည့်စုံစေတယ်။
မင်းဟာငါ့ဘ၀ရဲ့ အရာရာပဲ၊ မင်းဟာ ငါ့ဘ၀ရဲ့အချိုမြိန်ဆုံးပဲ။
မင်း ငါ့ဘ၀ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာတဲ့အတွက် ငါအရမ်းစိတ်လှုပ်ရှားမိတယ်။
ငါ့အတွက်တော့ တစ်ကမ္ဘာလုံးမှာ မင်းလိုလူနောက်တစ်ယောက်မရှိနိုင်ဘူး။
မင်းကိုငါဘယ်တော့မှ အကြာကြီးခွဲမထားခဲ့ပါဘူး။
မင်းရှိလာခြင်းဟာ ငါ့ဘ၀ကိုပိုကောင်းလာစေတယ်။
မင်းနဲ့အတူတူ ဒီဘ၀တစ်ခုကိုမျှဝေခံစားရမှာ ငါတကယ်ကံကောင်းတာပဲ။
အိမ်အပြန်လမ်းတွေရဲ့ ချိုမြိန်မှုဟာ မင်းရဲ့ချစ်စရာ့မျက်နှာလေးကြောင့် ပိုပြီးအသက်ဝင်လာတယ်။
သံစဉ်မပီတဲ့မင်းရဲ့စကားသံလေးတွေကိုက ငါ့အတွက်တော့ နားဝင်ချိုလှတဲ့ဆည်းလည်းသံလေးတွေပါပဲ။
ငါ့ရဲ့ရင်ငွေ့နွေးနွေးကိုလှုံပြီး မင်းအိပ်ပျော်သွားတဲ့အချိန်တွေမှာ မင်းမျက်နှာလေးကိုကြည့်ငေးနေရတာ ငါ့အတွက်တော့ ဘာနဲ့မှလဲလို့မရတဲ့ ကြည်နူးမှုအရသာပါ။
မင်းဟာငါ့ဘ၀ထဲကိုပျှော်ရွှင်မှုတွေယူဆောင်လာတယ်။
မိသားစုဆိုတဲ့စကားလုံးရဲ့ အဓိပ္ပါယ်ကိုမင်းက အပြည့်စုံဆုံးဖွင့်ဆိုပြနိုင်တယ်။
မင်းရဲ့ပျှော်ရွှင်မှုဟာ ငါ့ရဲ့ အလိုချင်ဆုံးအရာပဲ။
မင်းပြေးလွှားဆော့ကစားနေတာကိုကြည့်ပြီး ငါဝမ်းသာတယ်။
ကလေးပီပီ လောကကြီးထဲမှာဆော့ကစားလိုက်စမ်းပါ။
ဒါဟာ မင်းကို ဘ၀ရဲ့နေနည်းတွေသင်ပေးနေတာလည်းဖြစ်တယ်။
သားရယ် ...မိခင်၊ဖခင်ဆိုတဲ့စကားလုံးတွေရဲ့အဓိပ္ပါယ် မင်းသာမရှိခဲ့ရင် ဘယ်မှာလာပြည့်စုံမှာလဲကွယ်။


ကျွန်တော့်အစ်ကိုရဲ့ အမျိုးသမီး (ကျွန်တော့မရီး) သားလေးတစ်ယောက်ထပ်မွေးတော့ အစ်ကို့အစား ဖခင်တစ်ယောက်နေရာကနေ၀င်ခံစားပေးထားတာပါ။ အချို့စာကြောင်းလေးတွေက ဘာသာပြန်ထားတာတွေပါ။